“နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ကမ္ဘာကျော် မြန်မာ့ပုသိမ်ထီး”

‘ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း’ နဲ့ ရပ်တည်ခဲ့တဲ့ မြန်မာတို့ဟာ ရှေးနှစ်ပေါင်း အဆက်ဆက်ကတည်းက ရွှေထီးဆောင်းခဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်လက်မှုပညာ၊ အနုသုခုမလက်ရာတွေနဲ့ ရပ်တည် နေထိုင်ခဲ့သူတွေလို့လည်း တစ်နည်းဆိုနိုင်ပါသေးတယ်။ အခုလိုမျိုး နှစ်ပေါင်းများစွာ သက်တမ်းကြာခဲ့ပြီဖြစ်တဲ့ အနုပညာလက်ရာတွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းနေကြသူတွေ ရှိသလို ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်နဲ့ တန်ဖိုးထား စောင့်ရှောက်နေသူတွေလည်း ရှိကြပါတယ်။ နှစ်ပေါင်းကြာမြင့်စွာ ဆက်လက်ရပ်တည်နေတဲ့ မြန်မာ့လက်မှုပညာတွေထဲမှာတော့ ပြည်တွင်းဖြစ် ပစ္စည်းတွေကိုပဲ အဓိကထား အသုံးပြုပြီး ယနေ့တိုင် ပွဲအခမ်းအနားတွေမှာ မျက်နှာပန်းလှနေတာကတော့ မြန့်မာ့ပုသိမ်ထီး ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ရတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စတင်ပြုလုပ်ခဲ့တာကြောင့် နေရပ်ဒေသနာမည်နဲ့ တွဲပြီး ‘ပုသိမ်ထီး’ ရယ်လို့ ဖြစ်လာတာပါ။ ထီးဆိုတာဟာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရဟန်းသံဃာတော်တို့ သာသနာ့ ဘောင်ဝင်တော့မယ်ဆိုရင် အရေးအကြီးဆုံး ပရိက္ခရာ ၈ ပါးအပြင် လေဒဏ်၊ မိုးဒဏ်နဲ့ ရာသီဥတုဒဏ်တွေကို ရင်ဆိုင်နိုင်ဖို့ ထီး၊ ဖိနပ်၊ ယပ်တောင် စတဲ့ အသုံးအဆောင်တွေလည်း လိုအပ်ပါတယ်။ မြန်မာဘုရင်တွေ လက်ထက်တုန်းကဆိုရင် ထီးကို တော်ဝင်မျိုးနွယ်နဲ့ အခွင့်ထူးခံလူတန်းစားတွေမှ ဆောင်းနိုင်ပါတယ်။ သာမန်အရပ်သူ၊ အရပ်သားတွေမှာ ဆောင်းခွင့်မရှိပါဘူး။ ပုသိမ်ထီး စတင်ပေါ်ပေါက်လာပုံကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်လောက်က မြန်မာနောက်ဆုံးဘုရင် သီပေါမင်းအုပ်ချုပ်ရာ နန်းတွင်းမှာ တော်ဝင်မျိုးနွယ်တစ်စု ဆောင်းဖို့အတွက် လှပတဲ့ အဆင်တန်ဆာတွေနဲ့ ထီးပြုလုပ်ပေးရတဲ့ နန်းတွင်း ထီးပညာရှင် ဦးရွှေစာ ဆိုသူတစ်ယောက်ရှိပါတယ်။ သီပေါမင်း ပါတော်မူပြီးနောက်မှာတော့ ဦးရွှေစာလည်း တခြားမင်းမှုထမ်းတွေလိုမျိုး ထွက်ပြေးတိမ်းရှောင် ရင်းကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ရောက်ခဲ့ပါတယ်။ ပုသိမ်မြို့မှာ အခြေချမယ်လို့တွေးပြီး မိမိတတ်ကျွမ်းရာ ထီးအလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်ခဲ့ကာ ပုသိမ်မြို့ကို အခြေပြုထားတဲ့ ထီးဖြစ်တာကြောင့် ပုသိမ်ထီး ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတာပါ။ အခုအချိန်အထိ ပုသိမ်မြို့မှာ ဦးရွှေစာရဲ့ သားစဉ်မြေးဆက် ဆက်လက်လုပ်ကိုင်နေတဲ့ ရွှေစာ ပုသိမ်ထီး အလုပ်ရုံရှိပါတယ်။ ပုသိမ်ထီးဟာ ပြည်တွင်းဖြစ် သဘာဝပစ္စည်းတွေနဲ့ အထူးတလည်ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုပစ္စည်း (handmade) စစ်စစ်ဖြစ်ပါတယ်။ ပုသိမ်ထီးပြုလုပ်ဖို့အတွက် အဓိကလိုအပ်တာကတော့ သရကူဝါး(တလကူဝါး) ဖြစ်ပါတယ်။ သရကူဝါးကို ပုသိမ်မြို့တွင်းက ချောင်းသာ၊ ငွေဆောင်၊ ရှောပြာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းတို့မှာ အများဆုံးတွေ့ရပါတယ်။ ပုသိမ်ထီး ကောင်းတစ်လက်ဖြစ်ဖို့ဆိုရင် အသုံးပြုမယ့် ဝါးရဲ့ အရည်အသွေး ကောင်းမွန်ဖို့ကလည်း အရေးကြီးပါတယ်။ သရကူဝါးဟာ အဖျားကနေ အရင်းအထိ ဖြောင့်စင်းပြီး ဝါးအသားကလည်း နူးညံ့တာကြောင့် ဝါးတစ်လုံးလုံးကို အစ၊ အလယ်၊ အဆုံး အသုံးပြုလို့ရပြီး မိုးရာသီအချိန်မှာ ခုတ်လို့ရတဲ့ ဝါးရဲ့ အရည်အသွေးကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ပုသိမ်ထီးတစ်လက်ဖြစ်လာဖို့အတွက် အဆင့်ပေါင်းများစွာကို ဖြတ်သန်းရသလို အချိန်အားဖြင့် တစ်ပတ်လောက် ကြာမြင့်တတ်ပါတယ်။ အဓိကအားဖြင့် ထီးရိုး၊ ထီးခရိုင်၊ ထီးလက်တံ၊ ထီးလက်ကိုင်၊ ထီးချက်၊ ထီးခေါင်း(ထီးမ)နဲ့ ထီးရွက်ဆိုတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ပုသိမ်ထီးပြုလုပ်ရာမှာ အရေးအကြီးဆုံး အချက်နှစ်ချက်ကတော့ ဝါးနဲ့ ပုံစံသွင်းရာမှာ သေသပ်မှုရှိဖို့နဲ့ ထီးရွက်အဖြစ် အသုံးပြုလိုက်တဲ့ အဝတ်၊ ပိတ်စတို့ရဲ့ အရည်အသွေးကောင်းမွန်မှု တွေပဲဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေအနေနဲ့ ထီးလက်တံနဲ့ ထီးခရိုင်ပြုလုပ်ဖို့ သရကူဝါး၊ ထီးရိုးလုပ်ဖို့ ခရင်မ်ဝါး၊ ထီးလက်ကိုင်နဲ့ ထီးခေါင်းအတွက် တောင်မရိုးသစ်၊ မအူရွှေဝါသစ်နဲ့ မအူလက်တံသစ်တို့ကို အသုံးပြုပြီး ကော်အနေနဲ့ ရှေးရိုးနည်းအတိုင်း ပီလောပီနံ၊ တည်သီးအရည်နဲ့ ကောက်ညှင်းမှုန့်တို့ကို သုံးပါတယ်။ နေလှန်းအခြောက်ခံပြီးတဲ့ ထီးတွေကို အရောင်တင်ဖို့အတွက်တော့ နှမ်းဆီကို သုံးပါတယ်။ ထီးရွက်အဖြစ်တော့ ချည်သား၊နိုင်လွန်သားနဲ့ ဖဲသားပိတ်စတွေကို သုံးကြပါတယ်။ ပုသိမ်ထီးတစ်လက်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ဝါးကို သဘာဝနည်းအတိုင်း ပိုးမထိုးရလေအောင် ဆေးစိမ်၊ ကျပ်တိုက်တာတွေကို လုပ်ဆောင်ရပါတယ်။ ပြီးမှ လိုအပ်တဲ့ ထီးအရွယ်အစားအလိုက် ဖြတ်တောက်ပေးရပါတယ်။ ဖြတ်တောက်ပြီးတဲ့ ဝါးပိုင်းငယ်လေးတွေရဲ့ မျက်နှာပြင်အကြောကို ညီညာအောင် ဓားနဲ့ ခြစ်ရပြီး ထီးလက်တံအရွယ် ဝါးစိတ်ငယ်လေးတွေအဖြစ် လေးချောင်းဖြာပြီး စိတ်ပေးရပါတယ်။ အဲဒီနောက် ဝါးစိတ်တွေကို ချောမွတ်သွားစေဖို့ လုပ်ငန်းအခေါ်အရ ဗျက်ချပေးရပါတယ်။ ပြီးရင်တော့ ထီးအရွယ်အစားအလိုက် သံစူးငယ်တွေနဲ့ အပေါက်ဖောက်ပေးပြီး ထီးလက်အကွေးငယ်တွေဖြစ်လာစေဖို့ ဗံနစ်ရိုက်ရပါတယ်။ ကွေးညွတ်ဖို့ အကောင်းဆုံးအနေအထားကို ရောက်ရင်တော့ ထီးလက်တံတွေကို ထပ်မံပြီးလေးစိတ်ခွဲလိုက်တာနဲ့ ထီးလက်တံရဲ့ ကဏ္ဍပြီးဆုံးပါပြီ။ ထီးရိုးအတွက်တော့ ခရင်မ်ဝါးကို လိုသလောက်ပိုင်းဖြတ်ပြီး ဆေးစိမ်၊ ကျပ်တိုက်လုပ်ပေးရပါတယ်။ ပြီးရင်တော့ အဖွင့်အပိတ်အလွယ်တကူဖြစ်ဖို့ ဝါးကိုတဖြောင့်တည်းဖြစ်အောင် မီးနဲ့ အပူပေးပြီး ဖြောင့်ပေးရပါတယ်။ ဖြောင့်ပြီးတဲ့ ထီးရိုးကို နေလှန်း၊ အခြောက်ခံပြီးနောက် ထီးချက် (အဖွင့်အပိတ်ခလုတ်) ရိုက်ဖို့အတွက် အပေါက်ငယ်လေးတွေဖောက်ရပါတယ်။ သရကူဝါးနဲ့ လုပ်ထားတဲ့ ထီးချက်ဆန်ကို ထီးချက်ပေါက်လေးတွေထဲ ထည့်ပေးရပါတယ်။ ထီးချက်တပ်ဆင်တဲ့ နေရာမှာတော့ နွေအတွက်ဆိုရင် တစ်ဖက်ချက်နဲ့ မိုးအတွက်ဆိုရင် နှစ်ဖက်ချက်ကို တပ်ဆင်ပေးရပါတယ်။ ပြီးရင်တော့ ထီးရိုးပြောင်လက်နေစေဖို့နဲ့ ဝါးမကွဲစေဖို့အတွက် ဆေးသုတ်ပေးရပါတယ်။ ထီးခေါင်းနဲ့ ထီးလက်ကိုင် လုပ်ဖို့အတွက်ကတော့ တောင်မရိုးသစ်၊ မအူရွှေဝါနဲ့ မအူလက်တံသစ်တို့ကို အသုံးများပြီး အနေတော် သစ်တုံးလေးတွေ ပိုင်းဖြတ်ကာ ပွတ်ခုံမှာ ပုံဖော်ပေးရပါတယ်။ အဲဒီနောက် ထီးလက်တံတွေ တပ်ဆင်ဖို့အတွက် လိုအပ်တဲ့ အသေးစိတ်အကြောင်းလေးတွေကိုလည်း ဆက်လက်ပုံဖော်ရပါတယ်။ ရှေးယခင်ကတော့ အဲဒီလို ပုံဖော်တာကို လွှသွားငယ်လေးတွေနဲ့ အချိန်ယူပြီးလုပ်ဆောင်ကြပေမဲ့ အခုတော့ ပွတ်ခုံတွေနဲ့ စက်ကိရိယာတွေကို သုံးလာပြီဖြစ်ပါတယ်။ နောက်ပြီး ထီးခေါင်း၊ ထီးရိုးနဲ့ ထီးလက်တံတွေကို တွဲစပ်တာကတော့ လက်ရာမြောက်တဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ထီးလက်တံ ဝါးခြမ်းငယ်လေးတွေကို အပ်ချည်နဲ့တွဲပြီး ထီးခေါင်းမှာ တွဲစပ်ပေးရပါတယ်။ အဲဒီနောက် အပ်ချည်ကြိုးနဲ့ အနားသတ်ချည်ကာ တွဲစပ်ပြီး လိုအပ်တဲ့ ထီးကွက်ရအောင် လက်ကွက်ညှိရပါတယ်။ လက်ကွက်ညှိပြီးသား ထီးတံတွေကိုတော့ ကော်သုတ်ပြီး ထီးရွက်အဖြစ် သုံးမယ့် ပိတ်စကို ထီးခေါင်းထိပ်ကနေ အပေါက်ဖောက်ကာ ထီးလက်တံတွေပေါ်ကို စွပ်ချပြီး ကပ်ပေးရပါတယ်။ ဒီနေရာမှာ ထီးရွက်ကတော့ အမျိုးအစား ကိုလိုက်ပြီး ကွဲပြားပါတယ်။ နွေဆောင်းထီးအတွက်ဆိုရင်တော့ ဖဲသားပိတ်စ၊ မိုးတွင်းဆောင်းထီး ဆိုရင်တော့ ချည်သားနဲ့ ဘုန်းကြီးဆောင်းထီးအတွက် နိုင်လွန်သားတို့ကို အသုံးပြုပါတယ်။ အဲဒီနောက် ပိတ်စကပ်ပြီးရင်တော့ လုပ်ငန်းအခေါ် နပတ်ရိုက်ပေးရပါတယ်။ ဒီအဆင့်အထိ ရောက်ပြီဆိုရင် ထီးတစ်လက်ရဲ့ သရုပ်သကန်အတော်လေး ပီပြင်နေပြီလို့ ပြောလို့ရပါတယ်။ ပြီးရင်တော့ ထီးလက်တံတွေပေါ်မှာ ကပ်ကျန်နေတဲ့ ကော်တွေကို အနားသတ် ချောပေးရပါတယ်။ ထီးရွက်အုပ်ပြီးပြီဆိုရင်တော့ ပန်းထိုးတာကို ဆက်လက်လုပ်ဆောင်ရပါတယ်။ ပန်းထိုးတယ်ဆိုတာဟာ ခရိုင်ထောင့်တစ်ခုနဲ့ တစ်ခုကို ချည်နဲ့ ရက်ပြီး ပုံဖော်တာဖြစ်ပါတယ်။ ပန်းထိုးပြီးပြီဆိုရင် ပြုတ်ထွက်သွားတဲ့ ခရိုင်ထောင့်တွေကို ပြန်တပ်ပေးရပါတယ်။ အဲဒီနောက် ထီးလုံးစေဖို့အတွက် ဝါးရိုးခွေလုပ်ပြီး စွပ်ကာ ထီးလုံးကို လှည့်ပေးရပါတယ်။ ပြီးရင်တော့ ထီးရွက်ကို လှပတဲ့ ပန်းကနုတ်ဒီဇိုင်းနဲ့ ရိုးရာအငွေ့အသက်တို့ ထုံမွှမ်းနေတဲ့ ဆေးပန်းချီတွေရေးဆွဲပေးပြီး အခြောက်ခံကာ နေပူလှန်းပေးရပါတယ်။ ပြီးရင်တော့ တည်သီးကို ထောင်းလို့ရတဲ့ တည်သီးအရည်နဲ့ ဆေးသားခိုင်ခံ့မှုရှိအောင် သုတ်လိမ်းပေးကာ ထပ်မံ အခြောက်ခံရပါတယ်။ ရလာတဲ့ ပုသိမ်ထီးလေးတွေရဲ့ အရောင်တောက်ပဖို့အတွက်တော့ နှမ်းဆီကို သုံးတတ်ကြပါတယ်။ ဆေးခြယ်ပြီးသား ထီးကိုတော့ အလှပန်းပွားလေးတွေတပ်ဆင်ပြီး ထုပ်ပိုးပြင်ဆင်ကာ ဈေးကွက်ကို တင်ပို့လို့ရပြီဖြစ်ပါတယ်။ ပုသိမ်ထီးဟာ အမြင်လည်းဆန်းသလို အရောင်အသွေး စုံစုံလင်လင်နဲ့ လှလှပပ ပုံဖော်ဖန်တီးထားတာကြောင့် အလှူမင်္ဂလာပွဲတွေနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ အလှဆင်ပစ္စည်းအနေနဲ့ သုံးလာကြပါတယ်။ မြန်မာနိုင်ငံကို အလည်လာကြတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေရဲ့ အာရုံကိုလည်း လှုံ့ဆော်နိုင်တဲ့အပြင် မဝယ်ရမနေနိုင်အောင်အထိလည်း ဆွဲဆောင်နိုင်ပါသေးတယ်။ အခုနောက်ပိုင်းမှာတော့ ပြည်ပကနေ ပုသိမ်ထီးမှာယူမှုတွေ အများအပြားရှိပေမဲ့ ကုန်ကြမ်းပစ္စည်းတွေရှားပါးကာ ဈေးတက်လာတာနဲ့ ကျွမ်းကျင်လုပ်သား နည်းပါးလာတာတွေကြောင့် ထင်သလောက် ဈေးကွက် မချဲ့ထွင်နိုင်ဖြစ်နေကြပါတယ်။ ဒါပေမဲ့လည်း မိရိုးဖလာရိုးရာလက်မှုပညာရပ်တစ်ခုကို မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ကြံ့ကြံ့ခံဆက်လက် လုပ်ကိုင်နေတဲ့ အလုပ်ရုံအနည်းငယ်တော့ ကျန်ရှိပါသေးတယ်။

#ZLann #ZLann_Podcast #ပုသိမ်ထီး

#မြန်မာ့ရိုးရာ #Myanmar

More Interesting Blogs from Zlann