“ပစိဖိတ်သမုဒ္ဒရာအောက် ပျောက်ဆုံးနေတဲ့ ဧရာမမြေလွှာ သို့မဟုတ် ဇီလန်းဒီးယား”

ဩစတြေးလျတိုက် ထက်ဝက်ခန့်အရွယ်အစားပမာဏရှိပြီး စတုရန်းမိုင် ၂ သန်းကျယ်ဝန်းတဲ့ မြေဧရိယာ တစ်ခုက တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ရေမျက်နှာပြင်အောက် ပေ ၃၅၀၀ ခန့်မှာ နစ်မြုပ်ပျောက်ကွယ်လျက် ရှိပါတယ်။ အဲဒီဧရိယာကို (Zealandia) ဇီလန်းဒီးယား သို့မဟုတ် တက်စ်မန်တစ်လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ဒါဟာ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ ကမ္ဘာ့တိုက်ကြီးတစ်ခု ဟုတ် ၊ မဟုတ် ဆိုတာကို သဘောတူညီချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။ ၁၉၉၅ ခုနှစ်လောက်က အမေရိကန်လူမျိုး ဘူမိဗေဒပညာရှင် လူယန်ဒိုက်က အဆိုပါတိုက်ကြီးတည်ရှိကြောင်း အဆိုပြုခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ဘူမိဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့ကနေ ထပ်မံထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်း သုတေသနပညာရှင်အားလုံး ယုံကြည်လက်ခံထားတာ တော့ မဟုတ်သေးဘူးလို့သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀ ခန့်က ဩစတြေးလျတိုက်ကနေ ခွဲထွက်ပျောက်ကွယ်သွားခဲ့တဲ့ ကမ္ဘာ့ ၈ ခုမြောက် တိုက်ကြီးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် (၃၇၅)နှစ်အချိန်ယူခဲ့ရတယ်လို့သိရပါတယ်။ ဒါပေမဲ့လို့ ဇီလန်းဒီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ နောက်ခံသမိုင်း ကြောင်းမှတ်တမ်းတွေကို ပြန်လေ့လာကြည့်တဲ့အခါမှာတော့ ၁၆၄၂ ခုနှစ်မှာ စွန့်စားရှာဖွေရတာကိုဝါသနာပါတဲ့ ဒတ်ချ်သင်္ဘောသား (Abel Tasman) ဆိုသူက တောင်ကမ္ဘာခြမ်းမှာ ကြီးမားကျယ်ပြောလှတဲ့ တိုက်ကြီးတစ်ခု ရှိကြောင်း ယုံကြည်ပြီး လိုက်လံရှာဖွေစူးစမ်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ သင်္ဘောငယ်နှစ်စီးနဲ့ အနောက်ဘက်အရပ်ကို ရွက်လွှင့်ထွက်ခွာခဲ့ပြီး နယူးဇီလန်ရဲ့ တောင်ဘက်ကကျွန်းမှာ သူ့ရဲ့ရှာဖွေရေးခရီးစဥ်ကို အဆုံးသတ်ခဲ့ပါတယ်။ တောင်ပိုင်းက ကြီးမားတဲ့ တိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သူယုံကြည်ခဲ့ပေမဲ့ မျှော်မှန်းထားသလို ဖြစ်မလာတာကြောင့် နောက်ထပ်တစ်ကြိမ် ပြန်သွားခဲ့ခြင်းတော့ မရှိဘူးလို့ဖော်ပြထားပါတယ်။ ဇီလန်းဒီးယားက သမုဒ္ဒရာရေပြင်အောက်မှာ အချိန်ဘယ်လောက်ကြာမြင့်စွာ တည်ရှိနေခဲ့တာလဲ။ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာလဲ။ ဘယ်လိုအရာတွေ ရှင်သန်နေထိုင်ခဲ့ကြလဲဆိုတဲ့ သက်သေအထောက်အထား တွေကို ဘူမိဗေဒပညာရှင်တွေက စုဆောင်းနိုင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့ ၈ ခုမြောက်တိုက်ကြီးအနေနဲ့ အစစ်အမှန် ရှိကြောင်း သက်သေပြနိုင်မှာဖြစ်ပါတယ်။ ဂြိုဟ်တုကနေရရှိတဲ့ အချက်အလက်တွေအရ လက်ရှိဩစတြေးလျ တိုက်နီးပါးကြီးမားတဲ့ ပုံသဏ္ဍာန်ထုထည်ရှိတာကို ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။ ကမ္ဘာပေါ်က အခြားသော တိုက်ကြီးတွေမှာ မတူညီတဲ့နိုင်ငံတွေအများကြီးခွဲထွက်တည်ရှိနေပေမဲ့ ဇီလန်းဒီးယားမှာတော့ နယ်မြေအပိုင်း အခြား ၃ ခုသာရှိတာကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့က ပင်လယ်ကြမ်းပြင်အောက် ပေ ၄၀၀၀ ကျော်အနက်ရှိတဲ့ နေရာ ၆ ခုမှာ သွားရောက်တူးဖော်ခဲ့ပြီး ကုန်းမြေအပင်တွေဆီက ဝတ်မှုန်တွေနဲ့ ပူနွေးပြီးပင်လယ်ရေတိမ်ပိုင်းမှာ နေထိုင်တဲ့ ပိုးမွှားတွေ၊ သက်ရှိတွေရဲ့အခွံတွေကို သုတေသနပြုလုပ်ဖို့အတွက် စုဆောင်းကောက်ယူခဲ့ကြပါတယ်။ ဇီလန်းဒီးယားက နှစ်ပေါင်း ၁ ဘီလီယံ သက်တမ်းရှိကြောင်း ၂၀၂၁ ခုနှစ်ရဲ့ လေ့လာမှုတစ်ခုအရ ကောက်ချက်ချခဲ့ ကြပြန်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်မှာ ၇ ရာခိုင်နှုန်းခန့်သာပေါ်နေတဲ့ ဇီလန်းဒီးယားရဲ့ ကုန်းမြေ အများစုက နယူးဇီလန်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ ကျွန်းကြီးနှစ်ကျွန်းဖြစ်ပါတယ်။ သမမျှတတဲ့ ရာသီဥတုရှိတာကြောင့် ဇီလန်းဒီးယားမှာ မြေဩဇာအထူးကောင်းမွန်ပါတယ်။ ဇီလန်းဒီးယားရဲ့ မြောက်ဘက် ပိုင်းက ကျွန်းပေါ်မှာ မီးတောင်လှုပ်ရှားတဲ့ အဓိကနေရာ ၆ ခုရှိတယ်လို့လည်းဆိုပါတယ်။ ဘူမိအပူ လှုပ်ရှားသက်ရောက်မှုရှိတာကြောင့် သဘာဝရေထွက်ပေါက်တွေနဲ့ ရေပူစမ်းတွေ ဇီလန်းဒီးယားတစ်ဝိုက်မှာ အများအပြားထွက်ပေါ် နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇီလန်းဒီးယားနယ်နိမိတ်တစ်လျှောက်မှာ သဘာဝဓာတ်ငွေ့တွင်းတွေ အများကြီးပြန့်ကျဲလျက်ရှိတဲ့အနက် တက်စ်မန်ပင်လယ်ထဲက Maui သဘာဝဓာတ်ငွေ့တွင်းကတော့ အကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ရေအောက်မှာ နစ်မြုပ်နေတဲ့ ဇီလန်းဒီးယားက သိပ္ပံပညာအတွက်သာမက စီးပွားရေးအတွက်ပါ တန်ဖိုးရှိတဲ့နယ်မြေတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဇီလန်းဒီးယားမှာနစ်မြုပ်ကြွင်းကျန်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက အဖိုးတန်သဲလွန်စ တွေဖြစ်ပါတယ်။ သမုဒ္ဒရာကြမ်းပြင်အောက်ကနေ စုဆောင်းရရှိလာတဲ့ ကျောက်စိုင်ကျောက်သားတွေကိုအခြေခံပြီး ၂၀၂၃ ခုနှစ်မှာ အပြီးသတ်ရေးဆွဲခဲ့တဲ့ မြေပုံအရ ဇီလန်းဒီးယားရဲ့ စုစုပေါင်းအကျယ်အဝန်းက ခန့်မှန်းခြေအားဖြင့် စတုရန်းမိုင် 1,900,000 ရှိတယ်လို့သတ်မှတ်ခဲ့ကြတဲ့အတွက် ကမ္ဘာ့အကြီးဆုံးအပေါ်ယံလွှာအစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဇီလန်းဒီးယားတိုက်ရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုအနေနဲ့ ပင်လယ်ရေ မျက်နှာပြင်အထက်မှာ ပေါ်ထွက်နေခဲ့တဲ့ နယူးဇီလန်နိုင်ငံက မြောက်ဘက်ကျွန်းနဲ့ တောင်ဘက်ကျွန်းတို့လို ကုန်းမြေကြီးနှစ်ခုအပြင် ကျွန်းငယ်လေးများစွာပါဝင်ဖွဲ့စည်းထားပါတယ်။ နယူးဇီလန်နိုင်ငံက သီးခြားတည်ရှိနေတယ်ဆိုပေမဲ့လည်း ရေမြေတောတောင်ရှုခင်း အလှအပတွေ စုဝေးနေတဲ့နိုင်ငံဖြစ်လို့ နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် သုံးသန်းလောက်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နယူးကယ်လီဒိုးနီးယားကတော့ ဒုတိယအကြီးဆုံးအစိတ်အပိုင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ သန်းလောက်ကတည်းက ဇီလန်းဒီးယားတိုက်ရဲ့မြေထုက ပစိဖိတ်သမုဒ္ဒရာအောက်ကို လုံးဝနစ်မြုပ်သွားခဲ့ပြီးဖြစ်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ယနေ့လက်ရှိအချိန်ထိလည်း ဇီလန်းဒီးယား တိုက်ရဲ့ မြေထု ၉၄ ရာခိုင်နှုန်းခန့်က ရေမျက်နှာပြင်ရဲ့အောက်မှာ နစ်မြုပ်ပျောက်ကွယ်နေဆဲဖြစ်ပါတယ်။ ဇီလန်း ဒီးယားတိုက် ဒေသတစ်ဝိုက်မှာ နေထိုင်သူလူဦးရေ ၅.၄ သန်းရှိပြီး အများစုက အင်္ဂလိပ်စကားကိုသာ ပြောဆိုကြ ပေမဲ့ ဒေသခံမာအိုရီစကား ပြောတဲ့သူတွေကိုလည်း တွေ့ရှိရပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ဇီလန်းဒီးယားက သဘာဝသိပ္ပံမှာလည်း ကြီးမားထင်ရှားတဲ့ပုံရိပ်တွေ ဖော်ပြနိုင်ခြင်း မရှိခဲ့သလို ဘူမိဗေဒအချက်အလက်တွေအရလည်း တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေတဲ့ တိုက်ကြီးတစ်ခုရဲ့ အပိုင်းအစတွေ စုစည်းနေတာမျိုးမဟုတ်ဘူးလို့ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တရားဝင် အသိ အမှတ်ပြုထားတဲ့ တိုက်ကြီး ၇ တိုက်အဖြစ် အာရှတိုက်၊ အာဖရိကတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အန္တာတိကတိုက်၊ ဥရောပတိုက်နဲ့ ဩစတြေးလျတိုက်တို့အပြင် အငယ်ဆုံး၊ အပါးလွှာဆုံး၊ ရေနစ်မြုပ်မှုအများဆုံးဖြစ်တဲ့ ဇီလန်းဒီးယားတိုက်ရဲ့ နယ်မြေအစိတ်အပိုင်းတွေက အဌမမြောက်တိုက်ကြီး အဖြစ်နဲ့ တည်ရှိလာနိုင်မလားဆိုတာကိုတော့ မျက်မှောက်ခေတ်အချိန်ထိ ဘယ်သူကမှ အတည်ပြုပြောကြား နိုင်ခဲ့ခြင်းမရှိသေးကြောင်းကို သုတေသနပညာရှင်တွေရဲ့ မှတ်တမ်းတွေကတစ်ဆင့် လေ့လာဖတ်ရှုခွင့်ရခဲ့ ပါတယ်။ ဇီလန်းဒီးယားနဲ့ပတ်သက်တဲ့ ထူးခြားဆန်းကြယ်မှုတွေ၊ ပဟေဠိတွေကို ဆက်လက်အဖြေရှာနေကြဆဲ ဖြစ်တာကြောင့် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေ၊ မှတ်တမ်းတွေ၊ သုတေသနရလဒ် တွေကို စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

More Interesting Blogs from Zlann