စုံထောက်ကြီးဦးစံရှား လို့ခေါ်တဲ့ တမူထူးခြားတဲ့ စုံထောက်ဇာတ်ကောင်တစ်ခုကို မြန်မာစာဖတ်သူတွေ ရင်ထဲမှာ စွဲစွဲလမ်းလမ်းဖြစ်လာအောင် ရေးသားပြုစုခဲ့သူကတော့ ဆရာကြီးရွှေဥဒေါင်းပဲဖြစ်ပါတယ်။ဆရာကြီး ရွှေဥဒေါင်းဟာ ဘာသာပြန်စာပေတွေကို တွင်တွင်ကျယ်ကျယ်ရေးသားခဲ့တဲ့အပြင် အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု တွေကို မှီငြမ်းပြီး မြန်မာမှုပြုကာ တစ်ခေတ်ဆန်းနိုင်ခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။
ဆရာကြီး ရွှေဥဒေါင်းကို ၁၈၈၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က မန္တလေးမြို့ ဧချိုင့်(ဝါးတန်း)ရပ်ကွက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အမည်ရင်းက ဦးဖေသိန်းဖြစ်ပါတယ်။
ဖခင်က ဦးဧရာဖြစ်ပြီး မိခင်က ဒေါ်ရွှေဖြစ်ပါတယ်။ ဦးဧရာ ဟာ သီပေါမင်းလက်ထက်က လွှတ်တော်စာရေးအဖြစ် အမှုထမ်းခဲ့သလို အမိဒေါ်ရွှေ က သီပေါမင်းလက်ထက်မှာ စာတော်ဖတ်တစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပြီး တနင်္ကသီရွာစားဘွဲ့ ကိုလည်းရရှိဖူးသူဖြစ်ပါတယ်။
အဘိုးဖြစ်သူဟာ မင်းတုန်းမင်းလက်ထက်က စားတော်ကဲကြီးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလို နန်းတွင်းရေးရာ နဲ့ မစိမ်းပေမဲ့ ဆရာကြီးဟာ လိုအပ်တာထပ် ပိုယဉ်ကျေးတဲ့ နန်းတွင်းအသုံးအနှုန်းတွေကို ကြိုက်နှစ်သက်ခြင်း မရှိဘဲ အရပ်သုံးရိုးရိုးရှင်းရှင်းစကားတွေကိုသာ ပိုပြီးနှစ်ခြိုက်သဘောကျသူဖြစ်ပါတယ်။
ဆရာကြီးဟာ ကလေးဘဝတုန်းက အိမ်နီးချင်းဖြစ်ခဲ့တဲ့ စစ်ကဲတော်မင်းနဲ့သူ့ရဲ့ကျေးကျွန်တွေ သားသမီးတွေရဲ့ ပြောဆိုကြပုံတွေကို ကြားယောင်မိပြီး တစ်ဦးနဲ့ တစ်ဦး ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံကြတာကို နားလည် နိုင်ပေမဲ့ အသံရှည်ကြီးတွေဆွဲပြီး ကွန့်ညွန့်ပြနေတာကတော့ အချင်းချင်း ညာ နေသလိုခံစားမိတယ်လို့ ပြောဖူး ပါတယ်။ဒါအပြင် ဆရာကြီးဟာ ဟန်မဆောင်တတ်၊ ပရိယာယ်မသုံးတတ်ပဲနဲ့ လူတိုင်းကိုလည်း အဖြောင့်အတိုင်း ဆက်ဆံတတ်ပါတယ်။ လိမ်ညာခြင်းကို မကြိုက်သလို စကားပြောရာမှာလည်း ဘွင်းဘွင်း ရှင်းရှင်းပြောတတ် သူဖြစ်တာကြောင့် မနှစ်သက်သူတွေက ကွယ်ရာမှာ အတင်းအဖျင်းပြောတာကိုလည်း ခံရပါတယ်။ မာန်မာနထောင်လွှားခြင်းကိုလည်း ရွံမုန်းသလို အောက်ကြို့ရခြင်းနဲ့ ငုံ့လျှိုးနေရခြင်းကိုလည်း မကြိုက်သူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အပေါင်းအဖော်တွေရဲ့ အနိုင်ကျင့် ညှင်းပန်းတာတွေကို ခံခဲ့ရတာကြောင့် ‘ငါ့မထိနဲ့ ငါ့ထိရင်တွယ်လိုက်မယ်’ဆိုတဲ့ မဟုတ်မခံစိတ်လည်း ပေါက်ဖွားလာခဲ့ပါတယ်။
ငယ်စဉ်က မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းမှာ စတင် ပညာသင်ကြားခဲ့ပါတယ်။ အဲဒီနောက် ဘုန်းတော်ကြီးကျောင်းနဲ့ အမေရိကန်သာသနာပြု အေဘီအမ်ကျောင်းတို့မှာ ဆက်လက်သင်ကြား ခဲ့ပါတယ်။ အင်္ဂလိပ်စာကိုတော့ ဘုန်းတော်ကြီးကျောင်းမှာကတည်းက သင်ကြားခဲ့ရတာဖြစ်ပြီး ရှစ်တန်းအရွယ် အေဘီအမ်ကျောင်းမှာပညာသင်ယူနေစဉ် စာဖတ်ဝါသနာမျိုးစေ့ကို စတင်ရရှိခဲ့ပါတယ်။ မျိုးစေ့ချပေးသူကတော့ ဆရာရွှေမှန်လို့ခေါ်တဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။ ပသီပုံပြင်ကို စတင်ဖတ်ရှုရာမှာ စာဖတ်ခြင်းအလေ့ကို စွဲလမ်း သွားပြီး အဲဒီနောက်မှာတော့ Reynolds ရေးသားတဲ့ ‘လန်ဒန်မြို့အရှုပ်တော်ပုံ’ လျှို့ဝှက်သည်းဖိုဝတ္ထုကို ဖတ်ရှု ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ဂန္ထဝင်မြောက်အင်္ဂလိပ်ဝတ္ထုတွေ ကိုဆက်လက်ဖတ်ရှုပါတယ်။ ၁၉၀၈ ခုနှစ်မှာတော့ ကာလကတ္တားတက္ကသိုလ် အသိအမှတ်ပြု တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ အဲဒီလိုအောင်မြင်ခဲ့ပေမဲ့ မိသားစုစီးပွားရေးအခြေအနေ မန္တလေးမှာ ကျောင်းဆရာအလုပ်ကို ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရွှေဘိုအရေးပိုင်ရုံးနဲ့ သစ်တောရုံးတို့မှာ စာရေးအဖြစ် ဝင်ရောက် လုပ်ကိုင်ပါတယ်။ မန္တလေးမြို့ လယ်ယာစိုက်ပျိုးရေး နှင့် သမဝါယမမင်းကြီးရုံးတို့မှာ တောလိုက်စာရေး အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မြန်မာပြည်အနှံ့ ခရီးတွေထွက်ခဲ့ရပါတယ်။ ဆရာကြီးဟာ အစိုးရဝန်ထမ်း အလုပ်တွေကို လုပ်ကိုင်ရင်း အင်္ဂလိပ်ဝတ္ထုတွေကို မပြတ် ဖတ်ရှုနေခဲ့ပါတယ်။
တောလိုက်စာရေးဘဝ အသက် ၂၁ နှစ်အရွယ်မှာတော့ ပထမအိမ်ထောင်ကျပြီး သုံးနှစ်အကြာမှာ အိမ်ထောင် ကွဲခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ အလုပ်ထွက်ခဲ့ပြီးနောက် မိဘတို့ရှိတဲ့ ဝက်လက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အသက် ၂၅နှစ်မှာတော့ ဒုတိယအိမ်ထောင်ကျခဲ့ပါတယ်။
ဆရာကြီးဟာ ဝက်လက်မှာ ရှိနေစဉ် အလုပ်မလုပ် သေးဘဲ စာအုပ်တွေကို တစိုက်မတ်မတ်ဖတ်နေခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်မှာ ‘ရန်ကြီးအောင်’ ဝတ္ထုကိုစတင် ရေးသားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဝတ္ထုကို အပြီးသတ်နိုင်ခဲ့ပြီး သူရိယသတင်းစာတိုက်သို့ ပေးပို့ခဲ့ပါတယ်။ သူရိယသတင်းစာတိုက်က သဘောကျတာကြောင့် ပုံနှိပ်ထုတ်ဝေဖို့အတွက် ဆရာကြီးကို ဉာဏ်ပူဇော်ခ တစ်ရာပေးခဲ့ပါတယ်။
သူရိယတိုက်မှ ဦးဘဖေရဲ့ တိုက်တွန်းမှုကြောင့် မစ္စစ်ဟင်နရီဝုဒ်( Mrs.Henry Wood)ရေးသားတဲ့ ‘ အိစလင်း’ (East Lynne) ဝတ္ထုကို ‘ရတနာပုံ’အမည်နဲ့ ဘာသာပြန်ရေးသားခဲ့ပါတယ်။ ဆရာကြီးရဲ့ဝတ္ထုနှစ်ပုဒ်စလုံးကို ပရိသတ်က အထူးနှစ်ခြိုက်အားပေးကြတာကြောင့် သူရိယမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖြစ် ကမ်းလှမ်းခံခဲ့ရ ပါတယ်။ဆရာကြီးဟာ သူရိယသတင်းစာတိုက်မှာ အလုပ်လုပ်စဉ် သူ့ထက် အသက် ၁၄နှစ်ကြီးတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အသက် ၆နှစ်လောက်ငယ်တဲ့ ဆရာကြီး ပီမိုးနင်းတို့နဲ့ ရင်းနှီးသိကျွမ်းခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကလောင်နာမည်တစ်ခုရွေးဖို့ အကြံပေးလာတာကြောင့် သူရိယ တိုက်မှာ စတင်ခဲ့တာကို အကြောင်းပြုပြီး သူရိယ(နေ)ရဲ့ အမှတ်အသားဖြစ်တဲ့ ဒေါင်းကို အစွဲပြုကာ ‘ရွှေဥဒေါင်း’ဆိုတဲ့ အမည်ကိုခံယူခဲ့ပါတယ်။
အဲဒီနောက် ရူပနန္ဒီ၊ စုံထောက်မောင်စံရှား၊ ဝင်္ကန္တ၊ ရတနာပူရ နဲ့ ခင်စက်မေ စတဲ့ ဝတ္ထုတွေကို အသီးသီး ဘာသာပြန်ရေးသားခဲ့ပါတယ်။ ဆာဘွဲ့ရ ရိုက်ဒါဟက်ဂက်(Rider Haggard) ရေးသားထားတဲ့ ‘ She’ ဝတ္ထုကိုဆီလျော်အောင်ဘာသာပြန်ပြီး ‘ ရူပနန္ဒီ’ဆိုတဲ့ အမည်နဲ့ ရေးသားခဲ့သလို ကိုနင်ဒွိုင်း(Conan Doyle) ရဲ့ စုံထောက်ရှားလော့ခ်ဟုမ်း( Sherlock Holmes) ဝတ္ထုကိုလည်း မြန်မာမှုပြုကာ စုံထောက်မောင်စံရှားအမည်နဲ့ ရေးသားခဲ့ပါတယ်။
ဆရာကြီးအနေနဲ့ ဘာသာပြန်ဆိုရာမှာ မူရင်းဝတ္ထုရဲ့ အရသာနဲ့ စာရေးသူရဲ့ အာဘော်တို့ကို မပျက်စီးစေပဲနဲ့ မြန်မာဆန်အောင် ဘာသာပြန် နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ စုံထောက်ကြီးရှားလောခ့်ဟုမ်း အမည်ကို စုံထောက်မောင်စံရှားအဖြစ် ဝတ္ထုထဲမှာ ပါတဲ့ အဖော်ဖြစ်သူ ဒေါက်တာဝပ်ဆင်ကို ကိုသိမ်းမောင်အဖြစ်၊ လန်ဒန်မြို့ ဘေကာလမ်းကိုလည်း ရန်ကုန်မြို့ဘရုကင်းလမ်း စသဖြင့် မြန်မာ့အသွင် ကူးပြောင်းကာ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
၁၉၁၇ခုနှစ်မှာတော့ စုံထောက်မောင်စံရှားဝတ္ထုကို ဧပြီလထုတ် သူရိယမဂ္ဂဇင်းမှာ စတင်ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက် ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်းနဲ့ ရူမဝမဂ္ဂဇင်းတို့မှာ ဆက်လက်ထည့်သွင်း ဖော်ပြ ခဲ့ပါတယ်။ အဲဒီနောက် အားလုံးကိုစုပေါင်းပြီး လုံးချင်းဝတ္ထုထုတ်ခဲ့ပါတယ်။ ဆရာကြီးဟာ အယ်ဒီတာလုပ်ရင်း ဝတ္ထုတွေရေးသလို မိတ်ဆွေဖြစ်တဲ့ ဦးခင်မောင်နဲ့ပေါင်းပြီး ‘မြန်မာ့ဗျူဟာဂျာနယ်’ ကိုရေးသားထုတ်ဝေ ခဲ့ပါတယ်။အဲဒီဂျာနယ်ဟာ အင်္ဂလန်မှ တစ်ဘစ်ဂျာနယ်ကို အတုယူပြီး ဂျာနယ်ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို မြန်မာ့ဝေါဟာရအဖြစ် စတင်အသုံးပြုခဲ့တဲ့ ပထမဆုံးမြန်မာ့ဂျာနယ်ဖြစ်ပါတယ်။ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာက ဆရာကြီးရွှေဥဒေါင်းဖြစ်ပြီး အယ်ဒီတာအဖွဲ့ဝင်တွေက သူရိယသတင်းစာတိုက်ရဲ့ အယ်ဒီတာအဖွဲ့ဝင်ဖြစ်သူ ဦးဘသန်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရွှေတလင်း နဲ့ ဂျာနယ်တိုက်ပိုင်ရှင် ဦးခင်မောင်တို့ဖြစ်ကြပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာတော့ ဆရာကြီးနဲ့ သူရိယသတင်းစာတိုက်မှ ဦးဘဖေ၊ ဦးလှဖေတို့နဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ထုတ်ပယ်ခံခဲ့ရသလို အဲဒီနှစ်မှာ ဒုတိယအိမ်ထောင်နဲ့ ပြတ်စဲခဲ့ပါတယ်။
ဆရာကြီးဟာ ကသာခရိုင်၊မြတောင်ရွာမှာရှိတဲ့ မိတ်ဆွေတစ်ဦးထံကို အလည်အပတ်သွားရင်း မြတောင်သူ ဒေါ်စိုးနဲ့ တွေ့ပြီး တတိယအိမ်ထောင်ကျခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာမှာ အင်္ဂလိပ်ကျောင်းဆရာအနေနဲ့ ဝင်လုပ်ခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ ရန်ကုန်မြို့ နယူးဘားမားသတင်းစာတိုက်ရဲ့ ကမ်းလှမ်းချက်ကြောင့် စက္ကရီထေရီအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် ဒဂုန်မဂ္ဂဇင်းမှာ ‘ ဓားပြဗိုလ်မိုးသီး’ နဲ့ သူရိယမဂ္ဂဇင်းမှာ ‘ ဂျမဒါကိုကိုကြီး’ တို့ကို ဘာသာပြန်ဆို ရေးသားခဲ့ပါတယ်။၁၉၃၀ ပြည့်နှစ်မှာ ပဲခူးမြို့ရှိ ခရစ်ယာန်စာပေအသင်းဥက္ကဋ္ဌရဲ့ ကမ်းလှမ်းချက်ကြောင့် ဘာသာပြန်ဆရာလုပ်ခဲ့ရာမှာ ‘ဘူကာရီရှန်တန်’၊ ‘ဟန်မောင်ဝတ္ထု’နဲ့ ‘ ယဉ်ကျေးခြင်း၏မှတ်တိုင်များ’ စာအုပ်တို့ကို ဘာသာပြန်ဆိုခဲ့ပါတယ်။ ဒါအပြင် ကိုယ်ပိုင်ဖန်တီးမှုအဖြစ် ‘ လွမ်းအောင်ဖန်’ နဲ့ ‘ လမ်းနှစ်သွယ်’ ဝတ္ထုရှည်နှစ်ပုဒ်ကိုလည်းရေးသားခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် မှာတော့ဆရာကြီးကို သူရိယက ပြန်ခေါ်ပြီး အယ်ဒီတာခန့်ခဲ့ပါတယ်။ ဝသုံးလုံး၊ ပထမံဆရာသိန်း ၊ရတနာသိုက်၊ စောလမုန်သိုက်၊စောဒေဝီစတဲ့ ဝတ္ထုတွေကိုတိုက်ရိုက်ဘာသာပြန်ဆိုရေးသားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဆရာကြီးဟာ သူရိယမဂ္ဂဇင်းအယ်ဒီတာအလုပ်ကို ထပ်မံစွန့်လွှတ်ခဲ့ရပြီး အမေရိကန်ဆရာဝန်ဒေါက်တာဟေးရေးသားတဲ့ ‘ Health via food’ စာအုပ်ကို ‘အာဟာရဖြင့်ကျန်းမာနည်း’ အမည်နဲ့ မှီငြမ်း ဘာသာပြန်ဆိုခဲ့ပါတယ်။ နပိုလီယံဟေးရေးတဲ့ ‘ Think and Grow Rich’ စာအုပ်ကိုလည်း ‘ အကြံဉာဏ်ဖြင့်ကြီးပွားရေး’ အမည်နဲ့ ပြန်ဆိုခဲ့ပါတယ်။ စစ်ပြီးခေတ်မှာတော့ ဗုဒ္ဓ၏ စိတ္တဝိပဿနာကို လက်တွေ့ကျင့်သုံးခဲ့သလို လက်ဝဲစာပေတွေကိုလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်။ ၁၉၄၆-၁၉၄၉ အထိ လူထု သတင်းစာတိုက်မှာ အယ်ဒီတာလုပ်နေချိန်မှာလည်း ဖဆပလ အစိုးရရဲ့ ထောင်သွင်းအကျဉ်းချခြင်းကို ငါးလ ခန့်ခံခဲ့ရပါတယ်။ အဲဒီနောက် ဆရာကြီးဟာ ကိုယ်တိုင်လက်တွေ့ကျင့်ကြံခဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်စာအုပ်’ အပြင် အခြားသော ဘာသာရေးဆိုင်ရာ ဆောင်ပါးတွေနဲ့ စာအုပ်တွေ ကိုလည်း ပြုစုခဲ့ပါတယ်။
ဆရာကြီးဟာ ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာတော့ ‘တရုတ်ပြည်သစ် ကိုယ်တွေ့’ စာအုပ်ကိုရေးသားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် နှစ်ဦးမှာလည်း အာဖရိုအေရှန်( အာရှ-အာဖရိက) ချစ်ကြည်ရေးအသင်းက ရုရှားကိုစေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ သွားရောက် ခဲ့ပါတယ်။
ကလောင်စွမ်းထက်တာကြောင့် ဆရာကြီးဟာ ၁၉၅၂ ခုနှစ်မှာ စာပေဗိမာန်ဘာသာပြန်ဆုကို ‘ မျှော်တလင့်လင့်’ ဝတ္ထုနဲ့ရရှိခဲ့သလို ၁၉၅၅ မှာလည်း ‘သွေးစုပ်မြေ’ ဝတ္ထုနဲ့ရရှိခဲ့ပါတယ်။၁၉၆၁ ခုနှစ်တွင်တော့ ‘ဘဝတစ်သက် တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ်နဲ့ စာပေဗိမာန် သုတပဒေသာဆုကို ရရှိခဲ့ပါတယ်။ အင်္ဂလိပ်ဝတ္ထုတွေကို ဘာသာပြန်ဆိုတဲ့ သမိုင်းမှာ ဆရာကြီးဟာ ပထမဆုံးမဟုတ်ခဲ့ပေမဲ့လည်း စာအုပ်အများ အပြား ကို ဘာသာပြန်ဆိုနိုင်ခဲ့တဲ့ အတွက် ဘာသာပြန်ဆရာတို့ရဲ့ဖခင်လို့ ပညာရှင်တို့က တင်စားကြပါတယ်။ ဘာသာပြန်ဆိုရာမှာ ဆရာကြီးက အဓိကအနေနဲ့ နည်းလမ်းနှစ်မျိုးကိုသုံးခဲ့ပါတယ်။ မူရင်းဝတ္ထုကို ဆီလျော်အောင် မှီငြမ်းပြီး ဘာသာပြန်ဆိုခြင်းနဲ့ တိုက်ရိုက်ဘာသာပြန်ခြင်းတို့ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စကားပြေအရေးအသား တွေက အတွန့်အတက်မပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ချောချောမွေ့မွေ့ ဖတ်ရှုနိုင်အောင် ရေးသားနိုင်ရုံသာမက ဆွဲဆောင်မှုအားလည်းကောင်းပါတယ်။ဒါကြောင့် ဖတ်တဲ့သူ လက်က မချချင်ဘဲ အစကနေ အဆုံးထိကို ဆွဲခေါ်သွားနိုင်တဲ့ ကောင်းမွန်တဲ့ စကားပြေတို့ရဲ့ လက္ခဏာနဲ့လည်း ပြည့်စုံပါတယ်။
ဒါအပြင် ဆရာကြီးဟာ ငယ်စဉ်ကတည်းက အဘိုးဖြစ်သူပြောနေကျ စကားဖြစ်တဲ့ ‘ ယောကျ်ားမှန်ရင် စုံ မှကောင်းတယ်’ ဆိုတဲ့ အတိုင်း အတွေ့အကြုံစုံခြင်းကို သဘောကျသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးဟာ မြင်းစီးသမားကောင်းတစ်ယောက်ဖြစ်ခဲ့တာ၊ လယ်ထွန်သင်ခဲ့ဖူးတာ၊ လယ်ထဲမှာ အလုပ်လုပ် ခဲ့ဖူးတာ၊ အမဲလိုက် လင့်စင်ထိုးပြီး ကျားသစ်ပစ်တာကို လေ့လာခဲ့ဖူးတာ၊ လက်တွေ့ဆင်ပစ်လိုက်သွားတာ၊ ဆေးကုန်သည်လုပ်တာ အပြင် ဈေးဆိုင်ဖွင့်ရောင်းဖူးတာတွေအထိပါ လုပ်ကိုင်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ လောင်းကစားနဲ့ ပတ်သက်တဲ့အရာအချို့ကို စမ်းသပ်လုပ်ကိုင်ခဲ့ဖူးပေမဲ့ အလွန်အကျွံမဖြစ်ခဲ့ဘူးလို့လည်း ပြောပါသေးတယ်။
ဘာသာပြန်စာပေလောကကို ဦးဆောင်နိုင်ခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်းဟာ စာပေကလောင်အစွမ်းနဲ့ များစွာအကျိုးပြုခဲ့ပြီး အသက် ၈၄ နှစ်အရွယ် ၁၉၇၃ ခုနှစ်၊ဩဂုတ်လ (၁၀)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆရာကြီး ရွှေဥဒေါင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့မှာ အထိမ်းအမှတ်စာကြည့်တိုက်နဲ့ ပုံတူကြေးရုပ်ထုကြီး ကို ထုလုပ်ထားရှိခဲ့ပါတယ်။ ဆရာကြီးရဲ့ဘဝတစ်သက် ကြုံကြိုက်ခဲ့တဲ့ အတွေ့အကြုံတွေကို အရင်းပြုပြီး ပြုစုခဲ့တဲ့ စာပေတွေဟာ ယနေ့ထက်တိုင် နှောင်းလူတို့ ရှာဖွေဖတ်ရှုအတုယူနေ ကြရသလို မြန်မာစာပေ တည်ရှိနေသ၍လည်း ရှင်သန်နေမှာ အသေအချာပဲဖြစ်ပါတယ်။