မြန်မာ့ရာဇဝင်သမိုင်းထဲက ထင်ရှားကျော်ကြားခဲ့တဲ့ မိဖုရားတွေထဲမှာဆိုရင်တော့ မင်းတုန်းမင်းကြီးရဲ့ အချစ်ဆုံးမိဖုရားလည်းဖြစ်၊ မိဖုရားခေါင်ကြီးလည်းဖြစ်တဲ့ စကြာဒေဝီ မိဖုရားကြီးကလည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ စကြာဒေဝီ မိဖုရားခေါင်ကြီးဟာ တခြားသောကုန်းဘောင်ခေတ်မိဖုရားတွေနဲ့ ကွဲပြားစွာ ဘုရင်မင်းမြတ်ကို ဦးဆောင်လမ်းပြပြုနိုင်ပြီး တိုင်းပြည်အကျိုးကိုလည်း ရှေးရှုဆောင်ရွက်ခဲ့တဲ့ ထူးချွန်ထက်မြက်သူ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သမိုင်းမှတ်တမ်းတွေထဲမှာဆိုရင် သူမရဲ့ နာမည်ဂုဏ်ပုဒ်က ကောင်းမွန်စွာကျန်ရစ်ခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဇာတ်လမ်း Z-Lann ရဲ့ ‘သိပြီးပြီလား’ ကဏ္ဍကနေ ဒီတစ်ခါမှာတော့ စကြာဒေဝီ မိဖုရားခေါင်ကြီးအကြောင်းကို ဗဟုသုတရဖွယ်အဖြစ် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
စကြာဒေဝီကို သာယာ၀တီမင်းနဲ့ ကျပင်းမိဖုရားခေါင်ကြီးတို့မှ ၁၈၁၃ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး သူမရဲ့ အစ်ကိုတော်ကတော့ ကုန်းဘောင်မင်းဆက်ရဲ့ န၀မမြောက်မင်းဖြစ်သူ ‘ပုဂံမင်း’ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေမှာတော့ သူမရဲ့နာမည်ကို “စကြာဒေဝီ” လို့သာဖော်ပြမှုများပေမဲ့ ဘွဲ့အမည်အရင်းကတော့ ” သီရိပဝရ အတုလတိလောက မဟာရာဇိန္ဒာ အဓိပတိ ရတနာဒေဝီ ” ဖြစ်ပါတယ်။ မိဖုရားကြီးဟာ ငယ်စဉ်ကလေးဘ၀ကတည်းက စာပေပညာကိုဝါသနာပါပြီး ဗေဒင်နက္ခတ်ပညာကိုလည်း အထူးကျွမ်းကျင်တတ်မြောက်ခဲ့တာကြောင့် သူမရဲ့ နာမည်ကို ‘စကြာဒေဝီ’ လို့အမည်တွင်ခဲ့တာဖြစ်နိုင်တယ်လို့ လူအများက လက်ခံကောက်ချက်ချထားကြပါတယ်။
မိဖုရားကြီးရဲ့ ကိုယ်နေဟန်ထားအသွင်အပြင်ကတော့ ကိုယ်လုံးကိုယ်ထည်တောင့်တင်းလှပပြီး အသားညိုကာ မျက်လုံးမျက်ဖန်တွေကလည်း အလွန်လှပတယ်လို့ သိရပါတယ်။ မဟာဆီမဟာသွေးစစ်စစ်ဖြစ်တဲ့ သူမဟာ ဒီလိုမျိုးအလှတရားတွေနဲ့ ပြည့်နှက်နေတာကြောင့်လည်း ခမည်းတော် သာယာ၀တီမင်း (ခေါ်) ရွှေဘိုမင်း လက်ထက်ကတည်းက တစ်ပင်တိုင်နန်းဆောင်မှာ ပင်တိုင်စံမင်းသမီးတစ်ပါးအဖြစ် သီးသန့်စံမြန်းနေထိုင်ခွင့်ရခဲ့ပါတယ်။ “တစ်ပင်တိုင်မင်းသမီး” ဆိုတာကတော့ ရုပ်ရည်၊ အရပ်အမောင်း၊ ပညာ၊ စိတ်နေစိတ်ထားနဲ့ မျိုးရိုးတို့မှာ ပြိုင်ဘက်ကင်းပြီး နောင်တစ်ချိန်မှာ မိဖုရားခေါင်ကြီးဖြစ်လာမဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် စကြာဒေဝီ ဟာ စိတ်သဘောထား ပြည့်၀ပြီး အရာရာကိုအကောင်းမြင်စိတ်ရှိတဲ့သူဖြစ်တဲ့အလျောက် ရာဇဝတ်သင့်နေတဲ့ အပြစ်သားကို သေဘေးမှလွတ်မြောက်အောင် ကယ်ထုတ်ပေးနိုင်တဲ့ ဇီဝိတဒါနဆုကိုလည်း ခမည်းတော်လက်ထက်ကနေ မင်းတုန်းမင်းလက်ထက်အချိန်ထိ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘကြီးတော်၊ မြ၀တီမင်းကြီးဦးစ၊ ဆင်ဖြူမရှင်၊ ယောအတွင်းဝန် ဦးဘိုးလှိုင်နဲ့ လှိုင်ထိပ်ခေါင်တင်တို့အပါအဝင် လူ (၁၅) ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုကယ်တင်ခဲ့တဲ့အထဲမှာ ယောအတွင်းဝန် ဦးဘိုးလှိုင်ကို ကယ်တင်ခဲ့မှုကတော့ တိုင်းပြည်အတွက် အကျိုးများစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ခမည်းတော် သာယာ၀တီမင်းက နောင်တော် ဘကြီးတော်ကို ကွပ်မျက်ခါနီးအချိန်မှာလည်း “အဖနှင့်တူသော နောင်တော်ကိုသတ်လျှင် ပိတုဃာတကံကြီးထိုက်ကာ အဇာသသတ်ကဲ့သို့ ရာဇဝင်ရိုင်းဖွယ်ရှိသည်” လို့တားမြစ်ခဲ့တာကြောင့် ဦးရီးတော်ဖြစ်သူ ဘကြီးတော်ကို သေမင်းခံတွင်း၀ကနေ ကယ်ထုတ်နိုင်ခဲ့ပြန်ပါတယ်။ စကြာဒေဝီ ဟာ နန်းမတော်မယ်နုနဲ့ ညောင်ရမ်းမင်းသား (စကြာမင်း) တို့ကိုလည်း သေဒဏ်ပေးခံရမဲ့ဘေးကနေ ကယ်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ ပြစ်မှုက နိုင်ငံတော်ပုန်ကန်မှုဖြစ်တာကြောင့် မကယ်တင်နိုင်ခဲ့ပါဘူး။ ဒီနေရာမှာထပ်လောင်းဖော်ပြချင်တဲ့တစ်ချက်က ညောင်ရမ်းမင်းသားဟာ ရေချကွပ်မျက်ခံရပေမဲ့လည်း ပထမံဘိုးဘိုးအောင်က ကယ်တင်ခဲ့တာကြောင့် အသက်ချမ်းသာရာ ရရှိခဲ့ပါတယ်။
ဉာဏ်ပညာတွေးခေါ်မှုပိုင်းမှာ ထူးချွန်ထက်မြက်လွန်းတဲ့ စကြာဒေဝီဟာဆိုရင် ခမည်းတော် သာယာ၀တီမင်းလက်ထက်ကတည်းက နန်းတွင်းရေးရာကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်ပြီး ဦးရီးတော် ဘကြီးတော်ထံမှ ထီးနန်းကို ခမည်းတော်ရရှိဖို့အတွက်ကိုလည်း အကြံဉာဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ၁၈၄၀ ခုနှစ်မှာတော့ သာယာ၀တီမင်းဟာ အင်း၀ရွှေနန်းတော်ကနေ အမရပူရကို ပြောင်းရွှေ့ကာ မြို့သစ်တည်ခဲ့ပါတယ်။ ဒီအခါမှာတော့ ရာဇဘိသေကမုဒ္ဓါဘိသိက်ခံအခမ်းအနားကို ဗေဒင်နက္ခတ်ကျွမ်းကျင်တဲ့ သမီးတော် စကြာဒေဝီ အခါတော်ပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ စကြာဒေဝီ မိဖုရားကြီးဟာ ဉာဏ်ပညာမှာတင် ပြည့်စုံရုံသာမက စိတ်သဘောလည်းဖြောင့်မတ်စင်ကြယ်ပြီး သီလ၊ သမာဓိတို့ရှိသူဖြစ်ပါတယ်။ ပါဠိ ၊ သက္ကတ နဲ့ နာဂရီစာပေတို့ကို လေ့လာလိုက်စားခဲ့သလို အဘိုးလေးတော်သူ သိပ္ပံပညာရှင် မက္ခရာမင်းသားကြီးထံမှလည်း အဂ်လိပ် ၊ ပြင်သစ်ဘာသာစကားတို့ကို သင်ယူလေ့လာခဲ့ပါသေးတယ်။ ဒါကြောင့်လည်း နိုင်ငံရပ်ခြားမှလာရောက်တဲ့ သံတမန်တွေအကြားမှာဆိုရင် သူမဟာ ပညာတတ်အမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး အဝေးကြည့်မှန်ပြောင်း၊ နက္ခတ္တဗေဒကျမ်းနဲ့ ပထဝီဆိုင်ရာမြေပုံတွေ၊ စာအုပ်တွေလည်း ဆက်သခံခဲ့ရပါတယ်။
ခမည်းတော် သာယာ၀တီမင်း လွန်ပြီးနောက် အစ်ကိုတော် ပုဂံမင်းနန်းတက်ချိန်မှာလည်း စကြာဒေဝီဟာ အရေးပါ၊ အရာရောက်တဲ့ တော်ဝင်မင်းသမီးတစ်ပါးအဖြစ် နန်းတော်အတွင်းမှာ ဆက်လက်နေထိုင်စံမြန်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ပုဂံမင်းက တိုင်းရေးပြည်ရေးကိုလျစ်လျူရှုပြီး ကြက်ပွဲ၊ လက်ဝှေ့ပွဲတွေမှာပျော်မွေ့ပြီး ထန်းရည်သောက်၊ အပျော်အပါးလိုက်စားခြင်းတွေကိုသာ ခုံမင်နေခဲ့တာကြောင့် တိုင်းပြည်အခြေအနေကလည်း တစ်နေ့တခြားယိမ်းယိုင်လာခဲ့ပါတယ်။ ဒီအခြေအနေကို အင်္ဂလိပ်တို့က အခွင့်ကောင်းယူပြီး ဒုတိယအကြိမ်ကျူးကျော်လာခဲ့တာကြောင့် မြန်မာပြည်ရဲ့ ၃ ပုံ ၂ ပုံဟာ အင်္ဂလိပ်တို့လက်ထဲကျရောက်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ မင်းတုန်းမင်းသားနဲ့ စကြာဒေဝီတို့ဟာ မေတ္တာမျှလို့နေကြပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်းတုန်းမင်းသားက တိုင်းပြည်အတွက်လိုအပ်တဲ့အကြံပေးချက်တွေကို စကြာဒေဝီထံ သွားရောက်တောင်းခံခဲ့ပါတယ်။ စကြာဒေဝီကလည်း ပုဂံမင်းရဲ့ နန်းသက်ဟာ အဆက်ပြတ်နေပြီဖြစ်ကြောင်းကို ဗေဒင်ပညာနဲ့တွက်ချက်မိတာကြောင့် မင်းတုန်းမင်းသားတို့အနေနဲ့ ရွှေဘိုဆီကို ထွက်ကာ အောင်မြေနင်းပြီးကြံလျှင် အနိုင်ရနိုင်ကြောင်းကို လမ်းညွှန်ပေးခဲ့ပါတယ်။
ဒီအရေးတော်ပုံကာလမှာ ယောအတွင်းဝန် ဦးဘိုးလှိုင်ကလည်း မိမိ အလွန်လေးစားရတဲ့ မွေးစားမိခင် စကြာဒေဝီရဲ့ တိုက်တွန်းချက် အတိုင်း သင်္ကန်းဝတ်နေရာမှာ လူထွက်ပြီး ကနောင်မင်းသားနဲ့ မင်းတုန်းမင်းသားတို့ဘက်မှ ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈၅၃ ခုနှစ် ဇွန်လမှာတော့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ဟာ အမရပူရရွှေမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အရည်အချင်းညံ့ဖျင်းတဲ့ ပုဂံမင်းကို နန်းချပစ်ခဲ့ကြပါတယ်။ ပုဂံမင်း နန်းကျပြီးနောက်မှာတော့ မင်းတုန်းမင်းသားက “သိရီပဝရ ဝိဇယာနန္တယသ ပဏ္ဍိတ တြိဘဝနာဒိတျ မဟာဓမ္မရာဇာဓိရာဇာ” ဆိုတဲ့ ဘွဲ့နာမည်နဲ့ ထီးနန်းဆက်ခံခဲ့ပြီး ချစ်ရတဲ့ စကြာဒေဝီကိုလည်း ရွှေဘိုမြို့ဆီခေါ်ဆောင်ကာ တောင်ညာစံ အဂ္ဂမဟေသီအဖြစ် တင်မြောက်ခဲ့ပါတယ်။ စကြာဒေဝီဟာ မင်းတုန်းမင်းထက် အသက် ၂ နှစ်မျှ ပိုကြီးသူဖြစ်တာကြောင့် မင်းတုန်းမင်းက စကြာဒေဝီကို “မမဖုရား” လို့ ခေါ်တွင်တယ်လို့ ဆိုပါတယ်။
ဘီးဆံပတ်ဆံထုံး၊ မဟူရာနားကပ်၊ ရိုးရိုးချည်ထည်တို့ကိုသာ နှစ်သက်သူတစ်ယောက်ဖြစ်တဲ့ စကြာဒေဝီဟာ မိဖုရားအရာကို ရောက်ချိန်မှာတော့ အသက် ၄၀ အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရားခေါင်ကြီးအဖြစ် တင်မြောက်ခံရပေမဲ့လည်း တခြားသောမိဖုရားတွေလိုမျိုးတော့ သားသမီးရတနာထွန်းကားခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း သူမရဲ့ ပညာ၊ သမာဓိနဲ့ ရုပ်ရည်ဥပဓိတို့က ခမည်းတော်၊ အစ်ကိုတော်နဲ့ ကြင်ယာတော် မင်း (၃)ဆက်စလုံးအတွက် လေးစားမြတ်နိုးစရာအတိ ဖြစ်ခဲ့ပါတယ်။ မင်းတုန်းမင်းဟာ မရေမတွက်နိုင်လောက်အောင် မိဖုရားပေါများတဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့လည်း သူ့အချစ်ဆုံးမိဖုရားက စကြာဒေဝီဖြစ်တယ်ဆိုတာကိုတော့ စကြာဒေဝီ ကွယ်လွန်ပြီးနောက်အချိန်မှာ ထင်ထင်ရှားရှားသိရှိခွင့်ရခဲ့ပါတယ်။
စကြာဒေဝီဟာ ၁၈၇၆ ခုနှစ်မှာ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်ပေါ်လာခဲ့တာကြောင့် မင်းတုန်းမင်းကလည်း တိုင်းပြည်တစ်ဝန်းမှ အကောင်းဆုံး၊ အတော်ဆုံး သမားတော်တွေကို ပင့်ဖိတ်ခေါ်ဆောင်ကာ နည်းကုန်လမ်းကုန်နဲ့ အစွမ်းကုန်ကုသပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သေခြင်းတရားကို ဘယ်သူကမှလွန်ဆန်လို့မရဘူးဆိုတဲ့ နိယာမအတိုင်း နိုဝင်ဘာလ ၁၂ ရက်၊ ၁၈၇၆ ခုနှစ်မှာတော့ စကြာဒေဝီ မိဖုရားခေါင်ကြီးခမျာ ကံတော်ကုန်ခဲ့ရှာပါတယ်။ စကြာဒေဝီ ကံတော်ကုန်ပြီးချိန်မှာတော့ မင်းတုန်းမင်းဟာ ကြေကွဲဆို့နင့် ထိခိုက်ခံစားခဲ့ရပြီး သူမရဲ့ နန်းဆောင်အတွင်းကို မည်သူကိုမျှအဝင်မခံခဲ့ပါဘူး။ ဒါ့အပြင် စကြာဒေဝီ မိဖုရားခေါင်ကြီးတစ်ဦးတည်းသာ ထိတွေ့ကိုင်တွယ်ခွင့်ရတဲ့ သူ့ရဲ့ ဆံတော်ကိုလည်း မည်သူကိုမှ ရှင်းခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။ စကြာဒေဝီ မိဖုရားခေါင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတော်ကိုတော့ ရွှေသား ၃၀ ကျော်ရှိတဲ့ သလွန်ပေါ်မှာထားရှိခဲ့ပြီး ထီးဖြူရှစ်စင်းမိုးကာ နန်းတော်ကြီးရဲ့ အရှေ့မြောက်ဘက်၊ ရွှေပြည်ဥယျာဉ်တော်အတွင်းမှာ အုတ်ဂူပြသာဒ်သွင်း သင်္ဂြိုလ်ထားခဲ့ပါတယ်။ အဆိုပါအုတ်ဂူအနီးမှာလည်း မင်းတုန်းမင်းဟာ ဝတ်ဖြူဆင်ကြယ်ဝတ်ဆင်ပြီး ရက်အတော်ကြာတဲ့အထိ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #စကြာဒေဝီမိဖုရားခေါင်ကြီး