‘‘မင်းတုန်းမင်းရဲ့အချစ်ဆုံး မိဖုရားတစ်ပါး မြောက်နန်းမိဖုရား ခင်သဲ ’’

ကုန်းဘောင်ခေတ်ရဲ့ နန်းတွင်းရေးရာတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် မင်းတုန်းမင်းကြီးရဲ့အချစ်တော် မြောက်နန်းမိဖုရားခင်သဲ ကိုလည်း မေ့ထားလို့ မရပါဘူး။ ခင်သဲဆိုတာက မင်းတုန်းမင်းကြီး မင်းသားအရွယ်မှာကတည်းက ညောင်ကန်ကို ရောက်ရှိတုန်း ချစ်ကျွမ်းဝင်ပြီး ဖူးစာဆုံခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း မင်းတုန်းမင်းကြီးရဲ့ တောင်နန်းမတော်မိဖုရားကြီး ဖြစ်ဖို့ အခွင့်မသာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ကုန်းဘောင်ခေတ်မှာ တေးထပ်တွေရေးဖွဲ့ခဲ့တာကြောင့်လည်း စာဆိုခင်သဲအဖြစ် ကျော်ကြားခဲ့သူပါ။
ခင်သဲကိုသက္ကရာဇ် ၁၁၇၅ ခု (ခရစ်နှစ် ၁၈၁၃) (မူကွဲ၁၁၇၆၊ခရစ်နှစ် ၁၈၁၄) ပြာသိုလမှာ မုံရွာခရိုင်၊ ဗဒုံးကျေးလက်ခေါ် ဘုတလင်နယ် ညောင်ကန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ စစ်ကိုင်းမင်းလက်ထက် ကနောင်၊ မြန်အောင် နှစ်မြို့ဝန် ဦးသာဖြူ(မူကွဲဦးမင်းယုန်)နဲ့ ဝန်ကတော် သခင်ကြီး(မူကွဲဝန်ကတော် ဒေါ်မင်းလှ)တို့ကနေ မွေးဖွားခဲ့တဲ့သမီးကညာ ဖြစ်ပါတယ်။ ငယ်နာမည်က မယ်ညွန့်ဖြစ်ပြီး မိဘတွေက အသည်းအသက်နဲ့ထပ်တူ ချစ်ရလွန်းတာမို့ မသဲအုံလို့လည်း ခေါ်ပြန်ပါသေးတယ်။ မွေးချင်းအစ်မတစ်ဦးကတော့ နောက်တော်ပါ မြင်းဝန်ကတော် ကျောက်တစ်လုံးသခင် ဖြစ်ပါတယ်။ မယ်သဲအပျို ပေါက်အရွယ်ကို ရောက်ချိန်မှာ မိဘတွေရဲ့ဆရာတော်လည်းဖြစ်တဲ့ ညောင်ကန်ဆရာတော် ဦးကျီးညိုက မလွဲဧကန်မိဖုရားဖြစ်မယ့်သူလေးဆိုပြီး အတတ်ဟောပါတော့တယ်။ ဒါ့ကြောင့်လည်း မယ်သဲဟာငယ်စဉ်ကတည်းက ကျောင်းနေသာမဏေတွေနဲ့ စာဝါတွေကို တန်းတူဆည်းပူးခဲ့ရပါတယ်။ မယ်သဲဟာ ဆရာတော်ရဲ့သင်ကြားပေးမှုတွေကြောင့် လောကီနက္ခတ်ပညာရပ်တွေအပြင် လောကုတ္တရာ ပိဋကတ် တော်တွေကိုလည်း ကောင်းစွာသဘောပေါက်နားလည်ပါတယ်။
ညောင်ကန်ရွာသူမယ်သဲရဲ့ အချောအလှဂုဏ်သတင်းကြောင့် မင်းတုန်းမင်းသားလေးလည်း ညောင်ကန်ကို ရောက်ရှိလာကာ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ညောင်ကန်ရွာရဲ့ ကွမ်းတောင်ကိုင်၊ ပန်းတောင် ကိုင်လေးမယ်သဲက မေတ္တာစာ၊ သွင်းစာတွေ၊ ဒဏ္ဍာရီ၀တ္ထုတွေနဲ့ မော်ကွန်းတွေရေးဖွဲ့တာကြောင့် ညောင်ကန်ရွာရဲ့ အမျိုးသမီးစာဆို၊ စာဆိုခင်သဲအဖြစ်လည်း ထင်ရှား ပါတယ်။ မင်းတုန်းမင်းသားလေးဟာ မယ်သဲနဲ့ချစ်ကြိုက်နေတုန်းမှာလည်း တိုင်းရေးပြည်ရာတွေရှိနေလို့ ညောင်ကန်အရပ်ကို မလာရောက်နိုင်တဲ့အချိန်တိုင်းမှာ မယ်သဲက တေးထပ်တွေရေးဖွဲ့ပြီး အလွမ်းဖြေခဲ့ ပါတယ်။သက္ကရာဇ် ၁၁၉၆ခုနှစ်မှာ မင်းတုန်းမင်းသားလေးက တောင်နန်းမတော် မယ်တော့်ကိုခွင့်ပန်ပြီး မယ်သဲကိုစာဆိုတော်ခင်သဲအဖြစ်နဲ့ တောင်ဆောင်တော် မိဖုရားထံမှာ ခစားစေပါတယ်။
မယ်သဲဟာ မင်္ဂလာအိမ်တော်မှာ စံမြန်းနေတုန်းမှာလည်း လိမ္မာရေးခြားရှိလွန်းပြီး ခင်ပွန်းဖြစ်သူအပေါ်မှာ များစွာသိတတ်ပါတယ်။ဒါ့ကြောင့်လည်း မင်းတုန်းမင်းက အချစ်ဦးဖြစ်တဲ့မယ်သဲကို လွန်စွာချစ်ခင်ပြီး အရေးပေးမြှောက်စားတော်မူပါ တယ်။သက္ကရာဇ် ၁၂၁၄ခုနှစ်မှာ အရေးတော်ပုံတစ်ခုဖြစ်ပွားတော့ မင်းတုန်းမင်းနဲ့ ကနောင်မင်းသားတို့ ရွှေဘိုအရပ်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့အခါ မယ်သဲကလည်း ခင်ပွန်းနောက်ကို ထပ်ကြပ်မကွာလိုက်ပါခဲ့ပါတယ်။ ဒုက္ခအရေးနဲ့ကြုံတဲ့အချိန်မှာတောင် ခင်ပွန်းကိုပစ်မသွားဘဲနဲ့ အတူယှဉ်တွဲဖြတ်ကျော်ပုံတွေက အလွန်ပဲချီးကျူးရလောက်တဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုနဲ့ အရေးတော်ပုံကြီးပြီးမြောက်သွားတဲ့အချိန်မှာတော့ မင်းတုန်းမင်းသားနန်းတက်ဖို့အချိန်ကို ရောက်လာပါတယ်။ အဲဒီအချိန်အခိုက်အတန့်မှာ တောင်နန်းမတော် မိဖုရားခေါင်ကြီးတင် မြှောက်ဖို့အရေးက အလွန်ပဲအရေးပါလာပါတယ်။
မင်းတုန်းမင်းနန်းတက်စမှာပဲ မိဖုရားခေါင်ကဘယ်သူ၊ အိမ်ရှေ့မင်းကဘယ်သူစသဖြင့် ပြည်သူတွေသာမက နိုင်ငံခြားတိုင်းပြည်တွေကတောင် စိတ်ဝင်တစားရှိလာခဲ့ကြပါတယ်။ တောင်နန်းစံ မိဖုရားခေါင်က ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ နန်းသွေးနန်းရာဖြစ်ပါက တိုင်းပြည် ဂုဏ်တက်တယ်ဆိုပြီး ဆိုကြပါတယ်။ ဒီတော့ မင်းတုန်းမင်းက ဘကြီးတော်ဘုရားလက်ထက်ကအဖြစ်ကိုပြန်လည်သတိရမိသွားပါတယ်။ ဘကြီးတော်ဘုရားလက်ထက်က နန်းသွေးမဟုတ်တဲ့မယ်နုကိုမိဖုရားမြှောက်ခဲ့လို့ ဆွေတော်မျိုးတော်တွေစိတ်ဝမ်းကွဲပြီး တိုင်းပြည်မညီမညွတ် ဖြစ်ခဲ့ရပါတယ်။မယ်သဲကလည်း တောင်နန်းမဟာဒေဝီမိဖုရားခေါင်ကြီးဖြစ်ဖို့ မမျှော်လင့်ဘဲ မောင်တော့်ရဲ့အပါးမှာ ခစားကာပင် နေလိုကြောင်းဆိုလာတာမို့ မင်းတုန်းမင်းကြီးလည်း စိတ်ချမ်းသာရာရခဲ့ပါတယ်။
ဒီလိုနဲ့ ရတနာသိင်္ခကုန်းဘောင်နေပြည်တော်မှာ မင်းတုန်းမင်းတရားကြီးက ပုဂံမင်းရဲ့ နှမတော်ကို သီရိပဝရတိလောကရတနာမင်္ဂလာဒေဝီဘွဲ့နဲ့ တောင်နန်းမိဖုရားအဖြစ်၊ ခင်သဲကို သီရိမဟာရတနာမင်္ဂလာဒေဝီဘွဲ့နဲ့ မြောက်နန်းမိဖုရားအဖြစ်၊ ဆင်ဖြူမရှင်ကို သီရိတိလောကမဟာဒေဝီဘွဲ့နဲ့ အလယ်နန်းမိဖုရားအဖြစ်၊ ခမည်းတော်ရဲ့ မြောက်ဆောင် ကနောင်မြို့စားမိဖုရားမွေးတဲ့ ပင်းတလဲမြို့စားမင်းသမီးကို သီရိရတနာသုစန္ဒာဒေဝီဘွဲ့နဲ့ အနောက်နန်း မိဖုရားအဖြစ် အသီးသီးနှင်းအပ်ကာ နန်းတက်ခဲ့ပါတယ်။အလယ်နန်းဆောင်ရှင် ဆင်ဖြူမရှင် မိဖုရားကြီးကတော့ လွန်စွာမကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတုန်းမင်းတရားကြီးက မိဖုရားခင်သဲအပေါ်မှာ အချစ်မလျော့ဘဲ ချစ်ခင်မြဲ ချစ်ခင်ခဲ့ပါတယ်။ မိဖုရားခင်သဲဆီမှာ သားသမီးရတနာထွန်းကားခဲ့မယ်ဆိုရင်လည်း အိမ်ရှေ့အရာခန့်အပ်ဖို့ထိ ဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့လည်းမိဖုရားခင်သဲက သားသမီးမထွန်းကားခဲ့ပါဘူး။
မိဖုရားခင်သဲက မြောက်နန်းမိဖုရားဖြစ်ပြီးတဲ့နောက်မှာ ဇာတိရပ်မြေညောင်ကန်ရွာမှာရှိတဲ့ သီရိနန္ဒာ ကန်တော်နဲ့ ဇေယျနန္ဒာကန်တော်နှစ်ခုကို သက္ကရာဇ် ၁၂၁၆ ခုမှာ ပြန်လည်တူးဖော်ပြုပြင်ခဲ့ပါတယ်။ အဲဒီရွာမှာရှိတဲ့ ရတနာမဉ္ဇူကျောင်းတိုက်အတွင်း ဘုံသုံးဆင့် စမြင့်ခံကျောင်းနဲ့ ပိဋကတ်တွေလည်း လှူဒါန်းခဲ့ပါတယ်။ မန္တလေးမြို့မြောက်ပြင် ၊မန္တလေးတောင်ခြေမဏ္ဍလာရာမတိုက်မှာ ကျောင်းရံ (၂၀)နဲ့တကွ လေးထပ်စမြင့်ခံကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်ပြီး ညောင်ကန်ရွာက မေဓာသီရိကဝိဓဇပရမ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ပြည်ဆရာတော် ဦးကျီးညိုကို ဆက်ကပ်ခဲ့ပါသေးတယ်။
မြောက်နန်းမိဖုရားခင်သဲဟာ သက္ကရာဇ် ၁၂၃၄ ခု၊ သက်တော် (၅၈)နှစ်ရောက်ချိန်မှာတော့ သွေးလေ ချောက်ချားဖြစ်ပြီး အဖျားဝင်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး နန်းတော်မြောက် နတ်စုလက်ဝဲတန်းကို မိုးကြိုးပစ်ချတာကြောင့် သားအဖသုံးယောက်သေဆုံးသွားသလို နန်းတော်တောင်ဘက်မှာလည်း လက်စွဲတော်တစ်ယောက် သေဆုံးခဲ့တာကို မိဖုရားခင်သဲမြင်တော်မူပြီး သွေးလေ ချောက်ချားအဖျားဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဝေဒနာနဲ့ မထနိုင်တော့ဘဲ ကဆုန်လပြည့်ကျော် ၁၂ရက်နေ့မှာ ကံတော်ကုန်ပါတယ်။ မင်းတုန်းမင်းလည်းလွန်စွာပူဆွေးသောကရောက်ပြီး မိဖုရားရဲ့အလောင်းကို ကောင်းစွာသင်္ဂြိုဟ်ပြီးတဲ့နောက် နန်းအနောက်မြောက်ထောင့်အရပ်မှာရှိတဲ့ဘုရင့်ဆွေတော်မျိုးတော်တွေသင်္ချိုင်းမှာ အုတ်နန်းပြာသာဒ်နဲ့ ထားပါတယ်။
ဒါပေမဲ့ သီပေါမင်းလက်ထက်မှာတော့ မင်းဆွေမင်းမျိုးမဟုတ်တာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ စုဖုရားလတ်ရဲ့အမိန့်အရ ရုပ်ကလာပ်ကိုတူးဖော်ပြီးအရပ်သင်္ချိုင်းကို ရွှေ့ပြောင်းခဲ့တယ်လို့လည်း ဆိုကြပါတယ်။
မင်းတုန်းမင်းကြီးရဲ့ အချစ်တော် မိဖုရားခင်သဲဟာ တောင်နန်းစံမိဖုရားကြီးမဖြစ်ခဲ့ပေမဲ့ မြောက်နန်းဆောင်မိဖုရားအဖြစ်နဲ့ပဲ ပါရမီဖြည့်ခဲ့ပုံတွေဟာ အလွန်ပဲအံ့ဩချီးကျူးဖွယ်ကောင်းလှပါ တယ်။ဒါ့ပြင် ကုန်းဘောင်ခေတ်သမိုင်းထဲက ကျော်ကြားတဲ့မိဖုရားတွေထဲမှာ မိဖုရားခင်သဲဟာ သူတစ်ပါးအပေါ် မကောင်းကြံစည်တာမျိုးအလျဉ်းမရှိပါဘဲနဲ့ ဘဝကိုအေးချမ်းတည်ကြည်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း မိဖုရားခင်သဲဟာ လွန်စွာမှ အတုယူဖွယ်ကောင်းလှပြီး လေးစားဖွယ်မိဖုရားတစ်ပါးအဖြစ် ယနေ့ထက်တိုင် နာမည်ကောင်းနဲ့ သမိုင်းတွင်ကျန်ရစ်နေပါတော့တယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

More Interesting Blogs from Zlann