ပုဂံရာဇဝင်နဲ့ ဗုဒ္ဓသာသနာတော်တို့အကြောင်းကိုပြောကြမယ်ဆိုရင် သာသနာပြု မိဖုရားတစ်ပါးဖြစ်တဲ့ မိဖုရား စောမွန်လှရဲ့အကြောင်းကလည်း မပါမဖြစ်ပဲဖြစ်တယ်။ မိဖုရားစောမွန်လှဟာ ဘာသာတရားကို အလွန်ကိုင်းရှိုင်း ရိုသေသူဖြစ်ပြီး ပုဂံပြည်နဲ့မောဝ်ကိုးပြည်ထောင်တို့အကြား ချစ်ကြည်ရေးပဏ္ဍာတော်အဖြစ် အနော်ရထာမင်း ထံ ဆက်သခြင်းခံခဲ့ရတဲ့ မိဖုရားလည်းဖြစ်ပါတယ်။
မောဝ်ကိုးပြည်ထောင်ကို အုပ်စိုးတဲ့ မိုင်းမောဝ်စော်ဘွားကြီး စဝ်ဆေဟုန်ဖ နဲ့ မိဖုရား အဂ္ဂမဟာဒေဝီတို့မှ သက္ကရာဇ် (၃၉၅) ခုနစ်မှာ စယ်လန့်ရွာ၌ အမြွှာမောင်နှမ မွေးဖွားခဲ့ပါတယ်။ရှေးယခင်က စယ်လန့်ရွာ ဆိုတာ မိုင်းမောဝ်ရဲ့ မြို့ပြနေရာဖြစ်ခဲ့ပြီး ဟော်နန်းကြီးနဲ့အတူ ခမ်းနားသိုက်မြိုက်စွာတည်ရှိခဲ့ပါတယ်။ ဟော်နန်းရဲ့ အရိုက်အရာကို ဆက်ခံမဲ့ သူတွေဖြစ်တဲ့အတွက် သားတော်နဲ့ သမီးတော်ကလေးကို စဝ်နော်မိန်းနဲ့ စဝ်မွန်လ ဆိုပြီး အမည်မှည့်ခဲ့ကြတယ်။ အချို့သော ရာဇဝင်ကျမ်းတွေမှာတော့ မိုင်းမောဝ်စော်ဘွား စောနော်ဝိုက် နဲ့ ဟော်နန်းသခင်မ မဟာဒေဝီတို့မှ ဖွားမြင်တယ်လို့လည်း ဆိုကြပါတယ်။
စဝ်မွန်လ ရဲ့ အဓိပ္ပာယ်က အလှဂုဏ်ကြွယ်၍ တင့်တယ်သူဖြစ်ပါတယ်။ စဝ်မွန်လ(သို့) စောမွန်လှ ဆိုတဲ့ စကားလုံးသုံးလုံးအနက် ရှေ့နှစ်လုံးက ရှမ်းဘာသာဖြစ်ပြီး မြန်မာဘာသာနဲ့ ဆိုရင် စဝ် (သို့) စော ဆိုတာ အရှင် ဖြစ်ပြီး မွန် ဆိုတာက ဂုဏ် (သို့) ဂုဏ်နှင့်ပြည့်စုံခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နောက်ဆုံးစကားလုံးဖြစ်တဲ့ လ ဆိုတာက ရှမ်းဘာသာစကား လီ ကို မြန်မာစကားလုံးတုလိုက်တဲ့ ရှမ်းသံပျက်ဖြစ်ပါတယ်။ လီ မှ မြန်မာလို လှ ဆိုပြီး ပြောင်းလဲ အသုံးပြုကြပါတယ်။
ရှမ်းနဲ့မြန်မာတို့က လွန်စွာနီးစပ်တူညီတဲ့ စကားလုံးတွေရှိတဲ့အတွက် အခုလို အသံပျက်တွေရှိကြောင်း မှတ်သားရဖူးပါတယ်။ ဒါကြောင့် စောမွန်လှ တဲ့ အဓိပ္ပာယ်က “အလှဂုဏ်ကြွယ်သော အရှင်မ” ဖြစ်ပါတယ်။
စဝ်မွန်လ တစ်ယောက် ပုဂံပြည်ရောက်လာတဲ့အခါ မြန်မာတို့အခေါ်အဝေါ်နဲ့ စောမွန်လှ ဆိုပြီး ပြောင်းလဲ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။
အချို့ကျမ်းတွေမှာတော့ စောမွန်လှ မွေးဖွားတဲ့ အချိန်မှာ ဟော်နန်းအတွင်းမှာရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ အရောင်တွေတောက်ပ လင်းလက်ကာ လှုပ်ရှားခါရမ်းကြတယ်လို့လည်းဆိုကြတယ်။အဲဒီလိုဖြစ်စဉ်ကို ရှမ်းဘာသာစကားအရ လတ်လှိုင်းသည် (ဆန်းကြယ်ခြင်း)လို့ခေါ်ဆိုတဲ့အတွက် စဝ်မိန်းလတ် (သို့) စဝ်မွန်းလတ် လို့လည်း အမျိုးမျိုးကွဲပြားစွာ မှတ်သားရပါတယ်။
စောမွန်လှကလေးဟာ ငယ်စဉ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကို အလွန်ကိုင်းရှိုင်း သူလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းကန်သွားခြင်း၊ ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကိုလည်း ပျော်ပိုက် သူဖြစ်ပါတယ်။စောမွန်လှရဲ့ ရုပ်ရည်ရူပကာ က တောက်ပတဲ့မျက်လုံး၊ အေးမြတဲ့မျက်နှာ၊ ကြော့ရှင်းတဲ့ ခန္ဓာကိုယ် အချိုးအဆစ်လက္ခဏာတွေနဲ့အတူ အလွန်ကို အေးချမ်းတဲ့ အလှကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ သမီးတော်ကလေးမို့ စော်ဘွားကြီး နဲ့ မဟာဒေဝီတို့က ရည်မှန်းချက်ကြီးကြီး မားမား ထားခဲ့ကြပါတယ်။
အဲဒီအချိန်က မိုင်းမောဝ်ပြည်ဆိုတာ ပုဂံ နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့ပြီး ပုဂံပြည်မှာ အနော်ရထာမင်းကြီး ထီးနန်းစိုးစံပြီး ထေရဝါဒဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်နေချိန် လည်းဖြစ်ပါတယ်။ ပိဋကတ်တော်များရှိရာ သထုံပြည်နဲ့ ဗုဒ္ဓမြတ်စွယ်တော် ကိန်းအောင်းရာ ဂန္ဓလရာဇ်တိုင်း (တရုတ်ပြည်) တို့အထိ သွားရောက်ပြီး စွယ်တော်မြတ်ကို ပုဂံသို့ ပင့်ဆောင်ရန်လည်း ကြိုးစားခဲ့ပါတယ်။ အနော်ရထာမင်းကြီးဟာ တရုတ်ပြည်ရှိ စွယ်တော်ကို ပင့်ဆောင်ဖို့ သွားရောက်ခဲ့ပေမဲ့ မြတ်ဗုဒ္ဓရဲ့ ဗျာဒိတ်တော်အရ ဂန္ဓာလရာဇ်တိုင်းမှာ သာသနာငါးထောင်တိုင်တိုင်တည်လိမ့်မယ် လို ပါရှိတဲ့အတွက် သိကြားမင်းပေးအပ်တဲ့ မြဆင်းတုတော် နဲ့ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းကြီးကိုးကွယ်တဲ့ နဖူးသင်းကျစ်တော်တို့ကိုသာ ယူပြီး ပြန်လာခဲ့ပါတယ်။
တရုတ်ပြည်မှအပြန် အနော်ရထာမင်းကြီးဟာ မောဝ်ကိုးပြည်ထောင်မှာ လမ်းခရီးတစ်ထောက် နားတဲ့အခါ မိုင်းမောဝ်စော်ဘွားကြီးက ဧည့်ဝတ်ကျေပွန်စွာ ခရီးဦးကြိုပြုခဲ့ပါတယ်။ ဘုန်းတန်ခိုး ကြီးမားပြီး ဉာဏ်ပညာ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ အနော်ရထာမင်းကြီးကို စော်ဘွားကြီးက အလွန်ပင် လေးစားခဲ့ပါတယ်။ နိုင်ငံ့ရေးရာတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေး အတွက် အရွယ်ရောက် နေပြီဖြစ်တဲ့ သမီးတော်လေး စောမွန်လှကို အနော်ရထာမင်းစောထံ ချစ်ကြည်ရေး ပဏ္ဍာတော်အဖြစ် ဆက်သလိုက်ပါတယ်။ အဲဒီလိုနဲ့ ရှမ်းမင်းသမီးလေး စောမွန်လှ ဟာ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် မွေးရပ်ဌာနေ မိုင်းမောဝ်ပြည်ကို စွန့်ကာ ပုဂံပြည်ကို လိုက်ပါခဲ့ရတော့တယ်။
အနော်ရထာမင်းကြီးဟာ မိုင်းမောဝ်မင်းသမီး စောမွန်လှကို မိဖုရားအဖြစ်ပုဂံပြည်သို့ ခေါ်ဆောင်လာခဲ့ပြီး ကျော်စဉ် အရပ်မှာ တစ်ထောက်နားခဲ့ပါတယ်။ ကျော်စဉ်အရပ်ဆိုတာ တောင်ဘက်မှာ ဒုဌဝတီမြစ်၊ မြောက်ဘက်မှာ မတ္တရာမြစ်၊ အနောက်ဘက်မှာ ဧရာဝတီဖြစ်၊ အရှေ့ဘက်မှာ တောင်ရိုးတောင်ခြေ အစပ်တို့ဖြစ်ပါတယ်။ အဲဒီအရပ်မှာ အနော်ရထာမင်းကြီးက မြဆင်းတုတော်တင်ဆောင်လာတဲ့ ဆင်ဝပ်ရာနေရာမှာ ဆုတောင်း ပြည့်ဘုရား စေတီတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ စေတီတည်တာနဲ့ ပတ်သက်ပြီး ရွှေဖျဉ်းညီနောင်တို့ ကွပ်မျက်ခံခဲ့ရပါတယ်။မိုင်းမောဝ်ပြည်မှ ပုဂံပြည်သွားရာလမ်းမှာ အနော်ရထာမင်းကြီး တည်ခဲ့တဲ့ ဘုရားတည်ခြင်းအမှုတွေမှာ မိဖုရားစောမွန်လှလည်း ပါဝင်ခဲ့ပါတယ်။
ပုဂံပြည်ရောက်တဲ့အခါ မိဖုရားစောမွန်လှ တစ်ယောက် ရှေးက ပြုမြဲဖြစ်တဲ့ ကိုယ့်ကျင့်သီလကို ကောင်းမွန်စွာ စောင့်ထိန်းပြီး ဗုဒ္ဓဝတ်နဲ့ ဓမ္မဝတ်တို့ကို မပြတ်ဆောက်တည်ပါတယ်။ ဒါ့အပြင် ပုဂံပြည်ရဲ့ သာသနာပိုင် ဆရာတော် ရှင်အရဟံကိုလည်း ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူခဲ့ပါတယ်။ ရွှေစည်းခုံဘုရားတည်တော်မူတဲ့အခါမှာလည်း မိဖုရားစောမွန်လှဟာ အနော်ရထာမင်းကြီးနဲ့ထပ်တူ ပါရမီဖြည့် ခဲ့ပါတယ်။ ငယ်ရွယ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ ဘာသာ တရားလည်းအလွန်သိတတ်တဲ့ မိဖုရားလေး စောမွန်လှကို အနော်ရထာမင်းကြီးက လွန်စွာမှ မြတ်နိုးချစ်ခင်ပါတယ်။ တိုင်းပြည်ရေးရာကိစ္စအဝဝနဲ့ ကျောင်းကန်ဘုရား တည်ဆောက်ခြင်း တွေမှာ မိဖုရားစောမွန်လှကို နောက်တော်ပါးမှ ဖဝါးမကွာ လိုက်စေခဲ့ပါတယ်။
ဒါပေမဲ့ မိဖုရားစောမွန်လှ နဲ့ အနော်ရထာမင်းကြီးတို့အကြား ကွေကွင်းရန် အကြောင်း တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကစောမွန်လှရဲ့ ပတ္တမြားနားတောင်းမှာ ဘုရားရှင်ရဲ့ မွေတော်မြတ် ကိန်းဝပ်တဲ့အတွက် မိဖုရားဘုရားဝတ်ပြု တဲ့အချိန်တိုင်း နားတောင်းက ရောင်ခြည်တော်တွေ ကွန့်မြူးတာကို နန်းဆောင်ရှိ မောင်းမမိဿံတို့မြင်တွေ့ ကြပြီး အံ့ဩထူးဆန်းဖြစ်ကြပါတယ်။ အဲဒီသတင်းကို မိဖုရားခေါင်ကြီးကြားတဲ့အခါ မိဖုရားစောမွန်လှ ဝတ်ပြုတဲ့အချိန် ကိုယ်တိုင်ကြည့်ရှုရာမှာတော့ အမှန်တကယ်ဖြစ်တာကိုတွေ့ရှိသွားပြီး အနော်ရထာမင်းကြီးထံ လျှောက်တင်ပါတော့တယ်။
မိဖုရားစောမွန်လှဟာ စုန်း၊ကဝေအတတ်တို့ တတ်တဲ့ ဇော်ဂနီစုန်းမဖြစ်ကြောင်း၊ နန်းဆောင်တော်မှာလည်း အရောင်များထွက်ကာ စုန်းတောက်စားကြောင်း ဆိုပါတယ်။ အနော်ရထာမင်းကြီးက မိဖုရားခေါင်ကြီးရဲ့ စကားကို မယုံကြည်ပေမဲ့ ကိုယ်တိုင်မျက်မြင်တွေ့လိုက်တဲ့အခါမှာတော့ ထိတ်လန့်ပြီး မိဖုရားစောမွန်လှကို နေရပ်သို့ပြန်ဖို့ အမိန့်ပေးပါတယ်။အချို့ကျမ်းတွေမှာတော့ စောမွန်လှဟာ မိမိ နဲ့ ပုဂံနေပြည်တော်ဆိုတာ မသင့်လျော်ဘူးလို့ ထင်မြင်ယူဆသလို အခြားသူတို့ရဲ့ အကောက်ကြံပြောဆိုမှုကို ရိပ်စားမိလို့ နေရပ်ပြန်ဖို့ ကိုယ်တိုင်တောင်းဆိုတယ် လို့လည်း ဆိုကြပါတယ်။
အဲဒါကြောင့် မိဖုရားစောမွန်လှဟာ လမ်းခရီးတစ်လျှောက် ညောင်ဦးရွာ၊ ညဉ့်ရွာ၊ ပလင်းရွာ၊လက်ထုပ်ရွာ၊ ကောင်းစည်ရွာ၊ တူရွင်းတောင်၊ ဝံပတေ့၊ မြို့သစ်၊ စခန်းမ၊ ကျွန်းဘားရွာအသီးသီးကိုဖြတ်ပြီး တစ်နယ်ဝင် တစ်နယ်ထွက် ခရီးနှင်ခဲ့ပါတယ်။
ကျွန်းဘားရွာကိုလွန်ပြီးနောက် ချောင်းရိုးတစ်ခုကို မိဖုရားနဲ့အပေါင်းအပါတို့ဖြတ်သန်းစဉ် လက်ဝဲတော် နားတောင်းတစ်ဖက် ရေထဲကျခဲ့ပါတယ်။နားတောင်းကျရာနေရာမှာ အရောင်တွေလက်နေပေမဲ့ ဆယ်ယူလို့မရဘဲ ရှိနေပါတယ်။အံ့ဩဖွယ်ကောင်းတာက နားတောင်းကျတဲ့ နေရာအထက် ကောင်းကင်ယံမှာ စာငှက်ကလေးတွေ သောသောညံပျံသန်းနေကြသလို ဓာတ်တော်ကိန်းဝပ်နေတဲ့ နားတောင်းက ကောင်းကင်ယံထက် တန်ခိုးပြာဋိဟာ ပြတယ်လို့ဆိုပါတယ်။မိဖုရားလည်း ဗုဒ္ဓဂုဏ်တော် ကိုရည်မှန်းပြီး အဓိဌာန်ပြုတဲ့အခါမှာတော့ နားတောင်း မွေတော်မြတ် သက်ဆင်းလာပြီး လက်ဝဲဘက်နားမှာ ဝတ်မြဲတိုင်းဖြစ်တယ်လို့ဆိုပါတယ်။
မိဖုရားနားတောင်းကျရာချောင်းဟာ နားတောင်းကျချောင်းရယ်လို့ခေါ်တွင်ပြီး စာငှက်တို့ခြံရံကာ ပူဇော်ကြတဲ့ အတွက် ရွှေစာရံစေတီ ဆိုပြီး အဲဒီအရပ်မှာ ဘုရားတည်ခဲ့ပါတယ်။မိဖုရားစောမွန်လှ ဘုရားတည်နေတဲ့ သတင်းကို ကြားရတဲ့ အနော်ရထာမင်းကြီးက အထောက်တော်တွေလွှတ်ပြီး စေတီတော်ရဲ့ မုခ်ဝကို ကြည့်ခိုင်းပါတယ်။ မုခ်ဦးဟာ ရှမ်းပြည်အရပ်ကိုလှည့်မယ်ဆိုရင် စောမွန်လှကိုကွပ်မျက်ဖို့ မှာကြားလိုက်ပါတယ်။မိဖုရားက အထောက်တော်တို့ထံမှာ အဲဒီသတင်ကို ကြားသိတဲ့အတွက် ညတွင်းချင်း သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို သစ္စာအဓိဌာန်ပြုပြီး မိမိဝတ်ဆင်ရာ ရွှေဖျင်မြစီတဘက်နဲ့ဆွဲလှည့်လေရာ မုခ်ဝလည်းပြောင်းပြန်ဖြစ်တယ်လို့ ဆိုကြပါတယ်။ပုဂံဘက် မုခ်ဝလှည့်နေကြောင်း အနော်ရထာမင်းကြားသိတဲ့အခါမှာတော့ အားရဝမ်းမြောက် တော်မူပြီး ရွှေစာရံဘုရားဝန်းကျင် မြေတာတစ်ထောင်ကျော်ကို လှူဒါန်းပါတယ်။
မန္တလေးမှအထွက် အောင်ပင်လယ်အရပ်ကိုရောက်တဲ့အခါ စောမွန်လှရဲ့ ခြုံပုဝါ ရွှေဖျင်မြစီသဘက် ဟာ လေအဝှေ့ မှာ ဝဲကျပြီးမြသဘက်ကျရာနေရာမှာ ဘုရားတစ်ဆူတည်ခဲ့ပါတယ်။အဲဒီဘုရားကို “စောမွန်လှ၏ မြသဘက် ကျဘုရား” လို့ခေါ်တွင်ပြီး ယနေ့တိုင် အောင်ပင်လယ်၊ချမ်းမြသာစည်မြို့နယ်အတွင်း တည်ရှိပါတယ်။စောမွန်လှဟာ ပုဂံပြည်မှ ပြန်လာကြောင်း ဖခင်ဖြစ်သူထံ ကြိုတင်အကြောင်းကြားခဲ့ပြီး အပြန်လမ်းခရီးတလျှောက် ရွှေစာရံစေတီအပါအဝင် စေတီပေါင်း ရှစ်ဆူတည်ခဲ့ပါတယ်။
ဒုဌဝတီမြစ်မြောက်ဘက်ရှိ ရှေးဟောင်းရှမ်းစေတီ(မုဌော) စေတီသို့ရောက်တဲ့အခါ ဖခမည်းတော် လာရောက် ကြိုဆိုပါတယ်။စောမွန်လှကို လာကြိုတဲ့ မုဌောဘုရားကို နောင်အခါ မြန်မာတို့က ဘော်ကြိုဘုရားလို့ ခေါ်ဆိုကြပါတယ်။ရှမ်းဘာသာစကားအရ ပေါ့ ဆိုတာ အဖဖြစ်ပြီး ” အဖကြိုဘုရား” လို့ခေါ်ကြပါတယ်။အဲဒီ ဘုရားကို အချို့သော သမိုင်းမူကွဲတွေထဲမှာ စောမွန်လှတည်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။
စောမွန်လှ တစ်ယောက် မွေးရပ်မြေပြန်ရောက်တဲ့အခါ လောကီဘဝကို စွန့်လို့ ယောဂီဝတ်ခဲ့ပြီး အဖျားရောဂါနဲ့ ကံတော်ကုန်ခဲ့တယ်လို့ အချို့ရာဇဝင်တို့က ဆိုကြပါတယ်။ အချို့ကတော့ မင်းသမီးလေးဟာ ပုဂံကအပြန် ဘော်ကြိုဘုရား အနီးမှာ ကံတော်ကုန်ခဲ့တယ်လို့လည်းဆိုကြပါတယ်။
မုဌော စေတီအနီးမှာ လွမ်းစေတီတစ်ဆူတည်ထားခဲ့ပြီး နောင်မှာ စောမွန်လှစေတီလို့ ခေါ်တွင်ခဲ့ကြပါတယ်။ မည်သို့ပင်ဆိုစေ မိဖုရားစောမွန်လှဟာ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ဘဝကိုစတေးခဲ့ရပေမဲ့ သီလဆောက်တည်ကာ တရားဓမ္မတို့နဲ့ အေးချမ်းစွာနေခဲ့ပြီး ဘုရားစေတီတွေတည်ထားကိုးကွယ် ခဲ့တာတော့ အလွန် အံအားသင့်ဖွယ်ဖြစ်ပါတယ်။