“မိဖုရားဖွားစော” ဆိုတဲ့ နာမည်ကိုတော့ ပရိသတ်တို့အားလုံး ကောင်းကောင်းကြီး ရင်းနှီးကြပြီးဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာ့သမိုင်းရဲ့ ပုဂံရာဇဝင်မှာ ထင်ရှားကျော်ကြားပြီး “ဖွားစော” လို့အမည်ခံတဲ့ မိဖုရားအရေအတွက်က အနည်းဆုံးသုံးဦးရှိခဲ့ပါတယ်။ အဲဒီမိဖုရားတွေထဲကမှ ပထမဆုံးတစ်ဦးကတော့ ကျွန်တော်တို့အားလုံး ဆယ်တန်းမှာသင်ကြားခဲ့ရတဲ့ “မိဖုရားဖွားစောကျောက်စာ” ကို ရေးထိုးခဲ့သူ စောမင်းဝိုင်းဖြစ်ပြီး သူမဟာဆိုရင် နရသိင်္ဃဥဇနာမင်းသားရဲ့ မိဖုရားနှစ်ပါးအနက်မှ တစ်ပါးဖြစ်ပါတယ်။ ဒုတိယ “ဖွားစော” ကတော့ နရသီဟပတေ့မင်းတို့ရဲ့ မိဖုရားခေါင်ဖြစ်ခဲ့သူ ‘စောလှဝန်း’ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ကျော်စွာဘုရင်နဲ့ စောနစ်ဘုရင်တို့ရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သစ်မထီး ဖွားစောပဲဖြစ်ပါတယ်။ သစ်မထီးဖွားစောဟာဆိုရင် စောလှဝန်းရဲ့ ညီမဖြစ်တယ်လို့ မှတ်တမ်းမှတ်ရာတချို့မှာ ဖော်ပြထားတာကိုတွေ့ရပေမဲ့ ဒီအချက်နဲ့ ပတ်သက်လို့တော့ ရာဇဝင်ဆရာတွေ၊ သမိုင်းပညာရှင်တွေက အတိအကျ အတည်ပြုပေးထားခြင်းမျိုးမရှိပါဘူး။ ဒီတစ်ခေါက် “သိပြီးပြီလား” အစီအစဉ်မှာတော့ ပုဂံခေတ်နှောင်းပိုင်းကာလတုန်းက မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်ခဲ့ကြတဲ့ ဥဇနာနဲ့ သားတော် နရသီဟပတေ့တို့လက်ထက်မှာ ထင်ရှားခဲ့သူ မိဖုရားဖွားစော (ခေါ်) မင်းသုံးဆက်ရဲ့ မိဖုရားဖြစ်မယ်လို့ နိမိတ်ဖတ်ခံခဲ့ရသူ စောလှဝန်း အကြောင်းကို တင်ဆက်ဖော်ပြပေးသွားချင်ပါတယ်။
‘စောလှဝန်း’ လို့ ငယ်အမည်တွင်တဲ့ မိဖုရားဖွားစောကို ခရစ်နှစ် ၁၂၄၀ ကနေ ၁၂၄၄ ခုနှစ်အကြားမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပါးစပ်ရာဇဝင်တွေအရဆိုရင် စောလှဝန်းရဲ့ မွေးဖွားရာဇာတိဟာ ပုပ္ပါးတောင်ခြေအနီးရှိ ဆိပ်ထိန်းကမ်းဖြူရွာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပါးစပ်ရာဇဝင်တွေမှာပါဝင်တဲ့ နောက်ထပ်အချက်တွေကတော့ စောလှဝန်းရဲ့ဖခင်ဖြစ်သူဟာ တောင်သူကြီး တစ်ယောက်ဖြစ်ပြီး စောလှဝန်းလေးကလည်း နောင်တစ်ချိန်မှာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့ မိဖုရားခေါင်ဖြစ်မယ်ဆိုတဲ့ အတိတ်နိမိတ်တွေကို ငယ်စဉ်အရွယ်ကတည်းက ထူးခြားစွာတွေ့ကြုံခဲ့ရသူဖြစ်တယ်ဆိုတာပါပဲ။ အဲဒီထဲကမှ ပထမဖြစ်ရပ်ကတော့ လူမှန်းမသိတတ်သေးခင်အချိန်တုန်းက ဖခင်ဖြစ်သူ တောင်သူကြီးနဲ့အတူ လယ်ထွန်လိုက်သွားတဲ့အခါမှာ အိပ်ပျော်နေစဉ်အတွင်း ငန်းမြွေကြီးတစ်ကောင်ရဲ့ ပါးပျဉ်းထောင်အုပ်မိုးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ငန်းမြွေဆိုတာမျိုးက မြွေတို့ရဲ့ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ သတ္တဝါဖြစ်တာကြောင့် လူတစ်ယောက်က ငန်းမြွေရဲ့ဦးခိုက်ခြင်းကိုခံရပြီဆိုရင် အဲဒီလူဟာ ဧကန်မုချမင်းအဖြစ်ကို ရောက်ရှိမဲ့နိမိတ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း ကမ်းဖြူရွာရဲ့ ရွာဦးကျောင်းဆရာတော်က အနှီကလေးမဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့မိဖုရားဧကရီဖြစ်လာမဲ့နိမိတ်ရှိတယ်လို့ မိန့်ကြားခဲ့ပါတယ်။
နောက်ထပ်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကတော့ အသက် ၁၂ နှစ်အရွယ် စောလှဝန်းလေး စိုက်ပျိူးထားတဲ့ မြတ်လေးပင်ကနေ ပုန်းညှက်၊ ချရားနဲ့ စကားအစရှိတဲ့ ပန်းသုံးမျိုးဖူးပွင့်လာခြင်းပဲဖြစ်ပါတယ်။ ဒီနိမိတ်ကြောင့်ပဲ သူမဟာ မင်းသုံးဆက်ရဲ့ မိဖုရားအရာကို ရောက်ရှိလိမ့်မယ်လို့ နိမိတ်ဖတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာပဲ ငယ်စဉ်တုန်းကဖြစ်ပေါ်ခဲ့တဲ့ အတိတ်နိမိတ်တွေအတိုင်း သူမရဲ့ဘ၀ကံကြမ္မာ အနေအထားက စတင်ပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကတော့ နတ်တော်လ ရောက်တဲ့အချိန်တိုင်း ပုပ္ပါးတောင်ကိုတက်ပြီး မင်းမဟာဂီရိနတ်မောင်နှမကို ပူဇော်လေ့ရှိတဲ့ ဥဇနာမင်းက ကမ်းဖြူရွာကို ဝင်ရောက်လှည့်လည်တဲ့အခါမှာ ပန်းသီကုံးနေတဲ့ စောလှဝန်းလေးကို သဘောကျနှစ်ခြိုက်မိခဲ့တာပဲဖြစ်ပါတယ်။
ဒါတွေဟာ ပါးစပ်ရာဇဝင်တွေ၊ သမိုင်းနောက်ခံဇာတ်လမ်းတွေမှာဖော်ပြထားတဲ့ အချက်တွေကောက်ယူဖော်ပြထားတာဖြစ်ပြီး သမိုင်းကျောက်စာတွေအရဆိုရင်တော့ အဆိုပါဖော်ပြချက်တွေဟာ ကွဲလွဲမှုရှိနေတာကို တွေ့ရပါတယ်။ မင်းနန်သူအရပ်ရှိ စောလှဝန်းဘုရားကျောက်စာမှာ မြင်တွေ့ရတဲ့ ဖော်ပြချက်တွေမှာဆိုရင် ယင်းကျောက်စာကိုရေးထိုးခဲ့သူ သခင်ရာဇသူ ဖွားစော (သိင်ရစဖူဖွာစဝ်) ဟာ တရုတ်ပြေးမင်း (ခေါ်) နရသီဟပတေ့မင်းရဲ့ မိဖုရားကြီးဖြစ်ပြီး ဇာတိအားဖြင့် တောင်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူမဟုတ်ပဲ ပုဂံနန်းရိုးမင်းသမီးတစ်ပါးဖြစ်တယ်လို့ သိရပါတယ်။
ကျောက်စာရဲ့ ဖော်ပြချက်အရ ဖွားစောရဲ့ ဖိုးအေဖြစ်သူဟာ သာသနာသက္ကရာဇ် ၅၉၇ ခုနှစ်ကနေ ၆၁၁ ခုနှစ်အထိ ပုဂံထီးနန်းကိုစိုးစံခဲ့တဲ့ ကျစွာမင်းကြီးဖြစ်ပြီး အဖွားဖြစ်သူကတော့ မင်းကြီးရဲ့ မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ စောမင်းလှဖြစ်ပါတယ်။ ဖွားစောရဲ့ မယ်တော်ကတော့ ကျစွာမင်းကြီးရဲ့ သမီးတော်တွေထဲက တစ်ပါးဖြစ်ကာ ခမည်းတော်ကတော့ ဟန်လင်းသည်ရဲ့မြေး အမတ်သရေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီကျောက်စာရဲ့ဖော်ပြချက်တွေကသာ မှန်ကန်တယ်ဆိုရင်တော့ မိဖုရားစောနဲ့ နရသီဟပတေ့မင်းတို့ကလည်း ဆွေမျိုးတော်စပ်သွားမှာပါ။ အကြောင်းအရင်းကတော့ နရသီဟပတေ့မင်းဟာလည်း ကျစွာမင်းကြီးရဲ့ မြေးတော်စပ်တာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း မောင်နှမဝမ်းကွဲတွေ အဖြစ် တော်စပ်သွားကြမှာဖြစ်ပါတယ်။
ဥဇနာမင်းကြီးရဲ့ တော်ကောက်မှုကြောင့် ပုဂံမင်းနေပြည်တော်ထဲကို ဝင်ရောက်ခွင့်ရရှိခဲ့တဲ့ ကိုယ်လုပ်တော်လေး စောလှဝန်းအကြောင်းကို ဆက်ပြောရမယ်ဆိုရင်တော့ စောလှဝန်းဟာ နန်းတွင်းကိုရောက်ရှိပြီးနောက် မင်းကြီးအနားမှာ အလုပ်အကျွေးပြုခစားခွင့်တွေရရှိခဲ့ပြီး မင်းကြီးကလည်း လိမ္မာပါးနပ်မှုရှိတဲ့သူမကို ကိုယ်လုပ်တော်ကြီးအဖြစ် ချီးမြှင့်ခဲ့ပါတယ်။ ဥဇနာမင်းကြီးနတ်ရွာစံပြီးနောက်မှာတော့ သားတော်အကြီးဖြစ်တဲ့ အိမ်ရှေ့စံ သီဟသူက နန်းမွေနန်းလျာကိုဆက်ခံရမှာဖြစ်ပေမဲ့ ငယ်စဉ်အရွယ်ကတည်းက ‘မင်းခွေးချေး’ လို့ ခေါ်ဝေါ်သမုတ်ခံခဲ့ရတဲ့ သားတော်အငယ်ကသာ ထီးနန်းဆက်ခံခွင့်ရခဲ့ပါတယ်။ ထီးနန်းဆက်ခံပြီးချိန်မှာတော့ ‘မင်းခွေးချေး’ ဟာ နရသီဟပတေ့မင်းအဖြစ် ဘွဲ့နာမည်ခံယူခဲ့ပြီး ‘မင်းခွေးချေး’ အနေနဲ့ အခုလိုထီးနန်းဆက်ခံခွင့်ရအောင် ကူညီပေးခဲ့သူကတော့ ပုဂံခေတ်ရဲ့ ထင်ရှားတဲ့အမတ်ကြီးတစ်ဦးဖြစ်တဲ့ ရာဇသင်္ကြံပဲဖြစ်ပါတယ်။
နရသီဟပတေ့မင်း ဘုရင်ဖြစ်လာချိန်မှာတော့ ခမည်းတော် ဥဇနာမင်းကြီးရဲ့ မိဖုရားငယ်ဖြစ်တဲ့ စောလှဝန်းကို မိဖုရားစောအဖြစ် ဆက်လက်တင်မြှောက်ခဲ့ပြီး ဒီအခါမှာ သူမရဲ့ နာမည်ဂုဏ်သတင်းဟာလည်း ယခင်ကထက် ပိုမိုထင်ရှားကျော်ကြားလာခဲ့ပါတယ်။ နရသီဟပတေ့မင်းဟာ ထီးနန်းကိုလက်ဝယ်ပိုင်ဆိုင်ရပြီးချိန်မှာတော့ သူ့ကို ဒီလိုအခြေအနေမျိုးထိရောက်ရှိအောင် ကူညီစောင်မပေးခဲ့သူ ရာဇသင်္ကြံအမတ်ကြီးကို ကျေးဇူးမဆပ်၊ ချီးမြှောက်ခြင်းမရှိပဲ မေ့လျော့နေခဲ့တာကြောင့် အမတ်ကြီးကလည်း စိတ်ဆိုးဒေါသထွက်ကာ “ပန်းပွတ်သည်မြေး” လို့ မင်းကြီးကိုခေါ်ဆိုခဲ့ပါတယ်။ နရသီဟပတေ့မင်းရဲ့မယ်တော်ဟာဆိုရင် မြစ်သာရွာမှ ပန်းပွတ်သည်ရဲ့ သမီးဖြစ်တာကြောင့် သူ့ကို ယခုလိုမျိုးခေါ်ဆိုသမုတ်ခြင်းက မျိုးရိုးဂုဏ်ကိုထိပါးစော်ကားခြင်းဖြစ်တယ်လို့ မင်းကြီးက သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမတ်ကြီးကို ရာထူးစည်းစိမ်တို့ဖယ်ရှားပြီး အောက်အရပ်ရှိ တလ (ယခု ဒလမြို့) ကို ပို့ဆောင်စေခဲ့ပါတယ်။ ဒါပေမဲ့ ဉာဏ်အမြော်အမြင်ရှိပြီး စဉ်းစားတွေးခေါ်တတ်တဲ့ မိဖုရားစောက မင်းကြီးကို နားဝင်အောင် ရှင်းလင်းလျှောက်တင်ခဲ့ပြီး အမတ်ကြီးကို ပုဂံနေပြည်တော်ဆီ ပြန်လည်ခေါ်ဆောင်စေနိုင်ခဲ့ပါတယ်။
ရာဇဝင်ကျမ်းတွေရဲ့ဖော်ပြချက်တွေအရ နရသီဟပတေ့မင်းဟာ မာနကြီးသော၊ အစားကြီးသော၊ အမျက်ထွက်လွယ်သော၊ ယုံမှားသံသယများသော၊ စာနာစိတ်နည်းသော ဘုရင်တစ်ပါးဖြစ်ပြီး ဒီလိုမျိုးဘုရင်ရဲ့ တစ်သမတ်တည်းမဟုတ်တဲ့ ထုတ်ပြန်ချက်တွေ၊ အမိန့်တွေကိုတော့ မိဖုရားစောက လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သံသယစိတ်တွေများပြားလွန်းတဲ့ မင်းကြီးရဲ့ယုံမှားမှုတွေကို ဉာဏ်ပညာနဲ့ ကောင်းစွာလွတ်ကောင်းအောင်နေထိုင်နိုင်ခဲ့သလို အမိန့်ချမှတ်မှုမြန်ဆန်တဲ့ မင်းကြီးကိုလည်း ဆုံးဖြတ်ချက်တွေ ပြောင်းလဲအောင်နားချနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူမဟာ ရာဇပုလ္လင်နောက်ကွယ်ကနေ ရှုပ်ထွေးပွေလီလွန်းလှတဲ့ တိုင်းပြည်ရေးရာကိစ္စရပ်တွေကို စီမံနိုင်သူ၊ ဟာသဉာဏ်ရွှင်သူ၊ ဉာဏ်ပညာရှိသူ၊ ချောမောလှပသူ မိဖုရားတစ်ပါးအဖြစ် ရာဇဝင်ဆရာတွေ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
ခရစ်နှစ် ၁၂၈၄ ခုနှစ် (သာသနာသက္ကရာဇ် ၆၄၆) ကိုရောက်ရှိချိန်မှာတော့ ကူဗလိုင်ခန်ဦးဆောင်တဲ့ မွန်ဂိုတပ်တွေက မြန်မာနိုင်ငံဆီကို တိုက်ခိုက်ကျူးကျော်လာခဲ့ပါတယ်။ ဒီအခါမှာ နရသီဟပတေ့မင်းကလည်း မခုခံနိုင်တဲ့အဆုံး မိဖုရားတွေ၊ မောင်းမမိဿံတွေနဲ့ ရဲမက်ဗိုလ်ပါအပေါင်းကိုခြံရံပြီး အောက်ပြည်အောက်ရပ်မှာရှိတဲ့ ပုသိမ်ဆီကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ ဒီလိုမျိုး တရုတ်ရန်ကိုကြောက်ပြီး ပြေးခဲ့ရတာကြောင့်လည်း သူ့ကို နောင်တစ်ချိန်မှာ “တရုတ်ပြေးမင်း” လို့ အမည်ခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။ သာသနာသက္ကရာဇ် ၆၄၈ နဲ့ ၆၄၉ ခုနှစ်တွေမှာတော့ မွန်ဂိုတွေနဲ့ စစ်ပြေငြိမ်းခဲ့တာကြောင့် ပုဂံပြည်သို့ ပြန်သင့်၊ မပြန်သင့်ဆိုတာကို မိဖုရားစောနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒီအခါမှာ မိဖုရားစောက အရှင်မင်းကြီးအနေနဲ့ ယခုအချိန်မှာ ပုဂံမင်းနေပြည်တော်ဆီကို မပြန်သင့်သေးကြောင်းကို ကျိုးကြောင်းဆီလျော်စွာနဲ့ ပြန်လည်လျှောက်တင်ခဲ့ပါတယ်။ ဒါ့အပြင် အရှင်မင်းကြီးရဲ့သားတော်တစ်ပါးဖြစ်တဲ့ ပြည်စား သီဟသူက သူ့ကို “ဝက်လက်ခိုးမသား” လို့ မကြာမကြာကျီစယ်ခေါ်ဝေါ်ခဲ့တာနဲ့ပတ်သက်လို့ အငြိုးရှိနေဆဲဖြစ်တာကြောင့် ယခုအချိန် ပုဂံကိုပြန်လို့ ပြည်မြို့ကိုဖြတ်သန်းတဲ့အခါမှာ ရန်မူနိုင်ကြောင်းကိုလည်း လျှောက်တင်ခဲ့ပါတယ်။
ဒါပေမဲ့ နရသီဟပတေ့မင်းကြီးက မိဖုရားစောရဲ့နားချမှုကို လက်သင့်မခံပဲ ပုဂံပြည်သို့ပြန်လေရာ ပြည်မြို့သို့ ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သီဟသူက မိဖုရားစောရဲ့ကြိုတင်တွေးဆထားမှုအတိုင်း မင်းကြီး ပွဲတော်တည်မဲ့ စားတော်အုပ်ထဲမှာ အဆိပ်ထည့်သွင်းခဲ့တာကြောင့် မင်းကြီးမှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတော့တယ်။ နရသီဟပတေ့မင်းကြီး နတ်ရွာစံပြီးနောက်မှာတော့ မိဖုရားစောဟာ သူမရဲ့ဩဇာအရှိန်အဝါနဲ့ လွှမ်းမိုးမှုကို ကျဆင်းခြင်းမရှိအောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၂၈၉ ခုနှစ်မှာ မင်းကြီးရဲ့ သားတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဒလစား ကျော်စွာကို နန်းတင်ပေးခဲ့ပြီး ကျော်စွာမင်းရဲ့ မိဖုရားအဖြစ်လည်း ခံယူခဲ့တယ်လို့ဆိုပါတယ်။ တချို့ရာဇဝင်ဆရာတွေကတော့ မိဖုရားစောဟာ ကျော်စွာမင်းရဲ့ မိဖုရားဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို သဘောတူထားခြင်းမရှိကြပါဘူး။ ကျော်စွာမင်းဟာ ခမည်းတော်လက်ထက်တော်က သူကောင်းပြုခဲ့ဖူးကြတဲ့ ရှမ်းညီနောင်သုံးယောက်ဖြစ်သူ အသင်္ခယာ၊ ရာဇသင်္ကြံနဲ့ သီဟသူတို့ကို မြို့စားတွေအဖြစ် ရာထူးပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ထီးနန်းတင်ပေးခဲ့တဲ့ မိဖုရားစောကိုတော့ အတိုင်အပင်မရှိသလို လျစ်လျူရှုနေစိမ့်ခဲ့တာကြောင့် မိဖုရားမှာစိတ်နာခဲ့ရပြီး အပြိုပြိုအကွဲကွဲဖြစ်နေတဲ့ ပုဂံမင်းနေပြည်တော်ကြီးကို ပြန်လည်စုစည်းနိုင်စွမ်းမရှိတဲ့ ကျော်စွာမင်းရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာလည်း စိတ်ပျက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအခါမှာတော့ မိဖုရားစောဟာ မြို့စားတွေအဖြစ်ဖြစ် အသီးသီးအုပ်ချုပ်မင်းလုပ်လျက်ရှိနေတဲ့ ရှမ်းညီနောင်သုံးဦးနဲ့ တိုင်ပင်ပြီး မြင်စိုင်းအရပ်မှာ ဘုရား၊ ဂူ၊ ကျောင်းတွေကို ကြီးကျယ်စွာဆောက်လုပ်ပြီး မင်းကြီးကို သာဓုခေါ်ဖို့အတွက် ကြွရောက်စေလိုကြောင်း ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားမှုအတိုင်း မင်းကြီးက မြင်စိုင်းအရပ်ကိုရောက်ရှိတဲ့အခါမှာတော့ မင်းကြီးကို အတင်းဖမ်းချုပ်ပြီး ခေါင်းရိတ်၊ သင်္ကန်းဝတ်စေခဲ့ကာ အဆိုပါကျောင်းမှာပဲ အစောင့်အရှောက်တွေနဲ့ နေစေခဲ့ပါတယ်။ အဲဒီနောက် ပုဂံပြည်မှာတော့ ကျော်စွာမင်းရဲ့ သားတော်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် စောနစ်ကို နန်းစောင့်မင်းအဖြစ်သာ ထားရှိခဲ့ပါတော့တယ်။
နောက်နှစ်အနည်းငယ်အကြာမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာပဲ ပင်းယနေပြည်တော်ဆိုတဲ့ မင်းနေပြည်တော် အသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုမျိုးမင်းနေပြည်တော်တစ်ခု ထွက်ပေါ်လာခြင်းက ပုဂံမင်းဆက်ဟောင်းရဲ့ ပြယုဂ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်တဲ့ မိဖုရားဖွားစောအတွက်တော့ အပြည့်အ၀ကျေနပ်မှုမဖြစ်စေနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မတတ်သာတဲ့အဆုံးမှာ ရှမ်းညီနောင်သုံးဦးရဲ့ အစီအစဉ်တွေကိုလက်ခံခဲ့ရပြီး မှန်နန်းရာဇဝင်ရဲ့ အဆိုအရကတော့ ရှမ်းညီနောင်သုံးဦးထဲမှ နောက်ဆုံးကျန်ရစ်တဲ့ အငယ်ဆုံး သီဟသူဟာ သာသနာသက္ကရာဇ် ၆၇၄ ခုနှစ်မှာ ပင်းယမြို့ကို မင်းနေပြည်တော်မြို့အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ မြို့နန်းတည်ပြီးချိန်မှာတော့ နန်းဖွင့်၊ နန်းသိမ်းအစရှိတဲ့ အစီအရင်ကို နားမလည်ကြတာကြောင့် ပုဂံမိဖုရားဖွားစောကို ကြွရောက်ပေးပါရန် လျှောက်တင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဖွားစောက “သင်တို့ ကောင်းစားသည်မှာ ကြာလေပြီ။ ယခုမှ ငါ့ကိုသတိရသည်” ဆိုကာ ပင့်ဖိတ်ခေါ်ဆောင်ရာဆီကို လိုက်လာခဲ့ခြင်းမရှိဘဲ နောက်ဆုံးအကြိမ်ကြိမ်တောင်းပန်ခတွားတော့မှသာ လိုက်လာခဲ့ပြီး နန်းဖွင့်မင်္ဂလာအစရှိတဲ့ မင်္ဂလာအခမ်းအနားအမျိုးမျိုးကို စီမံပေးခဲ့ပါတယ်။
အဆိုပါအခမ်းအနားဟာလည်း ပုဂံမှာပြုလုပ်ခဲ့တဲ့ ပွဲတွေကဲ့သို့ပင် လွန်စွာကြီးကျယ်ခမ်းနားခဲ့ပြီး ဖွားစောက အနော်ရထားမင်းလက်ထက်ကတည်းကရှိခဲ့တဲ့ ရွှေသောက်ရေတင်နဲ့ ရွှေခါးကြိုးတို့ကိုလည်းပေးခဲ့ကာ “အသင်တို့ ဘုန်းကြီးပေစွ” လို့ဆိုခဲ့ပါတယ်။ မိဖုရားဖွားစော (ခေါ်) စောလှဝန်းရဲ့ ကွယ်လွန်တဲ့ခုနှစ်သက္ကရာဇ်ကိုတော့ ရာဇဝင်ကျမ်းတွေမှာ အတိအကျဖော်ပြထားခြင်းမရှိပေမဲ့ ခရစ်နှစ် ၁၃၁၃ ခုနှစ်အတွင်းနဲ့ အဲဒီနောက်ပိုင်းလည်းဖြစ်နိုင်သလို တချို့တွေကတော့ ၁၂၅၉-၁၂၅၆ ခုနှစ်အတွင်းလည်းဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။ ဖွားစောမှာ နရသီဟပတေ့မင်းနဲ့ရရှိတဲ့ ‘ရာဇသူ’ ဆိုတဲ့ သားတော်တစ်ပါး ထွန်းကားခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် သားတော်အရင်းကို ထီးနန်းတင်ခဲ့ခြင်းမရှိပါဘူး။ ရာဇသူမင်းသားဟာ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်တို့မှ မွေးဖွားလာတဲ့ တစ်ဦးတည်းသောသားတော်ဖြစ်တာကြောင့် နန်းစဉ်နန်းလျာအရဆိုရင် အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ခံရမဲ့သူပါ။ ဒါပေမဲ့ နရသီဟပတေ့မင်းလက်ထက်တော်မှာ အိမ်ရှေ့မင်းသားက ဘယ်သူဖြစ်တယ်ဆိုတာကို တိတိကျကျဖော်ပြထားခြင်းမရှိသလို သားတော် ရာဇသူဟာလည်း မိခင်ဖြစ်သူ ဖွားစောထက်အရင် ၁၂၉၁ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
ပါးစပ်ရာဇဝင်တို့ ရဲ့အဆိုအရ မိဖုရားဖွားစောရဲ့ အကြောင်းအရာတွေက ထူးခြားမှုတွေပြည့်နေပေမဲ့ ကျောက်စာမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင်တော့ ကွဲပြားနေတာကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် ပုဂံခေတ်မှာ ဖွားစောအမည်ခံမိဖုရားတွေက သုံးဦးထက်မနည်းရှိခဲ့တာကြောင့်လည်း သမိုင်းကြောင်း ဆက်စပ်မှုတွေက ပုံမှန်ထက်ပိုပြီးရောထွေးမှုရှိနိုင်ပါတယ်။ ဒါပေမဲ့ မည်သူကမှငြင်းဆန်လို့မရတဲ့ အချက်တစ်ချက်ကတော့ စောလှဝန်း (ခေါ်) မိဖုရားစောဟာဆိုရင် သူ့ခေတ် သူ့အခါမှာ ပုဂံထီးနန်းကို ပညာရှိပီသစွာနဲ့ ကိုင်တွယ်ထိန်းချုပ်နိုင်ပြီး ထင်ရှားကျော်ကြားတဲ့မိဖုရားတစ်ပါးအဖြစ်ရှိခဲ့တယ်ဆိုတာပါပဲ။
အခုတင်ဆက်ပေးခဲ့တာကတော့ မြန်မာရာဇဝင်မှာသာမက ကမ္ဘာ့ရာဇဝင်မှာပါ မင်းဆက်တစ်ဆက်ကို ထူထောင်ခဲ့သော (သို့မဟုတ်) ဖြုတ်ချခဲ့သော မိဖုရားအနည်းငယ်တွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ခဲ့တဲ့ မိဖုရားဖွားစောအကြောင်းပဲဖြစ်ပါတယ်။ နောင်များမှာရော ဘယ်လိုမျိုး ရာဇဝင်ဇာတ်ကြောင်းတွေနဲ့ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို စုစည်းတင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
YouTube https://youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann