မဟာတံတိုင်းကြီး (Great Wall)

ကမ္ဘာ့အံ့ဖွယ် (၇) ပါးထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးအကြောင်းကိုတော့ ပရိသတ်တို့အနေနဲ့ ငယ်စဉ်အရွယ်ကတည်းက ကျောင်းသင်ခန်းစာတွေကနေတစ်ဆင့် ရင်းနှီးခဲ့ကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ တံတိုင်းကြီးနဲ့ ပတ်သက်တဲ့ တချို့အချက်တွေကတော့ ဒီနေ့အချိန်ထိ လူသိနည်းနေဆဲဖြစ်သလို ဒီတံတိုင်းကြီးဖြစ်ပေါ်လာပုံကိုလည်း ကောင်းစွာမရင်းနှီးကြတဲ့သူတွေ ရှိနေကြဆဲပါ။

ဒါကြောင့် ဇာတ်လမ်း Z-Lann ရဲ့ ပရိုဂရမ်အသစ်တစ်ခုဖြစ်တဲ့ “သိပြီးပြီလား” ကဏ္ဍလေးကနေ ဒီတစ်ပတ်မှာတော့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းဆိုင်ရာအချက်အလက်တချို့ကို စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

ဒီမဟာတံတိုင်းကြီးကို ဘီစီ ၇ ရာစု ကနေစတင်လို့ တရုတ်မင်းဆက်အဆက်ဆက်တို့က တည်ဆောက်ခဲ့ကြတာဖြစ်ပြီး တံတိုင်းကြီးရဲ့ တချို့သောအစိတ်အပိုင်းတွေကိုတော့ ဘီစီ ၅ ရာစုကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ခုနဲ့ တစ်ခု အဆက်အစပ်မရှိတဲ့ တံတိုင်းတွေကို တစ်သားတည်းဖြစ်သွားအောင် အုတ်တံတိုင်းအသစ်တွေနဲ့ ဆက်သွယ်ဆောက်လုပ်ခဲ့သူကတော့ တရုတ်အင်ပါယာရဲ့ ပထမဆုံးဧကရာဇ်ဖြစ်သူ ချင်ရှီဟွမ် (Qin Shi Hwang) ဖြစ်ပြီး သူ့ကို “ရှီဟွမ်တီ” လို့လည်း လူသိများပါတယ်။

ဒီနေရာမှာ သူနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ၊ မှတ်သားစရာကောင်းတဲ့ အချက်အလက်တချို့ကိုဖော်ပြရမယ်ဆိုရင် သူဟာ ရှေးဘုရင် အဆက်ဆက် လက်ထက်တုန်းကရေးသားခဲ့တဲ့ စာဟောင်းပေဟောင်းတွေကို အသုံးမဝင်တဲ့အရာတွေလို့ဆိုကာ မီးရှို့ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၇ ပြည်ထောင်ကို အင်ပါယာကြီးအဖြစ် သိမ်းသွင်းအုပ်ချုပ်နိုင်ခဲ့တဲ့ ပထမဆုံးတရုတ်ဧကရာဇ်လည်းဖြစ်တာကြောင့် သူဟာ တစ်ဖက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားသလို တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေသူ၊ ယဉ်ကျေးမှုမြင့်မားအောင်စွမ်းနိုင်သူအဖြစ်နဲ့လည်း နာမည်ကြီးပါသေးတယ်။

သူ့ရဲ့လုပ်ရပ်တွေထဲမှာ နာမည်အကြီးဆုံးကတော့ မဟာတံတိုင်းကြီးကို တိုးချဲ့ဆောက်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ရတဲ့ရည်ရွယ်ချက်ကတော့ ရန်သူတွေရဲ့ ကျူးကျော်မှုအန္တရာယ်ကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ အရှေ့ဥရောပဘက်မှ ခြေသလုံးအိမ်တိုင်သမားတွေရဲ့ ထိပါးကျူးကျော်မှုကနေ ကာကွယ်စေလိုတာဖြစ်ပြီး သူတို့တွေဟာဆိုရင် သိုးအုပ်၊ ဆိတ်အုပ်တွေနဲ့အတူ ခြေဦးတည့်ရာလှည့်လည်သွားလာတတ်ကြပါတယ်။ ဒီလိုသွားလာနေတဲ့ အတောအတွင်းမှာလည်း တခြားသောလူမျိုးစုတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိုက်ခိုက်လုယက်တတ်တဲ့ သဘောသဘာ၀ရှိပါတယ်။ ဒါကြောင့် မဟာတံတိုင်းကြီးဟာ အဲဒီခေတ်အချိန်အခါတုန်းက အကြီးစားစစ်ရေးအဆောက်အဦးတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ ကျန်ရစ်လျက်ရှိတဲ့ တံတိုင်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကျော် မင်မင်းဆက်လက်ထက်တုန်းက ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မဟာတံတိုင်းကို တည်ဆောက်ရတဲ့ရည်ရွယ်ချက်ထဲမှာ ကာကွယ်ရေးအပြင် ပိုးလမ်းမတစ်လျှောက်မှ သယ်ဆောင်လာတဲ့ကုန်စည်တွေကို အခွန်စည်းကြပ်ခွင့်ပြုဖို့အတွက်နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ကို ထိန်းချုပ်နိုင်ဖို့အတွက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။ မဟာတံတိုင်းကြီးရဲ့ အထင်ရှားဆုံးအစိတ်အပိုင်းတံတိုင်းတစ်ခုကိုတော့ တရုတ်အင်ပါယာရဲ့ ပထမဆုံးဧကရာဇ်ဖြစ်သူ ချင်ရှီဟွမ် (Qin Shi Hwang) က ဘီစီ ၂၂၀-၂၀၀ နဲ့အကြားမှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ယခုအချိန်မှာဆိုရင် အဆိုပါတံတိုင်းရဲ့ အစိတ်အပိုင်းတွေဟာ အကြွင်းအကျန်အဖြစ်သာ အနည်းငယ်မျှကျန်ရှိလို့နေတာကိုတွေ့ရပြီး တည်နေရာအားဖြင့်ကတော့ မင်မင်းဆက် လက်ထက်တုန်းက တည်ဆောက်ထားခဲ့တဲ့ တံတိုင်းရဲ့မြောက်ဘက် အလွန်ဝေးလံတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။

မဟာတံတိုင်းကြီးရဲ့အရွယ်အစားပမာဏနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနစစ်တမ်းတစ်ခုမှာတော့ စုစုပေါင်း မိုင်အရေအတွက် ၅၅၀၀ ကျော်ရှည်လျားတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း နောက်ထပ်စစ်တမ်းတစ်ခုမှာတော့ တံတိုင်းကြီးတည်ရှိနေပုံက ဘေးဘက်ကိုဖြာထွက်သွားတာကြောင့် အဲဒီဘေးဘက်ဖြာထွက်မှုကိုပါ ထည့်ပေါင်းတွက်ချက်လိုက်မယ်ဆိုရင် တံတိုင်းကြီးရဲ့ အရွယ်အစားက စုစုပေါင်း မိုင်ပေါင်း ၁၃၁၇၀ ရှိပါတယ်။ တံတိုင်းကြီးရဲ့အမြင့်က အနိမ့်ဆုံး ၁၅ ပေကနေ အမြင့်ဆုံး ပေ ၅၀ နီးပါးရှိပြီး အကျယ်အဝန်းကတော့ ကားတွေတောင်‌ မောင်းနှင်လို့ရတဲ့အထိ ၁၅ ပေကနေ ပေ ၃၀ လောက်အထိရှိတယ်လို့ဆိုပါတယ်။

ရန်သူတွေကိုကာကွယ်နိုင်ဖို့အတွက်နဲ့တင် ဘာကြောင့် ဒီလောက်အထိကြီးကျယ်ရှည်လျားတဲ့ တံတိုင်းကြီးကို တည်ဆောက်ခဲ့သလဲဆိုတာက ဒီဘက်ခေတ်နှောင်းလူတွေအဖို့တော့ စဉ်းစားရခက်နိုင်တယ်ဆိုပေမဲ့ ယနေ့ခေတ်ရဲ့ အင်ဂျင်နီယာတွေကတော့ မဟာတံတိုင်းကြီးရဲ့ လုံခြုံရေးစနစ်ပုံစံက သမိုင်းမှာ အကောင်းဆုံးနဲ့ စံထားရလောက်တဲ့ ဗိသုကာလက်ရာတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီမဟာတံတိုင်းကြီးကို တရုတ်လူမျိုးလယ်သမားနဲ့ အလုပ်သမားပေါင်းမြောက်များစွာက သွေးတွေ၊ ချွေးတွေရင်းပြီး တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သမိုင်းပညာရှင်သုတေသီတွေကတော့ မဟာတံတိုင်းကြီးကိုတည်ဆောက်မှုလုပ်ငန်းစဉ်မှာ လူအင်အားပေါင်း ၁ သန်းကျော်ကို အသုံးပြုခဲ့တယ်လို့ ခန့်မှန်းထားကြပြီး တည်ဆောက်နေစဉ်အချိန်အတွင်းမှာတော့ လူပေါင်း ၄ သိန်းကျော် သေဆုံးခဲ့နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း မိုင်ပေါင်း ၁ သောင်းကျော်ရှည်လျားတဲ့ ဒီတံတိုင်းကြီးကို ကမ္ဘာ့အရှည်ဆုံးသင်္ချိုင်းကြီး (သို့မဟုတ်) သေမင်းတမန်တံတိုင်းကြီးလို့ အမည်သမုတ်ထားကြတာကို‌ တွေ့ရပါတယ်။

မဟာတံတိုင်းကြီးကို ရှေးယခင်တုန်းက မြေကြီးတွေ၊ ကျောက်တုံးတွေ၊ သစ်သားတွေနဲ့သာ အဓိကထားပြီး ဆောက်လုပ်ခဲ့ကြပေမဲ့ မင်မင်းဆက်လက်ထက်မှာတော့ အုတ်ကို စတင်အသုံးပြုလာခဲ့ပြီး ကျောက်ပြားနဲ့ ထုံးကျောက်ခဲတွေကိုလည်း ထည့်သွင်းအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဲဒီအုတ်ခဲတွေနဲ့ ကျောက်တုံးတွေကိုတော့ တစ်ခုနဲ့တစ်ခုတွဲကပ်သွားအောင် ကောက်ညှင်းဆန်ကိုအသုံးပြုခဲ့ကြတယ်လို့လည်း မှတ်တမ်းတွေထဲမှာ ဖော်ပြထားကြပါတယ်။

ဒီတံတိုင်းကြီးနဲ့ပတ်သက်လို့ စိတ်ဝင်စားရာကောင်းတဲ့နောက်ထပ်တစ်ချက်ကတော့ မင်မင်းဆက်လက်ထက်မှာ တံတိုင်းကြီးတည်ဆောက်ဖို့၊ တံတိုင်းကြီးကို စောင့်ရှောက်ဖို့နဲ့ လုံခြုံရေးအတွက်ပါ လူနေထိုင်စရာနေရာတွေကို ထည့်သွင်းဆောက်လုပ်ခဲ့တယ်ဆိုတာပါပဲ။ တံတိုင်းကြီးရဲ့ တချို့အစောင့်တွေဆိုရင် တံတိုင်းကြီးပေါ်မှာသာ မွေးဖွားကြီးပြင်းခဲ့ကြပြီး တစ်အိုးတစ်အိမ်ထူထောင်ကာ တံတိုင်းကြီးပေါ်မှာပဲ သေဆုံးသွားကြရပါတယ်။ ဒါကြောင့်လည်း အဲဒီအစောင့်တွေရဲ့ ဘ၀ဟာ မဟာတံတိုင်းကြီးသာဖြစ်ပြီး သူတို့ရဲ့နေထိုင်ရှင်သန်ရာသက်တမ်းတစ်လျှောက်မှာ မဟာတံတိုင်းကြီးကလွဲလို့ တခြားနေရာဒေသတွေကို ရောက်ရှိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

မဟာတံတိုင်းကြီးနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီအချက်အလက်တွေ အများအပြားရှိတဲ့အထဲကမှ လူပြောအများဆုံးနဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးအချက်ကတော့ ဒီတံတိုင်းကြီးကို လပေါ်ကနေတောင်မှမြင်တွေ့ရတယ်ဆိုတာပါ။ ဒီအကြောင်းကိုတော့ အင်္ဂလိပ်ရှေးဟောင်းဟောင်းစာပေရေးသားသူ ဝီလျံ စတပ်ကလေက ၁၇၅၄ ခုနှစ်မှာ ပထမဆုံးအကြိမ်ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်နရီ နော်မန်ဆိုသူကလည်း ၁၈၉၅ ခုနှစ်မှာ ထပ်မံရေးသားခဲ့တာကြောင့် ဒီအချက်ဟာ နောက်ပိုင်း လူတွေအကြားမှာ ပြောစမှတ်တွင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အာကာသဟင်းလင်းပြင်ထဲကို လူသားတွေရောက်ရှိလာခဲ့တဲ့ ဒီဘက်ခေတ်မှာတော့ သိပ္ပံပညာရှင်တွေက အဆိုပါစကားတွေအတိုင်း တံတိုင်းကြီးကို လပေါ်ကနေမြင်တွေ့ရဖို့ဆိုရင် တံတိုင်းကြီးရဲ့အရွယ်အစားက နဂိုရှိပြီးသားထက် အဆပေါင်း ၁၇၀၀၀ ပိုကျယ်တော့မှသာလျှင် မြင်တွေ့ရနိုင်တယ်လို့ ဆိုလာကြပါတယ်။

ဒါ့အပြင် လကမ္ဘာပေါ်ကိုရောက်ရှိခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ အနေနဲ့လည်း တံတိုင်းကြီးကို လပေါ်ကနေမြင်ရတယ်ဆိုတာကို ပြောခဲ့ဖူးတာမျိုးမရှိပါဘူး။

မဟာတံတိုင်းကြီးနဲ့ပတ်သက်လို့ လူတွေအကြားမှာ၊ အထူးသဖြင့် သိပ္ပံနည်းကျကျတွေးခေါ်တတ်သူတွေအကြားမှာ အငြင်းအခုံဖြစ်ရတဲ့ နောက်ထပ်တစ်ချက်ကတော့ ဒီတံတိုင်းကြီးကို လပေါ်ကနေမဟုတ်ရင်တောင်မှ ကမ္ဘာပတ်လမ်းကြောင်းပေါ်ကနေ မြင်တွေ့တယ်ဆိုတာပါပဲ။ ဒီအချက်ကိုပြောခဲ့တဲ့သူကတော့ အမေရိကန်လူမျိုး အာကာသယာဉ်မျိုး ဝီလျံပေါ့ ဖြစ်ပါတယ်။ သူဟာ နာဆာအာကာသယာဉ်စခန်းဖြစ်တဲ့ Skylab ပေါ်ကနေ မဟာတံတိုင်းကိုမြင်တွေ့ရတယ်လို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ သူ မြင်တွေ့ခဲ့ရတယ်ဆိုတာက မဟာတံတိုင်းမဟုတ်ဘဲ ပီကင်းမြို့နားက ဂရန်းတူးမြောင်းကြီးဖြစ်လိမ့်မယ်လို့ ပြန်လည်မှတ်ချက်ပြုခဲ့ပါတယ်။ မဟာတံတိုင်းကြီးကို Skylab ပေါ်ကနေ သာမန်ရိုးရိုးမျက်စိနဲ့မြင်တွေ့ခြင်းမရှိပေမဲ့ မှန်ဘီလူးနဲ့ကြည့်ပါက မြင်ရနိုင်တယ်လို့လည်း ဝီလျံပေါ့ကဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ရိုးရိုးမျက်စိနဲ့လည်း မြင်တွေ့နိုင်တယ်၊ မမြင်တွေ့နိုင်ဘူးဆိုတာက လူတွေအကြားမှာ ငြင်းခုံစရာတစ်ခုဖြစ်လို့နေခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မဟာတံတိုင်းကြီးဟာ နှောင်းခေတ်လူတွေအဖို့တော့ ကမ္ဘာ့အံ့ဖွယ် (၇) ပါးထဲမှာပါဝင်နေတဲ့ အံ့ဩဖွယ်ရာ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေပြီး ၁၉၈၇ ခုနှစ်မှာတော့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် ယူနက်စကိုမှ တရားဝင်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် မဟာတံတိုင်းကြီးဟာ တရုတ်နိုင်ငံရဲ့ ရှည်လျားခမ်းနားတဲ့ သမိုင်းရာဇဝင်နဲ့ အံ့အားသင့်ဖွယ်ရာ ယဉ်ကျေးမှုအဆင့်အတန်းကို မီးမောင်းထိုးပြလျက်ရှိတဲ့ အဆောက်အဦးကြီးတစ်ခုအဖြစ် လက်ရှိအချိန်မှာ တည်ရှိလို့နေပါတယ်။

#Z_Lann #ZLann_Podcast #greatwallofchina

More Interesting Blogs from Zlann