ဖာရိုဘုရင်တို့ ထာဝရလဲလျောင်းရာ အီဂျစ်ပိရမစ်များအကြောင်း 𓁈𓋹𓅃

နာမည်ကြီးရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အမြဲလိုလိုမြင်တွေ့ရတတ်ပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ ထင်ရှားတဲ့ အထိမ်းအမှတ် အထင်ကရနေရာ တစ်ခုကိုညွှန်ပြရမယ်ဆိုရင် အီဂျစ်နိုင်ငံမှာတည်ရှိတဲ့ ပိရမစ် အဆောက်အဉီတွေကိုအဓိကညွှန်ပြရမှာဖြစ်ပါတယ်။ အီဂျစ်ပိရမစ်အများစုကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အနီးက နိုင်းမြစ်ကြီးရဲ့အနောက်ဘက်ကမ်း ဂီဇဲအရပ်မှာ တွေ့မြင်နိုင်ပြီး အဲဒီနေရာက အီဂျစ်နိုင်ငံ ဒုတိယ ပြည်ထောင်စု ခေတ်က မင်းဖစ် မြို့တော်ဟောင်း တည်ရာ နေရာလည်းဖြစ်ပါတယ်။
ပိရမစ်များရဲ့ စုစုပေါင်းအရေအတွက်ဟာ ၁၀၀ ကျော်ရှိမယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပြီး အများစုကို ဘုရင်စနစ်ခေတ်ဉီး နဲ့ ဘုရင်စနစ်အလယ်ခေတ်မှာ တည်ဆောက်ခဲ့ကြပါတယ်။ အီဂျစ်ရဲ့ ထင်ရှားတဲ့ ပိရမစ် ၃ ခုအနက် ပထမဆုံးတည်ဆောက်ခဲ့တဲ့ ပိရမစ်ဟာ ကူဖူဘုရင်မင်းမြတ်ဂျိုဇာ လဲလျောင်းရာ မဟာပိရမစ်ကြီး ဖြစ်ပါတယ်။ အဲဒီ ပိရမစ်ကြီးဟာ လူတို့ တည်ဆောက်ခဲ့တဲ့ အကြီးဆုံး အဆောက်အဉီအဖြစ် သိရှိထားကြပြီး ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးထဲမှာတစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကျန်နှစ်ခုကတော့ ကူဖူဘုရင်မင်းမြတ်ရဲ့ သားတော်ခါဖာနဲ့ မြေးတော်မန်ကောလ်ရာ တို့ရဲ့ ပိရမစ်တွေဖြစ်ပါတယ်။ ခါဖာပိရမစ်ဟာ မဟာပိရမစ်ထက် အနည်းငယ်သေးငယ်ပေမဲ့ အဲဒီပိရမစ်အနီးမှာ စဖင့်ရုပ်တုကြီးကိုပါ တည်ဆောက်ခဲ့ပါတယ်။ စဖင့်ရုပ်တုကြီးဟာ လူမျက်နှာနဲ့ ခြင်္သေ့ခန္ဓာဖြစ်ပြီး မျက်နှာက ခါဖာမင်းကြီးရဲ့ မျက်နှာဖြစ်တယ်လို့လည်းဆိုကြပါတယ်။
အီဂျစ်ရဲ့ သမိုင်းကြောင်းရာဇဝင်များအရ ရှေးအီဂျစ်မှ ကြွယ်ဝတဲ့သန်းကြွယ်သူဌေးတွေ ကွယ်လွန်တဲ့အခါ မတ်စ်တာဘတ် လို့ခေါ်တဲ့ ကျောက်ခုံ နဲ့ သဏ္ဍာန်တူ ဂူသင်္ချိုင်းတွေနဲ့မြှုပ်နှံလေ့ရှိပါတယ်။ အီဂျစ်ဖာရို ဘုရင်တို့ရဲ့ ဂူသင်္ချိုင်းဖြစ်တဲ့ပိရမစ်တွေကတော့ မတ်စ်တာဘတ်ထက် ကြီးမားသာလွန်ပြီး ရှင်ဘုရင်တို့နတ်ရွာစံတဲ့အခါ ထာဝရထီးနန်းဆက်ခံနိုင်စေဖို့နဲ့ ပြန်လည်ရှင်သန်ထမြောက်လိုတဲ့ ရည်ရွယ်ချက် ကြောင့် ရှင်ဘုရင်ရုပ်အလောင်း တွေကို မပုပ်မသိုးအောင် ခန္ဓာကိုယ်ကို ကျပ်ထုပ်စည်း မံမီ ပြုလုပ်ကာ ဘုရင့်အသုံးအဆောင် ရွှေ၊ ငွေ တို့နဲ့ ဂူသွင်း ထားကြပါတယ်။ပိရမစ်တွေကို လေ့လာခဲ့ကြတဲ့ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ပိရမစ်တွေကို စတင် တည်ဆောက်ခဲ့သူ ဗိသုကာပညာရှင် က အင်မ်ပိုတက်ပ် ဆိုသူဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။
ပိရမစ် ဗိသုကာရဲ့ ထင်ရှားတဲ့လက္ခဏာတွေက တြိဂံပုံစံတွေဖြစ်ပြီး ထုံးကျောက်တုံးတွေကို လှေကားထစ်ပုံစံ တစ်ခုကိုတစ်ခုဆင့်ကာ အထက်သို့မြင့်လေ အရွယ်အစားသေးငယ်သွားတဲ့ အဆောက်အဦပုံစံ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ရည်ရွယ်ချက်က သေဆုံးသွားတဲ့ ဖာရိုဘုရင်မင်းမြတ်ရဲ့ ဝိညာဉ် ဟာ ကောင်းကင်ဘုံကို ကြွမြန်းနိုင်ဖို့အတွက် ပုံစံထုတ်ထားခြင်းပဲဖြစ်ပါတယ်။
ပိရမစ်တည်ဆောက်ရာမှာ ယုံကြည်ချက် အတိတ်နိမိတ်သင်္ကေတတွေနဲ့တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ လေ့လာမှုတွေအရသိရှိရပါတယ်။ ရှေးအီဂျစ်ပြည်သူတွေဟာ နေကိုနတ်ဘုရားအနေနဲ့ သတ်မှတ်ထားကြပြီး ကမ္ဘာကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ ကနဉီးအစမြေကြီး ပုံသဏ္ဍာန်ကိုထင်ဟပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ ပိရမစ် တို့ရဲ့ မျက်နှာပြင်လေးဘက်ကို အလင်းပြန်စေတဲ့ထုံးကျောက်ကို ပြောင်လက်နေအောင် တိုက်ချွတ်ထားတဲ့အတွက် အဝေးမှကြည့်မယ်ဆိုရင် နေရောင်မှ ဖြာထွက်လာတဲ့ ပုံရိပ်ကိုအထင်အရှားတွေ့မြင်နိုင်ပါတယ်။ အီဂျစ်တို့ရဲ့ ယုံကြည်မှုက ညဘက်ကောင်းကင်ယံရှိ ကြယ်တာရာတို့ ထွက်ပေါ်ရာ မှောင်မိုက်တဲ့ ဒေသမှ နေနတ်ဘုရားရဲ့ ကောင်းကင်အလင်းဘုံသို့သွားရာလမ်းကြောင်းဖြစ်တယ် လို့ဆိုပါတယ်။ ဘုရင်မင်းမြတ်တို့ မြှုပ်နှံရာဂူအတွင်းမှ တစ်ခုတည်းသော ကျဉ်းမြောင်းတဲ့လမ်းဟာ ပိရမစ်ကြီးတစ်ခုလုံးကို ဖြတ်ပြီး ကောင်းကင်အလင်းဘုံဆီသို့ ညွှန်ပြတည်ဆောက်ထားတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ဒါကြောင့် ပိရမစ်တွေဟာ သေဆုံးသွားတဲ့ ဖာရို ဘုရင်တို့ရဲ့ ဝိညာဉ် ကို ကောင်းကင်ဘုံနတ်ဘုရားတို့ စံမြန်းရာနန်းတော်များဆီသို့ အလွယ်တကူသွားရောက်နိုင်ဖို့ တည်ဆောက်ထားတယ်လို့လည်း ယူဆနိုင်ပါတယ်။
ပိရမစ်တည်ဆောက်ရေးအတွက် စီမံခန့်ခွဲမှုအားကောင်းတာကိုလည်း ပညာရှင်များ သိပ်မကြာသေးမီက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ပိရမစ်တည်ဆောက်ရေးကို ကြီးကြပ်ဖို့အတွက် အစိုးရအဆင့်မြင့်အရာရှိတစ်ယောက် ကိုတာဝန် ပေးလေ့ရှိပါတယ်။ ၂၀၁၀ ခုနှစ်မှာတွေ့ရှိခဲ့တဲ့ Papyrus အမိန့်တော် မှတ်တမ်းအရ ကူဖူဘုရင်ရဲ့ ဖအေတူ အမေကွဲ ညီဖြစ်သူ အန်ကာဖ်ဟာ ဘုရင့်နန်းသက် ၂၇ နှစ်ပြည့်ချိန်မှာ ဘုရင့်နန်းရင်းဝန် အဖြစ် တာဝန် ထမ်းဆောင်ရင်း ပိရမစ်တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်သူအဖြစ် ပူးတွဲတာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ဇာတ်လမ်းတွေတော်တော်များများမှာတော့ လူသူအလုပ်သမား အများအပြား သေကြေပျက်စီးကာ ခက်ခက်ခဲခဲ တည်ဆောက်ထားတာဖြစ်တယ်လို့ ယူဆထားကြပေမဲ့ တကယ်တမ်းက အလုပ်သမားအများအပြား ဂရုတစိုက်နဲ့ အာဟာရပြည့်မီအောင် ကျွေးမွေးကာ တည်ဆောက်ခိုင်းစေ ခဲ့ပါတယ်။ မြေညှိတာကစလို့ အလုပ်သမားတန်းလျား တွေ၊ ဘုရားကျောင်းတွေ၊ သင်္ဘောဆိပ်တွေသာမက အလုပ်သမားတွေ သေဆုံးခဲ့မယ်ဆိုရင် မြှုပ်နှံဖို့သင်္ချိုင်း တွေအထိပါတည်ဆောက်ထားကြပါတယ်။ သမိုင်းသုတေသီ တွေရဲ့ ခန့်မှန်းချက်များအရ ပိရမစ်တွေကို တည်ဆောက်ခဲ့ရာမှာ အလုပ်သမား အင်အား ၁၀,၀၀၀ ခန့်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အထောက်အထားတွေအရ နေ့စဉ် အသား ပေါင် ၄,၀၀၀ ရရှိအောင် သိုး၊ ဆိတ် နဲ့ နွားတွေပေါ်တဲ့ သားသတ် ဌာနတွေကို ပိရမစ်ရဲ့အနီးအနားမှာတွေ့ရှိခဲ့ပါတယ်။ အလုပ်သမားတွေကို ကျွေးမွေး နိုင်ဖို့ တိရစ္ဆာန်တွေကို နိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ မွေးမြူစေပြီး လုပ်ငန်းခွင်ကိုပို့ဆောင်ပေးပါတယ်။ အသား လုံလုံလောက်လောက် ကျွေးမွေးထားခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် အလုပ်သမားတွေကို ဆွဲဆောင် နိုင်တဲ့နည်းလမ်း တစ်ခု ဖြစ်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။ အဲဒီအချိန်တွေတုန်းက ကျေးရွာမှာ စားရတဲ့အစားအသောက်ထက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကအလုပ်သမားတွေ စားရတဲ့ အစားအသောက် ဟာ ပိုမိုကောင်းမွန်ပြီး အာဟာရပြည့်စုံတယ်လို့ ယူဆထားပါတယ်။ နောက်ထပ်ထူးခြားချက်အနေနဲ့ ပိရမစ်တွေဟာ တောင်ဘက်ကနေ မြောက်ဘက်သို့ တန်းနေအောင်တည် ဆောက်ထားခြင်းကိုလည်း အံ့ဩဖွယ်တွေ့မြင် ရပါတယ်။ သံလိုက်အိမ်မြှောင်ကညွှန်ပြတဲ့ မြောက်ဖက်မဟုတ်ဘဲ ကမ္ဘာလည်နေတဲ့ ဝင်ရိုးညွှန်တဲ့ တိကျတဲ့ မြောက်အရပ်ကို ရှေးအီဂျစ် အင်ဂျင်နီယာတို့ကအတိအကျ တိုင်းတာ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုတိုင်းတာနိုင်တဲ့နည်းလမ်းတွေကို ရှေးအီဂျစ်အင်ဂျင်နီယာတွေ ဘယ်လိုနည်းလမ်းတွေ အသုံးပြုခဲ့သလဲ ဆိုတာကို အခုထိအဖြေရှာနေရဆဲပါ။ အဲဒါတွေအပြင် ပိရမစ်တွေဟာမြောက်ဘက်ကို ညွှန်ပြနေတဲ့ကြယ်တွေနဲ့ပါ တစ်တန်းထဲရှိနေပါတယ်။
အခုထိလေ့လာတွေ့ရှိချက်အရ ပိရမစ်တို့ရဲ့ အတွင်းပိုင်းဟာ ရုပ်ရှင်ထဲမှာလို ရှုပ်ထွေးမှုမရှိတာကိုတွေ့မြင်ရပြီး ဖာရို ဘုရင်တို့ လဲလျောင်းရာခေါင်းတလား ရှိရာအခန်းနဲ့ သေဆုံးသွားတဲ့ ဖာရိုဘုရင်တို့ရဲ့ ဝိညာဉ် ကို ကောင်းကင်ဘုံ နတ်ဘုရားများ စံမြန်းရာနန်းတော်များဆီကို လွှတ်တင်နိုင်တဲ့လမ်းကြောင်းကို သာမြင်တွေ့ရပါတယ်။ ဒါပေမဲ့ ဂျာမန်မြူးနစ်တက္ကသိုလ်မှ ပညာရှင်တို့က မဟာပိရမစ်အတွင်းထဲမှာ လျှို့ဝှက်အခန်း တစ်ခန်း ကို ထက်မံ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိုမိုသိရှိနိုင်ဖို့အတွက်လည်း ဆက်လက်လေ့လာ လုပ်ဆောင်နေလျက်ရှိပါတယ်။
ဇာတ်လမ်းဒဏ္ဍာရီတွေ၊ ပါးစပ်ပြောရာဇဝင်တေအရ ဖာရိုဘုရင်တို့ရဲ့ ကြောက်မက်ဖွယ် ကျိန်စာတို့နဲ့ မသမာ သူတွေကို ခက်ခဲအောင်ပြုလုပ်ထားတဲ့ အစောင့်အရှောက်စင်္ကြန်တွေရှိနိုင်မယ်လို့လည်း အချို့သောပညာရှင်တို့က ဆိုထားပြန်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဒီပိရမစ်ကြီးတွေရဲ့ ထူးခြားခေတ်မီလှတဲ့ ဗိသုကာပညာတွေ၊ အဲဒီ ခေတ်အခါကသိပ္ပံနည်းပညာတွေ၊ အဖြေရှာ ရှင်းလင်းရခက်တဲ့ ပုစ္ဆာတွေ၊ ကျိန်စာတွေ၊ ဘာသာရေးအပေါ် ထားရှိတဲ့ ယုံကြည်ချက်တွေနဲ့ ဖာရိုဘုရင်တို့ရဲ့ ဩဇာတိက္ကမ ကြီးမားမှုတွေကို လေ့လာလို့ မကုန်နိုင်အောင် တည်ရှိနေတဲ့ ကမ္ဘာ့အံ့ဖွယ်အထင်ကရနေရာတစ်ခုပင်ဖြစ်လို့နေပါတော့တယ်။

ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

▶️YouTube: https://youtu.be/O1o-OWyRQvU

🎧Podcast: https://podcasters.spotify.com/pod/show/z-lann

🫂Facebook Group: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #pyramid #egypt

More Interesting Blogs from Zlann