” မဟာဂီတ ဦးပြုံးချို “

မဟာဂီတ ဦးပြုံးချိုကို ဧရာဝတီမြစ်ဝကျွန်းပေါ် ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ခရစ်နှစ် ၁၈၇၈ ခုနှစ်မှာ အဖ ဆရာစီ ၊ အမိ ဒေါ်ထွေး တို့မှ မွေးဖွားခဲ့တဲ့ သားကြီး ဩရသဖြစ်ပါတယ်။ ဦးပြုံးချိုရဲ့ ဖခင် ဆရာစီက အထက်မြန်မာပြည်မှ သူကောင်းမျိုးရိုးဖြစ်ပါတယ်။ဗန့်ကျီ ၊ ဗန့်မော် စတဲ့ ဗန့်ကျီ ကိုးတိုက် အပိုင်စားရတဲ့ ဗန့်ဂျီဝန် ဦးရွှေရုပ်က ဦးပြုံးချိုရဲ့ ဘေးတော်စပ်ပါတယ်။ သာယာဝတီမင်း အရေးတော်ပုံကြောင့် ဧရာဝတီမြစ်ကြောင်းအတိုင်း လှေကြီးနဲ့ စုန်ဆင်းလာပြီး ပန်းတနော်မြို့ ရေရွာမှာ နေထိုင်ကြပါတယ်။ ဂီတပညာဘက်မှာ အသက် ၁၁နှစ်သားအရွယ်ထဲက ပါရမီရင့်သန်ပြီး ဂီတပါရမီကို ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက မေးရိုက်မေးဝဲ သီချင်းတွေကို ရေးရာမှာ လက်ဖျားခါရလောက်အောင် ရေးနိုင်သူဖြစ်ပါတယ်။ ၁၆ နှစ် ပြည့်မြောက်တဲ့အခါ သီချင်း အရာနဲ့ စောင်းပညာ ကို မင်းပွဲ သဘင် မှာ ထင်ပေါ် ကျော်ကြား လောက်အောင် တတ်မြောက် ကျွမ်းကျင်နေုပြီဖြစ်ပါတယ်။အဲဒီအရွယ်ကတည်းက ကျိုက်လတ်၊ဖျာပုံ ကို လာရောက်ယှဉ်ပြိုင်သူ မှန်သမျှ အား ဦးပြုံးချို အနိုင်ရခဲ့ပါတယ်။ ဆရာ ဦးပြုံးချိုက ဂီတပညာမှာသာမက အသက်မွေးဝမ်းကြောင်း ပညာရပ်မှာလည်း သူမတူအောင် ထူးချွန်သူဖြစ်ပါတယ်။ပိုပြီး ထူးချွန် တတ်မြောက်စေဖို့ အသက် ၁၃နှစ်သား အရွယ်မှစတင်ပြီး မိဘနဲ့အတူမနေဘဲ ကိုယ်တိုင်ကြိုးစားကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ မိဘ တို့နဲ့ခွဲကာ သီးခြားနေထိုင်ခဲ့ပါတယ်။ ပန်းချီပညာကိုလည်း ကောင်းစွာ တတ်မြောက်ခဲ့သူဖြစ်ပါတယ်။သူကိုယ်တိုင် တည်ထောင်‌ထားတဲ့ ဇာတ်အဖွဲ့တွေမှာ နန်းတော်ကား၊ မြို့ရိုးကား၊တောကား၊တောင်ကားမှန်သမျှ သူကိုယ်တိုင် ပန်းချီရေးဆွဲခဲ့ပါတယ်။ ဦးပြုံးချိုဟာ ဂီတလောက ၊ဇာတ်သဘင်လောက မှာသာမက စာပေလောက မှာလည်းထူးချွန် ကျော်ကြားသူ ဖြစ်ပါတယ်။ပန်းပု ၊ ပန်းပဲ ၊ သံထည်ပန်းဖောက် ၊ ဗိသုကာ အတတ်ပညာ တို့ပါ တတ်မြောက်သူ တစ်ဦးဖြစ် ပါတယ်။ ပိုက်ထိုးနည်းပညာ ၊ ငွေဒင်္ဂါး သွန်းလုပ်နည်း ပညာ ၊ မီးကျည် ၊ မီးပန်း ၊ ဗြောက်အိုး ၊ ပေထုပ် ပြုလုပ်တဲ့ ပညာတို့ကိုလည်း တတ်မြောက်သူ တစ်ဦးဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီး ပြီးခါနီး ၁၉၁၇ ခုနစ်ခန့်မှာ ဦးဘရှင်ထောင်တဲ့ ဇာတ်အဖွဲ့ အုပ်ချုပ်သူ ဇာတ်ဆရာကြီး အဖြစ် လိုက်ပါ ဦးစီးခဲ့ပါတယ်။ဆရာကြီးဟာ စွယ်စုံရ ပညာရှင် အဖြစ်သာမက စာနယ်ဇင်း လောကမှာလည်း ထင်ရှားတဲ့ စာရေးဆရာကြီး တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ပညာ့အလင်းသတင်းစာက အထူးထင်ပေါ်ကျော်ကြားလျက်ရှိပါတယ်။အယ်ဒီတာဌာနမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ကြီးမှူးလျက်၊ ဆရာ ပီမိုးနင်း ၊ ဆရာရွှေ ၊လန်ဒန်အတ် ရုပ်ရှင်ဒါရိုက်တာ ဦးပုကြီး ၊ သူရိယ ဦးပုကလေး ၊ အမ်-ဖိုးချိန် တာဝန်ယူလျက်ရှိပါတယ်၊၊သတင်းစာတိုက်ပိုင်ရှင် တွေအနေနဲ့ အလွန်စီးပွားတိုးတက်နေတဲ့ အချိန်ဖြစ်ပါတယ်။ သူဌေးကတော်ဒေါ်ဆင့်က ဘာသာရေးကိုင်းရှိုင်းသူပီပီ ပညာ့အလင်းသတင်းစာတိုက်မှာ အဘိဓမ္မာတရား ဆွေးနွေးပွဲပြုလုပ်ပါတယ်။ဆရာတော်ဘုရားကြီးများ အဘိဓမ္မာတရား ဆွေးနွေးစဉ် အယ်ဒီတာတစ်ဦးက ဓမ္မဂီတအချိုး ” တေးဘုမ္မာ ” သီချင်းကို ဆိုပြမိရာ ဆရာတော်ဘုရားက ” ဒီသီချင်းကိုဘယ်သူရေးတာလဲဟ ” လို့ မေးပါတယ်။” ကျိုက်လတ်မြို့က ဆရာ ဦးပြုံးချိုပါ ဘုရား ” လို့ ပြန်လည်လျှောက်ထားတဲ့အခါ ” ဒီလိုလူကို သတင်းစာတိုက်မှာ အသုံးပြုကြ ဒီလိုစွယ်စုံရတဲ့လူမျိုး တစ်သောင်းမှာ တစ်ယောက်မရှိဘူး ” လို့မိန့်ကြားတော်မူပါတယ်။အဲဒါတွေကြောင့် ဦးပြုံးချိုဟာ ပညာ့အလင်းသတင်းစာတိုက်ရဲ့ အယ်ဒီတာ ဖြစ်လာခဲ့ပါတယ်။ ပညာ့အလင်း သတင်းစာမှာ” စိန္တာသက္က ” ကလောင်အမည်နဲ့ အထူးကျော်ကြားပါတယ်။အဲဒီနောက် မြန်မာ့အလင်းသတင်းစာမှာ ပြောင်းလဲလုပ်ကိုင်ပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ ” ဖိုးမင်းကျော် ” ၊ ” အရူးတော် နေဒွန်း ” စတဲ့ ကလောင်အမည်တွေနဲ့ လူကြိုက်များခဲ့ပါတယ်။ အောင်ဇေယျတု ဆေးတိုက်ပိုင်ရှင် ဦးဖိုးဘနဲ့အတူ ကျိုက်ထီးရိုးသို့ ဘုရားဖူးသွားပြီး အပြန်” ကျိုက်ထီးရိုး နတ်လမ်းညွှန် ” စာအုပ်ကို သောလုံး,သောကွက်တွေ ဖြည့်စွက်ရေးသားရာ စာဖတ်ပရိသတ် တိုးလာခဲ့ပါတယ်။ မြန်မာ့အလင်းမှ သမဝါယမဝန်ထောက် ဦးငြိမ်းရဲ့ ” မောရဝတီ သတင်းစာ ” ကိုပြောင်းလဲရောက်ရှိပါတယ်။ အဲဒီနောက် “ဝါဏိဇ္ဇ ” သတင်းစာမှာ ဒယ်ဒီတာအဖြစ်လုပ်ကိုင်ပါတယ်။”ဝါဏိဇ္ဇ ” သတင်းစာမှာလုပ်ကိုင်နေစဉ် ရန်ကုန်မြို့ ၅၁ လမ်းမှာ ဖွင့်လှစ်ထားတဲ့ အမျိုးသား ပုံနှိပ်တိုက်ပိုင်ရှင် ” နေရှင်နယ် ဦးမြင့်ရဲ့ တိုက်တွန်းချက်အရ ” မဟာဂီတပေါင်းချုပ်ကြီး ” ကိုပြုစုရေးသားခဲ့ပါတယ်။အဲဒီအချိန်မှစတင်ပြီး မဟာဂီတ ဦးပြုံးချို လို့ကျော်ကြားကာ လူသိများလာပါတော့တယ်။ ဆရာပွားရဲ့တိုက်တွန်းချက်အရ ဒေဝကုမ္ဘန် ပြဇာတ်ကို ရန်ကုန် တက္ကသိုလ်မှာ သွားရောက်သင်ကြားပို့ချပေး ခဲ့ပါတယ်။သူရိယသတင်းစာတိုက်မှာ မြန်မာဘက်ဆိုင်ရာ ပညာရှိ ဆရာဦးလွန်း ခေါ် သခင်ကိုယ်တော်မှိုင်း နုတ်ထွက်တဲ့အခါ အဲဒီနေရာမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။ဆရာဦးပြုံးချို ရေးသားခဲ့တဲ့ မိုးနတ်ဒေဝီ သီချင်းကလည်း လှပ ယဉ်ကျေးတဲ့ သီချင်းဖြစ်ပြီး ကြားရသူတို့ စိတ်ဝယ် ချမ်းမြေ့ရွှင်လန်းစေတဲ့သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သူရိယသတင်းတိုက်မှာ လုပ်ကိုင်နေစဉ် ” ကစားနည်းအမျိုးမျိုးကျမ်း “နဲ့” နေဧ၏ လိမ်နည်းအမျိူးမျိုး ” ကို ရေးသားခဲ့ပါတယ်။အဲဒီနောက် ” မဟာဂီတတ္ထ ဒီပနီကျမ်း ” ကို ကြိုးစားရေးနေခိုက် သက္ကရာဇ် ၁၂၈၉ ခုနစ် တပို့တွဲလဆန်း ၄ရက် ဗုဒ္ဓဟူးနေ့ အသက် ၅၀ အရွယ်မှာ ကွယ်လွန်အနိစ္စရောက်ပါတယ်။

#ZLann #ZLann_Podcast #မဟာဂီတဦးပြုံးချို

More Interesting Blogs from Zlann