မိန်းမစိုး – နန်းတွင်း ကုန်းကုန်း

မိန်းမစိုး – နန်းတွင်း ကုန်းကုန်း အာရှနန်းတွင်းတွေမှာ မင်းမိန်းမ အစေအပါးတွေကို ထိန်းချုပ်ကွပ်ကဲဖို့အတွက် မိန်းမစိုးတွေ ထားရှိသလို မြန်မာ နန်းတွင်းမှာလည်း မိန်းမစိုးတွေ ထားရှိလေ့ရှိပါတယ်။ကုန်းဘောင်ခေတ်မြန်မာနန်းတွင်း အနောက် ဆောင်မှာ မိဖုရား၊သမီးတော်၊နန်းဆောင်ရမောင်းမ၊ကိုယ်လုပ်တော် အစရှိတဲ့ ဘုရင်နဲ့ပတ်သက်တဲ့ အမျိုးသမီး တွေ နေထိုင်ရာ နန်းတွင်းအရပ်မှာ နေ့၊ညဉ့်မပြတ် ခစားကြတဲ့ အခြွေအရံတွေ အများအပြားရှိတဲ့အတွက် မိန်းမတို့ စုဝေးရာကမ္ဘာလေးတစ်ခုလိုဖြစ်နေပါတယ်။မိန်းမတွေသာ စုဝေးနေတဲ့ အဲဒီနေရာဟာ လူမှုရေးပြဿနာ တွေလဲ ရှုပ်ထွေးလာနိုင်တဲ့အတွက် အဆောင်အသီးသီးမှာ အုပ်ချုပ်ဖို့ မိန်းမစိုး တွေကို ခန့်ထားလေ့ရှိပါတယ်။ရှေးယခင် က မိန်းမစိုးကို (စ) လုံးမသုံးပဲ မိန်းမ(ဆိုး)လို့သုံးကြပါတယ်။ မြန်မာနန်းတွင်း မိန်းမစိုး ဆိုတာ သင်းကွပ်ခံထားရတဲ့ အမျိုးသားတွေမဟုတ်ဘဲ အများအားဖြင့် ခက်ထန်ကြမ်း တမ်းပြီး မကြောက်မရွံ့ လုပ်ရဲကိုင်ရဲရှိတဲ့ အမျိုးသမီးကြီးတွေသာဖြစ်ပါတယ်။ မိန်းမစိုးတွေထဲမှာ အမျိုးသမီးတွေသာမဟုတ်ဘဲ အမျိုးသား အချို့ပါဝင်ပြီး အဲဒီအမျိုးသားတွေက ယောက်ျား အင်္ဂါမထင်ရှားသူ၊ယောက်ျားအင်္ဂါ သုံးမရ သူတွေသာ ဖြစ်ပါတယ်။မိန်းမစိုးတွေဟာ ကျန်းမာသန်စွမ်းသူ၊ ထက်မြက်ခက်ထန်သူ၊ပါးနပ်သူ၊စာရေးစာဖတ်ကျွမ်းကျင်သူ၊အနာရောဂါကင်းစင်သူ၊ထီးသုံးနန်းဓလေ့နဲ့ ရင်းနှီးကျွမ်းဝင်သူတို့သာ ဖြစ်ပါတယ်။ မိန်းမစိုးတွေကို အနောက်စာရေး၊ အနောက်ဝန်တို့က ထိန်းချုပ်ကွပ်ကဲပါတယ်။အနောက်ဝန်၊ အနောက် စာရေး တို့က အမျိုးသားတွေဖြစ်ပေမဲ့ အများအားဖြင့် အရွယ်ကြီးရင့်သူတွေဖြစ်ပြီး သူတို့ရဲ့ အကျင့်စာရိတ္တကို ဘုရင်က အထူးယုံကြည်ကိုးစားတဲ့ အတွက် ခန့်အပ်ထားခြင်းဖြစ်ပါတယ်။ နန်းတော်အနောက်ပိုင်း မင်းမိန်းမ အဆောင်ကို ဝင်ထွက်မဲ့ ရဟန်း၊ လူပုဂ္ဂိုလ်အမျိုးသား တို့နဲ့အတူ အနောက်ဝန်၊ အနောက်စာရေးနဲ့ တာဝန်ကျ မိန်းမစိုးတို့ လိုက်ပါရပြီး သက်ဆိုင်ရာ နန်းဆောင်သခင်မတွေဆီ လိုက်ပါ ရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မိန်းမစိုးလို့ခေါ်ကြတဲ့ နန်းတွင်း ကုန်းကုန်းတွေက သူတို့ရဲ့ နှစ်ပေါင်း ၅၀၀၀ သမိုင်းနဲ့အတူ ထင်ရှားသူတွေဖြစ်ပါတယ်။ ကုန်းကုန်းတွေက နန်းတော် အတွင်းဆောင်ရဲ့ အရေးကိစ္စ ရပ်တွေကို တာဝန်ယူရသူတွေဖြစ်ပါတယ်။တော်ဝင်နန်းဆောင်မှသည် အဆောင်ငယ်များအထိ တာဝန်ယူ ကြီးကြပ်ရပြီး နန်းတွင်းအစေခံ ၊ နန်းတော် ကာကွယ်စောင့်ရှောက်တဲ့ အစောင့်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နန်းတွင်းမှာ သြဇာအာဏာ ကြီးမားသူတွေဖြစ်ပါတယ်။ နန်းတွင်း ကုန်းကုန်းတွေက နန်းတွင်းအာဏာ ချူပ်ကိုင်မှု ဖြစ်ရပ် တွေလည်း အထင်အရှားရှိခဲ့ပါတယ်။ သစ္စာမရှိတဲ့ ကုန်းကုန်းတို့ကြောင့် ချင်ခေတ်၊ ဟန်ခေတ်၊ မင်ခေတ်လို ကြီးကျယ်ခမ်းနားတဲ့ မင်းဆက်ခေတ်တွေ ပျက်သုဉ်းခဲ့ရပါတယ်။ ချင်ခေတ်မှာ ကုန်းကုန်း ကျောက်ကောင်း ရဲ့ သစ္စာဖောက်မှုကြောင့် ချင်အော့စစ့် နတ်ရွာစံ ခဲ့ရပြီး ချင်မင်းဆက် ခေတ်ပျက်သုဉ်းခဲ့ပါတယ်။ ဟန်ခေတ်မှာ ကုန်းကုန်း ၁၀ ဦးဂိုဏ်း အဖွဲ့ဝင်တွေကြောင့် ဟန်ခေတ်ပျက်သုဉ်းခဲ့ရသလို မင်ခေတ်မှာလည်း ကုန်းကုန်းတွေကြောင့် မင်းဆက်ပျက်သုဉ်း ခဲ့ပါတယ်။ တိုင်းပြည်ပျက်တာ နန်းတွင်း ကုန်းကုန်း တွေကြောင့် လို့ ပြောလို့ရတဲ့အဖြစ်အပျက်တွေရှိခဲ့ပေမဲ့ မိန်းမစိုး တိုင်းကတော့ လူဆိုးတွေ မဟုတ်ခဲ့ကြပါဘူး။ တိုင်းပြည်အတွက်အကျိုးပြုခဲ့တဲ့ မိန်းမစိုးတွေလည်း ရှိခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး စာရွက် နဲ့ စာရွက်ပြုလုပ်ပုံ ပြုလုပ်နည်းတွေကို တီထွင်ခဲ့တဲ့ ချိုက်လွင် ဆိုတာ တရုတ်မိန်းမစိုး ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ကုန်သွယ်ရေးဆက်သွယ်ရာ မှာ အရှေ့တောင်အာရှ ဒေသ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသ တွေ အပြင် အနောက်နိုင်ငံများကိုပါ ဆက်သွယ်ပြီး ကုန်သွယ်သင့်ကြောင်း မင်ဧကရာဇ် ကို အကြံပေးတာလည်း တရုတ်ရေတပ်စစ်သူကြီး မင်ခေတ်က မိန်းမစိုး ၊ ရေကြောင်းရွက်လွှင့်သူ ကျန့်ဟော်ကျုံ့ဟဲ ဖြစ်တယ်လို့ဆိုပါတယ်။ အနောက်တိုင်းဂန္ထဝင်တေးဂီတ တွေ ကို ပထမဦးဆုံးတီးခတ်ဖျော်ဖြေခဲ့တဲ့ တရုတ်လူမျိုးတွေဟာဆိုရင်လည်း မန်ချူးချင်းမင်းဆက် ဧကရာဇ်ချန်လုံ ရဲ့ မိန်းမစိုးတွေ ပဲ ဖြစ်ပါတယ်။ ဧကရာဇ်ချန်လုံ က တေးဂီတပွဲတစ်ခု ကျင်းပပေးပြီး မိန်းမစိုးတွေကို အနောက်တိုင်း ပွဲတက်ဝတ်စုံ အပြည့်အစုံဝတ်ဆင်စေပြီး အော်ခတ်စထရာ တီးဝိုင်း တီးခတ်ဖျော်ဖြေစေခဲ့ပါတယ်။ နန်းတွင်း ကုန်းကုန်းဖြစ်ခဲ့မယ်ဆိုရင် လစဉ်ခံစားခွင့်တွေရရှိမှာ ဖြစ်ပါတယ်။ ကုန်းကုန်းအဖြစ် နန်းတွင်း မဝင်ရောက်မီ နန်းမြို့ရိုးအပြင်ဘက်ရှိ အဆောင် တွေမှာ ငယ်ပါကို ဖြတ်ပစ်ရတယ်။မင်မင်းဆက်ခေတ် နန်းတွင်းကုန်းကုန်း တွေအတွက် ဆေးခန်းမှာ အထူးပြုလုပ်ထားတဲ့ ငယ်ပါဖြတ်ထုတ်ဖို့ ထိုင်ခုံရှိပါတယ်။ အဲဒီ ထိုင်ခုံမှာ အပေါက်ငယ်တစ်ခု ပါဝင်ပြီး ဖြတ်ထုတ်ရာမှာ နာကျင်မှု လျော့ပါးစေဖို့ ဒေသထွက် အလွန်ပူစပ်တဲ့ ငရုတ်ဆီ ကို ထုံဆေးသဘောမျိုးသုတ်လိမ်းကြပါတယ်။ အဲဒီလို ခွဲစိတ်ရာမှာ တချို့က နာကျင်မှုဒဏ်ကို မခံနိုင်ကြတဲ့အတွက် အသက်သေဆုံး သူတွေရှိသလို၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ပြီး သေဆုံးခဲ့ရသူများလည်း ရှိပါတယ်။ ဒဏ်ရာမကျက်မီ ၃ ရက်အတွင်း ဆီးသွားလို့မရအောင် အဆို့ရှင်တစ်ခု နဲ့ ဆီးလမ်းကြောင်းကို ပိတ်ဆို့ထားရပြီး ၃ ရက်ကျော်မှ အဆိုရှင်ကို ဖယ်ရှားပြီး ဆီးသွားလို့ရမရ စစ်ဆေးပါတယ်။အဲဒါတွေအောင်မြင်ခဲ့မယ်ဆိုရင် ကုန်းကုန်းအဖြစ် နန်းတွင်း ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ နန်းတွင်းကုန်းကုန်းတွေဟာ ကနွဲ့ကလျ နဲ့ မိန်းမစိတ်ဝင်နေသူတွေမဟုတ်ပါဘူး။သူတို့တွေဟာ သိုင်းပညာ ကျွမ်းကျင်တဲ့ ယောက်ျားအရင့်အမာကြီးတွေဖြစ်သလို မိန်းမစိုးတွေထဲမှာ နာမည်ကြီး စစ်သူကြီးတွေ၊ သူရဲကောင်း တွေပါဝင်ပါတယ်။ အဖြတ်ခံလိုက်ရတဲ့အတွက် နွဲ့သွားတဲ့ မိန်းမစိုးတွေဆိုတာ လူနည်းစုပဲ ရှိခဲ့ပါတယ်။ သင်းကွပ်ခြင်းကိစ္စရပ် ဟာ ရှေးတရုတ်ပြည်မှာကတည်းက ရှိခဲ့တာပါ။ စွေ့မင်းဆက် (AD 580 ကျော်) အထိ ကို သင်းကွပ်တယ်ဆိုတာ ရှေးတရုတ်ပြည်ရဲ့ ပြစ်ဒဏ်ကြီးငါးရပ် ထဲက တစ်မျိုးဖြစ်ပါတယ်။ သင်းကွပ်ခံရ သူတွေကို နန်းတွင်းဌာနပေါင်းစုံက နန်းတွင်း ကုန်းကုန်း အဖြစ် အလုပ်ခန့်ကြပါတယ်။ ကုန်းကုန်း တွေကို ဓားရေး၊ လှံရေး တွေကို အဆင့်ဆင့်လေ့ကျင့်စေပြီး နန်းတွင်း အစောင့်တပ်အဖြစ် အသုံးပြုကြပါတယ်။ သူတို့အလုပ်က နန်းတွင်း တော်ဝင်မိသားစု က ခိုင်းသမျှကိုလုပ်ကိုင်ရသလို နန်းတွင်းရေးရာ တွေ မှာ လိုအပ်တာတွေ ကို လိုက်လံဖြည့်ဆည်း ပေးရပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေကစည်းစိမ်ချမ်းသာကို လိုချင်တဲ့အတွက် မိမိတို့ရဲ့ သားတွေကို နန်းတွင်းကုန်းကုန်းဖြစ်အောင် ရွေးချယ်ပွဲတွေဝင်ရောက်စေသလို အချို့ကလည်း ကုန်းကုန်းအဖြစ် ရောင်းစားခံရသူတွေလည်းရှိပါတယ်။ နောက်ဆုံးကျန်ရစ်တဲ့ နန်းတွင်းကုန်းကုန်း ရဲ့ အမည်က စွန်းယောင်ထင်း ဖြစ်ပါတယ်။စွန်းယောင်ထင်း အသက် ၈ နှစ်အရွယ်မှာ ချင်းမင်းဆက်ခေတ် ကုန်ဆုံးတော့မဲ့ ၁၉၁၁ ခုနှစ်ကျမှ နန်းတွင်းသို့ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဘုရင်ဖုယီ အာဏာမှ ဆင်းပေးလိုက်ရတဲ့အခါ သူ့ရဲ့ ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ကုန်းကုန်းတွေကို နှိပ်ကွပ်မှုတွေ ပြုလုပ်လာတဲ့အတွက် ကုန်းကုန်းအများစုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု တွေလည်းရှိခဲ့ပေမဲ့ စွန်းယောင်ထင်ကတော့ သူ့ရဲ့ အသက်ကို ရှင်သန်အောင် နေထိုင်နိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်၊ အသက် ၉၄ နှစ်အရွယ်မှာ စွင်းယောင်ထင် ကွယ်လွန်ခဲ့ပါတယ်။သူမသေဆုံးမီ သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ နန်းတွင်းဓလေ့တွေနဲ့ ကုန်းကုန်းတို့ရဲ့ ဘဝကို ရေးသားထားပါတယ်။ သူသေဆုံးပြီး ၄ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ စာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ =============================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨ YouTube ❤: https://www.youtube.com/@zlann_podcast Podcast ❤: https://podcasters.spotify.com/pod/show/z-lann Facebook Group ❤: https://www.facebook.com/groups/zlann/ #ZLann #ZLann_Podcast #မိန်းမစိုး #ကုန်ကုန်း

More Interesting Blogs from Zlann