‘‘ မဟာတံတိုင်းအလွန် တောင်ပေါ်မြို့’’

“မဟာတံတိုင်းအလွန် တောင်ပေါ်မြို့” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကျန်းကျားခိုမြို့က တရုတ်နိုင်ငံ ဟော်ပေပြည်နယ် အနောက်မြောက်ပိုင်းမှာ တည်ရှိပါတယ်။ ကျန်းကျားခိုမြို့ကို “ကျန်းဟန်မြို့” “ဝူချန်မြို့” လို့လည်း ခေါ်ကြပါသေးတယ်။ ကျန်းကျားခိုမြို့ဟာ အန္တရာယ်များတဲ့ မြေပြင်အနေအထားရှိပြီး မြို့တွင်း ဧရိယာက ပေကျင်းမြို့တော်နဲ့ ကီလိုမီတာ ၁၈၀ လောက်ပဲ ကွာဝေးပါတယ်။
ဒီမြို့နဲ့ဆက်စပ်ဧရိယာက သမိုင်းတစ်လျှောက်မှာ စစ်ဘုရင်တွေ အပြိုင်အဆိုင်နယ်မြေလုယက် ကြတဲ့နေရာဖြစ်သလို မြောက်ဘက်နယ်စပ်တံခါးကြီးဖြစ်တဲ့ တကျင့်တံခါးကြီးဟာလည်း ဒီမြို့မှာတည်ရှိနေပါတယ်။ ဒီတံခါးကြီးဟာ ရှေးယခင်ခေတ်တွေကတည်းက နန်းမြို့တော်ကို ကာကွယ်စောင့်ရှောက်တဲ့တံခါးကြီးဆိုရင်လည်း မမှားပါဘူး။ တရုတ်နိုင်ငံ မဟာတံတိုင်းကြီး ရဲ့များစွာသောဂိတ်တံခါးတွေထဲကမှ အလွန်ထူးခြားတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။
ကျန်းကျားခိုမြို့မှာ တစ်မူထူးခြားတဲ့ သဘာဝရှုခင်းတွေရှိနေသလို မျှတတဲ့ ရာသီဥတုအခြေအနေတွေနဲ့လည်း ဝန်းရံထားပါတယ်။ နွေရာသီမှာ အပူရှောင်ချင်သူတွေက ဒီနေရာကိုလာကြပြီး နွေဦးမှာ ပန်းအလှရှုစားနိုင်ပါတယ်။ဆောင်းရာသီကိုရောက်ရင် ဆောင်းဦးမှာ သဘာဝရှုခင်းအလှကြည့်ရှုသူတွေနဲ့စည်ကားနေတတ်ပြီး ဆီးနှင်းတွေလည်းကျလေ့ရှိပါတယ်။ဆီးနှင်းတွေ ဘယ်လောက်တောင်ကျလေ့ရှိသလဲဆိုရင် ချုံလီနဲ့ ချစ်ချန်မြို့ရဲ့ ဆည်ထိပ်နဲ့ဆည်အောက်ခြေအသွင်ကူးပြောင်းရေးဇုန်မှာကျတဲ့ဆီးနှင်းတွေဟာ ရက်ပေါင်း ၁၅ဝ ကျော်တဲ့အထိ အရည်မပျော်နိုင်ပါဘူး။ဒါကြောင့်လည်း ကျန်းကျားခိုဟာ ရေခဲပြင်နှင်းလျှောစီး အားကစားပြုလုပ်ဖို့ သင့်လျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာကျင်းပခဲ့တဲ့ (၂၄) ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်မှာလည်း Bobsleigh ပြိုင်ပွဲ၊ Sledge ပြိုင်ပွဲနဲ့ Alpine skiing ပြိုင်ပွဲတို့ကလွဲပြီး ကျန်တဲ့နှင်းလျှောစီးအားကစားပြိုင်ပွဲတွေကို ချုံလီဧရိယာမှာ တာဝန်ယူကျင်းပပေးခဲ့တာဖြစ်ပါတယ်။အဲဒီတုန်းက ၂၀၂၂ ခုနှစ် ပေကျင်း-ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို ပေကျင်းမြို့နဲ့ ကျန်းကျားခိုမြို့နှစ်မြို့က ပူးပေါင်းကျင်းပခဲ့တာပါ။ဆောင်းရာသီအိုလံပစ်ပွဲတော်ကြောင့်ပဲ စီရင်စုအဆင့်ရှိတဲ့ ဒီကျန်းကျားခိုမြို့ကို တစ်ကမ္ဘာလုံးက ပိုမိုစိတ်ဝင်စားလာကြတာဖြစ်ပါတယ်။ ကျန်းကျားခိုမြို့ရဲ့တကျင့်တံခါးအပြင်ဘက်က ယွမ်ပေါင်တောင် ဧရိယာတစ်ဝိုက်ဟာ မိန်မင်းဆက် လုံချင့်မင်း နန်းသက် ၅ နှစ်ကစလို့ သမိုင်းထဲက “တိုင်းတစ်ပါးကုန်သွယ်ရေးဈေး” နဲ့ “မြင်း၊ လက်ဖက်ခြောက် ကုန်လဲလှယ်ရေးဈေး” လို့ခေါ်ဆိုခံရတဲ့ နယ်စပ်ကူးသန်းရောင်းဝယ်ရေး ဈေးကွက်ကြီးအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ဒီလိုနဲ့ တကျင့်တံခါးအပြင်ဘက်ဟာ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ နိုင်ငံတကာကုန်သွယ်ရေးရဲ့ ကုန်တွင်းပိုင်းဆိပ်ကမ်းဖြစ်လာခဲ့ပါတယ်။
ကျန်းကျားခိုမြို့ရဲ့ သမိုင်းသက်သေသင်္ကေတဖြစ်တဲ့ တကျင့်တံခါးကြီးနဲ့ ဆက်စပ်နေတဲ့ သမိုင်းဝင်အဖြစ်အပျက်အတော်များများလည်းရှိပါတယ်။ ဒီတံခါးကြီးဟာ တရုတ်နိုင်ငံခေတ်ဟောင်းက ဆင်းရဲမွဲတေမှုနဲ့ အားနည်းမှုတွေကို ကြုံတွေ့ခဲ့ရသလိုပဲ တရုတ်နိုင်ငံတော်သစ်ရဲ့ စည်ပင်တိုးတက်လာမှုနဲ့ မဟာတံတိုင်းအလွန်က ကျန်းကျားခိုရဲ့သမိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ကြုံဆုံခဲ့ရပါ တယ်။ ကျန်းကျားခိုမြို့မှာ တကျင့်တံခါးကြီးအပြင် ခမ်းနားတဲ့ရှေးဟောင်းမြို့ရိုးတစ်ခုလည်း မြို့အပြင်ဘက်ခြမ်းမှာတည်ရှိနေပါတယ်။မြို့အတွင်းဘက်မှာတော့ မိန်မင်းဆက်-မန်ချူးမင်းဆက် ခေတ်က ရှေးဟောင်းအဆောက်အအုံတွေရှိပါတယ်။ အဲဒီအဆောက်အအုံတွေထဲမှာ မန်ချူးမင်းဆက်ရဲ့ ချီရှီမယ်တော်ကြီးနဲ့ ကွမ်းရွှီဘုရင်တို့ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းအများအပြား ပါဝင်ပါတယ်။
ချီရှီမယ်တော်ကြီးနဲ့ ကွမ်းရွှီဘုရင်တို့ နန်းစွန့်ထွက်ပြေးခဲ့တုန်းက အဲဒီအဆောက်အအုံတွေမှာ နေထိုင်ခဲ့ကြတာပါ။ဒါတွေတင်မကပါဘူး ဒီနေရာဟာ နာမည်ကျော် ရုပ်ရှင် ရိုက်ကူးရေးနေရာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအတော်များများကို ဒီနေရာမှာပဲ ရိုက်ကူးခဲ့ကြပါတယ်။အလားတူ ကျန်းကျားခိုမြို့နဲ့ဆက်စပ်နေတဲ့ နွမ်ချွမ်ရှေးဟောင်းမြို့ငယ်လေးဟာလည်း တရုတ်နိုင်ငံသမိုင်းထဲက နာမည်ကျော် မြို့လေး တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးမှာ တစ်နှစ်ပတ်လုံး ရေအပူချိန် မပြောင်းလဲတဲ့ စမ်းရေရှိတာမို့ ရေပူစမ်းလို့အဓိပ္ပာယ်ရတဲ့ “နွမ်ချွမ်” အဖြစ် အမည်တွင်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း အလှပဆုံးကားလမ်းမကြီး ၁ဝ ခုထဲက တစ်ခုဖြစ်တဲ့ ချောင်ယွမ်ထျန်းလမ်းမကြီးဟာလည်း ကျန်းကျားခိုမြို့က ကျန်းပေခရိုင်နဲ့ ချုံလီရပ်ကွက်ကြီးတို့ရဲ့နယ်နိမိတ်ထိစပ်ရာနေရာမှာ ရှိနေပါတယ်။ လမ်းမကြီးရဲ့အနောက်ဘက်မှာ ရှုန့်ယိခရိုင်မြို့နယ်၊ တောင်ဘက်ခြမ်းမှာ တချင်းတောင် (အမျိုးသားသစ်တောဥယျာဉ်)နဲ့ အရှေ့ဘက်မှာ ချုံလီခရိုင် ဟွာဖီတောင်တို့ ဝန်းရံနေပါတယ်။
ဒါ့ပြင် ချောင်ယွမ်ထျန်းလမ်းမကြီးရဲ့အဓိကလမ်းကြောင်းနေရာမှာ ချုံလီနှင်းလျှောစီးဧရိယာနဲ့ ချစ်ချန်မြို့ ရေပူစမ်းဧရိယာအပါအဝင် ကျန်းပေမြက်ခင်းပြင်ဧရိယာသဘာ၀ရှုခင်းတို့ ဆက်စပ်နေပါတယ်။ ကွေ့ကောက်နေတဲ့ ဒီလမ်းမကြီးရဲ့ဘေးနှစ်ဖက်မှာ သဘာဝရှုခင်းတွေက အလွန်သာယာလှပနေပြီး လမ်းမကြီးက ဆည်ထိပ် မြက်ခင်းလွင်ပြင်ပေါ်မှာ တည်ရှိနေတာပါ။သဘာဝရှုခင်းအလှတွေ စုံစုံလင်လင်ရှိနေတဲ့ဒီလမ်းမကြီးကို “တရုတ်နိုင်ငံရဲ့ အမှတ် (၆၆) လမ်းမကြီး” လို့ လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလှပတဲ့ ရှုခင်းတွေထဲမှာ ကျီးမင်တောင်လည်းပါဝင်ပြီး ဒီတောင်ကို မိုးထိမြင့်တဲ့တိုင်လို့ တင်စားခေါ်ဝေါ်ကြတဲ့အလျောက် ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၁၂၈ မီတာ နီးပါးမြင့်ပါတယ်။အနီး ပတ်ဝန်းကျင်ဒေသတွေမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့အပြင် တောင်ရဲ့ဘေးပတ်ဝန်းကျင်ဟာ ကျယ်ပြန့်တဲ့ မြေပြန့်လွင်ပြင်ဖြစ်ပါတယ်။
အလားတူ ကျန်းပေဆည်ထိပ်ပေါ်က မြက်ခင်းပြင်ဟာလည်း အတွင်းမွန်ဂိုလီးယားမြက်ခင်းပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တစ်ချိန်တုန်းကတော့ ဂျင်ဂစ်ခန်က ကျန်းကျားခိုမြောက်ပိုင်းက ယဲဟူလင်တောင်ပေါ် မှာ မွန်ဂိုစစ်တပ်ကြီးကို ဦးစီးပြီး ကျင်းစစ်တပ်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာပါ။
ဒါကြောင့်လည်း ကျန်းကျားခိုမြို့ကို သဘာ၀အလှတရားတို့ဝန်းရံရာနေရာတစ်ခုအဖြစ်သာမက ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နဲ့ သမိုင်းဝင်အကြောင်းအရာတို့ ကိန်းအောင်းရာ နေရာတစ်ခုအဖြစ်ပါအသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။ ဟော်ပေပြည်နယ်မှာ ကျန်းကျားခိုမြို့အပါအဝင် မဟာတံတိုင်းကြီး၊ ချိန်တဲ(Chengde) နွေရာသီအပန်းဖြေစခန်း၊ ချင်မင်းဆက် အရှေ့ပိုင်းဂူဗိမာန်နဲ့ ချင်မင်းဆက် အနောက်ပိုင်းဂူဗိမာန် တို့လို တခြားယဉ်ကျေးမှုအမွေအနှစ်အများအပြားပါ ရှိနေပါသေးတယ်။
===============================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

More Interesting Blogs from Zlann