မန္တလေးဒုတိယသဘင်ခေတ်မှာ အထူးထင်ရှားကျော်ကြားတဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေး(အမေထွေး)ဆိုတာ မင်းမျိုးနွယ်ဝင်ဖြစ်ပါတယ်။ ဘိုးတော်ဘုရား အဆက်အနွယ်ဖြစ်တဲ့ ကသည်းမင်းသားကြီး မင်းသီဟရဲ့ သမီးဖြစ်ပါတယ်။ ၁၈၆၇ ခုနှစ်မှာ ကျောက်ဆည်ခရိုင်၊ အိုးတုတ်ကုန်းရွာမှာ ဖွားမြင်ပြီး ငယ်နာမည်က ခင်ထွေး ဖြစ်ပါတယ်။
သီပေါမင်းလက်ထက်က နန်းတော်ထဲမှာ အပျိုတော်အဖြစ် အမှုထမ်းခဲ့ပြီး ဆင်ဖြူမရှင်မိဖုရား၊ သမီးတော် မိုင်းနောင် စုဖုရားကြီးနဲ့ မြတောင် စုဖုရားလတ်တို့ထံမှာ ခစားစဉ် ချစ်စနိုးနဲ့ ထွေးလေးလို့ခေါ်ရာကနေ မထွေးလေးဖြစ်လာခဲ့ပါတယ်။
အဆိုအက ပါရမီပါသူဖြစ်သည့်အလျောက် အသက် ၁၂ နှစ်အရွယ်မှာ မြေဝိုင်းအကနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ အသက် ၁၄ နှစ် အရွယ်မှာတော့ ဆင်ဖြူတော်ကြိုပွဲမှာ မထွေးလေးကို ဇာတ်ပွဲထောင့်ကနေ စောင့်နေသူတစ်ဦးက ဓားကို ပြသပြီး ခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွားသူက အဲဒီအချိန်မှာ ထင်တိုင်းကြဲနေတဲ့ ရနောင် မောင်မောင်တုတ် ဖြစ်ပါတယ်။ မထွေးလေးတစ်ယောက် ရနောင်မောင်မောင်တုတ်ရဲ့ သိမ်းပိုက်ခြင်းကို ခံရပြီးတဲ့နောက်မှာတော့ ရနောင်မောင်မောင်တုတ်ရဲ့ ကြင်ယာတော်တွေဖြစ်တဲ့ ဆင်ခိုးမလေး၊ မကွမ်းငုံ၊ တပယ်ခင်ဥတို့ထံမှ အဆို၊ အက ပညာရပ်တွေကို လေ့လာဆည်းပူးခဲ့ပါတယ်။ ရနောင်မောင်မောင်တုတ် ကွပ်မျက်ခံရပြီးနောက်မှာတော့ မထွေးလေးတစ်ယောက် သဘင်လောကကို ပြန်လည်ခြေချပါတယ်။
မထွေးလေးဟာ ကိုယ်လုံးကိုယ်ပေါက်အလွန်လှပြီး အသားလတ်ပါတယ်။ ခြေလက်တွေက သေးသွယ်ပြီး မဟာနဖူးနဲ့ သမင်မျက်လုံးမျိုးဖြစ်ပါတယ်။ အလှတကာတို့ထဲမှာတော့ မျက်လုံးက အချိုဆုံးဖြစ်သလို အသံကလည်းချိုပါတယ်။ အသံအကောင်းကြီးမဟုတ်ပေမဲ့ ဆိုတတ်သူဖြစ်ပါတယ်။
မထွေးလေးဟာ စာမဖတ်တတ်တဲ့အတွက် မြေဝိုင်းခေတ်မှာ သီချင်းတွေကို အခြားသူက အလွတ်ရအောင် နှုတ်နဲ့ပို့ချပေးရပါတယ်။ စာမတတ်တဲ့ မထွေးလေးဟာ သီချင်းတက်ဖို့အတွက် ကိုယ်တိုင် ပတ္တလားနဲ့ တီးပြီး အသံယူတတ်ပါတယ်။ ဇာတ်ပွဲထဲမှာ သီချင်းတွေ သီဆိုမယ်ဆိုရင် သီချင်းစာသားတွေကို တပည့်တစ်ယောက်က ကန့်လန့်ကာကြားကနေ ထောက်ပေးရပါတယ်။
အနယ်အနယ်အရပ်ရပ်မှာလိုက်လံကပြရင်း မင်းသားကိုဘိုးကွန်းနဲ့အကြောင်းပါပါတယ်။ မင်းသားကိုဘိုးကွန်းဟာ သဘင်ပညာပြည့်ဝသူဖြစ်သလို စောင်းတီးလည်း အလွန်ကောင်းမွန်ပါတယ်။ သူ့ရဲ့ အသင်အပြကြောင့် မထွေးလေးတစ်ယောက် ပိုမိုနာမည် ရလာပါတယ်။ သီပေါမင်းချီးမြှင့်တဲ့ နေမျိုးမဓုသဒ္ဒရွှေတောင်ဘွဲ့ရ မဟာစင်တော်ကြီး ဆရာပုထံမှလည်း သဘင်ပညာများကို ဆည်းပူး သင်ကြားပါတယ်။
မထွေးလေးဟာ ကိန္နရာအက ကရာမှာ အတောင်ပံကို အရှိန်ယူခတ်ဟန်ပြုတဲ့အခါ တကယ်ထပျံတော့မယ့် ငှက်လို ပီပြင်လှပါတယ်။ သီချင်းကြီး သီချင်းခံတွေကိုလည်း ပိုင်နိုင်ကျွမ်းကျင်ပြီး သရုပ်ဆောင်အမူအရာ အလွန်ကောင်းမွန်သူဖြစ်ပါတယ်။ မင်းသား ကိုဘိုးကွန်းက ရုပ်ဆိုးတဲ့အတွက် မင်းကုသဇာတ်နဲ့ ကိုဒါသ မပဋာ ဇာတ်မျိုးကိုလည်း ကပြကြပါတယ်။ မြေဝိုင်းခေတ်ကနေ ဇာတ်ခုံနဲ့ ကူးပြောင်းကပြခြင်းကို ကိုဘိုးကွန်းနဲ့ မထွေးလေးတို့က ရှေးဦးရုံသွင်းကပြခဲ့သူတွေဖြစ်ပါတယ်။
ကိုဘိုးကွန်းဟာ အမှန်တကယ်တော့ မယားကြီးရှိသူဖြစ်ပြီး အဲဒီမယားကြီးက အနေအေးတဲ့ အရပ်သူဖြစ်ပါတယ်။ မထွေးလေးနဲ့ ကိုဘိုးကွန်းတို့နှစ်ယောက် တွဲဖက်ကပြတဲ့အခါ အလွန်ကို နာမည်ကျော်ကြားလာခဲ့ပါတယ်။ အနှစ် ၂၀ လောက်တွဲကပြီးနောက် ငါးသိုင်းချောင်းနယ်မြေမှာ ဇာတ်ကရင်း ကိုဘိုးကွန်း ကွယ်လွန်ပါတယ်။
အဲဒီနောက်မထွေးလေးဟာ အီကင်းကိုမောင်ကြီးနဲ့ တွဲကပြန်ပါတယ်။ ကိုမောင်ကြီးက မက္ခရာမင်းသမီးနဲ့ ကွာရှင်းပြီးနောက် ဆိုင်ဆရာ ဆရာဘအိမ်လာရောက်နေထိုင်စဉ် မထွေးလေးက တွဲကတဲ့သူ မရှိတဲ့အတွက် ခင်ပွန်းဖြစ်သူရဲ့ တပည့်ဖြစ်တဲ့ အီကင်းကိုမောင်ကြီးကို ခေါ်ယူတွဲကရာမှ အကြောင်းပါခဲ့ခြင်းဖြစ်ပါတယ်။ အီကင်းကိုမောင်ကြီးနဲ့တွဲကတဲ့အခါ ရတဲ့ ဝင်ငွေတွေကို စိစစ်သုံးစွဲတဲ့အတွက် ပိုက်ဆံအတော်အတန်စုမိပါတယ်။ လက်ထဲမှာ စုဆောင်ထားငွေတွေကို မန္တလေးတောင် အနောက်ဘက်တောင်ခြေမှာ ကျောင်းဆောင်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းကြီးဆောက်လုပ်နေစဉ်မှာပဲ ငှက်ဖျားရောဂါနဲ့ အီကင်းကိုမောင်ကြီး ကွယ်လွန်ပါတယ်။ သံဝေဂရတဲ့ မထွေးလေးက ကျောင်းဆောင်အနီးမှာပဲ ဉာဏ်တော် ၃၇ တောင်ရှိ လောကတန်ဆောင်ဘွဲ့တော်နဲ့ မြေစိုက်စေတီတော်တစ်ဆူ လှူဒါန်းပါတယ်။ အဲဒီလို ဘုရားတည်ရာမှာ တည်ရင်း ငွေကုန်သွားတဲ့အတွက် ရှိတဲ့ လက်ဝတ်လက်စားတွေကို ထုခွဲရောင်းချပါတယ်။ ဘုရားအပြီးသတ်နိုင်ဖို့လည်း ပွဲသွင်းပြီး ငွေရှာပြန်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ သဘင်သည်တွေက အလှူငွေတွေသွားရောက်လှူဒါန်းသလို လူကိုယ်တိုင်ပါဝင်အားဖြည့်ကြသူတွေလည်းရှိပါတယ်။
အိမ်ထောင်ရေး ကံမကောင်းရှာတဲ့ မထွေးလေးတစ်ယောက် အသက် ၅၀ ကျော်အရွယ်ရောက်နေပေမဲ့ တစ်ယောက်တည်းဘဝကို မရုန်းကန်လိုဘဲ၊ နောက်အိုးနောက်အိမ် ထူထောင်ပြန်ပါတယ်။ တစ်နေ့မှာတော့ စစ်ကိုင်းမှာ ရှိတဲ့အလှူမှာ သွားရောက်ဖျော်ဖြေရာမှ ဇီးကန်တောင်ပြုံး သူကြီး ဦးကြာညိုနဲ့ တွေ့ဆုံမိပါတယ်။ ဦးကြာညိုက ချစ်ကြိုက်တယ်လို့ဆိုလာတဲ့အခါမှာတော့ မထွေးလေးတစ်ယောက် ပစ္စည်းဥစ္စာအားလုံးကိုယူကာ ဦးကြာညိုထံ သွားရောက်နေထိုင်ပါတယ်။ ဦးကြာညိုဟာ သူကြီးကတော် သက်ရှိထင်ရှားရှိသူဖြစ်ပါတယ်။ ၃ နှစ်လောက်ပေါင်းဖက်ပြီးနောက် ၁၉၂၈ ခုနှစ် အသက် ၆၁ နှစ် အရွယ်မှာတော့ မထွေးလေး ကွယ်လွန်အနိစ္စရောက်ပါတယ်။
#Zlann_Podcast #ဇာတ်လမ်း #အငြိမ့်မင်းသမီးကြီးမထွေးလေး #အမေထွေး #မြန်မာ့ဇာတ်သဘင် #မန္တလေးသဘင်ခေတ် #ကိုဘိုးကွန်း #အီကင်းကိုမောင်ကြီး #သဘင်သမိုင်း