မြန်မာ့သမိုင်းကို လေ့လာတီးခေါက်မိသူတွေကတော့ ‘နရဲစွမ်’ ရဲ့အကြောင်းကို မကြားဖူးရင်တောင်မှ သူ့ရဲ့ နာမည်ကို ရင်းနှီးကောင်း ရင်းနှီးကြမှာပါ။ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးရဲ့ မွေးစားသားတော်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ‘နရဲစွမ်’ ဟာ မြန်မာ့သမိုင်းဇာတ်ကြောင်းတွေမှာပါဝင်ခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ ထိုင်းလူမျိုးဘုရင်တစ်ပါးဖြစ်ပါတယ်။ ဘုရင့်နောင်ရဲ့ မိဖုရားတစ်ပါးဖြစ်သူ “ဆုပန်ကလျာ” ရဲ့ မောင်အရင်းအဖြစ်လည်းတော်စပ်တဲ့ ‘နရဲစွမ်’ ဟာ အယုဒ္ဓယကို မြန်မာတို့ရဲ့ သစ္စာခံအဖြစ်ကနေ လွတ်မြောက်အောင်ကြိုးပမ်းနိုင်ခဲ့သူဖြစ်ပြီး ယနေ့ခတ်ထိုင်းလူမျိုးတို့အတွက်လည်း ရိုသေလေးစားရတဲ့ ပြည့်ရှင်းမင်းတစ်ပါးဖြစ်တာကြောင့် ဒီတစ်ခေါက်တင်ဆက်ပေးသွားမဲ့ “သိပြီးပြီလား” ကဏ္ဍကနေ လက်လှမ်းမှီသမျှ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။
ထိုင်းရာဇဝင်သမိုင်းမှာတော့ ‘နရဲစွမ်’ ကို “အရှင်မဟာနရဲစွမ်” လို့ရေးသားဖော်ပြထားတာတွေ့ရပြီး မြန်မာသမိုင်းမှာတော့ “ဗြနရာဇ်” ဆိုတဲ့နာမည်နဲ့ ပိုမိုလူသိများတာတွေ့ရပါတယ်။ ‘နရဲစွမ်’ ဟာ ၁၈ ရာစု အယုဒ္ဓယပြည်ရဲ့ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး ဆူခိုထိုင်းခေတ် အနေနဲ့ဆိုရင်တော့ ဒုတိယမြောက်မင်းဆက်ဖြစ်ပါတယ်။ ‘နရဲစွမ်’ ကို ခရစ်နှစ် ၁၅၅၅ – ၅၆ ခုနှစ်အတွင်းမှာ ပိဿလောက်မြို့စား မဟာသမ္မရာဇသီရိမင်းနဲ့ မိဖုရားခေါင် ဝိသုကေသထရီ တို့မှမွေးဖွားခဲ့တာဖြစ်ပါတယ်။ မယ်တော် ‘ဝိသုကေသထရီ’ ဟာဆိုရင် အယုဒ္ဓယပြည့်ရှင် ‘မဟာချက္ကရဖတ်’ နဲ့ မိဖုရား ‘ဆူရီယိုထိုင်း’ တို့ရဲ့ သမီးတော်တစ်ပါး ဖြစ်တာကြောင့် ‘နရဲစွမ်’ က ဘုရင် ‘မဟာချက္ကရဖတ်’ ရဲ့ မြေးအဖြစ်တော်စပ်ပါတယ်။ ‘နရဲစွမ်’ မှာ ‘ဆုပန်ကလျာ’ လို့ အမည်တွင်တဲ့ အစ်မတော်တစ်ပါးနဲ့ ‘ဧကထိုစရို’ ဆိုတဲ့ ညီတော်တစ်ပါးရှိပြီး ‘နရဲစွမ်’ ကိုတော့ ‘မင်းသားမဲ’ လို့လည်း ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။
‘နရဲစွမ်’ ရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထိုင်းနဲ့ မြန်မာတို့အကြားမှာရှိခဲ့ဖူးတဲ့ စစ်ပွဲတွေအကြောင်းကိုလည်း မလွဲမသွေဆိုသလိုထည့်သွင်းဖော်ပြရမှာပါ။ ‘နရဲစွမ်’ ရဲ့အဖွားဖြစ်သူ ‘ဆူရီယိုထိုင်း’ ဟာဆိုရင် တောင်ငူဘုရင် တပင်ရွှေထီးရဲ့ ပထမဆုံးထိုးစစ်ကို ရှေ့တန်းထွက်လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်ရာမှာကျဆုံးခဲ့တဲ့ အမျိုးသမီး သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ တပင်ရွှေထီးမင်းတရား နတ်ရွာစံပြီးနောက် ထီးနန်းကို ဘုရင့်နောင်ကျော်ထင်အနော်ရထာက ဆက်ခံပြီးချိန်မှာ ထိုင်းနဲ့ မြန်မာတို့အကြားက စစ်ပွဲတွေဖြစ်ပေါ်ခဲ့ခြင်းရဲ့အကြောင်းအရင်းကတော့ ‘မဟာချက္ကရဖတ်’ ထံမှ ဆင်ဖြူတစ်စီးကို တောင်းရာကနေအစပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း နှောင်းခေတ်ရဲ့ သမိုင်းလေ့လာသူတွေ၊ ပညာရှင်တွေကတော့ ဆင်ဖြူတော်တောင်းခံတဲ့ကိစ္စဟာ အပေါ်ယံပြသနာတစ်ခုသာဖြစ်ပြီး တကယ်တမ်းမှာတော့ ဇင်းမယ် (ချင်းမိုင်) ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ဘုရင့်နောင်ထံ လက်နက်ချပြီးသစ္စာခံမလား၊ (ဒါမှမဟုတ်) ဘုရင့်နောင်နဲ့ စစ်ပြိုင်မလားဆိုပြီး ရွေးချယ်စေခဲ့ခြင်းသာဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်။
အဲဒီလိုနဲ့ ၁၅၆၃- ၆၄ ခုနှစ်အရောက်မှာ ပေါ်တူဂီအမြှောက်တပ်သား အတော်အသင့်ပါဝင်ပြီး ဘုရင့်နောင်ကိုယ်တိုင်ဦးဆောင်တဲ့ တောင်ငူတပ်တွေက အယုဒ္ဓယမြို့ဆီကို ချီတက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမဆုံး အယုဒ္ဓယရဲ့မြို့ကြီးတွေဖြစ်တဲ့ ကမန်ပိုက်နဲ့ ပိဿလောက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ အယုဒ္ဓယမြို့တော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီအခါမှာ စစ်နိုင်သွားခဲ့တဲ့ ဘုရင့်နောင်မင်းတရားကလည်း အယုဒ္ဓယပြည့်ရှင် ‘မဟာချက္ကရဖတ်’ နဲ့ မင်းညီမင်းသားတွေအပါအဝင် အယုဒ္ဓယမှာရှိတဲ့ အနုပညာသည်၊ အတတ်ပညာသည်နဲ့ ဆင်ဖြူတော်အားလုံးကို ဟံသာ၀တီနေပြည်တော်ဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီလိုခေါ်ဆောင်လာခဲ့တဲ့အထဲမှာ ‘နရဲစွမ်’ နဲ့ ‘ဧကထိုစရို’ တို့ ညီနောင်နှစ်ပါးကလည်းပါဝင်ခဲ့ပြီး ‘နရဲစွမ်’ ကတော့ အသက်အရွယ်အားဖြင့် ၉ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။
နန်းကျဘုရင်တစ်ပါးဖြစ်တဲ့ အယုဒ္ဓယပြည့်ရှင် ‘မဟာချက္ကရဖတ်’ ဟာ ဟံသာ၀တီပဲခူးကိုရောက်ရှိပြီး မကြာမီအချိန်အတွင်းမှာပဲ ရဟန်းဝတ်ခဲ့ပြီး ၁၅၆၅ ခုနှစ်မှာတော့ ဘုရားဖူးအဖြစ် အယုဒ္ဓယကိုပြန်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အယုဒ္ဓယပြည်ကိုရောက်ပြီး ခဏအကြာမှာပဲ ဘုရင့်နောင်ကို ပုန်ကန်ခဲ့တာကြောင့် ၁၅၆၆ ခုနှစ် မိုးရာသီအကုန်မှာပဲ ဘုရင့်နောင်မင်းတရားကြီးကိုယ်တိုင် ဦးဆောင်ပြီး အယုဒ္ဓယကို ဒုတိယအကြိမ် စစ်ချီခဲ့ရပြန်ပါတယ်။ ဒီအခါမှာတော့ ‘မဟာချက္ကရဖတ်’ ရဲ့ သားမက်၊ ‘နရဲစွမ်’ ရဲ့ဖခင်ဖြစ်တဲ့ ပိဿလောက်မြို့စား ‘မဟာသမ္မရာဇသီရိ’ က ဘုရင့်နောင်နဲ့ မဟာမိတ်လုပ်ပြီး လက်နက်ချအညံ့ခံခဲ့ပါတယ်။ အကြောင်းအရင်းကတော့ စစ်ကြောင်းချီလာတဲ့ဦးတည်ရာက ပိဿလောက်မြို့ဖြစ်တဲ့အပြင် စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ စစ်ဒဏ်ကြောင့် မြို့သူမြို့သားတွေ ကပ်ဘေးဒုက္ခကြီးမားစွာရောက်ရှိမှာကို စိုးရိမ်ပူပန်တဲ့အတွက်ပါပဲ။
ဒုတိယအကြိမ်ဖြစ်ပေါ်တဲ့ တိုက်ပွဲကတော့ ပြင်းထန်မှုတွေရှိခဲ့သလို အချိန်လည်းအတော်ကြာမြင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ‘မဟာသမ္မရာဇသီရိ’ (ခေါ်) ဗြဓမ္မရာဇာရဲ့ ကူညီပေးမှုကြောင့် အယုဒ္ဓယကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘုရင် ‘မဟာချက္ကရဖတ်’ ဟာလည်း တိုက်ပွဲမှာကျဆုံးခဲ့ပါတယ်။ တချို့သောရာဇဝင်မှတ်တမ်းတွေမှာတော့ အဲဒီအချိန်ကာလတုန်းက အယုဒ္ဓယပြည်ကိုအုပ်စိုးခဲ့သူဟာ ‘မဟာချက္ကရဖတ်’ မဟုတ်ပဲ သားတော် ‘ဗြမဟိန်’ ဖြစ်တယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အယုဒ္ဓယပြည်ကို အုပ်စိုးမဲ့သူမရှိတဲ့အချိန်မှာတော့ ဘုရင့်နောင်မင်းတရားကြီးက ပိဿလောက်မြို့စား ‘မဟာသမ္မရာဇသီရိ’ ကို လက်အောက်ခံဘုရင်အဖြစ် ထားရှိခဲ့ပါတယ်။ ‘မဟာသမ္မရာဇသီရိ’ ကို ဒီလိုမျိုး လက်အောက်ခံဘုရင်အဖြစ် နန်းတင်ရာမှာလည်း ဘုရင့်နောင်ကိုယ်တိုင် ထီးဖြူဆောင်းပေးခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီနေရာမှာ ချွင်းချက်အနေနဲ့ဖော်ပြလိုတာက ဘုရင့်နောင်ဟာ အယုဒ္ဓယကို အဝင်အထွက်ပြုလုပ်နေတဲ့ အဲဒီအချိန်အတွင်းမှာ ထိုင်းလူမျိုးတွေရဲ့ မုန်းတီးခြင်းကိုမရရှိခဲ့ပါဘူး။ အကြောင်းအရင်းကတော့ ဘုရင့်နောင်က အယုဒ္ဓယကို သိမ်းပိုက်ပြီးပေမဲ့ အဲဒီနောက်ပိုင်းမှာ စစ်ပွဲကြောင့် ပြိုယွင်းပျက်စီးခဲ့တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်တွေကို မူလအတိုင်း ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့သလို ပိဋကတ်သုံးပုံကိုလည်း ဘာသာပြန်ကာ အယုဒ္ဓယဆီပို့ပေးခဲ့တဲ့အတွက်ပါ။ ဒါ့အပြင် အလေးအချိန်၊ အတိုင်းအတာအစရှိတဲ့ ကိန်းဂဏန်းပမာဏတွေနဲ့ တရားဥပဒေရေးရာအပိုင်းတို့ကို ဟံသာ၀တီပြည်နဲ့ တစ်သားတည်းဖြစ်အောင် ညှိနှိုင်းသတ်မှတ်ပေးခဲ့ပြီး သစ္စာခံလာသူ အပေါင်းတို့အပေါ်မှာလည်း ကျောသား၊ ရင်သားခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ချီးမြှင့်မြှောက်စားပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အယုဒ္ဓယကို ဒုတိယအကြိမ်အောင်နိုင်ပြီးနောက် ဟံသာ၀တီနေပြည်တော်ကိုပြန်တဲ့အချိန်မှာတော့ ဘုရင့်နောင်မင်းတရားကြီးက စစ်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ အယုဒ္ဓယမှလူတွေ အမြောက်အများကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း အယုဒ္ဓယမှာ အဲဒီအချိန်တုန်းက လူဦးရေ တစ်သောင်းမျှသာကျန်ရှိခဲ့တယ်လို့ အဆိုရှိကြပါတယ်။ ဒီအချိန်ကာလအတွင်းမှာတော့ မင်းသား ‘နရဲစွမ်’ က ဟံသာ၀တီနေပြည်တော်အတွင်းမှာသာရှိနေခဲ့ပါ။ ဒါပေမဲ့ နေထိုင်စဉ်အချိန်အတွင်းမှာတော့ မင်းတရားကြီးက ‘နရဲစွမ်’ ကို မွေးစားသားတော်အဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာလူမျိုးတို့ရဲ့ အကောင်းဆုံးသောစစ်ပညာရပ်တွေကို သင်ကြားစေခဲ့တဲ့အပြင် မြန်မာတော်ဝင်မင်းညီ၊ မင်းသားတို့ တတ်အပ်ထားသင့်တဲ့ အဋ္ဌာရဿပညာတို့ကိုလည်း သင်ယူခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းသား ‘နရဲစွမ်’ ဟာ စစ်ရေးမှာ ကျွမ်းကျင်ရုံသာမကပဲ ဉာဏ်ရည်လည်းမြင့်မားပြီး အထွေထွေဗဟုသုတပိုင်းမှာလည်း အထူးတတ်မြောက်ခဲ့ပါတယ်။
ဘုရင့်နောင်မင်းတရားကြီးဟာ အယုဒ္ဓယကို ဒုတိယအကြိမ်သိမ်းပိုက်ပြီးနောက်မှာတော့ ဟံသာ၀တီလက်အောက်ခံဘုရင်အဖြစ် စေထားခံရတဲ့ ‘မဟာသမ္မရာဇသီရိ’ က သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် သမီးတော်ဖြစ်သူ ‘ဆုပန်ကလျာ’ ကို ဘုရင့်နောင်ထံ ဆက်သခဲ့ပြီး သားတော် ‘နရဲစွမ်’ ကို အယုဒ္ဓယဆီ ပြန်ခွင့်ပြုဖို့ ပန်ကြားခဲ့ပါတယ်။ ဒါကလည်း ‘မဟာသမ္မရာဇသီရိ’ အနေနဲ့ သမီးတော် ‘ဆုပန်ကလျာ’ ကိုဆက်သခြင်းက အလဲအလှယ်အနေနဲ့ ဟံသာ၀တီနေပြည်တော်ကို အသက် ၉ နှစ်အရွယ်ကတည်းက ရောက်ရှိနေတဲ့ သားတော် ‘နရဲစွမ်’ ကို အယုဒ္ဓယထံ ပြန်လည်ခေါ်ဆောင်လိုတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ၁၅၇၀ ခုနှစ်ကို ရောက်ချိန်မှာတော့ ‘နရဲစွမ်’ ဟာ ပြည်တော်ပြန်ခွင့်ရခဲ့ပြီး အဲဒီအချိန်မှာတော့ ‘နရဲစွမ်’ ရဲ့ အသက်က ၁၅ နှစ်အရွယ်ကို ရောက်ရှိလို့ နေပါပြီ။ ဟံသာ၀တီနေပြည်တော်မှာ ၆ နှစ်ကြာမျှနေထိုင်ခဲ့ရတဲ့ ‘နရဲစွမ်’ က မြန်မာစကားနဲ့ မွန်စကားတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး မြန်မာလူမျိုးတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်ဓလေ့တို့ကိုလည်း အကဲခတ်နိုင်သူဖြစ်ပါတယ်။ အယုဒ္ဓယကို ‘နရဲစွမ်’ ပြန်လည်ရောက်ရှိချိန်မှာတော့ သူဟာ အိမ်ရှေ့မင်းအဖြစ်ခန့်အပ်ခံရပြီး ပိဿလောက်မြို့ကို အပိုင်စားရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ခမည်းတော်တို့နဲ့ပူးပေါင်းပြီး လင်းဇင်းမြို့တော် ဗီယက်ချင်းကို သိမ်းပိုက်ဖို့အတွက် ကြိုးစားခဲ့ပေမဲ့လည်း ကျောက်ရောဂါဖြစ်ပေါ်နေတာကြောင့် တပ်ခေါက်ပြန်ခဲ့ရပါတယ်။
ခရစ်နှစ် ၁၅၈၁ ခုနှစ်မှာတော့ ဘုရင့်နောင်ကွယ်လွန်သွားခဲ့တာကြောင့် သားတော် နန္ဒဘုရင်က နန်းတက်လာခဲ့ပါတယ်။ ဒါကြောင့် နန္ဒဘုရင်ရဲ့ နန်းတက်ပွဲကို “နရဲစွမ်” ကလည်း လက်ဆောင်ပစ္စည်းတွေနဲ့ တက်ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ နန္ဒဘုရင်နဲ့ အင်း၀ဘုရင် သတိုးမင်းစောတို့က သားရေးသမီးရေးကိစ္စကိုအကြောင်းပြုလို့ စစ်ဖြစ်တာကြောင့် နန္ဒဘုရင်ကလည်း ဟံသာ၀တီရဲ့ လက်အောက်ခံဘုရင်တွေဖြစ်တဲ့ ပြည်၊ ဇင်းမယ်၊ ဗီယက်ကျင်းနဲ့ အယုဒ္ဓယတို့ကို စစ်ကူခေါ်ခဲ့ပါတယ်။ ဒါကြောင့် ၁၅၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ စစ်ကူအဖြစ်ဆင့်ခေါ်ခံထားရတဲ့ အယုဒ္ဓယဘုရင် ‘နရဲစွမ်’ က တပ်အင်အားအပြည့်နဲ့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နရဲစွမ် ရောက်ရှိလာတဲ့အချိန်မှာ နန္ဒဘုရင်က အင်း၀ဆီကို စစ်ချီထွက်သွားပြီဖြစ်တာကြောင့် နရဲစွမ်ကလည်း သူ့ရဲ့ လူသူလက်နက်အင်အားအပြည့်နဲ့ ဟံသာ၀တီနေပြည်တော်အနီးမှာသာ ခြံရံနေခဲ့ပါတယ်။
ဒီအခါမှာ နန္ဒဘုရင်ရဲ့ သားတော် အိမ်ရှေ့စံမင်းကလည်း အင်အားအပြည့်နဲ့ နရဲစွမ်တို့ကို ပြန်လည်စောင့်ကြည့်နေခဲ့ပါတယ်။ ထိုင်းလူမျိုးတို့ရဲ့ ရာဇဝင်သမိုင်းမှာတော့ နန္ဒဘုရင်အနေနဲ့ အခုလိုမျိုး အိမ်ရှေ့စံကိုစောင့်ကြပ်စေဖို့ အမိန့်ပေးခဲ့တာဟာ နရဲစွမ်ရဲ့ စစ်အင်အားအပေါ်မှာ စိုးရိမ်စိတ်ရှိတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ နန္ဒဘုရင်က အင်း၀ကို စစ်ချီအောင်နိုင်ပြီး ပြန်လာချိန်မှာတော့ နရဲစွမ်ကလည်း ဟံသာ၀တီနေပြည်တော်မှာရှိတဲ့ ထိုင်းလူမျိုးစစ်သုံ့ပန်းတွေကိုခေါ်ဆောင်ပြီး အယုဒ္ဓယကို ပြန်သွားခဲ့ပါပြီ။ ဒီအခါမှာ ဟံသာ၀တီနဲ့ အယုဒ္ဓယတို့ရဲ့ စစ်ပွဲတွေ ပြန်လည်စတင်လာခဲ့ပြီး အဲဒီအချိန်မှာဆိုရင် ‘ဆုပန်ကလျာ’ က ဘုရင့်နောင်နဲ့ရရှိတဲ့ ဒုတိယကိုယ်ဝန်အရင့်အမာနဲ့ဖြစ်တယ်လို့ သိရပါတယ်။ နရဲစွမ်တစ်ယောက် ထိုင်းလူမျိုးတွေကိုခေါ်ဆောင်ပြီး အယုဒ္ဓယကိုပြန်သွားတဲ့ သတင်းကိုကြားချိန်မှာတော့ နန္ဒဘုရင်က သားတော် မင်းကြီးစွာကို နရဲစွမ်ရဲ့အနောက်ကိုလိုက်စေခဲ့ပြီး စစ်တောင်းမြစ်အရောက်မှာ နရဲစွမ်တို့ကို မှီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာပဲ မင်းကြီးစွာနဲ့အတူ လိုက်ပါလာတဲ့ စူရကမ္မက နရဲစွမ် ပစ်ခွင်းလိုက်တဲ့ သေနတ်မှန်ပြီးသေဆုံးခဲ့တာကြောင့် မင်းကြီးစွာလည်း တပ်ပြန်ဆုတ်ခဲ့ရပါတယ်။
၁၅၈၄ ခုနှစ်မှာတော့ နရဲစွမ်က တောင်ငူအင်ပါယာကို တိုက်ခိုက်နိုင်ဖို့အတွက် မြောက်ပိုင်းပြည်နယ်တွေမှာရှိနေတဲ့ ထိုင်းလူမျိုးတွေကို စည်းရုံးပြီး အယုဒ္ဓယမြို့တော်မှာ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ နန္ဒဘုရင်ကလည်း နောက်ထပ်တပ်နှစ်ခုကို စေလွှတ်ခဲ့ပြန်ပါတယ်။ အဲဒီတပ်တွေကတော့ ပုသိမ်ဘုရင်ရဲ့ တပ်နဲ့ ဇင်းမယ်ဘုရင် နော်ရထာစောတို့ရဲ့ တပ်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒီတပ်နှစ်ခုစလုံးကလည်း အရေးနိမ့်ပြီး တပ်အင်အားကိုပြန်လည်မစုစည်းနိုင်တာကြောင့် တပ်ခေါက်ပြန်ခဲ့ရပြန်ပါတယ်။ ၁၅၈၆ ခုနှစ်မှာတော့ နရဲစွမ်က ဇင်းမယ်ဘုရင်ကို ဖမွတ်နဲ့ ဘန့်ကဲအို အနီးတစ်ဝိုက်မှာ အနိုင်ရရှိခဲ့ပြီး စစ်သည်အင်အား ၁၀၀၀၀၊ ဆင်အကောင်ရေ ၁၂၀၊ မြင်းအကောင်ရေ ၁၀၀၊ လှေအစီးရေ ၄၀၀ တို့နဲ့အတူ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ စားနပ်ရိက္ခာများစွာ တို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာလအတွင်းမှာပဲ နန္ဒဘုရင်ကိုယ်တိုင်ဦးဆောင်ပြီး အယုဒ္ဓယကိုစစ်ချီသွားကာ မြို့ကို ၅ လအကြာမျှ ဝန်းရံထားနိုင်ခဲ့ပေမဲ့ နရဲစွမ်ရဲ့ ကြံ့ကြံ့ခံမှုကြောင့် မြို့ကိုသိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း နန္ဒဘုရင်ဟာ တပ်ခေါက်ပြန်ခဲ့ရပါတယ်။
၁၅၉၀ ခုနှစ်၊ ဇူလိုင်လမှာတော့ နရဲစွမ်ဟာ အယုဒ္ဓယပြည်ရဲ့ ထီးဆောင်းပြည့်ရှင်မင်းဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် လပိုင်းအကြာမှာ နန္ဒဘုရင်က အယုဒ္ဓယကိုသိမ်းပိုက်ဖို့အတွက် သူ့ရဲ့သားတော်ကို အမိန့်ပေးစေခိုင်းခဲ့တာကြောင့် မင်းကြီးစွာက တောင်ငူဘုရင်ရဲ့ သားတော် နတ်သျှင်နောင်နဲ့ ပြည်ဘုရင်တို့ရဲ့ တပ်တွေကိုစုပေါင်းပြီး တပ်မ ၃ ခု ဖွဲ့စည်းခဲ့ပါတယ်။ ဒီအချိန်မှာ နရဲစွမ်က ကမ္ဘောဒီးယားကို တိုက်ခိုက်ဖို့အတွက် စီစဉ်ထားတာဖြစ်တဲ့အတွက် ဟံသာ၀တီတပ်တွေချီတက်လာတဲ့ သတင်းကိုကြားတဲ့အခါမှာ သူ့ရဲ့အစီအစဉ်ကိုပြောင်းလဲပြီး ထာခွိုင်မြစ်အနီးရှိ နောင်စရိုင်မှာ စခန်းချနေခဲ့ပါတယ်။ ဟံသာ၀တီတပ်တွေကို တိုက်ခိုက်ဖို့အတွက် နရဲစွမ် ကြံစည်ထားတဲ့ စစ်ပရိယာယ်ကတော့ ဟံသာ၀တီတပ်တွေကိုမျှားပြီး ဖရိုဖရဲဖြစ်အောင်ပြုလုပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်တဲ့ ၁၅၉၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာတော့ နရဲစွမ်က “ချောင်ဖရားချိုင်ယာနဖတ်ဆင်” လို့အမည်ရှိတဲ့ဆင်နဲ့ ညီတော် ဧကထို့စရို့က “ချောင်ဖရားဖရတ်တရိုင်ချက်” ဆိုတဲ့ဆင်တို့ကိုစီးနင်းကာ အသေခံစစ်သူရဲအနည်းငယ်ကိုခေါ်ဆောင်ပြီး ဟံသာ၀တီတပ်တွေကိုဝင်တိုက်ပါတော့တယ်။
အလားတူ မင်းကြီးစွာဘက်ကလည်း ဆင်နဲ့ပြန်ပြီး စီးချင်းတိုက်တော်မူခဲ့ကာ အဆိုပါထိပ်တိုက်တွေ့ပွဲဟာဆိုရင် ထိုင်းလူမျိုးတို့ရဲ့ ရာဇဝင်မှာ “ဆင်စီးချင်းထိုးပွဲ” (สงครามยุทธหัตถี Songkram Yuddhahatthi) လို့တောင်မှ အမွှမ်းတင်ထားခဲ့တဲ့ သမိုင်းဆိုင်ရာဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ယင်းတိုက်ပွဲမှာ နရဲစွမ်ရဲ့ခေါင်းပေါ်မှ ဦးဆောင်းတော်က မင်းကြီးစွာ ခုတ်လိုက်တဲ့ ဓားချက်ကြောင့်ပျက်ကျခဲ့ပေမဲ့ မင်းကြီးစွာကို နရဲစွမ်က သူ ကိုင်ဆောင်ထားတဲ့ ငေါင်းနဲ့ပြန်ခုတ်လိုက်တာကြောင့် မင်းကြီးစွာလည်း ကျဆုံးခဲ့ရပါတယ်။ နရဲစွမ်ရဲ့ ညီတော် မင်းသား ဧကထို့စရို့ကလည်း မင်းချာရိုအကြီးအကဲကိုသတ်နိုင်ခဲ့ပြီး အဲဒီအချိန်မှာတော့ အယုဒ္ဓယတပ်တွေက ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ဟံသာ၀တီတပ်တွေကလည်း တပ်ပြန်ဆုတ်ခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ အယုဒ္ဓယနဲ့ ဟံသာ၀တီတို့ရဲ့ စစ်ပွဲက ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ အပြီးတိုင်ရပ်ဆိုင်းခဲ့ခြင်းမဟုတ်ဘဲ ၁၅၉၈ ခုနှစ်မှာ တစ်ဖန် ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ဒီတစ်ခါမှာတော့ တောင်ငူဘုရင်နဲ့ ရခိုင်ဘုရင်တို့ကပူးပေါင်းပြီး ဟံသာ၀တီကိုတိုက်ခိုက်ရာကနေ စတင်ခဲ့တာပါ။ ဒီအချင်းအရာဇာတ်ကြောင်းကို ပြောပြရမယ်ဆိုရင်တော့ နန္ဒဘုရင်အကြောင်းကို သိရှိထားဖို့လိုအပ်ပါတယ်။ နန္ဒဘုရင်ဟာ ဟံသာ၀တီထီးနန်းကို ၁၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပေမဲ့လည်း အရည်အချင်းညံ့ဖျင်းတဲ့မင်းတစ်ပါးဖြစ်သလို မယုံသင်္ကာစိတ်လည်း အင်မတန်များတဲ့သူပါ။ ဒါကြောင့် ဆွေတော်မျိုးတော်အချင်းချင်းတောင်မှ သင့်မြတ်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် နန်းစံတဲ့ကာလအတွင်းမှာလည်း အယုဒ္ဓယကို အကြိမ်ကြိမ်အခါခါစစ်ချီခဲ့ရာမှာ အောင်မြင်မှုမရရှိခဲ့တာကြောင့် လက်အောက်ခံဘုရင်တွေရဲ့ ပုန်ကန်ခြားနားမှုကိုရရှိခဲ့ပါတယ်။ ဒီလိုပုန်ကန်ခြားနားမှုတွေကြားထဲကမှ နန္ဒဘုရင်အတွက် အဆိုးဝါးဆုံးဖြစ်ခဲ့တာကတော့ တောင်ငူတပ်နဲ့ ရခိုင်တပ်တို့ ပူးပေါင်းခဲ့ကြတာပါပဲ။ အဲဒီလိုပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ တပ်နှစ်တပ်ဆီကို နဂိုကတည်းက စိတ်ဝမ်းကွဲနေကြတဲ့ ဆွေတော်မျိုးတော်တွေက ပူးပေါင်းလိုက်တဲ့အခါမှာတော့ နန္ဒဘုရင်ရဲ့ အင်အားဟာ အလွန်အားနည်းယုတ်လျော့သွားခဲ့ပါတော့တယ်။ ဒါကြောင့်လည်း နန္ဒဘုရင်ဟာ တောင်ငူဘုရင်ထံမှာ အညံ့ခံလက်နက်ချခဲ့ရပြီး ဒီသတင်းအကြောင်းကို နရဲစွမ် ကြားသိရချိန်မှာတော့ အခွင့်ကောင်းယူကာ ဟံသာ၀တီကို စစ်အင်အားအများအပြားနဲ့ ချီတက်လာခဲ့ပါတယ်။ ချီတက်လာရတဲ့ အကြောင်းအရင်းကတော့ တောင်ငူဘုရင်ရဲ့ လက်ထဲကို ရောက်ရှိနေတဲ့ နန္ဒဘုရင်ကို ထီးနန်းပြန်အပ်စေလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
နရဲစွမ် ချီတက်လာကြောင်းကို ကြားသိလိုက်ရချိန်မှာတော့ တောင်ငူဘုရင်က နရဲစွမ်ကို ဟံသာ၀တီထက်စာရင် တောင်ငူတပ်က တွန်းလှန်တိုက်ခိုက်နိုင်မယ်လို့ ယူဆတာကြောင့် ဟံသာ၀တီမှာရှိတဲ့ လူသူ၊ လက်နက်အင်အားအလုံးစုံတို့ကို တောင်ငူဆီ ပြောင်းရွှေ့ဖို့သဘောတူခဲ့ပြီး ဟံသာ၀တီရွှေနန်းတော်ကြီးမှာတော့ ရခိုင်တပ်တွေကို နန်းစောင့်အဖြစ်နဲ့ ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ဘုရင်ကလည်း နရဲစွမ်ရဲ့ စစ်အင်အားက ကြီးမားလွန်းတာကိုသိရှိတာကြောင့် ဟံသာ၀တီမှာရှိသမျှ အရာအားလုံးကို ရခိုင်ဆီပို့ဆောင်ပြောင်းရွှေ့လိုက်ပါတယ်။ ဒါ့အပြင် ဘုရင့်နောင်မင်းတရားကြီးလက်ထက်ကာလတုန်းက အလွန်ခမ်းနားထည်ဝါပြီး မြင်သူအားကျရလောက်တဲ့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးကို မီးလောင်တိုက်သွင်းဖျက်စီးကာ နရဲစွမ်နဲ့လည်း ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိခဲ့ပါဘူး။ နရဲစွမ် ဟံသာ၀တီကိုရောက်ရှိလာချိန်မှာတော့ ဟံသာ၀တီတစ်ခုလုံးက မီးပြာပုံထဲကိုရောက်ရှိလို့နေပါပြီ။ ဒါကြောင့် နရဲစွမ်က တောင်ငူကို ဆက်လက်ချီတက်လာခဲ့ပြီး တောင်ငူဆီရောက်ရှိချိန်မှာတော့ မြို့ကိုဝိုင်းကာ နန္ဒဘုရင်ကို လက်လွှဲပြောင်းဖို့ တောင်းယူခဲ့ပါတယ်။ တောင်ငူဘုရင်ကလည်း နရဲစွမ်ရဲ့ တောင်းဆိုချက်ကို လက်မခံတာကြောင့် တောင်ငူနဲ့ နရဲစွမ်ရဲ့ တပ်တို့အကြား စစ်ပွဲဖြစ်ပေါ်လာခဲ့ပြီး နရဲစွမ်ဟာ တောင်ငူ ကျုံးရေတွေကို ခမ်းခြောက်အောင်လည်း ကြံစည်အပေါက်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ငူတပ်တွေကလည်း နရဲစွမ်ရဲ့ အယုဒ္ဓယတပ်တွေကို ရှိသမျှခွန်အားနဲ့ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တစ်လအကြာမှာတော့ နရဲစွမ်တို့ရဲ့ ရိက္ခာတပ်တွေက ရခိုင်တပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြတ်တောက်သွားခဲ့ပါတော့တယ်။ ဒါကြောင့် နရဲစွမ်က အယုဒ္ဓယကို ပြန်လည်တပ်ခေါက်သွားခဲ့ပြီး ဒီလိုပြန်သွားတဲ့အချိန်မှာတော့ မုတ္တမနဲ့ ထားဝယ်တို့ကို အယုဒ္ဓယရဲ့လက်အောက်ခံတွေ အဖြစ်ထားရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရာဇဝင်တွေမှာတော့ နရဲစွမ်ဟာ ဟံသာ၀တီကိုစစ်ချီတိုက်ပြီး အောင်နိုင်ခဲ့တယ်လို့ မှတ်တမ်းရေးထိုးထားပေမဲ့ မြန်မာရာဇဝင်နဲ့ ယှဉ်တွဲကောက်ချက်ချကြည့်မယ်ဆိုရင်တော့ နရဲစွမ် ဟံသာ၀တီကိုရောက်ချိန်မှာ ဟံသာ၀တီနေပြည်တော်က ရခိုင်ဘုရင်ရဲ့ လက်ချက်ကြောင့် မီးလောင်ပြီးနေပါပြီ။ ဒါကြောင့် လူသူမရှိတော့တဲ့ ဟံသာ၀တီဟာ နရဲစွမ်ရဲ့လက်ချက်ကြောင့် ပျက်စီးခဲ့တာ မဟုတ်ပါဘူး။ ဒါ့အပြင် တောင်ငူတပ်တွေနဲ့ တိုက်ခိုက်ရာမှာလည်း အရေးနိမ့်ခဲ့တာကြောင့် မြန်မာ့မြေထဲမှာတော့ နရဲစွမ်ဟာ အောင်မြင်မှုမရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ နရဲစွမ်ဟာ အယုဒ္ဓယပြည်ကို ဟံသာ၀တီရဲ့ လက်အောက်ကနေလွတ်မြောက်ဖို့အတွက် ကြိုးပမ်းခဲ့ပေမဲ့လည်း သူ နတ်ရွာခဲ့တဲ့နေရာကတော့ မြန်မာပြည်တွင်းမှာပဲဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ပုံကတော့ ရှမ်းစော်ဘွားတွေကို လိုက်လံဖမ်းဆီး တိုက်ခိုက်ရာကနေ ကျောကုန်းမှာ အနာပဆုပ်ပေါက်တဲ့အတွက် မြန်မာ့တောတွင်း တစ်နေရာမှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ နရဲစွမ်ရဲ့ အသက်ဟာ ၄၉ နှစ်အရွယ်ရှိလို့နေပြီဖြစ်ပါတယ်။
နရဲစွမ်ဟာ ပထမအကြိမ် ဟံသာ၀တီပဲခူးကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တုန်းက ဘုရင့်နောင်လက်ထက်တုန်းကဖမ်းဆီးခဲ့ထားခဲ့တဲ့ ထိုင်းလူမျိုးတွေအားလုံးနီးပါးကို လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့သလို ဟံသာ၀တီဘက်မှ တိုက်စစ်မှူးကိုလည်း သူကိုယ်တိုင် တူတီးသေနတ်နဲ့ပစ်သတ်နိုင်ခဲ့တာကြောင့် အဆိုပါ တူမီးသေနတ်ကို ထိုင်းအမျိုးသားပြတိုက်မှာ ယခုအထိသိမ်းဆည်းထားပါတယ်။ ဒါတင်မကသေးဘဲ မင်းကြီးစွာနဲ့ ဆင်ချင်းစီးထိုးခဲ့တဲ့တိုက်ပွဲမှာ နရဲစွမ် ကိုင်ဆောင်ခဲ့တဲ့ ငေါင်းလက်နက်ကိုတော့ ထိုင်းလူမျိုးတို့က “ဟံသာ၀တီကိုနိုင်သည့် ချောင်ဖာရာ့” လို့အမည်ပေးထားကြပြီး ငေါင်းဆိုတာကတော့ တစ်ဖက်မှာ ဓားသွားပါရှိကာ တခြားတစ်ဖက်မှာတော့ ဆွဲစရာဓားမောက်ချွန်ပါရှိတဲ့ လှံလိုမျိုးဓားတစ်ချောင်းဖြစ်ပါတယ်။ မင်းကြီးစွာရဲ့ လက်ချက်ကြောင့် ပျက်စီးသွားတဲ့ ဦးဆောင်းတော်ကိုတော့ “စစ်သည်တသိန်းအား အနိုင်ယူသည့် ချောင်ဖရာ့” လို့ အမည်တွင်စေပြီး ယင်းဦးဆောင်းတော်ကိုလည်း ယနေ့အထိသိမ်းဆည်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ 
YouTube
: https://www.youtube.com/@zlann_podcast
Podcast
https://podcasters.spotify.com/pod/show/z-lann
Facebook Group
https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #ChengDu
#ZLann #ZLann_Podcast #နရဲစွမ် #Naresuan