ပုဂံရာဇဝင်မှာ မဆင်မခြင်ဆိုခဲ့မိတဲ့ သံသယစကားတစ်ခွန်းကြောင့် အသက်ပေးခဲ့ရတဲ့ မင်းတစ်ပါးလို့ ဆိုလိုက်ရင် စောလူးမင်း ကိုမြင်ယောင်မိကြမယ်လို့ထင်ပါတယ်။
စောလူးမင်း ကို ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သူ အနော်ရထာမင်းကြီး နဲ့ တောင်ပြင်သည် မိဖုရားကြီး အဂ္ဂမဟေသီတို့ မှ ၁၉၊ ဧပြီ၊ ၁၀၄၉ မှာ ဖွားမြင်ခဲ့တဲ့ သားတော်တစ်ပါးဖြစ်ပါတယ်။ ရှမ်းဘာသာဖြင့် “စော” ဆိုတာ “မင်း” ကိုခေါ်ဆိုခြင်းဖြစ်ပြီး “လူး” ဆိုတာ“လူငယ်လူရွယ်” လို့အဓိပ္ပာယ်ရတဲ့အတွက် “လူငယ်လူရွယ်မင်း” “မင်းလုလင်” လို့ခေါ်တွင်ခဲ့ကြပါတယ်။ဘွဲ့အမည်က ဂြီဝဇြာဘရဏ တြိဘုပတိ( ကျက်သရေရှိသော မိုးကြိုးအရှင် သုံးလူ့သခင်) ဖြစ်ပါတယ်။
စောလူးမင်းဟာ အနော်ရထာမင်းကြီး နတ်ရွာစံပြီးတဲ့နောက် သက္ကရာဇ် ၁၀၇၇ ခု မှာ နန်းတက်ခဲ့ပြီး ခုနစ်နှစ်မျှသာ ထီးနန်းစိုးစံခဲ့ရပါတယ်။မြန်မာရာဇဝင်မှာ လက်ရုံးရည်၊နှလုံးရည်တို့ နဲ့ ပြည့်မီခြင်းမရှိဘဲ ဖခင်ရဲ့ အရိုက်အရာကို ကောင်းမွန်စွာ မဆက်ခံနိုင်ခဲ့တဲ့ မင်းဆိုးမင်းညစ်အဖြစ် လူသိများပါတယ်။
စောလူးမင်းမှာ သီရိစန္ဒာဒေဝီ နဲ့ မွန်လူမျိူး ဖြစ်ဟန်ရှိတဲ့ မဟာဒေဝီ စူဠာမဏိ အမည်ရှိတဲ့ မိဖုရား နှစ်ပါးရှိပါတယ်။စောလူးမင်းနန်းတက်စ အချိန်မှာ မိဖုရားသီရိစန္ဒာဒေဝီကို ဦးဆောက်ပန်း အရာ ပေးအပ်ခဲ့ပြီး သားသမီးထွန်းကားခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။မွန်လူမျိုးဖြစ်တဲ့ မိဖုရား မဟာဒေဝီ စူဠာမဏိ ကို မြန်မာ့သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဥဿာမင်းသမီး ခင်ဦးလို့ ဖော်ပြထားပြီး တြေလောကသိင်္ဃဝိဇယ ဘွဲ့အမည်ရှိတဲ့ သားတော်စောယွန်းကို ဖွားမြင်ခဲ့ပါတယ်။
ပလိပ်ရွာစား ဦးဖျော်ရဲ့ ရွှေနားတော်သွင်း ဧချင်းထဲမှာ ”ကောင်းကျိုးဖွေရှာ၊ နော်ရထာလျှင်၊ နောင်လာရှုငဲ့၊ ပြုစုခဲ့၏၊ သုံးဆယ့်သုံးနှစ်၊ နတ်ဌာန်ဖြစ်က၊ သားစစ်စောလူး၊ ဆက်ကာမှူးသည်၊ ကြည်နူးတည့်နီဝေး၊ ပျက်ဝတ်ကွေး” လို့ ဖော်ပြထားပါတယ်။စောလူးမင်းဟာ ဖခင် အနော်ရထာ လို တိုင်းရေးပြည်ရာတွေမှာ ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်နိုင်ခြင်း မရှိတဲ့အပြင် အပျော်အပါးလည်းမက်ပြီး အကြီးအကဲ မှူးမတ် တွေကို နှလုံးမကြည်အောင် ပြုမူတတ်သူဖြစ်တယ်လို့ဆိုပါတယ်။
“ကျွန်ယုံလျှင် တစ်ဖက်ကန်း” ဆိုတဲ့ ဆိုရိုးအတိုင်း စောလူးမင်း နို့ထိန်းရဲ့ သားဖြစ်သူ ငရမန်ကန်း အပေါ်မှာ အလွန်တရာမှ ရင်းနှီးချစ်ခင်သူဖြစ်ပြီး ပဲခူးဟံသာဝတီကို အပိုင်စားစေပါတယ်။ စောလူးမင်းရဲ့ နုနယ်မှုကို အခွင့်ကောင်းယူပြီး မွန်လူမျိုး ငရမန်ကန်းက ပုန်ကန်ခြားနားဖို့ အမြဲတစေ စောင့်ဆိုင်းနေသူ ဖြစ်ပါတယ်။
စောလူးမင်းဟာ အပျော်အပါး ခုံမင်သူဖြစ်တဲ့ အားလျော်စွာ ငရမန်ကန်း နဲ့ ကြွေအံကစား လေ့ရှိ ပါတယ်။ ကြွေအံကစားရာမှာ တစ်ကြိမ်မှာတော့ စောလူးမင်းက ငရမန်ကန်းကို အကြီးအကျယ် ရှုံးနိမ့်ပြီး မကျေမနပ်ဖြစ်ခဲ့ပါတယ်။အဲဒီအချိန် ငရမန်ကန်းက အနိုင်ရရှိသူပီပီ ပရိယာယ် နဲ့ စကားနာ ထိုးပြီး လက်ပန်းပေါက်(လက်ခမောင်း) ထ ခတ်တဲ့အခါမှာတော့ စောလူးမင်း ဒေါသ အမျက်ထွက် ပါတော့တယ်။ဒေါသအမျက်ထွက်နေတဲ့ စောလူးမင်းက “သင်ယောက်ျားကောင်း မှန်လျှင် သင်အပိုင်စားရာ ပဲခူးအရပ်မှ ငါ့ကိုပုန်စားချေ” လို့ ဆိုလိုက်တဲ့အခါမှာတော့ အခွင့်ကောင်း ကို စောင့်ဆိုင်းနေတဲ့ ငရမန်ကန်းက စတင်ပြီး ပုန်ကန်ပါတော့တယ်။
စောလူးမင်း ထီးနန်းစိုးစံတဲ့ ကာလတစ်လျှောက် အိမ်ရှေ့ဥပရာဇာ ခန့်ထားခဲ့ခြင်းမရှိသလို မတည်မငြိမ် ဖြစ်နေတဲ့ နိုင်ငံတော်အခြေအနေတွေကို ထိန်းသိမ်းဖို့ ဖခင် လက်ထက်ကတည်းက ထွက်ပြေးတိမ်းရှောင် နေတဲ့ ကျန်စစ်သားကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။အဲဒီနောက် ငရမန်ကန်းက ပဲခူးဟံသာဝတီမှ စစ်သည် အင်အားခိုင်မာစွာနဲ့ ကြည်းကြောင်း၊ ရေကြောင်းတို့နဲ့ ချီတက်လာပြီး သရက်ခရိုင် မင်းလှအောက်ဘက် ရှိ ပြည်တော်သာကျွန်းမှာ တပ်စွဲခဲ့ပါတယ်။
ငရမန်ကန်းရဲ့ တပ်တွေချီလာတာကို သိတဲ့ စောလူးမင်းက ကျန်စစ်သားကို ရှေးဦးချီ တပ်အဖြစ်စေလွှတ်ပြီး သူကိုယ်တိုင်က နောက်ပါတပ်အဖြစ် ကြည်းကြောင်းမှ ချီတက်ပါတယ်။
ကျန်စစ်သားရဲ့ လက်ရုံးရည်၊နှလုံးရည်ကို သိတဲ့ ငရမန်ကန်းက စောလူးမင်းရဲ့ တပ်ကို ဦးတည် တိုက်ခိုက် ပါတယ်။စောလူးမင်းရဲ့ တပ်တွေ ပြည်တော်သာကျွန်း ကို ရောက်တဲ့အခါ မိုးစုန်းစုန်း ချုပ်လေပြီ။ အဲဒီ အခြေအနေကို အခွင့်အကောင်းယူပြီး ငရမန်ကန်းက လရောင်ဝိုးတဝါးအောက် ရွှံ့ညွန်ထူထပ်ပြီး ဆင်ခင်းမြင်ခင်း မသာတဲ့နေရာမှာ ဆင်စီးပြီး စစ်ဆင်ဟန် အရုပ်တွေပြုလုပ်ထားပါတယ်။ စစ်ပရိယာယ်ကို မရိပ်စားမိတဲ့ စောလူးမင်းက ဆင်းစီးပြီး တိုက်တဲ့အခါမှာတော့ စီးတော်ဆင် ရွှံ့သို့ကျပြီးကျွံပါတယ်။အဲဒီလို အရေးနိမ့်ပြီးတဲ့နောက် ငရမန်ကန်းရဲ့ သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ ကျန်စစ်သားကို နန်းတင်ဖို့ အကြီးအကဲတို့က စီစဉ်ပေမဲ့ ကျန်စစ်သားက လက်မခံ “ငါ့သခင်ကို ကယ်တင်ဦးမည်” လို့ဆိုပြီး မြင်းကပါအရပ်မှာ တပ်စွဲထားတဲ့ ငရမန်ကန်းရဲ့ တပ်အတွင်းဝင်ကာ စောလူးမင်းကို ပခုံးမှာထမ်းပြီး ကယ်ထုတ်ပါတယ်။
အတွေးခေါင်လွန်းတဲ့ စောလူးမင်းက “ကျန်စစ်သားကို ငါလည်းမျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုတွင်မူ ငါ့အားသတ်ရန် လာရောက်ခိုးယူခြင်း ဖြစ်ရာသည်။ ငရမန်ကန်း ကား ငါနှင့်နို့စို့ဖက်ဖြစ်၍ ငါ့အား မသတ်လေရာ” လို့ တွေးပြီး “ကျန်စစ်သား ငါ့ကို ခိုးလေပြီ” လို့ အော်ဟစ်ပါတော့တယ်။အဲဒီအခါကျန်စစ်သားက “ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက် ၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေတော့” လို့ဆိုကာ ထားခဲ့လိုက် ပါတော့တယ်။ မဆင်မခြင်စကားဆိုခဲ့တဲ့ စောလူးမင်းကို ငရမန်ကန်းက အနုဓရာအရပ် မှာ ကွပ်မျက်ခဲ့ပါတယ်။ ဒါကြောင့် “နှုတ်ကြောင့်သေ လက်ကြောင့်ကြေ” ဆိုတဲ့ စကား က စောလူးမင်းကြောင့် ဖြစ်ခဲ့ဟန်တူတယ်လို့ ဆိုကြပါတယ်။
အဲဒီနောက် ပုဂံဟံသာဝတီစစ်ပွဲမှာ ကျန်စစ်သား အနိုင်ရရှိပြီး ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ ပါတယ်။စောလူးမင်းဟာ အနော်ရထာမင်းရဲ့ သားတော်တစ်ပါး ဖြစ်လင့်ကစား ကိုယ်တိုင် ဆင်ခြင် တုံတရားမဲ့ကာ ညံ့ဖျင်းမှုကြောင့် ထီးနန်းအရိုက်အရာကို ခဏတာမျှသာ စံစားခဲ့ရသလိုဖခင် လက်ထက် က မပြီးပြတ်သေးတဲ့ ရွှေစည်းခုံစေတီကိုလည်း ဆက်လက် တည်ထားနိုင်ခြင်းမရှိဘဲ ကွပ်မျက်ခံခဲ့ရပါတယ်။
ဒါပေမဲ့ စောလူးမင်းရဲ့ ကောင်းမှုတော်များအဖြစ် ပုဂံဒေသအချို့မှာတော့ စေတီပုထိုးတွေ တည်ရှိနေပါတယ်။ သီရိပစ္စယာရွာအနီး ပျက်စီးယိုယွင်းလျက် မြေကြီးထဲ နစ်မြုပ်နေရာမှ ပြန်လည်တူးဖော်ထားတဲ့ ဖက်လိပ်စေတီနှစ်ဆူ နဲ့ အရှေ့ဘက်ကပ်လျက်မှာ စောလူးမင်းကုန်းတို့တည်ရှိနေပါတယ်။
စောလူးမင်းရဲ့ ကုသိုလ်တော်လို့ အထင်အရှားမှတ်ယူရတဲ့ မြင်းပြဂူဘုရားအတွင်းရှိ ဗိသုကာလက်ရာ တို့ကလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပြီး စေတီပုထိုးအတွင်းမှ စောလူးမင်းရဲ့ အုတ်ခွက်ဘုရား တစ်ဆူ ကိုလည်း ရရှိခဲ့ဖူးပါတယ်။ဒါကြောင့် စောလူးမင်း ဟာ ဖခင် အနော်ရထာမင်းကြီးလို အုတ်ခွက်ဘုရားတွေ ပြုလုပ်လှူဒါန်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အောက်ပင်ချောင်းဝမှ စက္ကလမ္ပဘုရား၊ သီရိပစ္စယာရွာ လောကနန္ဒာဘုရားလမ်းခွဲအနီးရှိ ကျောက်စကားကြီးဘုရား တွေကလည်း စောလူးမင်းရဲ့ ကုသိုလ်တော်အဖြစ် ထင်ရှားပါတယ်။ပုဂံဒေသ အနီးတစ်ဝိုက်တွင်သာမက စစ်ကိုင်းတိုင်း ယင်းမာပင်၊ ပခုက္ကူနယ်၊ မြင်းမူ၊ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် နဲ့ စလင်းမြို့နယ်တစ်ဝိုက် မှာလည်း စောလူးမင်းကောင်းမှု စေတီပုထိုးတွေကို တွေ့မြင်နိုင်တဲ့အတွက် စောလူးမင်းဟာ မင်းသားဘဝအပါအဝင် ထီးနန်းစိုးစံတဲ့ ကာလအတွင်း ပုဂံဒေသ အပြင် အခြားသော ဒေသတွေမှာလည်း စေတီပုထိုးတွေ တည်ထားခဲ့တဲ့အတွက် ခရီးသွားခြင်းကို ဝါသနာထုံသူ လို့လည်း မှတ်ယူနိုင်ပါတယ်။မြန်မာရာဇဝင်မှာ မင်းဆိုးမင်းညစ်တစ်ပါးအဖြစ် လူသိများတဲ့ စောလူးမင်းဟာ အမှန်စင်စစ် ရိုးလွန်း၊ အ လွန်းပြီး အယုံလွယ်တဲ့ မင်းတစ်ပါး ဖြစ်ဟန်ရှိတယ်လို့ဆိုပါတယ်။
စောလူးမင်းနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် တွေလည်းရှိနေပါတယ်။အဲဒါက မန္တလေးတိုင်း၊ မြစ်သားမြို့၊ ပေတောကျောင်းတိုက်အတွင်း တွေ့ရှိခဲ့တဲ့ ရှေးဟောင်းကျောက်စာ တစ်ချပ် ပင်ဖြစ်ပါတယ်။ ပျူ၊မွန်၊မြန်မာ၊ပါဠိ၊ဂျွမ်း၊ဂုံရှမ်း အစရှိတဲ့ ဘာသာစကားခြောက်မျိုးနဲ့ ရေးထိုးထားတဲ့ စောလူးမင်းကျောက်စာ(၄၁၅ ခု) ဟာ သက္ကရာဇ်အခိုင်အမာပါရှိတဲ့ ပုဂံခေတ်ကျောက်စာ တွေထဲမှာ အစောဆုံးတွေ့ရှိတယ်လို့ဆိုတဲ့ မြစေတီ ကျောက်စာ(၄၇၅ ခု)ထက် ပိုမိုရှေးကျကြောင်း သမိုင်းပညာရှင် တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီ ကျောက်စာက သီရိစန္ဒာဒေဝီ မိဖုရားရဲ့ မဟာအနုရုဒ္ဓါ ဒေဝါရာမကျောင်း ဆောက်လုပ် လှူဒါန်းခြင်းကို ရေးထိုးမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။ကျောက်စာတစ်ချပ်လုံး အပိုင်းပိုင်းဖြစ်နေပြီး ကျောက်စာချပ် ၄ ချပ်သာရှာတွေ့ခဲ့ပါတယ်။ကျောက်စာ မှာ ထွင်းထုထားတဲ့ ရေးသားချက် စာကြောင်းအချို့ကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး ကျန်အပိုင်းတွေကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကျောက်စာထဲမှာ မွန်ဘာသာနဲ့ရေးထိုးထားတာက စောလူးမင်းဟာ ဗုဒ္ဓရဲ့ အဆုံးအမ နဲ့ အညီ အုပ်ချုပ်တော်မူတဲ့ မင်းတစ်ပါးဖြစ်တယ်လို့ဖော်ပြထားတဲ့အတွက် မြန်မာ့သမိုင်း မှတ်တမ်းထဲမှာ သေရည်အစဉ် မူးနေ တဲ့ မင်းဆိုးမင်းညစ်တစ်ပါး ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန်ကျင့်နေပါတယ်။
ကျောက်စာထဲမှာ ပျက်စီးလုလုဖြစ်နေတဲ့ စာကြောင်းအချို့နဲ့ ပျောက်ဆုံးဆဲ ကျောက်စာ အစိတ်အပိုင်း တွေထဲမှာ စောလူးမင်း ရဲ့ အငြင်းပွားဖွယ်အကြောင်းအရာတွေကျန်ရှိနေဦးမယ်လို့ သမိုင်းပညာရှင်အချို့က သုံးသပ်ထားကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဖခင်အနော်ရထာမင်းရဲ့ အရှိန်အဝါ ၊ ကျန်စစ်သားမင်းရဲ့ ကျော်ဇောမှု တို့ကြားမှာ စောလူးမင်းရဲ့ အတ္ထုပ္ပတ္တိအချို့က ဒဏ္ဍာရီဆန်ဆန် မှေးမှိန်ပျောက်ကွယ် ခဲ့ရခြင်း ဖြစ်တယ်လို့ ကောက်ချက် ချရမှာဖြစ်ပါတယ်။
ဇာတ်လမ်း Z-Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/