“ဗီယက်နမ်တစ်မျိုးသားလုံးကို အလင်းရောင်ပေးသူ (သို့) လူထုခေါင်းဆောင်ကြီး ဟိုချီမင်း”

သမ္မတဟိုချီမင်းဆိုတဲ့ အမည်ကိုကြားရင် ဗီယက်နမ်နိုင်ငံလွတ်လပ်ရေးကို စွမ်းစွမ်တမံဦးဆောင်ပေးခဲ့တဲ့ ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ပထမဆုံးသမ္မတအဖြစ် မှတ်မှတ်ထင်ထင်ရှိနေကြမှာပါ။ သမ္မတဟိုချီမင်းရဲ့ ဘဝတစ်လျှောက်လုံးဟာ ပန်းခင်းလမ်းလို သာယာခဲ့တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြိုးစား အားထုတ်မှုတွေကနေ အရင်းတည်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ယနေ့ထိတိုင် ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်သာမက လူမျိုးတစ်မျိုးလုံးရဲ့ နှလုံးအိမ်ထဲမှာပါ ရှင်သန်နေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။
ငယ်နာမည်က ငုရင်စင်ကွန်းဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်၊ မေလ (၁၉)ရက်နေ့မှာ ဗီယက်နမ် အလယ်ပိုင်း ဒေသရှိ ငဲအန်းနယ်မှာ မွေးဖွားခဲ့ပါတယ်။အစ်မဖြစ်သူ ‘သန်’နဲ့ အစ်ကို ‘ခင်’ ဆိုပြီး မောင်နှမသုံးယောက်ရှိတဲ့အနက် အထွေးဆုံးသားလည်းဖြစ်ပါတယ်။ ဖခင်က ပညာတတ် တစ်ဦးဖြစ်တဲ့ ငုရင်စင်စက်ဖြစ်ပြီး မိခင်ကတော့ ဟွန်သီလုန် ဖြစ်ပါတယ်။ ငုရင်စင်စက်ဟာ တောင်သူလယ်သမားမျိုးရိုးက ဆင်းသက်လာရပေမယ့် ‘တစ်မိပေါက် တစ်ယောက်ထွန်း’ ဆိုသလို ပညာထူးချွန်ပြီး ရိုးသားကြိုးစားတာကြောင့် သူ့ရဲ့ဆရာဖြစ်သူ ဟွန်ဇွမ်းအန်က သမီးဖြစ်သူ ဟွန်သီလုန်နဲ့ လက်ထပ်ထိမ်းမြားပေးခဲ့တာလည်းဖြစ်ပါတယ်။
ဟိုချီမင်း ဆယ်နှစ်သားအရွယ်မှာတော့ ငုရင်တတ်သန်ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ ဆယ်နှစ်သားအရွယ် ၁၉၀၀ ပြည့်နှစ်မှာ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် ဖခင်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဆက်လက်ကြီးပြင်းခဲ့ရပါတယ်။ ဟိုချီမင်းရဲ့ တော်လှန်တဲ့ စိတ်ဓာတ်ဟာ ဖခင်ဖြစ်သူ ငုရင်စင်စက်ဆီကနေ အမွေခံလာခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်စလုံးကိုလည်း မျိုးချစ်စိတ်ဓာတ်သွေးတွေ စီးဆင်း စေခဲ့ ပါတယ်။သူ့ရဲ့အစ်မဖြစ်သူ ‘သန်’ ဟာဆိုရင် အရှေ့တိုင်းဆေးပညာရပ် တွေကို သင်ကြားတတ်မြောက် ပြီးနောက် စစ်တပ်က လက်နက်ခဲယမ်းတွေကို ပြင်သစ်တော်လှန်ရေးတပ်တွေဆီ ခိုးထုတ်ခဲ့တာကြောင့် လက်နက်ခိုးထုတ်မှု၊သူပုန်အားပေးမှုတို့နဲ နယ်နှင်ဒဏ်ခံခဲ့ရပါတယ်။ အစ်ကိုဖြစ်တဲ့ ‘ခင်’ ကလည်း ပြင်သစ်အာဏာပိုင်တွေရဲ့ လူလူချင်းနှိမ့်ချစော်ကားတာတွေကို ခေါင်းငုံ့မခံပဲတုံ့ပြန်တတ်တာကြောင့် မရိုမသေ မလေးမစားလုပ်တယ်ဆိုပြီး အကျယ်ချုပ်ဖမ်းဆီးခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။
ဒါ့အပြင် ၁၈၈၅ခုနှစ်မှာ ပညာတတ်လူငယ်ခေါင်းဆောင် ဖန်ဘွိုင်ချောခေါင်းဆောင်တဲ့ ‘ပညာတတ်များရဲ့ ပုန်ကန်မှုကြီး’ မှာ ငုရင်စင်စက်လည်းပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က ဗီယက်နမ်နိုင်ငံကို ပြင်သစ်တို့က အုပ်ချုပ်သိမ်းပိုက်ထားတာဖြစ်တာကြောင့် ပြင်သစ်ဆန့်ကျင်ရေးကို ပညာတတ်လူငယ်တွေက ဦးစီးလုပ်ဆောင်နေကြချိန်ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်တို့က လူငယ်ပညာတတ်မှန်သမျှကို ရာထူးစည်းစိမ်တွေပေးပြီး သူတို့ လက်အောက်မှာ အမှုထမ်းဖို့ ဖြားယောင်းနေကြပါတယ်။ အဲဒီလို ဖြားယောင်းခံရတဲ့ ငုရင်စင်စက်ဟာ အကြောင်းအမျိုးမျိုးပြကာ ရှောင်ထွက်နေတာကြောင့် နောက်ပိုင်းမှာတော့ ခြိမ်းခြောက်ခံရပြီး အမှုတော်ထမ်းခဲ့ရပါတယ်။
ဒါကြောင့် ငုရင်တတ်သန်အမည်ရှိတဲ့ ဆယ်နှစ်သားအရွယ်ကလေးတစ်ယောက်ဟာ ဖခင်ဖြစ်သူနဲ့ အခြားသော ပညာတတ်လူငယ်တွေ၊ ပြင်သစ်ဆန့်ကျင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ပြောစကားတွေကို ကြားရဖန်များလာရုံသာမက လက်တွေ့မှာလည်း ပြင်သစ်တို့ရဲ့ ဗီယက်နမ်လူထုအပေါ် ဆက်ဆံပုံတွေကို မျက်ဝါးထင်ထင်တွေ့နေရတာကြောင့် မျိုးချစ်စိတ် အင်မတန်မှ ပြင်းထန်လာခဲ့ပါတယ်။ ဗီယက်နမ်လွတ်လပ်ရေးအတွက်ကိုလည်း ငယ်ငယ်ကတည်းက စိတ်အားထက်သန်ခဲ့တာကြောင့် ဖခင်နဲ့အဆက်အသွယ်ရှိတဲ့ တော်လှန်ရေးဆန့်ကျင်သူတွေကြားကို စာပေးစာယူလုပ်ပေးရတဲ့ ဆက် သားကလေးလည်းဖြစ်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ၁၆ နှစ်ရောက်လာတဲ့အခါမှာလည်း သူဟာ တခြားလူငယ်တွေလို အပျော်အပါး အလှအပတွေနဲ့ ချစ်မှုရေးရာတွေကို လုံးဝစိတ်မဝင်စားပဲ တစ်မျိုးသားလုံးလွတ်မြောက်ရေးကိုပဲ နည်းအမျိုးမျိုးနဲ့ ရှာဖွေနေခဲ့သူလည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူက တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းချင်ရင် ဗီယက်နမ်တစ်ဘာသာတည်း တတ်မြောက် နေလို့မဖြစ်ပဲ မိမိတို့နိုင်ငံကို လာရောက်အုပ်စိုးနေတဲ့ ပြင်သစ်တွေကို တော်လှန်နိုင်ဖို့ ပြင်သစ်စကားကိုလည်း တတ်ထားဖို့လိုတယ်လို့ ဆုံးမခဲ့ပါတယ်။ ဒါကြောင့် သူတို့ ညီအစ်ကို နှစ်ယောက်စလုံးကို ကော့ဟော့ အမည်ရှိတဲ့ ကျောင်းမှာ သဘာဝသိပ္ပံ၊ သမိုင်း၊ ပထဝီ စတဲ့ ဘာသာရပ်တွေအပြင် အဓိကအားဖြင့် ပြင်သစ်ဘာသာကို လေ့လာခိုင်းခဲ့ပါတယ်။ များမကြာမီမှာပဲ ပြင်သစ်အစိုးရက ဖခင်ဖြစ်သူကို အလုပ်ဖြုတ်ပစ်လိုက်ကြပါတယ်။ စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်လာရတာကြောင့် မိသားစုနဲ့ခွဲခွာပြီး ဖန်သိယက်မြို့မှာ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
ဆရာတတ်သန်အဖြစ်နဲ့ ကျောင်းဆရာအလုပ်ကို လုပ်ကိုင်နေစဉ်မှာလည်း ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ရေးရရှိဖို့ကို အမြဲနှလုံးသွင်းထားပြီး အစိုင်အခဲတစ်ခုအဖြစ် စွဲမြဲနေခဲ့ပါတယ်။ ဒါကြောင့် မကြာမီမှာ ကျောင်းဆရာအလုပ်က ထွက်ပြီး စက်မှုလက်မှုကျောင်းကို တက်ကာ စက်မှုပညာကို သင်ကြားခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြတ်သန်းနေတဲ့ ‘လာတူချီးထရီးဗီးလီး’ အမည်ရှိတဲ့ ပြင်သစ်ပင်လယ်ကူးသင်္ဘောပေါ်ရှိ ထမင်းချက် ရိက္ခာဌာန မှာ တောက်တိုမယ်ရ အလုပ်သမားလေးအဖြစ်နဲ့ လိုက်ပါသွားခဲ့ပါတယ်။ အကြောင်းကတော့ ဗီယက်နမ်လွတ်လပ်ရေးကိုဆောင်ရွက်နိုင်ဖို့ဆိုရင် ကမ္ဘာ့ နိုင်ငံရေးဗဟုသုတကြွယ်ဝမှ ဖြစ်မယ်လို့ ခံယူထားတာကြောင့်ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အလုပ်လုပ်စဉ် သူ့နာမည်ကို ဗီယက်နမ်လို “ လူကလေး (သို့) ကောင်ငယ်လေး” လို့ အဓိပ္ပာယ်ရတဲ့ “ ဘ” ဆိုပြီး ကိုယ်တိုင်မှည့်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ကနေ ပြင်သစ်နိုင်ငံ မာဆေးမြို့အထိ မိုင်ပေါင်း ၈၀၀၀ ခရီးစဉ်တစ်လျှောက်လုံး သင်္ဘောပေါ်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်ခဲ့ခြင်းကနေ ပြင်သစ်ငွေ တစ်ဆယ် သာရခဲ့ပါတယ်။
အဲဒီနောက် သူဟာ ပြင်သစ်နိုင်ငံက အရာရှိတစ်ဦးအိမ်မှာ အစေခံဝင်လုပ်ခဲ့ပါတယ်။ အားလပ်ချိန်တွေမှာတော့ စာဖတ်တာနဲ့ ပြင်သစ်အစေခံမလေးတစ်ဦးဆီကနေ အခြေခံရှိပြီးသားဖြစ်တဲ့ ပြင်သစ်ဘာသာကို ဆက်လက် သင်ကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပထမကမ္ဘာစစ်မဖြစ်ခင်မှာ အင်္ဂလန်ပြည်ကို ရောက်ရှိသွားပြီး အမှိုက်လှဲသမား၊ ဘွိုင်လာအိုးမီးထိုးသူနဲ့ လန်ဒန်မြို့ရဲ့နာမည်ကြီး ကာလ်တန်ဟိုတယ်တွေမှာ ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အားလပ်ချိန်တိုင်းမှာလည်း အလကားမနေပဲ အင်္ဂလိပ်စာကိုလေ့လာမှတ်သား ခဲ့ပါတယ်။ သူဟာ မျိုးချစ်စိတ်ရှိသူပီပီ လုပ်ငန်းခွင်အတွင်းတွေ့သမျှ ဗီယက်နမ်လူမျိုးတွေကို ရှာဖွေကာ အပေါင်းအသင်းဖွဲ့ပြီး ဘဝနေထိုင်ပုံတွေနဲ့ အခက်အခဲတွေကို သိအောင်ကြိုးစားပါတယ်။ ပထမ ကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အခါ သူ့အနေနဲ့ အင်္ဂလန်မှာ နေတာထက် ပြင်သစ်ကို ပြန်သွားတာက ဗီယက်နမ်အမျိုးသားတွေနဲ့ အဆက်အသွယ်ရဖို့ နီးစပ်ကြောင်းတွေးမိတာကြောင့် စစ်အတွင်း ပြင်သစ်ကို မရအရပြန်လာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကို ပြန်လည်ရောက်လာတဲ့ အခါမှာတော့ ‘ငုရင်အိုက်ကုတ် (တိုင်းပြည်ကိုချစ်သူ၊ အမျိုးကိုချစ်သူ) ’ ဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ပါတယ်။
၁၉၁၉ ခုနှစ်၊ပထမကမ္ဘာစစ်ကြီး အပြီးမှာ ပြင်သစ်နိုင်ငံ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ငုရင်အိုက်ကုတ် အမည်ရှိတဲ့ အသက် ၂၉နှစ် အရွယ် ဗီယက်နမ်လူမျိုးတစ်ဦးဟာ ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးအတွက် အချက် (၈)ချက် ပါတဲ့ တောင်းဆိုချက်ကို တင်သွင်းခဲ့ပါတယ်။ သူ့ရဲ့ တောင်းဆို ချက်တွေကို လိုက်လျောခြင်း မရှိကြပေမယ့် လည်း အားမလျှော့ဘဲ လူထုသိအောင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗီယက်နိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုတွေကို နိုင်ငံရေးအရစတင်လှုပ်ရှားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရှိဆိုရှယ်လစ်လူငယ်များအဖွဲ့အစည်းမှာလည်းပါဝင်ပြီး ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ပြင်သစ်နိုင်ငံ တိုးလ်မြို့မှာ ကျင်းပတဲ့ (၁၈)ကြိမ်မြောက် ဆိုရှယ်လစ်ပါတီရဲ့ ကွန်ဂရက်ညီလာခံကိုလည်း တက်ရောက်ခွင့်ရခဲ့ပြီး ဟောပြောခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်နိုင်ငံရေးလောကမှာ ငုရင်အိုက်ကုတ်ဆိုတဲ့ နာမည်ဟာ အတော်လေးရေပန်းစားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံတွင်းထုတ်ဝေတဲ့ သတင်းစာတွေမှာလည်း ဆောင်းပါးတွေရေးသားပြီး သတင်းစာဆရာအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။
သူဟာပြင်သစ်နိုင်ငံမှာ သတင်းစာဆရာ၊အယ်ဒီတာဘဝနဲ့ နေထိုင်ရင်း ‘ ကိုလိုနီနိုင်ငံများ အဖွဲ့ချုပ်’ ကိုဦးဆောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေးကို ဆောင်ရွက်ခဲ့သလို ပြင်သစ်ကွန်မြူနစ်ပါတီဝင်အဖြစ်နဲ့လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။ ‘ဟူးမင်းနိုက်’ သတင်းစာမှာ ပါရှိလာတဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်တဲ့ ‘ အမျိုးသားရေးနဲ့ ကိုလိုနီပြဿနာဆိုင်ရာ စစ်တမ်း’ ကို ဖတ်ရှုပြီးနောက်မှာဆိုရင် ရေးသားသူ လီနင်ကို လေးစားလွန်းတာကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မြင်တွေ့ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ၁၉၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆိုဗီယက်ယူနီယံလို့သိကြတဲ့ ရုရှားကို သွားရောက်ခဲ့ပေမဲ့ ခေါင်းဆောင် လီနင် က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီနောက် မော်စကိုမြို့ကို ရောက်ရှိသွားပြီး အလုပ်သမားတက္ကသိုလ်ကိုလည်းတက်ရောက်ခွင့်ရခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်၊ ဇွန်လမှာ မော်စကိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ် ပဉ္စမအကြိမ်မြောက် ညီလာခံကို တက်ရောက်ခွင့်ရခဲ့ပြီး အစီရင်ခံစာနှစ်စောင်ကိုလည်း တင်သွင်းခဲ့ပါတယ်။ဒါကြောင့်လည်း ကိုယ်စားလှယ်တွေရဲ့ တစ်ခဲနက် ထောက်ခံမှုကနေ အရှေ့တိုင်းဌာနရဲ့ အမြဲတမ်းကော်မတီဝင်ဖြစ်လာပါတယ်။
အဲဒီနောက်မှာတော့ သူဟာတရုတ်နိုင်ငံ၊ကန်တုန်မြို့ကိုသွားရောက်ခဲ့ပြီး ‘မစ္စတာဗောင်’ ဆိုတဲ့ အမည်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကနေ မော်စကိုကို ပြန်ရောက်လာကာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊အီတလီစတဲ့ နိုင်ငံတွေအပြင် ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်တို့ကို လည်း သွားရောက်ပြီး အမျိုးမျိုးသောကြိုးပမ်းမှုတွေနဲ့ နိုင်ငံလွတ်လပ်ရေးအတွက် အားဖြည့်ခဲ့ပါတယ်။ သူ့ဟာ ကမ္ဘာ့မြေပြင်ရဲ့ ဘယ်တိုင်းပြည်၊ ဘယ်ဒေသရောက်ရောက် ဗီယက်နမ်တစ်မျိုးသားလုံး လွတ်မြောက်ရေးကိုပဲ ဦးစားပေးပြီး လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ သူဟာ မိခင်ဘာသာစကားအပြင် အင်္ဂလိပ်၊ပြင်သစ်၊ရုရှား၊ တရုတ်စတဲ့ ဘာသာရပ်တွေကိုလည်း တတ်မြောက်ပါတယ်။
၁၉၃၁ ခုနှစ်မှာ ဗြိတိသျှတို့က သူ့ကိုရုရှားသူလျှိုလို့ စွပ်စွဲပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ချုပ်နှောင် ထားလိုက်ပါတယ်။ အကျဉ်းထောင်အတွင်း နေမကောင်းတာကြောင့် ဆေးရုံတက်ခဲ့ရပြီး ဆေးကုသနေစဉ်မှာပဲ ပျောက်ဆုံးသွားပါတယ်။ ဒါကို အများကသေဆုံးသွားပြီလို့ ယူဆလိုက်ကြပါတယ်။ ဒါပေမဲ့ သူဟာ ရှေ့နေတစ်ယောက်ရဲ့အကူအညီနဲ့ အပြစ်ကနေကင်းလွတ်ပြီး အမွိုင်ကျွန်းမှာ ခြောက်လ လောက်နေထိုင်ကာ ဆေးဝါးကုသမှုခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ပြည် ရှန်ဟိုင်းကို သွားရောက်ပြီး ဗီယက်နမ်မြေအောက်တော်လှန်ရေးသမားတွေနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာတော့ မိခင်ဗီယက်နမ်ကို ပြန်လည်ခြေချခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟိုချီမင်း ဆိုတဲ့ အမည်ကို နောက်ဆုံးပြောင်းလဲခြင်းအဖြစ်နဲ့ ပြောင်းလဲခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ‘ အလင်းရောင်ပေးသူ’ ပဲဖြစ်ပါတယ်။
ဗီယက်မင်းအမည်ရှိတဲ့ လွတ်လပ်ရေးအဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီးတဲ့နောက် ဆက်လက်ပြီး ကိုလိုနီဘဝကနေ လွတ်မြောက်ဖို့အတွက် အမျိုးမျိုးအားထုတ်ခဲ့ရပါတယ်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှာတော့ ဗီယက်နမ်နိုင်ငံကို ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပြီး ‘လွတ်လပ်ရေး ကြေညာစာတမ်း’ ကြီးကို ဖတ်ကြားနိုင်ခဲ့ပါတယ်။ သမ္မတကြီး ဟိုချီမင်းအဖြစ်နဲ့လည်း နှစ်ပေါင်းများစွာ မျှော်မှန်းထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗီယက်နမ်ပြည်သူတွေဟာ ဗီယက်နမ်တိုက်ပွဲလို့ခေါ်တဲ့ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့ရဲ့ တိုက်ပွဲကို ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာ ၁ရက်နေ့မှာ ထပ်မံရင်ဆိုင်ကြရပါတယ်။ ဆိုဗီယက်ရုရှားနဲ့ တရုတ်တို့က ထောက်ခံပြီး ကွန်မြူနစ်အုပ်ချုပ်ရေးကို ကျင့်သုံးတဲ့ မြောက်ဗီယက်နမ်နဲ့ အမေရိကန်တို့ထောက်ခံပြီး ကွန်မြူနစ် အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တောင်ဗီယက်နမ်တို့ရဲ့ စစ်ပွဲမှာဆိုရင် မြောက်ဗီယက်နမ်ခေါင်းဆောင်ဖြစ်တဲ့ ဟိုချီမင်းကိုယ်တိုင် စီမံပါဝင်ခဲ့ရပါတယ်။ဒါကြောင့် သူဟာ မြောက်ပိုင်းကွန်မြူနစ်တပ်တွေကို ထောက်ပံ့ရေးနဲ့ စည်းရုံးရေးခရီးစဉ်အနေနဲ့ ၁၉၅၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၇ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပါတယ်။
လူထုခေါင်းဆောင်ကြီး သမ္မဟိုချီမင်းဟာ ဗီယက်နမ်တိုက်ပွဲလို့ခေါ်တဲ့ အမေရိကန်တို့ရဲ့ စစ်ပွဲကို ရင်ဆိုင် ဖြေရှင်းရင်း ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက် ၉နာရီ ၄၇ မိနစ်မှာ နှလုံးရောဂါ နဲ့ကွယ်လွန် ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနကို နိုင်ငံတော်အခမ်းအနားနဲ့ ကျင်းပခဲ့ကာ ကမ္ဘာ့နိုင်ငံအသီးသီး ကနိုင်ငံ့ခေါင်းဆောင် တွေလာရောက်အလေးပြုကြပါတယ်။ လူထုတစ်ရပ်လုံးကို အလင်းရောင်ပေးခဲ့တဲ့ သမ္မတကြီး ဟိုချီမင်းဟာ ဗီယက်နမ်နိုင်ငံသားတို့ရဲ့ ရင်ထဲမှာ ယနေ့ထိ ထာဝရရှင်သန်နေတာတော့ အသေအချာပဲဖြစ်ပါတယ်။ သမ္မတကြီးကွယ်လွန် ပြီးနောက် ၁၉၇၅ ခုနှစ်၊ဧပြီလ ၃၀ ရက်နေ့မှာ မြောက်ဗီယက်နမ်က အနိုင်ရရှိပြီး နှစ်ခြမ်းကွဲနေတဲ့ ဗီယက်နမ်နိုင်ငံကိုပြန်လည်စုစည်းကာ ဆိုရှယ်လစ်သမ္မတဗီယက်နမ်နိုင်ငံအဖြစ် ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။
================================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ

More Interesting Blogs from Zlann