မင်းသုံးဆက်ကြာ ထင်ရှားခဲ့တဲ့ ပညာရှိစာဆိုတော် “ဝန်ဇင်းမင်းရာဇာ”

အင်းဝခေတ်ကထင်ရှားတဲ့ ပညာရှိစာဆိုကျော် အမတ်ကြီး ဝန်ဇင်းမင်းရာဇာ (ခေါ်) ဘိုးရာဇာ
ဝန်ဇင်းမင်းရာဇာဟာ အင်းဝခေတ်က အလွန်ထင်ရှားတဲ့ပညာရှိအမတ်ကြီး တစ်ဦးဖြစ်ပြီး ဘုရင်ကပေးတဲ့ ရာဇာ ဆိုတဲ့ အမည်နာမကို အဘိုးထပ်ဆင့်လျက် ဘုရင်ကစ မှူးမတ်ပြည်သူတို့က ဘိုးရာဇာလို့ ခေါ်တွင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဘိုးရာဇာရဲ့ မွေးရပ်ကို အစွဲပြုပြီးတော့ ဝန်ဇင်းမင်းရာဇာလို့လည်း ခေါ်တွင်ပါသေးတယ်။ ဝန်ဇင်းမင်း ရာဇာဟာ အင်းဝနေပြည်တော် နဲ့ ၇၂ မိုင်ကွာဝေးတဲ့ မိတ္ထီလာနယ် ဝန်ဇင်းရွာမှ သာမန်အသည်သားလေးတစ်ဉီး ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက စာပေဗဟုသုတ လေ့လာ လိုက်စားခဲ့ပြီး အရွယ်ရောက်တဲ့အခါ ဝန်ဇင်း ရွာသူကြီးရဲ့ သမီးနဲ့ ချစ်ကြိုက်ရည်ငံခဲ့ပါတယ်။ ဝန်ဇင်းရွာသူကြီးက ဒီသူငယ်ဟာ စာပေဗဟုသုတကိုသာ လေ့လာလိုက်စားတယ်။ ကြိုးကြိုးပမ်းပမ်း လက်ကျောတင်း၍ လုပ်ကိုင်စားမည်မဟုတ်လို့ ရည်မှတ်ကာ မနှစ်သက်။ ဒါပေမဲ့ သမီးဖြစ်သူက အလွန်တပ်မက်နှစ်သက်တဲ့အတွက် သမီးဆန္ဒအရ ခွင့်ပြုပေးခဲ့ပြီး လယ်၊ နွားတရှဉ်းပေးကာ လွတ်ရာမှာ အိမ်ထောင်ပြုစေပါတယ်။
မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်မှာ မိတ္ထီလာကန်တော် ဆည်ကျိုးပေါက်တဲ့အတွက် အင်းဝဘုရင် မင်းကြီး စွာ ကိုယ်တိုင် လာရောက်ဆည်ဖို့ပြုပြင်ရာ ကန်ရိုးပေါ်မှ မိန်းမရုပ်နဲ့ နတ်ကွန်းတစ်ခု တွေ့ရှိခဲ့ပါတယ်။အဲဒီ နတ်ကွန်း နဲ့ မိန်မရုပ် အကြောင်း သိလိုတဲ့အတွက် သိမီလောက်သူတွေကို မေးမြန်းကြရာမှာတော့ မလျှောက် တင်နိုင်ကြဘဲ ဝန်ဇင်းသူကြီး ရဲ့ သမက် ဖြစ်သူဟာ ဉာဏ်ပညာဗဟုသုတနဲ့ ပြည့်စုံတဲ့အတွက် ဖြေကြားနိုင်ဖွယ် ရှိတယ်လို့ လျှောက်ထားကြပါတယ်။
ဝန်ဇင်းသူကြီးက သမီးကိုအကျိုးအကြောင်းပြောပြပြီး အသည်သားအား မင်းဧကရာဇ်ကအခေါ်တော်ပါးကြောင်း အလန့်တကြားပြောကြားပါတယ်။အဲဒီအခါ သမီးဖြစ်သူက ခင်ပွန်းသည်လယ်ထွန်ရာနောက်သို့ လိုက်ပါပြီး အကြောင်းကြားပါတော့တယ်။အသည်သားက သူ့ရဲ့ ပညာကိုအသုံးချခွင့်ရပြီး အဲဒီ အကျိုးကိုခံစားရတော့မဲ့ အချိန်ဖြစ်တယ်လို့ဆိုကာ လယ်ထွန်နေတဲ့ နွားတစ်ရှဉ်းရဲ့ ဉီးချိုအပေါ် သပြေပန်းစည်းကိုချည်ပြီး အပြီးတိုင် လွှတ်ပြီးမှသာ ရှင်ဘုရင်ထံ အခစားဝင်ပါတယ်။
ရှင်ဘုရင်ရှေ့မှောက် ရောက်တဲ့အခါရှင်ဘုရင်က နတ်ကွန်းနဲ့ မိန်မရုပ် အကြောင်းကို မေးမြန်းပါတယ်။အဲဒီအခါ အသည်သားက “ နတ်ကွန်းမဟုတ်ရပါအရှင်မင်းကြီးဘုရား၊ အရှင့်ဘေးတော် အနော်ရထာမင်းကြီး ဟာ ဒီမိတ္ထီလာကန်တော်ကို ကြွမြန်းစဉ် ဘုရင်ကြီးအလွန်မြတ်နိုးတော်မူတဲ့ မိဖုရားငယ်ကံတော်ကုန်၍ ရွှေစင်ရွှေသားအတိဖြင့် သွန်းလုပ်ထားတဲ့ မိဖုရားငယ်ရုပ်တုကို ကန်ဘောင်ရိုးတွင် အခိုင်အခံ့မြှုပ်နှံထားပြီး အဲဒီ ရွှေရုပ်နဲ့ ချွတ်စွပ်တူတဲ့ သစ်သားရုပ်တုကို တန်ဆောင်းပြသာဒ်ပြုလျက် ကမ်းရိုးပေါ်မှာ ထားတော်မူခဲ့ခြင်းသာ ဖြစ်ပါတယ် ” လို့ ပြန်လည်လျှောက်ထားပါတယ်။
သစ်သားရုပ်တုနဲ့ ပြသာဒ်ကို နှောင်းလူတို့က စားဉီးသောက်ဦး တင်လှူပူဇော်တဲ့အတွက် နတ်ကွန်း လို့ ပညတ်ကြခြင်းသာဖြစ်တယ် လို့ လျှောက်တင်ပါတယ်။
လျှောက်တင်ချက်အရ ကန်ဘောင်ရိုးကို ချိုးဖျက်ပြီး တူးဖော်စေရာ အသည်သားလျှောက်တင်တဲ့အတိုင်း ရွှေသားရုပ်တုကို ရရှိပါတယ်။ မင်းကြီးစွာ လည်း ဝန်ဇင်းအသည်သားရဲ့ အခြင်းအရာ ရုပ်ရည်သဏ္ဌာန်တို့ကို နှစ်သက်တော်မူတဲ့အတွက် ဆုလာဘ်များစွာပေးသနားပြီးနောက် နန်းတော်သို့ခေါ်ယူတော်မူပါတယ်။
အသည်သားအင်းဝကို ရောက်တဲ့အခါ တောင်မြင့်ကျောင်းတိုက် မှာ တည်းခိုပါတယ်။အဲဒီည ကျောင်း မှာ သီတင်းသုံးနေထိုင်တဲ့ အရှင်မြတ်တစ်ပါး အိပ်မက် မြင်မက်ပါတယ်။အိပ်မက်က ဝန်ဇင်းအသည်သား ထွေးတဲ့ တံထွေးကို ကျောင်းဉီးမှာ ကိုးကွယ်ထားတဲ့ ရုပ်တုတော်ခံတွင်းနဲ့ ခံတယ်လို့ မြင်မက်ခြင်းဖြစ်ပါတယ်။ အိပ်မက်အကြောင်း ဝန်ဇင်းအသည်သား ပြန်ကြားတဲ့အခါမှာတော့ အရှင်မင်းမြတ်က အကျွန်ုပ်လျှောက်လဲ သမျှကို ယူတော်မူမည် လို့ နိမိတ်ဖတ်ကြားပါတယ်။ဝန်းဇင်းအသည်သား အင်းဝ ရောက်ရှိပြီး တစ်နှစ်ကြာတဲ့အခါ အတွင်းသင်းမှူး ငနု ပုန်ကန် တဲ့အတွက် ငနုရဲ့ အစ်ကို ၊မင်းကြီးရဲ့ယောက်ဖတော်စပ်သူ ရာဇသင်္ကြန်ကို အမျက်တော်ရှိပြီး အရေးယူဖို့အတွက် မင်းကြီးက အသည်သားနဲ့တိုင်ပင်တော်မူပါတယ်။ အသည်သားက မင်းကြီးနဲ့တကွ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တိုင်အောင်အကျိုးများမဲ့ စကားကိုလျှောက်တင်ပါတယ်။ လျှောက်တင်ချက်ကို မင်းကြီး သဘောကျတဲ့အတွက် စည်းတပြစ်ကြီးမရှိသဖြင့် စည်းတပြစ် တွင်တဲ့ အမည်နဲ့ အဆောင်အယောင်ပေးသနားပေးတော်မူပါတယ်။
မင်းကြီးစွာစော်ကဲဟာ ပေါ်ပေါက်လာတဲ့ တိုင်းရေးပြည်ရေး နန်းတွင်းရေးတွေကို ဝန်ဇင်းမင်းရာဇာလောင်းလျာ စည်းတပြစ်အမတ်ကြီးနဲ့ တိုင်ပင်လေ့ရှိပါတယ်။စည်းတပြစ်အမတ်က မင်းနှင့်တကွတိုင်းပြည်အကျိုးကို ရှေးရှု လျက် အမျိုးမျိုးပုံပြင်သာဓကတို့နဲ့ အရေးမှန်ရာကို လျှောက်ထားပါတယ်။ သားတော် ဘုရင်မင်းခေါင် လက်ထက် မှာလည်း ဆက်လက်တာဝန်ထမ်းဆောင်ကာ စည်းတပြစ်အမတ်ကို ရာဇာဆိုတဲ့ အမည်နဲ့အတူ ကြီးစွာသော အဆောင်အယောင် ကိုပေးသနားခြင်းခံရပါတယ်။ သားတော် မင်းခေါင်ဘုရင်လက်ထက်ရောက်မှသာ ရာဇာ အမည်ကိုခံယူခြင်းဖြစ်ပါတယ်။ မင်းရာဇာဟာ ပေါ်ပေါက်လာတဲ့ ပြဿနာအရပ်ရပ်ကို နှိုင်းဆ ဆင်ခြင်လျက် လျော်ကန်သင့်မြတ်လှတဲ့ ဉပမာဖော်ဆောင်ပြီး ဘုရင်မင်းမြတ်တို့နားဝင်လွယ်အောင် လျှောက်တင်နိုင် သူဖြစ်ပါတယ်။
မင်းရာဇာလျှောက်တင်ချက်တွေက လူတို့ မျက်မှောက်ကာလမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို တင်စားယှဉ်ပြခိုင်းနှိုင်းပြတဲ့အတွက် လူတိုင်းနားလည် သိမှတ်လွယ်ပါတယ်။ဝန်မင်းဇင်းရာဇာရဲ့ ထင်ရှားတဲ့ လျှောက်ထုံးတစ်ခုက မြန်မာသက္ကရာဇ် ၇၃၂ ခုနှစ်မှာ ကလေးမြို့နဲ့ မိုးညှင်းမြို့တို့ စစ်ဖြစ်ကြပြီး အင်းဝမင်းထံ နှစ်ဖက်လုံးမှစစ်ကူတောင်းခံပါတယ်။
ကလေးမြို့က နိုင်သော် မိုးညှင်းကိုဆက်မည်ဆိုသလို မိုးညှင်းမြို့က နိုင်မယ်ဆိုလျှင်လည်း ကလေးမြို့ကို ဆက်မယ်လို့ ဆိုကြပါတယ်။အဲဒီအရေးကိစ္စကို ဝန်ဇင်းမင်းရာဇာနဲ့တိုင်ပင်တဲ့အခါမှာတော့ လယ်ထွန်ယောက်ျား ဥပမာပေးပြီး ပြန်လည်လျှောက်တင်ပါတယ်။
လယ်ထွန်ယောက်ျားတစ်ဦးဟာ လယ်ထွန်နေစဉ်အတွင်း တောစပ်မှာ ကြက် ၂ ကောင်ခွပ်နေတာကို မြင်ပြီး ယခုကြက်ကိုဖမ်းမယ်ဆိုရင် လယ်လည်းမညက်သေး၊ ကြက်လည်းမပန်းသေး၊ လယ်လည်းညက်စေ၊ ကြက်လည်း ပန်းစေဉီး လို့ဆိုကာ လယ်ကို ဆက်ပြီးထွန်ပါတယ်။လယ်ညက်ပြီး ကြက်ပန်းချိန် ရောက်တဲ့အခါ ခြေကိုငင်ပြီး ယူလေသကဲ့သို့ ပြုတော်မူပါလို့ လျှောက်တင်ပါတယ်။မင်းကြီးလည်း စည်းတပြစ် လျှောက်တဲ့ အတိုင်း လိုက်နာတော်မူရာမှာတော့ နှစ်ပြည်ထောင်လုံးရရှိခဲ့ပါတယ်။
ဝန်ဇင်းမင်းရာဇာဟာ မင်းကြီးစွာစော်ကဲ လက်ထက် သာမက ၇ လသာ နန်းစံ ရတဲ့ ဆင်ဖြူရှင် တရဖျား လက်ထက် အပြင် ဘုရင်မင်းခေါင် လက်ထက်တိုင် မင်းသုံးဆက် စုစုပေါင်းနှစ်ကာလ ၅၃ နှစ်မျှကြာအောင် တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို ထမ်းဆောင်ခဲ့ပါတယ်။ ဘုရင်မင်းခေါင် နတ်ရွာစံတဲ့ မြန်မာသက္ကရာဇ် ၇၈၃ ခုနှစ် မှာ ပညာရှိအမတ်ကြီး ဝန်ဇင်းမင်းရာဇာ ခေါ် ဘိုးရာဇာ ကြမ္မာကုန်ခဲ့ပါတယ်။
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်❤

More Interesting Blogs from Zlann