“မဟာဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်”

မဟာဂီတမိခင်ကြီး လို့ခေါ်ဆိုကြတဲ့ ဒေါ်စောမြအေးကြည်ကို ၁၈၉၂ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ငယ်နာမည် က ခင်စိန်ကြည် ဖြစ်ပါတယ်။ ဖခင်က သီပေါမင်းလက်ထက် ဗြဲတိုက် သံတော်ဆင့် ရာထူး ထမ်းရွက်ရတဲ့ ဦးမောင်မောင်တင်ဖြစ်ပြီး မိခင်က မင်းသမီး စောလှထိပ်ခေါင်တင်ရဲ့ ဘဏ္ဍာစိုး ဒေါ်ခင်ဖွားဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အဆိုအတီး ဘက်မှာ ဝါသနာထုံခဲ့တဲ့အတွက် ငယ်ရွယ် စဉ်ကတည်းက သီဆိုမှု ပညာကို လေ့လာဆည်းပူးသင်ကြားခဲ့ပါတယ်။သီပေါမင်းပါတော်မူပြီးတဲ့နောက် နန်းတော်သုံးသဘင်သည်တွေဟာ ပေးကမ်းမဲ့သူမရှိ၊ ငှားရမ်းသူ မရှိတဲ့အတွက် ဒုက္ခရောက်ကြပါတယ်။အဲဒီလိုဒုက္ခရောက်သူတွေကို ပခန်းမင်းကြီးကတော်က တတ်နိုင် သလောက် ပေးကမ်းထောက်ပံ့ပါတယ်။အဲဒီလို ဖြစ်ပျက်နေတာတွေကို ကြားသိတဲ့ သီပေါစော်ဘွားက ခေါ်ယူပြီး စောင့်ရှောက်မှုပြုပါတယ်။သီပေါစော်ဘွားက ရာမ၊အီနောင် ဇာတ်အဖွဲ့သားတွေကိုသာမက မဟာဂီတ အတီး၊အဆိုသမားတွေကိုလည်း ခေါ်ယူစောင့်ရှောက်ပါတယ်။သီပေါမှာ အမြဲတမ်းနေနိုင် သူတွေကို အလုပ်ပေးပြီး မနေနိုင်သူတွေကို အသွား၊အပြန်ပြုနေစေပြီး ထောက်ပံ့ပေးပါတယ်။
စော်ဘွားကြီး စောကြာခိုင် နဲ့ သူ့ရဲ့သား စော်ဘွား စောချယ် တို့က ဂီတကို မြတ်နိုးပြီး ကိုယ်တိုင် ဆို၊တီး၊ရေးဖွဲ့နိုင်တဲ့အပြင် တီးတတ်ဆိုတတ်သူတွေကို ကတော်အဖြစ် ထားလေ့ရှိပါတယ်။
တစ်နှစ်မှာတော့ သီပေါမှာ သီတင်းကျွတ်ပွဲတော် လုပ်မယ်ဆိုပြီး စော်ဘွားဆာစောချယ်က သူ့ရဲ့ နာခံတော် အမတ်ကြီး ဦးထူးကို မန္တလေးဆင်းစေပြီး ပွဲငှားခိုင်းပါတယ်။မန္တလေးမှာ ဆွေကောင်း မျိုးကောင်းထဲက ဂီတဝါသနာပါသူ ကလေးမတွေ တွေ့ရင် ခေါ်ယူမွေးစားချင်တယ်လို့လည်း မှာ လိုက်ပါတယ်။
နာခံတော်ဦးထူး မန္တလေးရောက်တဲ့အခါ သူ့နဲ့ ဗြဲတိုက်မှာ အမှုထမ်းဖက် ရဲ့မိန်းမ ဖြစ်သူ မုဆိုးမ ဒေါ်ခင်ဖွားနဲ့တွေ့ဆုံပါတယ်။ဒေါ်ခင်ဖွားမှာ သားတစ်ယောက်၊သမီးတစ်ယောက် ရှိပြီး စီးပွားရေး အဆင်မပြေပေမဲ့ သမီးဖြစ်သူ က အဆိုအက ဝါသနာပါတဲ့အတွက် ဦးလူကြီး ဆီမှာ ပညာသင်ကြား ပေးနေတယ် လို့ဆိုပါတယ်။အဲဒီအချိန်မှာ ခင်စိန်ကြည်(ခေါ်)ခင်အေးကြည်ရဲ့ အသက်က ၁၂ နှစ်သာ ရှိပါသေးတယ်။ဦးထူးက သားအမိတွေ စိတ်ချမ်းသာအောင်ပြောဆိုသလို သီပေါကိုလိုက်ခဲ့ဖို့လည်း ခေါ်ယူပါတယ်။ သီပေါကိုလိုက်ခဲ့ဖို့အတွက် အဝတ်အစားတွေဝယ်ဖို့ဆိုပြီး ငွေကြေးတွေလည်း ပေးခဲ့ပါတယ်။
တန်ဆောင်မုန်းလမှာ တော့ ဦးထူး ပြန်လည်ရောက်ရှိလာပြီး ဒေါ်ခင်ဖွားတို့ သားအမိကို သီပေါ မြို့သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။သီပေါမှာ ၃ ရက်နေပြီး မန္တလေးက ငှားလာတဲ့ ပွဲတွေ ပြန်ဖို့ပြင်ကြတဲ့ အခါ သူတို့သားအမိလည်း ပြန်ဖို့ပြင်ဆင်ပါတယ်။ဒေါ်ခင်ဖွားက စော်ဘွားကို ကန်တော့ပြီး ပြန်ဖို့နှုတ်ဆက် တဲ့အခါ မပြန်ခိုင်းဘဲ ခင်စိန်ကြည်ကို မွေးစားမယ်လို့ဆိုကာ ခေါ်ထားလိုက်ပါတယ်။
အဲဒီနောက် ခင်စိန်ကြည်တစ်ယောက် သူ့အမေ နဲ့သိပ်မနေရတော့ဘဲ အထိန်းတော် မိန်းမကြီးရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကိုခံရပါတယ်။အသက် ၁၂ နှစ်သမီးအရွယ်မှာ သီပေါကို စရောက်ခဲ့တဲ့ ခင်စိန်ကြည်တစ်ယောက် အဆို၊အတီး ပညာရပ်တွေ သင်ယူခွင့်ရခဲ့ပြီး အသက် ၁၇ နှစ်သမီး အရွယ်မှာတော့ စော်ဘွားနဲ့ လင်ခန်း၊မယားခန်းဝင်ခဲ့ပါတယ်။စော်ဘွားကတော်ဘဝနဲ့လည်း ဂီတပညာတွေကို သင်ကြားခဲ့ပါတယ်။
အသက် ၂၀ ကျော်အရွယ်မှာ ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုး တို့ရေးသားသီကုံးနိုင်ပြီး ရေးသား ဆက်သွင်းရာ စော်ဘွားကြီး သဘောကျတဲ့အတွက် စောဥက္ကာဘွဲ့ ပေးအပ်ခြင်းခံရပါတယ်။အသက် ၂၃ နှစ်အရွယ်မှာတော့ နေမကောင်းတဲ့အတွက် သီပေါစော်ဘွား ဆာစောချယ်က သူသွား မဲ့ခရီးမှာ ခင်အေးကြည်ကိုမခေါ်ဘဲထားရစ်ခဲ့ပါတယ်။ဆာစောချယ်တစ်ယောက် ၃ ရက်နဲ့အထက် ကြာနိုင်တဲ့ခရီးစဉ်တွေမှာ ခင်အေးကြည် ကိုခေါ်သွားလေ့ရှိပါတယ်။ အဲဒီတစ်ခေါက်မှာတော့ ခင်အေးကြည် နေမကောင်းတဲ့အတွက် ချန်ထားရစ်ခဲ့ပြီး ကျန်ရှိတဲ့ စော်ဘွားကတော် အများအပြားကို ခေါ်သွားခဲ့ပါတယ်။
မိုးတွေကလည်း အဆက်မပြတ်ရွာသွန်းပြီး တောင်ခိုးတွေက မှိုင်း၊မြူတွေက ဆိုင်းနေတဲ့အတွက် နေမကောင်းလို့ကျန်ရစ်ခဲ့တဲ့ ခင်အေးကြည် တစ်ယောက် ဘယ်ကိုမှ မသွားနိုင်ဘဲ ရှိနေခဲ့ပါတယ်။
ဟော်မှာရှိနေသူတွေထဲက အချို့က စောင်းတီးခတ် သီဆိုမှုတွေပြုလုပ်နေသံကိုကြားတဲ့အခါမှာတော့ ပတ်ပျိုးတစ်ပုဒ်ကိုရေးစပ်ချင်လာပါတယ်။အဲဒါကြောင့် တီးခတ်သီဆိုနေသူတွေရှေ့မှာပဲ မိုးဒေဝါ ပတ်ပျိုးကို စတင်ရေးသားပါတော့တယ်။ရေးသားပြီးတဲ့နောက် စည်း၊ဝါးကိုင်ကာ လိုအပ်တာတွေ တည်းဖြတ်နေစဉ် စော်ဘွားပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စော်ဘွားက မိုးဒေဝါကို ဆိုပြစေပြီး ကောင်းတယ်မကောင်းဘူး မပြောဘဲ “အာဂ မိန်းကလေး မိုးနဲ့တောင်ရန်ဖြစ်တယ် ” လို့ဆိုပါတယ်။
နောက်တစ်နေ့ရောက်တဲ့အခါမှာ‌တော့ ဧည့်ပရိသတ်တွေကို ဖိတ်ကြားပြီး ခင်အေးကြည်ကို မိုးဒေဝါ သီချင်းသီဆိုစေပါတယ်။လာရောက်ကြတဲ့ ပညာရှင်တွေကလည်း မိုးဒေဝါသီချင်းကို ချီးကျူး ပြောဆိုကြပါတယ်။ ယောက်ျားတွေအချစ်ကို စောင့်မျှော်ရတဲ့ မိန်းမဘဝကို မိုးကို မျှော်ရတဲ့အဖြစ်နဲ့ နှိုင်းပြီး စပ်ဆိုထားတဲ့ မိုးဒေဝါသီချင်းကြောင့် စော်ဘွား ချီးမြှင့်တဲ့ သီရိဥက္ကဌ် ဝတီဘွဲ့နဲ့အတူ စောမြအေးကြည်လို့ ထင်ရှားလာပါတယ်။
အဲဒီနောက် ဘွဲ့၊ပတ်ပျိုး၊ယိုးဒယား၊ဘောလယ်၊တေးထပ် တွေကိုဆက် လက်ရေးသားခဲ့ပါတယ်။ နောက်တခါမှာလည်း စော်ဘွားက ဟော်အောက်ဆင်းပြီး သူ့ရဲ့ဇနီးမယားတွေနဲ့ ပျော်နေချိန် ဟော်ပေါ်မှာ အိပ်မရတဲ့ ဒေါ်စောမြအေးကြည်က လမင်းသော်တာ ပတ်ပျိုးကို ရေးသားခဲ့ပါတယ်။
ဒေါ်စောမြဧကြည်ရေး သီချင်းများစွာအနက် မိုးဒေဝါ၊လမင်းသောတာ၊ မိုးပဇ္ဇုန်စတဲ့ ပတ်ပျိုးတွေက ယနေ့တိုင် ထင်ရှားကျော်ကြားလျက်ရှိဆဲဖြစ်ပါတယ်။ မိုးဒေဝါပတ်ပျိုးရဲ့စာသား အဖွဲ့၊ အနွဲ့၊ အကွက်၊ အလက် အသံတွေက ရှေးမြန်မာဂီတစံချိန်နဲ့အလွန်ကိုက်ညီ တဲ့အသံတွေဖြစ်ပါတယ်။
သီပေါဟော်နန်းတွင်းမှာ စောင်းတီးနည်း၊ သီချင်း စနစ်တကျသီဆိုနည်း၊ သီချင်းရေးနည်း၊ ကနည်း တွေကို ကြိုးစားအားထုတ်လေ့လာ ဆည်းပူးခဲ့တာကြောင့် ဂီတပညာကို အခြေခံခိုင်ခိုင် ရခဲ့ပြီး ကျယ်ဝန်း နက်နဲတဲ့ သဘင်ပညာကို ထပ်ပြီး ဖြည့်တင်းဆည်းပူးခဲ့တဲ့အတွက် ဆို-က-ရေး-တီးအနုပညာတို့နဲ့ ကုံလုံပြည့်ဝတဲ့ အနုပညာရှင်ကြီးတဆူ ဖြစ်လာခဲ့ပြီး ဂီတလောကမှာ ဂီတမိခင်ကြီးအဖြစ် လေးစား ကြည်ညိုခြင်း ခံရပါတယ်။
ဒေါ်စောမြအေးကြည်တစ်ယောက် ဟော်ထဲမှာ နေရင်း ရန်ကုန်မှလာသူ ဂီတသမားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ဂီတအကြောင်းဆွေးနွေးရာက ရင်းနှီးသွားကြပါတယ်။ဒါကို မလိုတဲ့ စော်ဘွားကတော် အချို့က တိုင်တန်းတဲ့အတွက် သူတို့ ချောင်းအဖမ်း ခံရပါ တယ်။အဲဒီနောက် စော်ဘွားဆီ ခေါ်သွားခံရပါတယ်။စော်ဘွားက ဆံပင်လေးကွက်ကျားရိတ်စေပြီး နှစ်ယောက် စလုံး ဘူတာရုံကို ပို့ခိုင် လိုက်ပါတယ်။ဒေါ်စောမြအေးကြည်တစ်ယောက် ဝါသနာချင်းတူသူ ရကန်ဦးတင် နဲ့ ဒုတိယအိမ်ထောင်ထူခဲ့ပြီး ဘဝကို အစကပြန်စလို့ ရုန်းကန်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်မီက အစိုးရပန်းချီနှင့် တူရိယာဂီတ ကျောင်းမှာ နည်းပြဆရာမ၊ စစ်ပြီးခေတ် မှာတော့ မြန်မာ့ဂီတပြန်လည်ထွန်းကားရေးအဖွဲ့မှာ တာဝန်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးခေတ်မှာ ရေဒီယိုမှ ဂီတသင်ခန်းစာတွေကို ပို့ချခဲ့သလို သီချင်းကြီး မူမှန်ဖြစ်ရေးအဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့ပါတယ်။၁၉၅၂ခုနှစ်မှာ နိုင်ငံတော်အစိုးရမှအလင်္ကာကျော်စွာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၁၉၅၃-၅၇ အထိ ကံဘဲ့ဆရာအတတ်သင်ကျောင်းမှာ ဂီတ ကထိကအဖြစ်အမှုထမ်းခဲ့ပြီး ၁၉၅၄ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဘီအေဘွဲ့ ချီးမြှင့်ခြင်းခံရပါတယ်။
သမိုင်းကော်မရှင် မှာ ဂီတ သုတေသီ ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။မိမိဆည်းပူးခဲ့သမျှ ဂီတပညာ တွေကို မကွယ်လွန်မီ အချိန်အထိ စေတနာထက်သန်စွာနဲ့ ဂီတပညာ နှစ်ခြိုက်လိုလား သူတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ၊ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ မဟာဂီတ ပညာရှင်တို့ရဲ့ ထုံးစံအတိုင်း သူ့လက်နှစ်ဖက်နဲ့ နှုတ်ခမ်းကို ရွှေချ သင်္ဂြိုဟ်ခဲ့ပါတယ်။
=============================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann