“ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း”

ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း
———————–

မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ခေတ်လို့ ပြောရမယ့် ပုဂံခေတ်မှာကတည်းက ဗုဒ္ဓဘာသာနဲ့အပြိုင် နတ်ကိုးကွယ်မှုတွေလည်း ရှိနေပါပြီ။ ပုဂံခေတ်က ပုပ္ပားတောင်မှာ မင်းမဟာဂီရိနတ်ကို နှစ်စဉ် ပွဲလမ်းကြီးစွာ ပေးပြီး ပူဇော်ပသကြတယ်လို့ မှတ်တမ်းခိုင်ခိုင်မာမာ ရှိပါတယ်။ နတ်ကိုးကွယ်ယုံကြည်မှုဟာ ခေတ်အဆက်ဆက် ထွန်းကားခဲ့ပြီး လက်ရှိအချိန်ထိလည်း ထွန်းကားနေဆဲ ဖြစ်ပါတယ်။
နတ်ကန္နားပွဲတွေမှာ နတ်ဒိုးသံမြိုင်မြိုင်နဲ့ မြူးကြွတဲ့တေးသီချင်းတွေ သီဆိုကခုန်ကြသလို အဲဒီထဲမှာ အရက်ပုလင်းကို ကိုင်စွဲကာ ကြက်ကိုပိုက်ထားတဲ့ နတ်တစ်ပါးက ပခန်းကိုကြီးကျော် ဖြစ်ပါတယ်။
ကိုကြီးကျော်နတ်ဝင်လာပြီဆိုရင် လက်တစ်ဖက်က ကြက်ကြော်ကိုင်၊ တစ်ဖက်က ယမကာပုလင်းကိုင်စွဲထားတဲ့ ပုံရိပ်တွေက ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား ပုံရိပ်တွေဖြစ်ပါတယ်။ ယုံကြည်သူတွေကြားမှာတော့ ပူဇော်ပသဆုတောင်းရင် ချီးမြှင့်မစတယ်လို့လည်း သတင်းမွှေးတဲ့ ကိုကြီးကျော်ရဲ့ ဘဝဇာတ်ကြောင်းက ရှုပ်ထွေးသလို မူကွဲတွေလည်း များပြားလှပါတယ်။

ပခန်းဦးမင်းကျော် နတ်သမိုင်း (၁)

ပန်းတောင်းပြည့်ရှင် မင်းစည်သူရဲ့ မိဖုရားကြီးက ကူနီမိဖုရားကြီး ဖြစ်ပါတယ်။ ဗိုလ်မှူးတစ်ဦးဖြစ်သူ မင်းကျော်စွာကို မြှောက်စားတဲ့အနေနဲ့ သားတော်တစ်ပါးအဖြစ် သူကောင်းပြုထားပါတယ်။ အဲဒီလို သားတော်တစ်ပါးအဖြစ် အသိအမှတ်ပြုခံရပြီးတဲ့နောက်မှာတော့ မင်းကျော်စွာတစ်ယောက် အပျော်အပါး လိုက်စားလာပါတယ်။

တစ်နေ့မှာ မိုင်းပြင်စော်ဘွားက စစ်ရေးအကူအညီတောင်းခံလာပါတယ်။ မင်းစည်သူက မင်းကျော်စွာနဲ့ ကိုးမြို့ရှင်တို့ကို ဦးဆောင်ပြီး သွားရောက်ကူညီစေပါတယ်။ မင်းကျော်စွာတို့ ရောက်ရှိသွားချိန်မှာတော့ မိုင်းပြင်စော်ဘွားတစ်ယောက် တိုက်ပွဲမှာ ကျဆုံးနေပြီ ဖြစ်ပါတယ်။ ဒီအခါ စော်ဘွားရဲ့ သားတော်လေးတွေဖြစ်တဲ့ ခွန်ချို၊ ခွန်သာ ညီနောင်နှစ်ပါးကို ခေါ်ဆောင်ပြီး ပြန်လာခဲ့ကြပါတယ်။
မင်းစည်သူကို ဆက်သရာမှာ ကလေးငယ်နှစ်ယောက်ကို မွေးစားဖို့အတွက် ကိုးမြို့ရှင်နဲ့ နှမတော်ပုလဲယဉ်တို့ကို ခွင့်ပြုပါတယ်။ သောက်စားမူးယစ်နေတဲ့ မင်းကျော်စွာကိုတော့ မယုံကြည်တဲ့အတွက် မွေးစားခွင့်မပေးဘဲ ပခန်းမြို့ကိုသာ စားစေပါတယ်။ ခွန်ချို၊ ခွန်သာ ကလေးငယ်နှစ်ဦးကိစ္စမှာ အရှက်ရသွားတဲ့ မင်းကျော်စွာတစ်ယောက် မင်းစည်သူအပေါ် စိတ်နာပြီး တေးမှတ်ထားပါတော့တယ်။
နှစ်အတန်ကြာတဲ့အခါ မင်းကျော်စွာက ရှမ်းပြည်ဘက်မှာ ပုန်ကန်သူတွေ ထကြွနေတဲ့အတွက် ခွန်ချို၊ ခွန်သာတို့ကို သွားရောက်နှိမ်နင်းသင့်ကြောင်း၊ နှိမ်နင်းပြီးပါကလည်း ၃ နှစ်ခန့် ဆက်လက်နေထိုင်သင့်တယ်လို့ မင်းစည်သူကို အကြံဉာဏ်ပေးပါတယ်။

အဲဒီအကြံဉာဏ်အတိုင်း မင်းစည်သူက ခွန်ချို၊ ခွန်သာ ညီနောင်ကို စေလွှတ်ပါတယ်။ စေလွှတ်ပြီးချိန်မှာ မင်းကျော်စွာက သူ့ရဲ့နောက်လိုက်အဖွဲ့တွေနဲ့အတူ ထီးနန်းကို သိမ်းပိုက်ပါတယ်။ ဒီလိုသိမ်းပိုက်တဲ့အချိန်မှာ ကိုးမြို့ရှင်နဲ့ နှမတော်တို့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

၃ နှစ်ပြည့်မြောက်ပြီးတဲ့အခါ ခွန်ချိုနဲ့ ခွန်သာ ညီနောင်နှစ်ပါး ရှမ်းပြည်မှ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ထီးနန်းစိုးစံနေတဲ့ မင်းကျော်စွာက သူဟာ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့အတွက် သူ့ရဲ့တူတော်မောင်တွေကို ထီးနန်းလွှဲပေးတော့မယ်လို့ ယုံကြည်အောင်ပြောဆိုပါတယ်။ သူခိုင်းတဲ့အတိုင်း လုပ်ပေးဖို့လည်း သစ္စာရေသောက်စေပြီး ထီးနန်းတင်ပေးပါတယ်။ အဲဒီနောက်မှာတော့ ကိုးမြို့ရှင်ကို သွားရောက်လုပ်ကြံစေပါတယ်။
သစ္စာရေသောက်ထားတဲ့ ခွန်ချို၊ ခွန်သာ ညီနောင်နှစ်ပါးဟာ မင်းကျော်စွာ ခိုင်းစေတာကို မငြင်းပယ်နိုင်တဲ့အတွက် ကိုးမြို့ရှင်ကို လိုက်လံရှာဖွေပါတယ်။ တွေ့ရှိတဲ့အခါ ကိုးမြို့ရှင်က သူ့ရဲ့ဦးခေါင်းကို သူကိုယ်တိုင် ဖြတ်ပေးပါတယ်။ ခွန်ချိုနဲ့ ခွန်သာတို့က ကိုးမြို့ရှင်ဦးခေါင်းကို မင်းကျော်စွာထံ သွားရောက်ဆက်သရာမှာတော့ မင်းကျော်စွာက သူ့အစီအစဉ်အတိုင်း ခွန်ချို၊ ခွန်သာကို ဖမ်းဆီးသတ်ဖြတ်ပါတယ်။

ခွန်ချိုနဲ့ ခွန်သာတို့ နတ်စိမ်းဖြစ်သွားပြီးနောက် စကားဝါပင်လှဲချလို့ မင်းကျော်စွာကို လက်စားချေ သုတ်သင်ပါတယ်။ မင်းကျော်စွာဟာ လူ့ဘဝက ပခန်းမြို့ကို အပိုင်စားရတဲ့အတွက် ပခန်းဦးမင်းကျော်လို့ အမည်တွင်ကျော်ကြားလာပါတယ်။

ပခန်းဦးမင်းကျော် နတ်သမိုင်း (၂)

သိန်းခွန်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ တောင်နန်းစံ ရွှေလောင်းမိဖုရားက ရွှေလောင်းမင်းသားကို ဖွားမြင်ပါတယ်။ မြောက်နန်းစံ ရွှေကိုင်းမိဖုရားက စည်သူနဲ့ ကျော်စွာ သားတော်နှစ်ပါးကို ဖွားမြင်ပါတယ်။ ရွှေလောင်းမင်းသားကို ထီးနန်းပေးချင်တဲ့ သိန်းခွန်မင်းက သားတော်နှစ်ပါးကို တောင်ညိုလယ်မအရပ်မှာ နေထိုင်စေပါတယ်။ အဲဒီကနေတစ်ဆင့် တောင်ငူမှာ နေထိုင်စေပါတယ်။ တောင်ငူမှာ ဒေသခံတို့နဲ့ မသင့်မြတ်တဲ့အတွက် ပြန်လာခဲ့ရာမှာ ပခန်းကို ရောက်ရှိလာပါတယ်။
ပခန်းမှာ နန်းသစ်တည်ဖို့အတွက် ပြင်ဆင်ပါတယ်။ ရေကျုံးထားလိုတဲ့အတွက် ချင်းတွင်းမြစ်ရေကို တူးမြောင်းနဲ့ သွယ်ယူဖို့ ညီဖြစ်သူ ကျော်စွာကို တာဝန်ပေးပါတယ်။တူးမြောင်းထဲ ရေလွှတ်ရမယ့်အချိန်မှာတော့ ရေကိုကြိုနေသူ စည်သူက ရေမလာတဲ့အတွက် ညီဖြစ်သူကို အမျက်ပွားပါတော့တယ်။

လိုက်ရှာရာမှာ ရွှေကူနီဘုရားအနီး ထန်းရေသောက်၊ ကြက်တိုက်နေတဲ့ ညီဖြစ်သူကို တွေ့ပါတယ်။ အစ်ကိုလိုက်လာမှန်းသိတဲ့အခါ မင်းကျော်စွာတစ်ယောက် ကြက်ပိုက်ရင်း မြင်းပေါ်တက်လို့ ပြေးဖို့ပြင်ပါတယ်။ ဒေါသမထိန်းနိုင်တဲ့ အစ်ကိုဖြစ်သူက လက်သုံးတော်ဓားနဲ့ ခုတ်ပိုင်းတဲ့အတွက် ကျော်စွာတစ်ယောက် ကြက်ပိုက်ရင်းပဲ မြင်းပေါ်ကကျလို့ သေရှာပါတယ်။

ပခန်းဦးမင်းကျော် နတ်သမိုင်း (၃)

အင်းဝဘုရင် မင်းခေါင်ရဲ့သား မင်းရဲကျော်စွာဟာ ကူးခန်မြို့ (ပခန်းမြို့) ကို စားရသူဖြစ်ပြီး စစ်ပွဲမှာ ကျဆုံးသွားတဲ့အခါမှာတော့ မင်းကျော်စွာနတ်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ပခန်းဦးမင်းကျော် နတ်သမိုင်း (၄)

အလောင်းစည်သူမှာ အမတ်တစ်ဦးရှိပြီး အဲဒီအမတ်မှာ သားလေးယောက်ရှိပါတယ်။ ညီအငယ်ဆုံးက ကျော်စွာ ဖြစ်ပါတယ်။ အလောင်းစည်သူမင်းက ကျော်စွာကို ပုပ္ပါးသူ မဘို့မယ်နဲ့ လက်ဆက်စေပါတယ်။ ကျော်စွာဟာ အရက်သောက်စားခြင်း၊ ကြက်တိုက်ခြင်း အစရှိတဲ့ အပျော်အပါးတွေနဲ့သာ အချိန်ကုန်လွန်ခဲ့ပါတယ်။ ကူခန်းမြို့ရဲ့ အရှေ့ဘက်မှာ အင်းတစ်ခုရှိပြီး အဲဒီအင်းမှာ ကျော်စွာတစ်ယောက် ကြက်တိုက်လေ့ရှိပါတယ်။ သူကွယ်လွန်သွားတဲ့အခါမှာ ပခန်းနတ်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

ဘဝဖြစ်စဉ် မူကွဲတွေများပြားပေမဲ့ ပခန်းဦးမင်းကျော်ကို ယုံကြည်ကိုးကွယ်သူ ပေါများသလို မြန်မာ့ဇာတ်သဘင်လောကရဲ့ “ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း” အဖြစ်လည်း သတ်မှတ်ထားပြီး ပွဲတစ်ပွဲ အထမြောက်အောင်မြင်စေဖို့ ပူဇော်ပသ ကပြအသုံးတော်ခံခဲ့ကြသလို လက်ရှိအချိန်အထိလည်း ကပြအသုံးတော်ခံနေကြဆဲ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ကိုကြီးကျော် #ပခန်းမြို့စား #မင်းကျော်စွာနတ်
#နတ်သမိုင်း #၃၇မင်းနတ်

More Interesting Blogs from Zlann