“အစကတော့ ဖြူဖြူ ညိုသွားပြီ။ အခုတော့ ညိုသွားပြီ။ ပျိုမှားပါပြီကွယ်။ ခေါ်လာမိတယ် အင်းလျားရေ။ တစ်စည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ ရွှေမန်းသူတွေ ရေခေါ်ချိုးမယ် တစ်မျိုးနော် လှအောင် မိုးပေါ်ကျသူ အင်းလျားရေ။ တစ်စည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ ရွှေမန်းသူတွေ ရေခေါ်ချိုးမယ် တစ်မျိုးနော် လှအောင် မိုးပေါ်ကျသူ အင်းလျားရေကိုယူ။ အင်းလျားကရေကိုယူ။ မီးရထားနဲ့ တင်ဖို့ ကြံတယ်။ တန်ဆာခက သုံးရာလောက်တော့ ယူမှာ ဧကန်။ ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့သည် ရန်ကုန်သူ မန္တလေးသို့ သွားလို့ အသားမဲ ပြန်သတဲ့ ဆူ။”
ဒီသီချင်းကတော့ နန်းတော်ရှေ့ဆရာတင် ရေးသားတဲ့ “ရွှေဘိုသနပ်ခါး” သီချင်းဖြစ်ပြီး ထူးခြားမှုအနေနဲ့ ဒီသီချင်းကို သီဆိုသူ မန္တလာမြင့်ကိုလည်း ထည့်သွင်းဖွဲ့ဆိုထားပါတယ်။ သီချင်းကို ၁၉၃၈ ခုနှစ်၊ ဇွန်လမှာ ဓာတ်ပြားသွင်းခဲ့ပြီး စတင်ဖြန့်ချိတဲ့အချိန်ကစတင်လို့ လက်ရှိအချိန်ထိတိုင် ကျော်ကြားနေဆဲဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းကို သီဆိုသူ မန္တလာမြင့်ရဲ့ ဘဝဖြတ်သန်းမှုက အလွန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မန္တလာမြင့်ကို ၁၉၁၀ ပြည့်နှစ် မတ်လ (၁၆) ရက်နေ့က အဖ ဦးမျှင်၊ အမိ ဒေါ်ဆင့်တို့က မန္တလေးမြို့မှာ ဖွားမြင်ပါတယ်။ အမည်ရင်းက မငွေ ဖြစ်ပြီး မွေးချင်းငါးယောက်အနက် တတိယသမီး ဖြစ်ပါတယ်။ မငွေ ခုနစ်လသမီးအရွယ်မှာ မျက်စိကွယ်ခဲ့ပြီး မျက်စိမမြင်သူတစ်ယောက်အဖြစ် ဘဝတစ်လျှောက်လုံး ဖြတ်သန်းနေထိုင်ခဲ့ရပါတယ်။
သူမဟာ မျက်စိမမြင်ပေမဲ့ သူမတတ်နိုင်တဲ့ဘက်က မိသားစုကို ကူညီခဲ့ပါတယ်။ အသက် ၁၁ နှစ်သမီးအရွယ်မှာ မန္တလေးဈေးချိုမှာ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရင်ဆိုင်ရုန်းကန်ခဲ့ပါတယ်။ သူမဟာ မျက်စိနှစ်ကွင်း အလင်းမရပေမဲ့ ချိုမြတဲ့ အသံပါရမီရှင်လေးဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုကို ထောက်ပံ့ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာပေးခဲ့သူ ဖြစ်ပါတယ်။
မငွေ အသက် ၂၅-နှစ်အရွယ်မှာတော့ ဘဝအလှည့်အပြောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ အဲဒါက မန္တလေးရိုး ကုမ္ပဏီ တိုက်ခွဲကနေ ရန်ကုန် ကိုလံဘီယာဓာတ်ပြားကုမ္ပဏီမှာ ဓာတ်ပြားသွင်းဖို့အတွက် ဆက်သွယ်ခေါ်ယူခြင်း ဖြစ်ပါတယ်။
မငွေ ရန်ကုန်ရောက်လာတဲ့အခါ မန္တလေးသူဖြစ်တဲ့အတွက် မန္တလာမြင့်လို့ အမည်ပေးပြီး ၁၉၃၅ ခုနှစ်မှာ သီချင်းဓာတ်ပြားသွင်းကြပါတယ်။ မန္တလာမြင့်ရဲ့ ပထမဆုံး ဓာတ်ပြားသီချင်းက ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်တဲ့ “ဘောလယ်သံဆန်း” ဖြစ်ပါတယ်။ ဓာတ်ပြားသွင်းတဲ့ အတွေ့အကြုံ မရှိသေးသူ မန္တလာမြင့်ကို ဒေါ်အောင်ကြည်က အစစအရာရာ ကူညီပြသပေးပါတယ်။ အဲဒီသီချင်း အောင်မြင်မှုနဲ့အတူ မန္တလာမြင့်တစ်ယောက် ထင်ပေါ်ကျော်ကြားလာပါတယ်။
၁၉၃၈ ခုနှစ် ဇွန်လမှာတော့ မန္တလာမြင့်ရဲ့ အကျော်ကြားဆုံးတေးတစ်ပုဒ် ဖြစ်လာမယ့် “ရွှေဘိုသနပ်ခါး” သီချင်းကို ဓာတ်ပြားသွင်းခဲ့ပါတယ်။
မန္တလာမြင့်အမည်နဲ့ ဓာတ်ပြားသွင်းခဲ့တဲ့ သီချင်းပေါင်းများစွာရှိပြီး ၁၉၃၅ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အထိ သီချင်းတွေကို သီဆိုခဲ့ပါတယ်။ မန္တလာမြင့်ဟာ အဆိုအတီးပညာရှင်တွေဖြစ်တဲ့ ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) တို့နှင့်လည်း တွဲဖက်သီဆိုခဲ့ပါတယ်။
ခေတ်ဟောင်း ဓာတ်ပြားရ အဆိုတော်ကြီး မန္တလာမြင့်ဟာ တူ၊ တူမတွေနဲ့အတူ နေထိုင်ရင်း မျက်မမြင်တစ်ဦးအဖြစ် လှည့်လည်သီချင်းသီဆိုကာ ဘဝရဲ့ နေဝင်ချိန်တွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။
အဆင်မပြေတာကို သိကြတဲ့ မြို့သူမြို့သားတွေကလည်း တတ်နိုင်သလောက် ဖေးမကူညီကြပါတယ်။ ၁၉၆၀ ပြည့်နှစ်ကျော်က အက်ဆယ်စီယာ စားပွဲရုံမှာ သောက်စားလေ့ရှိတဲ့ အမတ်ဦးစောမောင်ဟာ မန္တလာမြင့် ကြေးစည်တီးပြီး အလှူခံထွက်လာတဲ့အချိန်တွေမှာ စောင့်ဆိုင်းကူညီ ကန်တော့လေ့ရှိတယ်လို့ ဆရာညီပုလေးက “မြေးသူကြီး” စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
“ညနေဆိုရင် တစ်ခါတလေတော့ ကျောက်သွေးတန်းက အက်ဆယ်စီယာမှာ ယမကာမြုံတတ်တယ်။ ညနေ မှောင်ရီပျိုးရင် အဆိုကျော်ကြီး ဒေါ်မန္တလာမြင့်က ကြေးစည်လေးတစ်လက်နဲ့ မေတ္တာသုတ်ရွတ်ဆိုလို့၊ တစ်ခါတလေလည်း သူ့ရဲ့နာမည်ကျော် ရွှေဘိုသူသီချင်းဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် စမ်းတဝါးဝါးနဲ့ တရွေ့ချင်းတရွေ့ချင်း လာတတ်တယ်။ သူ့ခမျာ မျက်စိနှစ်ကွင်းက အလင်းကောင်းကောင်း ရရှာတာမဟုတ်ဘူး။
ဒေါ်မန္တလာမြင့် အက်ဆယ်စီယာရှေ့ရောက်ရင် ကျွန်တော် အရက်သောက်နေရာက ထပြီး အဆိုကျော်ကြီးကို ပိုက်ဆံသွားလှူတယ်။ ကတ္တီပါဖိနပ်ချွတ်၊ ဖိနပ်ပေါ် ခြေအစုံနဲ့ ရပ်ပြီး လက်နှစ်ဖက်နဲ့ လှူတာပါ။ သူ့ကြေးစည်သံနဲ့ ရွတ်ဖတ်သီဆိုသံက ကြိုပြီးကြားနေရတာကိုး။ ကျွန်တော်ကသာ ရိုသေလေးစားစိတ်နဲ့ လှူနေတာ သူက မြင်ချင်မှ မြင်မှာပါ။ အဒေါ်ကြီး မမြင်ရင်လည်း ကိစ္စမရှိဘူး။ ကျွန်တော့်ရင်ထဲက စေတနာ သဒ္ဓါက အဓိကမဟုတ်လား။ ၁ဝိ ၊ ၁၅ လှူဖန်များတော့ ဒေါ်မန္တလာမြင့်က မှတ်မိနေတယ်။ အက်ဆယ်စီယာ စားပွဲရှေ့ရောက်ရင် ဒီအထဲက ထွက်ထွက်လှူတယ်ဆိုတာလောက်တော့ သူမှတ်မိတယ်။”
“ကျွန်တော်လည်း ဘယ်လိုလုပ်ပြီး ညနေတိုင်းတော့ အက်ဆယ်စီယာမှာချည်း သောက်ဖြစ်လိမ့်မလဲ။ အစည်းအဝေး ရှိရင်ရှိမယ်။ ရန်ကုန်ဆင်းချင် ဆင်းရမယ်။ အဖော်အပေါင်းနဲ့ ထွန်းလှဟိုတယ်၊ အဲဗားရက်စ်၊ ပါ့တ်ကာ တစ်ဆိုင်ဆိုင်မှာ သောက်ရင် သောက်ဖြစ်လိမ့်မယ်။”
“အဲဒီလို ညနေကျတော့ အဆိုကျော်ကြီးခမျာ ကျွန်တော် ထွက်လာနိုးနဲ့၊ လာလှူနိုးနဲ့ ကြေးစည်သံလေး တနောင်နောင်ပေးလို့ ဆိုင်ဝမှာ စောင့်နေတတ်ရှာသတဲ့။ ထွက်သွားတော့လည်း ခါတိုင်းထက် ဖြည်းညှင်းတဲ့ ခြေလှမ်းတွေနဲ့ ရွေ့တယ်ဆိုရုံလေးတဲ့။ အဖော်တွေက ပြောကြတော့ ကျွန်တော့်မှာ စိတ်ထိလိုက်ရတာ။ နောက်တော့ လမ်းမှာတွေ့ရင် ကားရပ်ပြီး လှူတာပဲ။ နံဘေးမှာ ဝန်ကြီး၊ အတွင်းဝန် ဘယ်လောက်ကြီးတဲ့ ပုဂ္ဂိုလ်ပါပစေ။ ကျွန်တော် ကားပေါ်ကဆင်းပြီး လှူတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ သူ့ရဲ့အနုပညာကို လေးစားတန်ဖိုးထားတာပါ” လို့ ဆရာညီပုလေးက “မြေးသူကြီး” စာအုပ်ထဲမှာ ဒေါ်မန္တလာမြင့်အကြောင်းကို ထည့်သွင်းဖော်ပြပါတယ်။
မန္တလာမြင့်ဟာ မျက်မမြင်တစ်ဦးအဖြစ် သီချင်းလှည့်လည်သီဆို အသက်မွေးရင်း အသက် ၈၁ နှစ်အရွယ် ၁၉၉၀ ပြည့်နှစ်၊ မေလ (၃) ရက်နေ့မှာ မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်မှာ ကွယ်လွန်ပါတယ်။ သူကွယ်လွန်သွားပေမဲ့ သူသီဆိုခဲ့တဲ့ တေးသီချင်းတွေက လက်ရှိအချိန်ထိတိုင် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ခေတ်ဟောင်းဓာတ်ပြား #မန္တလာ မြင့်မြတ် #ရွှေဘိုသနပ်ခါး #နန်းတော်ရှေ့ဆရာတင် #မြန်မာ့ဂီတသမိုင်း #ဂီတအနုပညာရှင် #အဆိုတော်ကြီး