လင်ယောက်ျားဖြစ်သူရဲ့ ချစ်ခင်ခြင်းကို စောင့်မျှော်ရတဲ့ မိန်းမသားတို့ရဲ့ ဘဝအကြောင်းကို ဖွဲ့နွဲ့ထားတဲ့ မိုးဒေဝါ ကာလပေါ်ပတ်ပျိုးသီချင်းနဲ့အတူ အောင်မြင်ကျော်ကြားခဲ့သူက မလှရွှေ (မေ) ဖြစ်ပါတယ်။ မလှရွှေလို့ ဆိုလိုက်မယ်ဆိုရင် မိုးဒေဝါသီချင်းကို ပြေးမြင်ကြသလို၊ မိုးဒေဝါလို့ ဆိုလိုက်မယ်ဆိုရင်လည်း မလှရွှေနဲ့ တွဲမြင်တဲ့အထိ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာက မလှရွှေဟာ အဆိုတော်လောကမှ အနုပညာသည်တစ်ဦး မဟုတ်ဘဲ အရပ်သားဝါသနာရှင်အဖြစ်မှ ထင်ပေါ်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။
မလှရွှေရဲ့အသံက မဟာဆန်တယ်လို့လည်း မဆိုသာ၊ ရာဇသံပါတယ်လို့လည်း မပြောနိုင်၊ အဆီရှိတဲ့အသံဖြစ်ပြီး စေးစေးပိုင်ပိုင်နဲ့ အားရှိတဲ့အသံ ဖြစ်ပါတယ်။
မလှရွှေ (မေ) ကို ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးဖွားပါတယ်။ မန္တလေးမြို့ မီးရထားကုန်အင်စပက်တော်ကြီး ဦးဘသန်းနဲ့ ဒေါ်ဒေါ်စုတို့မှာ သမီးသုံးယောက် ထွန်းကားပြီး အငယ်ဆုံးသမီးက မလှရွှေ (မေ) ဖြစ်ပါတယ်။ သားယောက်ျားလေး မထွန်းကားတဲ့ မိသားစုမှာ သမီးတွေကို သားယောက်ျားလေးအမှတ်နဲ့လည်း ချစ်ခင်ယုယကြပါတယ်။ လုပ်ရဲကိုင်ရဲ ရှိအောင်လည်း ဆုံးမသွန်သင်ထားပါတယ်။
မလှရွှေ အသက် လေးနှစ်အရွယ်မှာ မန္တလေး စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့ပါတယ်။ အဲဒီကျောင်းမှာ မေသန်းလို့ နာမည်တွင်ပါတယ်။ မလှရွှေဆိုတဲ့အမည်က အဖွားက ပေးတဲ့ နာမည်ဖြစ်ပါတယ်။
မေတို့ရဲ့ဖခင်က မီးရထားကုန်အင်စပက်တော်ဖြစ်တဲ့အတွက် မီးရထားကုန်ရုံ ဝန်ထောက်ကြီး ဦးစံဝင်းနဲ့ အလုပ်တူချင်း ဖြစ်တဲ့အလျောက် ခင်မင်ကြပါတယ်။ ဒီလိုခင်မင်မှုက မေတို့ညီအစ်မအား ဂီတလောကကို ပို့ဆောင်ရာ အဓိကအကြောင်း ဖြစ်လာခဲ့ပါတယ်။
ဦးစံဝင်းက မြန်မာပတ္တလားကို လက်ကျလက်န မှန်မှန်ကန်ကန် စနစ်တကျ တတ်မြောက်သူဖြစ်ပြီး သီချင်းကြီးဖက်မှာလည်း ကောင်းစွာ အခြေခံပြည့်စုံသူဖြစ်ပါတယ်။ မြန်မာပတ္တလား တီးနည်း တူရိယာ သင်္ကေတစာအုပ်ကို ရှေးဦးစွာ ရေးထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဦးစံဝင်းက ဦးထင်၊ ရွှေပြည်ဦးဘတင်၊ ဦးခင်မောင်ဒွေး၊ ဆရာဘကြီး၊ ဆရာမောင်၊ ဆရာဘကလေး၊ ဆရာစိန်ဗေဒါ၊ ဆရာဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ ဂီတမယ် လှကလေးစိန်၊ နန်းတော်ရှေ့ဆရာတင်တို့နဲ့ ပူးပေါင်းပြီး ရှေးဟောင်းဂီတအမွေကို ထိန်းသိမ်းဖို့ ဆောင်ရွက်ကြပါတယ်။ စုပေါင်းဝိုင်းဖွဲ့ တီးခတ်ကြတဲ့ တီးဝိုင်းတွေကို မလှရွှေ (မေ) တို့သားအဖတစ်စု သွားရောက် နားထောင်လေ့ရှိပါတယ်။
မေတို့ညီအစ်မ မကြာခဏသွားရောက်နားထောင်ရင်းက မြန်မာသီချင်းကြီးကို နားစွဲလာခဲ့ပါတယ်။ အစပိုင်းမှာ သီချင်းကြီး သီချင်းခံတို့ရဲ့ ခန့်ညားပုံ သာယာညက်ညောပုံတို့ကို သဘောမပေါက်မိပေမဲ့ သံရိုးပိုင်းမှ ကြိုးသီချင်းတွေနဲ့ ပတ်ပျိုးသီချင်းတို့ရဲ့ ချိုသာတဲ့အသံတွေကို နားစွဲခဲ့ပါတယ်။
အဲဒီအချိန်မှာ မေရဲ့ အသက်က တစ်ဆယ့်တစ်နှစ်သမီးမျှသာ ရှိပါသေးတယ်။ မေရဲ့အသံက ချိုသာနွဲ့နောင်း၊ သွဲ့ပျောင်းညက်ညောသလို သူကိုယ်တိုင်ကလည်း အဆိုအက ဝါသနာပါသူဖြစ်ပါတယ်။ လှိုင်ထိပ်ခေါင်တင် ရေးသားတဲ့ ညဉ့်သုံးယံခါ ပတ်ပျိုးကို နားထဲစွဲမိရာက သီချင်းတွေ ဆိုချင်လာတဲ့အတွက် စနစ်တကျ သင်ယူပါတော့တယ်။
ကံအားလျော်စွာ မေတို့ရဲ့ဖခင် ဦးဘသန်းတစ်ယောက် ရန်ကုန်ကို တာဝန်ဝတ္တရားအရ ပြောင်းရွှေ့လာတဲ့အခါ မေတစ်ယောက် ဒေါ်စောမြအေးကြည်နဲ့ ပိုမိုနီးကပ်ခွင့် ရလာပါတယ်။ ဆရာဒီးဒုတ်ဦးဘချိုအိမ်ကို နေ့တိုင်းလိုလို သွားပြီး ဦးဘချိုရဲ့သမီးတို့ စောင်းတီးသင်ရာမှာ မေက သီဆိုပေးရင်း ဒေါ်စောမြအေးကြည်ထံမှ သီချင်းတွေကို သင်ကြားပါတယ်။
ဒေါ်စောမြအေးကြည်နဲ့ ရင်းရင်းနှီးနှီး သင်ကြားရာမှ အဆိုပညာရဲ့ နက်နဲခက်ခဲပုံ၊ ကျယ်ဝန်းပုံကို သဘောပေါက်လာပါတယ်။ ယောက်ျားအဆို မိန်းမအဆို ကွဲပြားပုံ၊ ဌာန်နဲ့ အာထား၊ လျှာထား၊ နှာထားမှအစ အဆိုပညာကို အနုပညာစခန်းရောက်အောင် တတ်ကျွမ်းတဲ့ ဒေါ်စောမြအေးကြည်လို အနုပညာသမားတစ်ဦးထံ တပည့်ခံရခြင်းက မေအတွက် အနုပညာကုသိုလ်ကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒေါ်စောမြအေးကြည်ရေးသားတဲ့ မိုးဒေဝါကို ကြားဖူးတဲ့ မေတစ်ယောက် အဲဒီသီချင်းကို ကြိုးစားလို့ ဆိုမယ်ဆိုပြီး အားခဲထားသူဖြစ်ပါတယ်။ ရန်ကုန်ရောက်ခိုက် အခွင့်ရတိုင်း ဒေါ်စောမြအေးကြည်ထံက မိုးဒေဝါကို သင်ကြားပါတယ်။
မေတို့ဖခင် ဦးဘသန်းတစ်ယောက် ၁၉၃၈ ခုနှစ်မှာ ရန်ကုန်ကို ပြောင်းရွှေ့ရပါတယ်။ မန္တလေးဥပစာကောလိပ် အောင်ခဲ့တဲ့ မေတစ်ယောက် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက်သင်ကြားပါတယ်။ အဲဒီအချိန်မှာ မေရဲ့အသက်က တစ်ဆယ့်ရှစ်နှစ်သာသာမျှသာ ရှိပါတယ်။
အဲဒီလို ကျောင်းတက်နေရင်း ဒေါ်စောမြအေးကြည်နဲ့ ခင်ပွန်းဦးတင်တို့က မေတို့ညီအစ်မကို ဂရုတစိုက် ပြသသင်ကြားပေးပါတယ်။ မေတစ်ယောက် မိုးဒေဝါသီချင်းကို အလွန်ကြိုက်နှစ်သက်လှတဲ့အတွက် ဒေါ်စောမြအေးကြည်ရဲ့ လေယူလေသိမ်းကို မှီအောင် တပိုဒ်စီ၊ တပိုဒ်စီ၊ မတူရင် တူအောင် ကြိုးစားပမ်းစား သင်ယူပါတယ်။တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်) က မေတို့ညီအစ်မနဲ့ ခင်မင်ရင်းနှီးသလို မေရဲ့အသံကို မှတ်တမ်းတင်အဖြစ် ဓာတ်ပြားသွင်းဖို့ တိုက်တွန်းပါတယ်။
မေတစ်ယောက် မိုးဒေဝါသီချင်းကို ဗြိတိသျှဘားမားကုမ္ပဏီမှာ ဓာတ်ပြားနှစ်ချပ်သွင်းပါတယ်။ ၁၉၃၉ ခုနှစ်လောက်က မိုးဒေဝါဓာတ်ပြားထွက်လာပြီးနောက် ကျော်ကြားလာပါတယ်။ ဓာတ်ပြားက ရောင်းမလောက်အောင် ကျော်ကြားလာပြီး မေ သီဆိုတဲ့ မိုးဒေဝါသီချင်းက တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ အောင်မြင်လာခဲ့ပါတယ်။ မေရဲ့အသံကို နှစ်သက်သဘောကျသူ များစွာလည်း ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာ မောင်တင်ယုလည်း အပါအဝင်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ မောင်တင်ယုတစ်ယောက် မေတို့ နေထိုင်ရာအိမ်ကို ရောက်လာခဲ့ပါတယ်။ မေတစ်ယောက် သီချင်းကြီးတွေကိုသာ ဆိုနေတဲ့အတွက် ကာလပေါ်သီချင်း ဆိုသင့်ကြောင်း ပြောလာပါတယ်။ မေအတွက် ဣန္ဒြေရ၊ ခန့်ခန့်ညားညားသီချင်းမျိုးဖြစ်စေရမယ် ဆိုပေးပါလို့လည်း မေတ္တာရပ်ခံလာပါတယ်။
ရက်အတန်ကြာတဲ့အခါ မောင်တင်ယုတစ်ယောက် စာရေးဆရာ သဟာယဆရာတင်ကို ပင့်ခေါ်လာပြီး စန္ဒကိန္နရီသီချင်းကို ပြပါတယ်။ အဲဒီသီချင်းဟာ မေ အသံနဲ့ ကိုက်အောင် အထူးတလည် တီထွင်ကြိုးစားပြီး ရေးသားထားတယ်လို့ ရှင်းလင်းပြောပြပါတယ်။အဲဒီသီချင်းကို မေတစ်ယောက် သီဆိုလိုက်တဲ့အခါ တစ်တိုင်းပြည်လုံး ဟိုးဟိုးကျော်သွားခဲ့ပါတယ်။
ဒီလို အောင်မြင်မှုတွေရလာတဲ့ မေရဲ့အိမ်ထောင်ဖက်ပုဂ္ဂိုလ်က မုံရွာမြို့မှ ဦးမောင်မောင်၊ ဒေါ်ပိုးတို့ရဲ့သား ဦးဇော်ဝင်း ဖြစ်ပြီး သူတို့နှစ်ဦးဟာ ကျောင်းနေဖက်တွေ ဖြစ်ပါတယ်။ ဦးဇော်ဝင်းနဲ့ မေတို့ဟာ ၁၉၅၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ လက်ထပ်ပွဲကျင်းပပါတယ်။ မကြာမီ အင်္ဂလန်ပြည် လန်ဒန်မြို့ မြန်မာသံရုံးရဲ့ ဒုတိယအတွင်းဝန်အဖြစ် ဦးဇော်ဝင်း သွားရောက် အမှုထမ်းတဲ့အခါ မေတစ်ယောက် ခင်ပွန်းနဲ့အတူ လိုက်ပါသွားရပါတယ်။ လန်ဒန်မြို့ဆေးရုံမှာ သားဦးလေးကို မွေးဖွားပါတယ်။
ခင်ပွန်းဖြစ်သူဟာ အိန္ဒိယပြည် ကလကတ္တားမြို့ရဲ့ မြန်မာကောင်စစ်ဝန်ချုပ်အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရပြန်ပါတယ်။ အဲဒီအခါ မေတစ်ယောက် လန်ဒန်မှ ရန်ကုန်ကို ခေတ္တရောက်ရှိလာပါတယ်။ ပြန်ရောက်လာတဲ့အချိန်မှာတော့ ဒေါ်စောမြအေးကြည်ထံ သွားရောက်ပြီး သီချင်းတက်ခြင်း၊ သီဆိုခြင်းတွေ ပြုလုပ်ပါတယ်။ မေရဲ့အာသီသက မိဖတို့အတွက် ရည်စူးပြီး သီချင်းတွေကို ဓာတ်ပြားသွင်းလိုခြင်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ မေတစ်ယောက် တိုက်ဖွိုက်ဖြစ်လာပြီး ရောဂါမပျောက်ကင်းနိုင်ဘဲ အမြစ်တွယ်လာပါတယ်။ နှလုံးရောဂါကလည်း သူမကို လေဖြတ်တဲ့အထိ ဖြစ်လာစေပါတယ်။ ဆွေမျိုးအားလုံးက မေကို ဝိုင်းဝန်းပြုစုရင်း ရန်ကုန်ဆေးရုံကြီးကို တင်ပို့ကုသကြပေမဲ့ ၁၉၆၁ ခုနှစ် ဇွန်လ ၂၄ ရက်၊ အသက် ၄၁ နှစ်အရွယ်မှာတော့ မလှရွှေ (မေ) တစ်ယောက် ကွယ်လွန်အနိစ္စရောက်ပါတယ်။
#ZLann #ZLann_Podcast #ဇာတ်လမ်း #မေ #မိုးဒေဝါပတ်ပျိုး #မိုးဒေဝါမလှရွှေ