“မန်ချူး မွန်ဂိုနဲ့ ဟန်ယဉ်ကျေးမှုကို ပေါင်းကူးပေးခဲ့သူ မိဖုရားကြီး ရှောက်ကျွမ်းဝန်”

တရုတ်နိုင်ငံသမိုင်းမှာ မန်ချူး မွန်ဂိုနဲ့ ဟန်ယဉ်ကျေးမှုတို့ကို ပေါင်းကူးပေးခဲ့ပြီးတိုင်းပြည်သာယာငြိမ်းချမ်းရေးကိုထိန်းသိမ်းပေးခဲ့တဲ့ မိဖုရားတစ်ပါး ရှိပါတယ်။ သူကတော့ ချင်းမင်းဆက်ခေတ် (Qing Dynasty) ကို ထူထောင်ခဲ့တဲ့ ဟွမ်ထိုက်ကျီ ဧကရာဇ် (Hong Taiji) ရဲ့ မိဖုရား ရှောက်ကျွမ်းဝန် (Xiaozhuangwen) ပဲ ဖြစ်ပါတယ်။ ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ အစောပိုင်း ချင်းမင်းဆက်ကို ဖေးမပဲ့ကိုင်ပေးသူတစ်ဦးဖြစ်တာကြောင့် “ချင်းမင်းဆက်ခေတ်ရဲ့ မိခင်” အဖြစ်လည်း တင်စားခေါ်ဝေါ် ကြပါတယ်။
ရှောက်ကျွမ်းဝိန် မိဖုရားခေါင်ကြီးဟာ ချုံးသယ့်ခေတ် (Chongde Era)၊ စွမ့်ကျစ်ခေတ် (Shunzhi era) နဲ့ ခန်းရှီးခေတ် (Kangxi era) မင်း ၃ ဆက်တိုင်အောင် ဧကရာဇ်တွေကိုဖေးမကူညီခဲ့တဲ့ သက်တော်ရှည်တော်ဝင်မိဖုရားတစ်ပါး ဖြစ်ပါတယ်။ သူမဟာ ရာထူး ဂုဏ်သိမ်နဲ့ စည်းစိမ်ဥစ္စာတို့အပေါ် တပ်မက်ခြင်းမရှိဘဲ အနေအထိုင် အေးဆေး တည်ငြိမ်သူတစ်ယောက် ဖြစ်ပါတယ်။ မိဖုရားကြီးဟာ ဟွမ်ထိုက်ကျီ ဧကရာဇ်ရဲ့ သာမန်မိဖုရား တစ်ပါးသာ ဖြစ်ခဲ့ပြီး သားဖြစ်သူ ရွှမ့်ကျစ်ခေတ်နဲ့ မြေးတော် ခန်းရှီးခေတ်တို့ရောက်မှ မယ်တော်ကြီးအဖြစ် အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
မိဖုရားကြီး ရှောက်ကျွမ်းဝန်ဟာ မျိုးရိုးအားဖြင့် မွန်ဂိုတော်ဝင်မျိုးရိုးက ဆင်းသက် လာသူဖြစ်ပါတယ်။ ရှောက်ကျွမ်းဝန် မိဖုရားကြီးကိုတော့ မင်မင်းဆက်ခေတ်ရဲ့ ဝမ့်လီဧကရာဇ်(Wanli Emperor) အုပ်စိုးစဉ် နန်းစံသက် ၄၁ နှစ်မြောက်၊ တရုတ်ပြက္ခဒိန် ဒုတိယလရဲ့ ၈ ရက်မြောက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အင်္ဂလိပ် ပြက္ခဒိန်အရဆိုရင်တော့ ၁၆၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်ဖြစ်ပါတယ်။ မိဖုရားကြီးရဲ့ အမည်မှာ ပုမုပုထိုက် (Bumbutai) ဖြစ်ပြီး မျိုးရိုးကတော့ ပေါ်အော်ကျိကျီထဲ့ပုဟော (Borjigit) ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ပေါ်အော်ကျိကျီထဲ့ပုဟော ဟာ မွန်ဂိုအင်ပါယာကိုတည်ထောင်ခဲ့တဲ့ ဂျင်ဂစ်ခန် (Genghis Khan) ညီတော်ရဲ့ မျိုးဆက်တစ်ဦးဖြစ်ပြီး မွန်ဂိုတော်ဝင်မျိုးနွယ် ခေါ်အယ်ချင့်မျိုးနွယ်စု တို့ရဲ့ အကြီးအကဲခေါင်းဆောင်ဖြစ်သလို တော်ဝင်ဘွဲ့ “ပေ့လဲ့” ရာထူး ရထားသူလည်းဖြစ်ပါတယ်။အဘိုးဖြစ်သူ မန်ကူစီ (Manggusi) ဟာလည်း ခေါ်ချင့်မွန်ဂိုမျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဖူမင်းသားအဖြစ် သိကြပါတယ်။ အဒေါ်ဖြစ်သူ ကျယ်ကျယ် (Jerjer) ကတော့ ဟွမ်ထိုက်ကျီ ဧကရာဇ်ရဲ့ မိဖုရားခေါင်ကြီး ရှောက်တွမ့်ဝန် ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ပေါ်လီ (Bo;i) ကိုတော့ သမိုင်း မှတ်တမ်းတွေထဲမှာ အကျယ်တဝင့် ဖော်ပြခြင်း မခံရပေမယ့် ခေါ်အယ်ချင့် မျိုးနွယ်ကပဲ ဆင်းသက်လာသူ ဖြစ်ပါတယ်။
၁၆၂၅ ခုနှစ်မှာတော့ မွန်ဂိုမျိုးနွယ်စုနဲ့ မန်ချူးတို့ရဲ့ မဟာမိတ် ထုံးတမ်းစဉ်လာအရ မွန်ဂိုတော်ဝင်မျိုးရိုးက သမီးပျိုဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် ပုမုပုထိုက်ကို မန်ချူးဘုရင် ဟွမ်ထိုက်ကျီထံ ဆက်သခဲ့ပါတယ်။ ဒီမတိုင်မီ ၁၆၁၄ ခုနှစ်ကလည်း ရှောက်တွမ့်ဝန် မိဖုရားခေါင်ကြီးဖြစ်လာမယ့် ပုမုပုထိုက်ရဲ့ အဒေါ်ဖြစ်သူ ကျယ်ကျယ်ကို ဟွမ်ထိုက်ကျီနဲ့ လက်ဆက်စေခဲ့ပါတယ်။ ဟွမ်ထိုက်ကျီ ဧကရာဇ်ဟာ ပုမုပုထိုက်ထက် ၂၁ နှစ်ကြီးသလို အဒေါ်ဖြစ်သူ ကျယ်ကျယ်ထက် ၇ နှစ်ကြီးပါတယ်။ ဒါ့အပြင် ၁၆၃၄ ခုနှစ်မှာတော့ ပုမုပုထိုက်ရဲ့ အစ်မဖြစ်သူ မင်ဟွေ့ကုန်းဟောယွမ်မိဖုရား (Primary consort Minhui) ဖြစ်လာမဲ့ ဟိုက်လန်ကျူး(Harjol) ကိုလည်း ဟွမ်ထိုက်ကျီ ရဲ့ ကြင်ယာတော်အဖြစ်ဆက်သခဲ့ပါတယ်။
ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ ဟွမ်ထိုက်ကျီ ဧကရာဇ်အတွက် သမီးတော် ၃ ပါးနဲ့ သားတော်တစ်ပါး မွေးဖွားပေးခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ၁၆၂၉ ခုနှစ်မှာ ဧကရာဇ်ရဲ့ ၄ ဦးမြောက် သမီးတော်ဖြစ်တဲ့ ပထမအဆင့် မင်းသမီး ယုံမု (Yongmu) နဲ့ ၁၆၃၂ ခုနှစ်မှာ ၅ ဦးမြောက် သမီးတော်ဖြစ်တဲ့ ပထမအဆင့် မင်းသမီး စူးဟွေ (Shuhui) တို့ကို မွေးဖွားပေးခဲ့ပါတယ်။ ၁၆၃၃ ခုနှစ်မှာတော့ ၇ ဦးမြောက် သမီးတော်ဖြစ်တဲ့ ပထမအဆင့် မင်းသမီး တွမ်းရှန် ကို မွေးဖွားခဲ့ပါတယ်။
၁၆၃၆ ခုနှစ်မှာတော့ ဟွမ်ထိုက်ကျီ ဧကရာဇ်က တိုင်းပြည်အမည်ကို “ချင်း”ဟုပြောင်းကာ ချင်းမင်းခေတ်ကိုစတင်ခဲ့ပြီး အဓိက မိဖုရား ၅ ဦးကို ဘွဲ့တော်တွေချီးမြှင့်ခဲ့ရာ ရှောက်ကျွမ်းဝန် မိဖုရားကြီးကတော့ အဆင့် ၅ ရှိတဲ့ ကြင်ယာတော် ကျွမ်း (Consort Zhuang) ဖြစ်လာခဲ့ပြီး ယုံဖုနန်းတော်မှာ ဆောင်ရနန်းရ မိဖုရားဖြစ်လာပါတယ်။ ၁၆၃၈ ခုနှစ် အရောက်မှာတော့ ဧကရာဇ်ရဲ့ ၉ ပါးမြောက် သားတော်ဖြစ်တဲ့ မင်းသားဖုလင် (Fulin) ကို မွေးဖွားခဲ့ပါတယ်။
၁၆၄၃ ခုနှစ်မှာ ဧကရာဇ် ဟွမ်ထိုက်ကျီဟာ ထီးနန်းဆက်ခံသူ မရွေးချယ်ရသေးဘဲ နတ်ရွာစံ သွားခဲ့ပါတယ်။ ဒီအခါ နန်းတက်ဖို့အတွက် အင်အားအရှိဆုံး လူနှစ်ယောက်ကတော့ ဧကရာဇ်ရဲ့ ညီတော်ဖြစ်သူ သောအော်ကွင် (Dorgon) နဲ့ ဧကရာဇ်ရဲ့ သားအကြီးဆုံး ဟောင်ဂယ် (Hooge) တို့ဖြစ်ပြီး သူတို့အကြား အာဏာလုပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နှစ်ဦးစလုံးက နောက်ဆုတ်ခဲ့ပြီး ရှောက်ကျွမ်းဝန် မိဖုရားကြီးရဲ့ သားတော် မင်းသား ဖုလင်ကပဲ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံခဲ့ရပါတယ်။ ဒါကြောင့် ၁၆၄၃ ခုနှစ်မှာ အသက် ၅ နှစ်အရွယ် မင်းသားဖုလင်က ရွှမ့်ကျစ် ဧကရာဇ်အဖြစ်နဲ့ နန်းတက်ခဲ့ပါတယ်။ ဦးရီးတော်ဖြစ်တဲ့ သောအော်ကွင် ကတော့ ငယ်ရွယ်တဲ့ ဧကရာဇ်ကို အကြောင်းပြုပြီး နန်းထိန်းအဖြစ် တာဝန် ယူကာ အာဏာကိုချုပ်ကိုင်ခဲ့ပါတယ်။
သားတော် ရွှမ့်ကျစ်ဧကရာဇ်နန်းတက်စဉ်မှာတော့ မယ်တော်ဖြစ်တဲ့ ရှောက်ကျွမ်းဝန် မိဖုရားကြီးနဲ့ ရှောက်တွမ့်ဝိန် မိဖုရားကြီးတို့ဟာ ဟွမ်ထိုက်ဟုတ် (Empress Dowager) လို့ ခေါ်တဲ့ မယ်တော်ကြီးနေရာကို ရရှိခဲ့ကြပါတယ်။ သောအော်ကွင် ဟာ ငယ်ရွယ်တဲ့ ဧကရာဇ်ကို ဗန်းပြပြီး နိုင်ငံရေးကို အမျိုးမျိုး ခြယ်လှယ်နေတာကြောင့် ဒီနေရာမှာ မယ်တော်ဖြစ်သူ ရှောက်ကျွမ်းဝန် မိဖုရားကြီးရဲ့ အခန်းကဏ္ဍကလည်း အတော်လေး အရေးပါခဲ့ပါတယ်။ မိဖုရားကြီးဟာ နိုင်ငံရေး အရှုပ်အရှင်းတွေနဲ့ သောအော်ကွင် ရဲ့ ခြယ်လှယ်မှုအောက်မှာ သားတော်ရဲ့ အာဏာဆက်လက် တည်မြဲရေးအတွက် အမြော်အမြင်ရှိရှိနဲ့ လိမ္မာပါးနပ်စွာ ကြံဆောင်ခဲ့ပါတယ်။ သမိုင်းပညာရှင် အချို့ကတော့ မိဖုရားကြီးဟာ သောအော်ကွင် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး သားတော် နန်းတက်နိုင်ခဲ့တာကလည်း နောက်ကွယ်ကနေ မိဖုရားကြီးရဲ့ စည်းရုံး သိမ်းသွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ သောအော်ကွင် ဟာ ၁၆၄၃ ခုနှစ်ကနေ ၁၆၅၀ ခုနှစ်အထိ နိုင်ငံရေးမှာ ဩဇာအာဏာ အတော်လေး ကြီးမားခဲ့ပါတယ်။
၁၆၅၀ ပြည့်နှစ်ကုန်ခါနီးလောက်မှာ သောအော်ကွင် ဆုံးပါးသွားခဲ့ပြီး နိုင်ငံတော် အာဏာဟာ ရွှမ့်ကျစ် ဧကရာဇ်ရဲ့ လက်ထဲကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဧကရာဇ်ဟာ သောအော်ကွင် ရဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို ရုတ်သိမ်းပစ်ခဲ့တဲ့အပြင် သောအော်ကွင် ရဲ့ အုတ်ဂူကိုဖော်ပြီး အလောင်းကိုလည်း ဖျောက်ဖျက် ခဲ့ပါသေးတယ်။ နန်းတွင်း ကောလာဟလ သတင်းတွေအရတော့ မိဖုရားကြီး ရှောက်ကျွမ်းဝန်နဲ့ သောအော်ကွင် တို့ဟာ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြဖူးသလို ဟွမ်ထိုက်ကျီဧကရာဇ် နတ်ရွာစံပြီးနောက်မှာ တိတ်တဆိတ် လက်ထပ်ခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။ ဒါပေမဲ့လည်း တိကျသေချာတဲ့ သမိုင်းအထောက်အထား မရှိတာကြောင့် ပါးစပ်ရာဇဝင် အဖြစ်သာ ဆိုစမှတ်ပြုကြပါတယ်။
အဲဒီနောက် ၁၆၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ သက်တော် ၂၂ နှစ်မှာ ရေ‌ကျောက်ရောဂါနဲ့ ရွှမ့်ကျစ် ဧကရာဇ် နတ်ရွာစံခဲ့ပြီး တတိယမြောက်သားတော် ရွှမ်ရဲ့ (Xuanye) ဟာ ခန်းရှီးဧကရာဇ် (Kangxi Emperor) အဖြစ် အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ ခန်းရှီးဧကရာဇ်လက်ထက်ဟာ ချင်းမင်းဆက်ရဲ့ ရွှေခေတ်အဖြစ် တင်စား ရလောက်အောင် အအောင်မြင်ဆုံး ကာလဖြစ်ခဲ့ပါတယ်။
ဒီလိုအောင်မြင်ရတဲ့အကြောင်းအရင်းကလည်း နောက်ကွယ်ကနေ နည်းပေးလမ်းပြကောင်းမွန်ခဲ့တဲ့ ဘွားတော် ရှောက်ကျွမ်းဝန် မိဖုရားကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ခန်းရှီးဧကရာဇ်ဟာလည်း ခမည်းတော် ရွှမ့်ကျစ်ဧကရာဇ်တုန်းကလိုပဲ အသက် ၇ နှစ်သာသာ အရွယ်မှာ နန်းတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘွားတော် ရှောက်ကျွမ်းဝန် မိဖုရားကြီး ကိုယ်တိုင်က ဧကရာဇ် အရွယ်ရောက်တဲ့အထိ တိုင်းပြည်ကို ထိန်းသိမ်းအုပ်ချုပ်ပေးဖို့ နန်းထိန်းမှူးမတ် ၄ ဦး ရွေးချယ် ခန့်အပ် ခဲ့ပါတယ်။
မယ်တော် ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ သမိုင်းမှတ်တမ်းထဲက အခြားသောမိဖုရားကြီး တွေလိုမျိုး ဧကရာဇ်ကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်တာမျိုးမရှိဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီး အုပ်ချုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ဧကရာဇ်ရဲ့မယ်တော် ဆုံးပါးသွားချိန်မှာလည်း မြေးတော်ကို သားသမီး တစ်ယောက်လိုမျိုး ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။
ဒါ့အပြင် ခန်းရှီးဧကရာဇ် အရွယ်ရောက် လာချိန်မှာတော့ နန်းထိန်းတစ်ဦးဖြစ်တဲ့ ဧကရာဇ်နှင့်‌အင်အားခြင်းယှဉ်လာတဲ့ အောင်ပိုက် (Obi) ကိုလည်း အကွက်ကျကျ စီစဉ်ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အောင်ပိုက်ဟာ အာဏာမက်ပြီး ဧကရာဇ်ကို ကြိုးကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအခါ ဘွားတော်က ဧကရာဇ်အနေနဲ့ အင်အားကြီးမားတဲ့ အောင်ပိုက်ကို ရင်ဆိုင်ဖို့အတွက်ဆိုရင် အလျင်မလိုဘဲ စိတ်ရှည်လက်ရှည်နဲ့ အကွက်ကျကျ စီစဉ်ဖို့ အကြံပေးခဲ့ပါတယ်။ ဘွားတော်ရဲ့ အကြံပေးမှုအတိုင်း လုပ်ဆောင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ အောင်ပိုက်ကို ရာထူးကနေ ရုတ်သိမ်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောင်ပိုက်ရဲ့ အရေးကိစ္စပြီးနောက်မှာတော့ မယ်တော် ‌ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ နိုင်ငံ့အရေး ကိစ္စတွေထဲ ဝင်မပါတော့ဘဲ ငြိမ်းချမ်းစွာနေထိုင်ခဲ့ပါတယ်။ မိဖုရားကြီးဟာ ဇိမ်ခံပစ္စည်း အသုံးအဆောင် တွေကိုလည်း မမက်မောဘဲ ခြိုးခြံ ချွေတာကာ အကုန်အကျများမှာစိုးတာကြောင့် မွေးနေ့ပွဲတောင် မကျင်းပခဲ့သူ ဖြစ်ပါတယ်။ ‌ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ တိုင်းပြည်လိုအပ်လာလျင် ကူညီရန်အမြဲအသင့်ရှိနေသူဖြစ်ပါတယ်။ သဘာ၀ဘေးကြောင့် စားနပ်ရိက္ခာရှားပါးလာချိန်တိုင်းတွင် မိဖုရားကြီးဟာ နန်းတွင်းအသုံးစရိတ်များကိုလျှော့ချကာ ငွေကြေးများကိုပြည်သူများ ရဲ့ဝမ်းရေးအတွက်အသုံးပြုခဲ့ပြီး တိုင်းပြည်မတည်ငြိမ်ချိန်မှာ အဝေးသို့ သွားရောက်ကာ ရန်သူတွေကိုတိုက်ခိုက်နေသည့် ရှေ့တန်းစစ်သည်တို့အတွက်လည်း ချီးမြှင့်မှုတွေလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မန်ချူးတို့အနေနဲ့ တိုင်းပြည်ကို အောင်မြင်စွာ အုပ်စိုးနိုင်ဖို့ဆိုရင် ဟန်ယဉ်ကျေးမှုကိုလည်း မေ့ဖျောက်ထားလို့ မရတဲ့ အကြောင်း မြေးတော်ကို ပြောပြခဲ့ပြီး ဟန်ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း အချို့ကို နန်းတွင်းမှာ လက်ခံကျင့်သုံးခဲ့ပါတယ်။ ခန်းရှီးဧကရာဇ်ကိုလည်း ဟန်စာပေ သင်ကြားစေခဲ့သလို နန်းတွင်းအမှုထမ်း တွေမှာလည်း ဟန်လူမျိုးတွေကိုပါ ယှဉ်တွဲခန့်ထားစေခဲ့ပါတယ်။ ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ ဟန်လူမျိုးတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်တာကြောင့် နိုင်ငံတစ်ဝန်းက ဘုရားကျောင်းတွေကို ပြင်ဆင်ထိန်းသိမ်းခဲ့ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ပါတယ်။ ခန်းရှီး ဧကရာဇ်ကလည်း ဘွားတော်ဖြစ်သူအပေါ် အတော်လေး ချစ်မြတ်နိုး တွယ်တာခဲ့ပါတယ်။
ဒီလိုမျိုး မိဖုရားကြီးရဲ့ အမြော်အမြင်ရှိရှိ လုပ်ဆောင်မှုတွေကြောင့် ချင်းမင်းဆက်ဟာ နှစ်ပေါင်း ၂၀၀ ကျော်အထိ တိုင်းပြည်မှာ အုပ်စိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဖုရားကြီးကို မန်ချူးနဲ့ ဟန်ယဉ်ကျေးမှုကို ပေါင်းကူးပေးခဲ့သူတစ်ဦးအဖြစ် တလေးတစား ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ၁၆၈၇ ခုနှစ် မှာတော့ ဘွားတော် ရှောက်ကျွမ်းဝန်မိဖုရားကြီး နေထိုင်မကောင်းဖြစ်နေတာကြောင့် ခန်းရှီးဧကရာဇ်ကိုယ်တိုင် လာရောက် ပြုစုပေးခဲ့ရပါတယ်။ ဒါပေမဲ့ ၁၆၈၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်၊ သက်တော် ၇၄ နှစ်အရွယ် မှာတော့ စီးနင်နန်းတော်မှာ နတ်ရွာစံတော်မူခဲ့ပါတယ်။
ရှောက်ကျွမ်းဝန် မိဖုရားကြီးဟာ သမိုင်းမှာ ထင်ရှားပြီး ထက်မြက်တဲ့ မိဖုရားကြီးတွေထဲက တစ်ပါး ဖြစ်ပါတယ်။ ‘The Secret History of Xiaozhuang’ ဆိုတဲ့ မိဖုရားကြီး အကြောင်း ရေးသားထားတဲ့ စာအုပ်ထွက်ရှိခဲ့သလို ၂၀၀၃ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်လမ်းတွဲ အဖြစ် ပြန်လည် ရိုက်ကူးပုံဖော်ခဲ့ကြပါတယ်။

More Interesting Blogs from Zlann