“ပုဂံရာဇဝင်ထဲက အဂ္ဂိရတ်ပညာရှင် ရှင်အဇ္ဇဂေါဏ”

‘ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ တို့ မ တဲ့ ကိန်းဆိုက်ပြီ’ လို့ဆိုတဲ့ နဂါးနီသီချင်းကို နားထောင်ဖူးသူတိုင်းလိုလို ရှင်အဇ္ဇဂေါဏဆိုတဲ့ အမည်ကို ကြားဖူးကြမှာပါ။ လူကြီးမိဘတွေကလည်း သားငယ်သမီးငယ်တွေကို ရာဇဝင်သမိုင်းကြောင်းတွေပြောပြတဲ့အခါ ဆိတ်မျက်လုံးတစ်ဖက်နဲ့ နွားမျက်လုံးတစ်ဖက်ကိုပိုင်ဆိုင်ထားတဲ့ ကိုယ်တော်အကြောင်းကိုလည်း မပါမဖြစ်ပြောပြကြပါတယ်။ ဒဏ္ဍာရီဆန်ဆန် ပြောပြကြ၊ ကြားဖူးကြတဲ့ ရှင်အဇ္ဇဂေါဏအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာအချက်အလက်များလည်းရှိနေပါသေးတယ်။
ရှင်အဇ္ဇဂေါဏအမည်ရှိတဲ့ ရဟန်းဟာ ပထမပုဂံပြည်ရဲ့ သမုတိရာဇ်မင်းလက်ထက်ကရှိခဲ့တဲ့ အဂ္ဂိရတ်ဖိုထိုး ခဲ့သူလို့ဆိုကြသလို တချို့ကတော့ သေလည်ကြောင်မင်းလက်ထက်မှာရှိခဲ့သူ၊ တချို့မူ ကုလားကျမင်းလို့ သိကြတဲ့ နရသူမင်း လက်ထက်ကပေါ်ခဲ့တဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်တယ်လို့ ပြောကြပါသေးတယ်။ ဒါ့အပြင် ရှင်အဇ္ဇဂေါဏရယ်လို့ မဖြစ်မီ ဘွဲ့တော်အမည်မှာ ရှင်မထီးဖြစ်တယ်လို့ပြောကြသူတွေလည်းရှိသလို ရှင်မထီးနဲ့ ရှင်အဇ္ဇဂေါဏက တစ်ဦးစီဖြစ်တယ်လို့ သတ်မှတ်ကြသူတွေလည်း ရှိပါတယ်။ ရှင်အဇ္ဇဂေါဏဟာ သမုတိရာဇ်မင်းလက်ထက်က ဓာတ်အောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ရှင်မထီးကတော့ ပျူမင်းထီးလို့ခေါ်တဲ့ ပထမပုဂံပြည်ရဲ့ တတိယမြောက်ဆက်ခံသူဘုရင်လက်ထက်မှာဓာတ်အောင်ခဲ့တာလို့ ဆိုစမှတ်ရှိကြပါတယ်။
ပုဂံပြည်ကြီး စည်ပင်သာယာဝပြောပြီး ဘုရားစေတီတွေ လက်ညှိုးထိုးမလွဲတည်နိုင်တာကလည်း ရှင်အဇ္ဇဂေါဏ ဓာတ်အောင်တာကြောင့်ဖြစ်တယ်လို့ ယုံကြည်သူတွေလည်းရှိပါတယ်။ အဂ္ဂိရတ်ဖိုထိုးတဲ့ အတတ်ပညာဆိုတာ မြန်မာနိုင်ငံတွင်းမှာသာမကပဲ အနောက်နိုင်ငံတွေမှာပါ ရှိတဲ့ ပညာရပ်တစ်ခုဖြစ်တယ် ဆိုတာတော့ မှတ်သားရပါတယ်။ ပြဒါးသေ တစ်ဆွေဝ၊သံသေ တစ်ပြည်ဝဆိုပြီး ရှေးက ဆိုရိုးစကားရှိခဲ့ဖူးပါတယ်။ ပြဒါးကို သေအောင်သတ်နိုင်ရင်တစ်ဆွေမျိုးလုံး ချမ်းသာမှာဖြစ်ပြီး သံကိုသတ်နိုင်ရင်တော့ တစ်ပြည်တစ်ရွာလုံး ကြွယ်ဝလာမယ်လို့ယုံကြည်ကာ ဖိုထိုးတဲ့အဂ္ဂိရတ်ပညာကို လိုက်စားကြပါတယ်။ ပြဒါးကနေ ရွှေဖြစ်လာဖို့ယုံကြည်ကြတာကတော့ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း Alchemist လို့ခေါ်တဲ့ အဂ္ဂိရတ်ဖိုထိုးသူတချို့ရှိကြပါတယ်။ ဒါ့အပြင် ဓာတုဗေဒရှုထောင့်ကနေကြည့်ရင်လည်း ပြဒါးနဲ့ရွှေရဲ့ အက်တမ်ဖွဲ့စည်းပုံက အတော်လေးနီးစပ်ပါတယ်။
ရွှေနဲ့ပြဒါးတို့ရဲ့ အက်တမ်တည်ဆောက်ပုံတွေကိုကြည့်မယ်ဆိုရင် အလယ်မှာရှိနေတဲ့ နျူကလီးယပ်ကို ပရိုတွန်နဲ့ နျူထရွန်တွေက shell လို့ခေါ်တဲ့ ပတ်လမ်းကြောင်းတွေနဲ့ လှည့်ပတ်နေကြပါတယ်။ လမ်းကြောင်းတိုင်းမှာလည်း သတ်မှတ်ထားတဲ့ အီလက်ထရွန်အရေအတွက်ထက်ပိုပြီးရှိနေလို့မရပြန်ပါဘူး။ ပြဒါးရဲ့ အီလက်ထရွန်အရေအတွက်မှာ ၈၀ ရှိပြီး ရွှေရဲ့ အီလက်ထရွန်အရေအတွက်ကတော့ ၇၉ ရှိပါတယ်။ ဒါကြောင့် လွယ်လွယ်စဉ်းစားကြည့်မယ်ဆိုရင် ပြဒါးမှာပိုနေတဲ့ အီလက်ထရွန်တစ်လုံးကို စွမ်းအင်သုံးပြီး ဖယ်ထုတ်နိုင်မယ်ဆိုရင်တော့ ရွှေဖြစ်လာနိုင်ချေရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြဒါးရဲ့ အီလက်ထရွန်တစ်လုံးကို ဖယ်ထုတ်တာက ထင်သလောက်မလွယ်ပါဘူး။ ဒါကြောင့် အခုလိုပြဒါးကနေ ရွှေဖြစ်အောင်လုပ်တဲ့ ပညာရပ်ဟာ ဖိုထိုးတာလို့ လွယ်လွယ်ကူကူမှတ်ယူနိုင်ပါတယ်။အဲဒီလိုပဲ သံကနေ ရွှေဖြစ်ဖို့အရေးကတော့ ဖြစ်နိုင်ချေအတော်လေးနည်းပါတယ်။ အကြောင်းကတော့ သံရဲ့ အက်တမ်တည်ဆောက်ပုံဟာ ရွှေနဲ့ ဘာမှကို မဆိုင်တာပါ။ သံကနေ ရွှေဖြစ်ချင်တယ်ဆိုရင်တော့ အီလက်ထရွန်နဲ့ ပရိုတွန်တွေကို ထပ်ထည့်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို့ ဆိုကြတယ်လို့ ပြောရမလိုပါ။
ရှင်အဇ္ဇဂေါဏနဲ့ ပတ်သက်တဲ့ တချို့သော ယုံကြည်သူတွေအဆိုအရ ပုဂံပြည်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့ သမုတိရာဇ်မင်းလက်ထက်မှာ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဘွဲတော်ရင်းမှာ ဝေဒိဿရ ရှင်ရသေ့ဖြစ်ပြီး ဓာတ်လုံးကို ဖိုထိုးတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရွှေကိုသုံးပြီး ဓာတ်လုံးကို သိဒ္ဓိဝင်အောင်ဖိုထိုးပါတယ်။ ဝေဒိဿရ ရှင်ရသေ့ ရဲ့ တပည့်ရင်းတွေဖြစ်တဲ့ ကျော်စွာနဲ့ သော်တာလို့ခေါ်တဲ့ ဇနီးမောင်နှံက ဖိုထိုးရာမှာ သုံးဖို့အတွက် ရွှေတွေကို လှူဒါန်းရင်းကနေ ဆုတ်ယုတ်လာပါတယ်။ ဒါကြောင့် ဘုရင်ဆီမှာ အာမခံပြီး ရွှေကို အလှူခံခဲ့ဟန်တူပါတယ်။
ဓာတ်လုံးမအောင်မြင်ရင် မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပေးပါ့မယ်လို့ ကတိထားခဲ့ပြီး ဘုရင့်ဘဏ္ဍာတိုက်က ရွှေတွေကိုသုံးပြီး ဆက်လက် အားထုတ်ခဲ့ရာမှာ အောင်မြင်ခါနီး နောက်ဆုံးအဆင့်မှာ အချဉ်ရည်နဲ့ စိမ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဓာတ်လုံးက မအောင်မြင်တာကြောင့် ကတိအတိုင်း မျက်လုံးနှစ်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဝေဒိဿရ ရှင်ရသေ့လည်း စိတ်ပျက်ပြီး ဓာတ်လုံးကို ကုဋီထဲကို လွှတ်ပစ်ခိုင်းလိုက်တဲ့နောက် မစင်ရည်နဲ့ထိတဲ့အခါ ဓာတ်လုံးက အ ရောင်တွေတောက်လာပါတယ်။ အောင်မြင်ခါနီးအဆင့်မှာ အချဉ်ရည်နဲ့ မစင်ရည်မှားစိမ်မိတာကို သဘောပေါက်သွားပါတယ်။
ဒါနဲ့ပဲ ကိုရင်တစ်ပါးကို ဈေးကနေ ရရာ မျက်လုံးတစ်စုံဝယ်ဖို့မှာပြီး လွှတ်လိုက်တဲ့အခါ ဆိတ်မျက်လုံး တစ်ဖက်နဲ့ နွားမျက်လုံးတစ်ဖက်ကိုဝယ်ခဲ့တာကြောင့် အဲဒီမျက်လုံးတွေကိုပဲ ဓာတ်လုံးနဲ့ထိလိုက်ပြီး မျက်လုံးထဲသွင်းလိုက်တဲ့အခါ အမြင်ပြန်လည်ရရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အဇ္ဇ−ဆိတ်နဲ့ ဂေါဏ−နွား လို့အဓိပ္ပာယ်ရတဲ့ ရှင်အဇ္ဇဂေါဏလို့ ခေါ်ကြတာလည်းဖြစ်ပါတယ်။
ရှင်အဇ္ဇဂေါဏဟာသူ့ရဲ့ ဓာတ်လုံးအစွမ်းနဲ့ ပုဂံတစ်ပြည်လုံးကို ရွှေမိုး၊ငွေမိုးရွာသလို မုဆိုးမတောင် ဘုရားတည်နိုင်တဲ့အထိ မ စ ခဲ့တယ်လို့ဆိုကြပါတယ်။ အဲဒီအခါ တပည့်ရင်းလင်မယားဖြစ်တဲ့ ကျော်စွာနဲ့ သော်တာကိုလည်း ယခင်လိုကြွယ်ဝအောင် ပြန်လုပ်ပေးခဲ့ပါတယ်။ တချို့ရာဇဝင်တွေမှာတော့ ဘုရင်က ရွှေဖြစ်တဲ့နည်းကို တပည့်ရင်းဖြစ်တဲ့ ကျော်စွာကို ဖမ်းဆီးစစ်မေးရာမှာ လက်လွန်ပြီး အသက်သေဆုံးခဲ့တယ်လို့ဆိုကြသလို သေလွန်တဲ့နောက်မှာတော့ ဘုရင်ကို မကျေနပ်လို့ ပုပ္ပါးတောင်ဘက်ကိုတက်လာတဲ့ မိုးသားတိမ်လိပ်တွေကို ဖယ်ရှားပစ်တာကြောင့် ပုဂံပြည်ကြီး မိုးခေါင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဘုရင်ဟာ သူ့ရဲ့အမှားတွေကို သိပြီးတောင်းပန်ရအောင် လွန်ဆွဲပွဲကျင်းပရမယ်လို့ဆိုတာကြောင့် တိုင်းသူပြည်သားတွေ လွန်ဆွဲကြမှ မိုးရွာတယ်လို့ ပြောကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိုးခေါင်ကျော်စွာနတ်ဆိုကာ ကိုးကွယ်ကြပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အခုထိလွန်ဆွဲပွဲတွေ လုပ်နေကြပါသေးတယ်။
မြန်မာနိုင်ငံရဲ့၃၇ မင်း ရိုးရာနတ်သမိုင်းတွေထဲမှာ မိုးခေါင်ကျော်စွာနတ် ကလည်း တန်ခိုးကြီးတဲ့ နတ်လို့ ဖော်ပြထားကြပါတယ်။ ဒါ့အပြင် ရှင်မထီးကတော့ ပုဂံ ပျူမင်းထီးလက်ထက်မှာ သုဝဏ္ဏဘူမိသထုံပြည်ကနေ ရောက်ရှိလာတဲ့ မွန်လူမျိုးဖြစ်တယ်လို့ဆိုကြပါတယ်။ ဗားထီးငယ်ဆရာတော်လို့လည်းခေါ်ပါတယ်။ ဘုရင်ရဲ့ မင်းဆရာဖြစ်တဲ့အခါမှ ရှင်မထီးလို့ ချီးမြှင့်ခဲ့တာပါ။ ရှင်အဇ္ဇဂေါဏနဲ့ သရဘဂု့ ရှင်ရသေ့နှစ်ပါးရဲ့နောက်မှ တတိယမြောက် ဓာတ်အောင်ပြီး အန္တိမလမ်း ပညာစခန်းပြီးဆုံးသူဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ဒါကြောင့် ရှင်အဇ္ဇဂေါဏနဲ့ ရှင်မထီးနဲ့က တစ်ဦးစီဖြစ်တယ်လို့ဆိုနိုင်ပါတယ်။
ပုဂံမြို့မင်းနန်သူရွာအနီးမှာ ဘုရားအမှတ် (၅၀၉ က)လို့ ရှေးဟောင်းသုတေသနဌာနက သတ်မှတ်ထားတဲ့ ရှင်အဇ္ဇဂေါဏဘုရားကိုတွေ့မြင်နိုင်ပါတယ်။ ဘုရားဘွဲ့တော်ပေးဖြစ်ပုံမှာလည်း ဘုရားဝင်းအတွင်းမှာ အဂ္ဂိရတ်ဖိုထိုးရာမှာ အသုံးပြုတဲ့ လုံကွဲများ၊မီးသွေးခဲနဲ့ ပြာတွေကိုတွေ့ရတာကြောင့် ရှင်အဇ္ဇဂေါဏဘုရားလို့ မှည့်တွင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘုရားရာဇဝင်ကို အတိအကျသိလို့ပေးထားခြင်းတော့မဟုတ်ပါ။ ရွှေတိဂုံဘုရားရှိ အံ့ဖွယ်ကိုးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရှင်အဇ္ဇဂေါဏဘုရားကို တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီရဲ့ တောင်ဘက်အာရုံခံတန်ဆောင်းမှာလည်း ဖူးမြော်နိုင်ပါတယ်။ ထူးခြားချက်ကတော့ ရုပ်ပွားတော်ရဲ့ မျက်လုံးတော်မှာ တစ်ဖက်ကျဉ်း တစ်ဖက်ကျယ်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အံ့ဖွယ်ကိုးနေရာထဲမှာ ပါဝင်တဲ့ ရှင်မထီးဘုရားကိုလည်း တနင်္ဂနွေထောင့် နောင်တော်ကြီးစေတီရဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းမှာ တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ရှင်အဇ္ဇဂေါဏအကြောင်းနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ သမိုင်းအထောက်အထားတွေကိုတော့ ပညာရှင်တွေက ဖော်ပြမထားကြပါဘူး။ တကယ်တမ်းရှိခဲ့သလား ဒဏ္ဍာရီတစ်ပုဒ်ပဲလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ။
=======================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …

More Interesting Blogs from Zlann