ဗုဒ္ဓဘာသာ အနုပညာအမွေအနှစ်တို့ သက်သေတည်ရာဌာနေ “အာဂျန်တာလိုဏ်ဂူများဒေသ”

========================================
ကမ္ဘာ့အမွေအနှစ်နေရာအမြောက်အမြားရှိတဲ့အထဲမှာ အာဂျန်တာလိုဏ်ဂူတွေကလည်းအပါအဝင်ဖြစ်ပါတယ်။ ကျောက်ဂူကိုထွင်းထုတည်ဆောက်ထားတဲ့ ဒီဗုဒ္ဓဘာသာဆိုင်ရာလိုဏ်ဂူတွေဟာ ဘီစီ ၂ ရာစုကနေ အေဒီ ၄၈၀ ခုနှစ်အတွင်းက ဖြစ်ပါတယ်။
ဂူပေါင်း ၃၀ လောက်ပါဝင်တဲ့ အဲဒီလိုဏ်ဂူအစုအဝေးက အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် အော်ရန်ဂါဘတ်ခရိုင်မှာ တည်ရှိနေတာပါ။ လိုဏ်ဂူတွေက ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာတွေရဲ့ အကောင်းဆုံးလက်ရာတွေဖြစ်ပြီး နောက်ပိုင်းအိန္ဒိယအနုပညာကို လွှမ်းမိုးမှုရှိတယ်လို့ ယူနက်စကိုရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ဒါကြောင့်လည်း ယူနက်စကိုက အာဂျန်တာလိုဏ်ဂူတွေကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ၁၉၈၃ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံထဲက ယခင်ဟိုက်ဒရဗတ်ပြည်နယ် လက်ရှိမဟာရဋ္ဌပြည်နယ်ရဲ့ မြောက်ဘက်နယ်စပ်မှာရှိတဲ့ အာဂျန်တာလိုဏ်ဂူတွေဟာ ဗိသုကာ၊ ပန်းတမော့နဲ့ ပန်းချီ ဆိုတဲ့ အနုပညာသုံးရပ်ရဲ့ အကောင်းဆုံး လက်ရာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်း တွေ့ရှိရတာကြောင့် ကမ္ဘာမှာ ကျော်ကြားတာဖြစ်ပါတယ်။
အဲဒီဒေသက အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းအစပ်၊ အညဒြီတောင်ကုန်းဒေသမှာ ပါဝင်ပြီး စိမ်းလန်းစိုပြည်တဲ့ သစ်ပင်သစ်တောတွေနဲ့ ဖုံးလွှမ်းနေသလို လျှိုမြောင်ချောက်ကမ်းပါးတွေလည်း ပေါများတာကြောင့် အလွန်ပဲသာယာလှပနေပါတယ်။ ဒါ့ပြင် ဝါဂုရမြစ်က အဲဒီအရပ်ဒေသကိုဖြတ်သန်း ချိုးကွေ့ပြီးမှ ဗီရာနယ်နဲ့ တပ္ပတိမြစ်ဝှမ်း မြေပြန့်ဒေသကို ဆက်လက်စီးဝင်တာကြောင့် မြစ်တစ်စင်းရဲ့ လှပခြင်း သဘာ၀အရင်းအမြစ်တို့က အဲဒီဒေသဝန်းကျင်နဲ့ ဆက်စပ်တည်ရှိနေပါတယ်။
အလားတူ ဝါဂုရမြစ်နဲ့ဆက်စပ်လို့ အဲဒီနေရာရဲ့ မတ်စောက်တဲ့ချောက်ကမ်းပါးအဆုံးမှာ ရေတံခွန်ခုနစ်ခုရှိပါတယ်။ အဲဒီလို ကျောက်တောင်၊ လျှိုမြောင်၊ ရေတံခွန်စိမ့်စမ်းတို့နဲ့ ပနံသင့်နေတာမို့လည်း အာဂျန်တာလိုဏ်ဂူတွေရှိရာဒေသဟာ အလွန်ပဲသာယာကြည်နူးဖွယ်ရာကောင်းနေတာဖြစ်ပါတယ်။
အလယ်ခေတ် တရုတ်နိုင်ငံကနေ အိန္ဒိယကိုလာရောက်တဲ့ ဗုဒ္ဓဘာသာခရီးသွားတွေရဲ့ မှတ်တမ်းတွေထဲမှာ အာဂျန်တာ လိုဏ်ဂူတွေအကြောင်းကို ဖော်ပြထားသလို ၁၇ ရာစု အစောပိုင်း မဂိုခေတ် အက္ကဘာမင်း လက်ထက် မင်းမှုထမ်းတို့ရဲ့ မှတ်တမ်းတွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။
အဲဒီဂူတွေကို တောအုပ်တွေက ဖုံးအုပ်နေတာဖြစ်ပေမဲ့ ၁၈၁၉ ခုနှစ်မှာ ကိုလိုနီခေတ် ဗြိတိသျှအရာရှိ ကပ္ပတိန်ဂျွန်စမစ်ဆိုသူက အမဲလိုက်ရာကနေ ဂူတွေကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။လိုဏ်ဂူတွေက ဒက်ကန် ကုန်းမြေမြင့်မှာရှိတဲ့ ဝဂ္ဂါမြစ်ရဲ့ ပစောက်ပုံ ချောက်ကမ်းပါး မြောက်ဘက်ကျောက်တောင်နံရံထဲမှာ တည်ရှိနေပြီး မြစ်ရေတက်ချိန်တွေမှာ ချောက်ကမ်းပါးထဲမှာရှိတဲ့ ရေတံခွန်တွေက ရေကျသံတွေကို ဂူတွေအပြင်ဘက်ကနေတောင် ကြားရနိုင်ပါတယ်။
ထူးခြားချက်အနေနဲ့ ကျောက်တုံးတွေကနေထုဆစ်ထားတဲ့ ပန်းချီ၊ပန်းပုရုပ်တွေကိုလည်း လိုဏ်ဂူတွေထဲမှာ လက်ရာမြောက် အလှဆင်ထားပြီး အကောင်းဆုံး ကြွင်းကျန်ရစ်တဲ့ ရှေးဟောင်းအိန္ဒိယ အနုပညာရဲ့ လက်ရာတွေအဖြစ် တင်စားပြောဆိုလေ့ရှိပါတယ်။ အဲဒီအနုပညာလက်ရာတွေဟာ လက်အမူအရာ၊ ကိုယ်နေဟန်ထားပုံစံတို့ကတစ်ဆင့် စိတ်ခံစားမှုကို ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီနေရာကို အိန္ဒိယရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုဏ်ဂူတွေမှာ ရှေးဟောင်း ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားဝတ်ပြုရာ နေရာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ၂၄၆ ပေ မြင့်တဲ့ ကျောက်သားပေါ်မှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေနဲ့ ဆိုင်တဲ့ ပုံစံမျိုးစုံကို ထွင်းထု ပုံဖော်ထားပါတယ်။
လိုဏ်ဂူတွေကို အပိုင်းအခြားနှစ်ခုအတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ်မှတ်တမ်းတွေအရ ပထမပိုင်းကို ဘီစီ ၂ရာစုလောက်မှာ စတင်တည်ဆောက်ခဲ့သလို ဒုတိယပိုင်းကို အေဒီ ၄၀၀ ကနေ ၆၅၀ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းတွေ့ရှိချက်တွေအရတော့ အေဒီ ၄၆၀ ကနေ ၄၈၀ အတွင်းမှာ ဒုတိယပိုင်းကို တည်ဆောက်ခဲ့တာဖြစ်နိုင်တယ်လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
အာဂျန်တာ လှိုဏ်ဂူအမှတ် ၁၆, ၁၇, ၁ နဲ့ ၂ တို့ကတော့ ရှေးခေတ် အိန္ဒိယရဲ့ နံရံဆေးရေးပန်းချီတွေအများဆုံးကျန်ရှိရာ အစုအဝေးနေရာတွေပဲ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ အရင်ဘဝတွေအပြင် တဖန်ပြန်လည်ဝင်စားတဲ့ဘ၀တွေနဲ့ပတ်သက်လို့ ရုပ်ပြဇာတ်လမ်းတွေကို လိုဏ်ဂူတွေထဲမှာ ဆေးနဲ့ရေးဆွဲထားပြီး ဗုဒ္ဓဘာသာဆိုင်ရာ နတ်ရုပ်ပုံတွေကိုလည်း ကျောက်သားတွေပေါ်မှာ ပန်းပုထုထားပါတယ်။အဲဒီလိုဏ်ဂူတွေဟာ မုတ်သုံကာလအတွင်း သံဃာတော်တွေအတွက် သီတင်းသုံးတဲ့ နေရာတွေဖြစ်ရုံတင်မက ရှေးခေတ်ကုန်သည်တွေနဲ့ ဘုရားဖူးတွေရဲ့ နားခိုရာနေရာဖြစ်တယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
အာဂျန်တာလိုဏ်ဂူလို ပုံစံတွေကို အယ်လိုရာလှိုဏ်ဂူတွေနည်းတူ တခြားနေရာတွေဖြစ်တဲ့ အယ်လီဖန်တာ လိုဏ်ဂူတွေ၊ အော်ရန်ဂါဘတ် လိုဏ်ဂူတွေ၊ ရှိဗလဲနီ လိုဏ်ဂူတွေနဲ့ ကနာဋကမှာရှိတဲ့ ဂူဘုရားကျောင်းတွေမှာလည်း တွေ့ရပါတယ်။ အာဂျန်တာ လိုဏ်ဂူတွေဟာ အယ်လိုရာ လိုဏ်ဂူတွေနဲ့ ၆၂ မိုင်အကွာမှာရှိပြီး ဟိန္ဒူဘာသာ၊ ဂျိမ်းဘာသာနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လိုဏ်ဂူတွေရှိတဲ့ အယ်လိုရာလိုဏ်ဂူတွေက အာဂျန်တာလိုဏ်ဂူတွေနဲ့ ခေတ်ချင်း အတူတူပဲဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်အထိ အဲဒီအရပ်ဒေသမှာ တွေ့ရှိရတဲ့လိုဏ်ဂူအကြီးအသေး ၃၁ ခုထဲမှာ ရဟန်းတွေသီတင်းသုံးတဲ့ ဂူကျောင်း တချို့ကို ရှေးအကျဆုံးလက်ရာတွေအဖြစ် တွေ့ရှိရပြီး ကျောင်းနဲ့ဘုရားတန်ဆောင်းဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ကျောင်းနဲ့ တန်ဆောင်းတွေရဲ့ အခြေအနေနဲ့သူတို့ရဲ့ မွမ်းမံမှုအပြင်အဆင်တွေကို ဆင်ခြင်သုံးသပ်ချက်တွေအရ လိုဏ်ဂူတွေဟာ တစ်ခေတ်တည်းမှာ ပြုပြင် ဖန်တီးခဲ့တာမဟုတ်ဘဲ ခရစ်တော်မပေါ်မီ ၂ရာစုခန့်ကစလို့ ခရစ်နှစ် ရှစ်ရာစုနှစ်လောက်ထိကို နှစ်ပေါင်း တစ်ထောင်နီးပါးလောက်အတွင်း တစ်စတစ်စ တိုးချဲ့လုပ်ကိုင်ခဲ့ကြတယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။
ဒါကြောင့် နှစ်ပေါင်းတစ်ထောင်လောက်အတွင်းမှာ လိုဏ်ဂူတွေထဲသီတင်းသုံးတဲ့ရဟန်းတော်တွေနဲ့ အဆက်မပြတ် စည်ကားခဲ့နိုင်သလို ဂူကျောင်းတွေရဲ့အရေအတွက်ကို နှိုင်းဆတွက်ချက်မှုအရ လိုဏ်ဂူတွေမှာ တစ်ကြိမ်ကို ရဟန်း ၃ဝဝ လောက်ပဲ သီတင်းသုံးနိုင်မယ်လို့ ခန့်မှန်းသုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
ခရစ်နှစ် ၆၄ဝ လောက်က အိန္ဒိယနိုင်ငံကို ဘုရားဖူးရောက်ရှိလာတဲ့ တရုတ်ပညာရှိ ခရီးသည်ကြီး ဟူအင်ဆန်ကလည်း လိုဏ်ဂူတွေဟာ ရဟန်းတွေသီတင်းသုံးရာ နေရာကြီးတစ်ခုဖြစ်မယ်ဆိုတာနဲ့ပတ်သက်လို့ သူ့ရဲ့ခရီးသွားမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
လိုဏ်ဂူတွေကို မတ်စောက်တဲ့တောင်ခါးပန်းရဲ့ ခုလတ်မှာ ထွင်းထုပြုလုပ်ထားတာဖြစ်ပြီး ခြားနားချက်ရှိနေလို့ ဂူကျောင်းနဲ့ ဘုရားတန်ဆောင်းဆိုပြီး လိုဏ်ဂူနှစ်မျိုးနှစ်စားရှိတယ်လို့ ဆိုကြတာဖြစ်ပါတယ်။အဲဒီခြားနားချက်အရ ဂူကျောင်းတွေမှာ အရှေ့မျက်နှာစာက ကျယ်ဝန်းတဲ့ ဆင်ဝင်လသာဆောင်တွေရှိသလို အတွင်းဘက်မှာ အဝင်ပေါက်ကို မျက်နှာမူပြီး ဘုရားဝတ်ပြုတဲ့အဆောင်ရှိနေပါတယ်။
အကြီးဆုံးလိုဏ်ဂူတစ်ခုက ၈၉ ပေ ပတ်လည်ရှိပြီး အရှည်လျားဆုံးလိုဏ်ဂူက ၉၄ ပေ ရှိပါတယ်။ အများအားဖြင့် လိုဏ်ဂူ အမိုးအမြင့်က ပေ ၂ဝ ကျော်ရှိပြီး ဘုရားတန်ဆောင်းတွေမှာ ကျောက်သားကို ထုထွင်းလို့ ပန်းတမော့ လက်ရာ ဖော်ထားတဲ့ကျောက်တိုင်လုံးကြီးတွေက မျက်နှာကြက်ကို ထောက်ပင့်ထားပါတယ်။
အဲဒီ တိုင်လုံးကြီးတွေက ဘုရားဝတ်ပြုတဲ့နေရာနဲ့စင်္ကြံတို့ကို အခန်းဖွဲ့ ပိုင်းခြားထားသလို ဂူကျောင်းတွေမှာလည်း နံရံသုံးဘက်တစ်လျှောက်မှာ မျက်နှာကြက်ကို ထောက်မထားတဲ့ တိုင်လုံးတွေရှိပါတယ်။ ရဟန်းတွေသီတင်းသုံးတဲ့ ဂူပေါက်အခန်းငယ်တွေက အလယ်ခန်းမဆောင်ဘက်ကို မျက်နှာမူနေပြီး နံရံသုံးဘက်ပတ်လည်မှာ ရှိကြပါတယ်။
ဒါ့ပြင် ဂူကျောင်းတွေရဲ့ ဆင်ဝင်ဘက်မျက်နှာစာမှာ ပန်းတမော့လက်ရာ ရုပ်လုံးရုပ်ကြွတွေနဲ့အလှဆင်ထားပြီး ဆင်ဝင်ကို ထောက်မထားတဲ့ ကျောက်သား တိုင်လုံးကြီးတွေမှာလည်း လှပတဲ့ပန်းတမော့အနုပညာလက်ရာတွေကို တွေ့ရမှာပါ။
ဒါကြောင့် အာဂျန်တာလိုဏ်ဂူတွေဟာ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်သာမက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုအဖြစ်ပါလက်ရှိအချိန်ထိ နာမည်ကျော်ကြား လူသိများနေတာဖြစ်ပါတယ်။
===============================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
