မြန်မာ့ရာဇဝင်တွေထဲက သမိုင်းဝင်တိုက်ပွဲများအကြောင်းပြောကြတဲ့အခါ မုတ္တမတိုက်ပွဲကလည်းမပါမဖြစ် ဖြစ်ပါတယ်။ မြန်မာရာဇဝင်မှာ ဆန်းကြယ်မှုများပြည့်နှက်နေပြီး ဘုန်းကံအပြည့်နှင့်မွေးဖွားလာသူလို့ မှတ်တမ်းတင်ခဲ့ရတဲ့ တောင်ငူဘုရင် တပင်ရွှေထီးဟာ ဟံသာဝတီကိုသိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ တောင်ငူကို ဘုရင့်နောင်ရဲ့ ဖခင်ဖြစ်တဲ့ မင်းရဲသိင်္ခသူကို အပိုင်စားပေးခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ပွဲတွေကို ဆက်တိုက်ဆိုသလိုကြုံတွေ့လာခဲ့ရတာကြောင့် ကျီးလန့်စာ စားနေကြရတဲ့ ပြည်သူအပေါင်းကို စာနာသနာသောအားဖြင့် တပင်ရွှေထီးက တိုင်းပြည်ကိုအင်အားတောင့်တင်းဖို့ တည်ဆောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာလည်း တခြားနိုင်ငံတွေနဲ့ စစ်မက်မဖြစ်ပွားဖို့အတွက် ရှေးရှုပြီး ပြည်ဘုရင်နဲ့ မုတ္တမြို့စားတို့ကို စာချွန်လွှာပို့ဆောင်ကာ ငြိမ်းချမ်းရေးကမ်းလှမ်းပေမဲ့ နှစ်ဦးစလုံးက မချေမငံဆက်ဆံခဲ့ကြတာကြောင့် တပင်ရွှေထီးကလည်း အမျက်ထွက်ပြီး စစ်ကိုဆောင်ခဲ့ပါတယ်။
တပင်ရွှေထီးရဲ့ပိုင်နက်နယ်မြေတွေဖြစ်တဲ့ ဟံသာဝတီနဲ့တောင်ငူတို့ဟာ အင်အားကြီးမားတယ်ဆိုပေမဲ့ အဲဒီမတိုင်ခင် ကာလအတွင်းမှာ စစ်ပွဲပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ထားရတာကြောင့် ယခင်ကထက်စာရင် အင်အားအနေအထားက ယုတ်လျော့နေခဲ့ပါတယ်။ မုတ္တမမြို့စားဘက်ကတော့ လူသူအင်အားစုဆောင်းထားပြီး ယောက်ဖတော်သူ မော်လမြိုင်မြို့စားထံမှ မဟာမိတ်တပ်ကူများရရှိထားတဲ့အပြင် နိုင်ငံခြားသားကုန်သည်တွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်တာကြောင့် လက်နက်အသစ်အဆန်းတွေကိုရရှိထားခဲ့ပါတယ်။ ဒီအခါမှာ နှစ်ဖက်အနေအထားက ညီတူမျှတူသဘောဖြစ်နေခဲ့တာကြောင့် ပိုမိုခက်ခဲတဲ့စစ်ဗျူဟာတွေကိုသုံးခဲ့ရပြီး နောင်တစ်ချိန်မှာတော့ အဆိုပါတိုက်ပွဲဟာ ရာဇဝင်မှာ စာတင်ရလောက်တဲ့ သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတော့တယ်။
ရေကြောင်းကိုပိုင်နိုင်တဲ့ မုတ္တမဟာ ရေပေါ်ခံစစ်တွေအခိုင်အမာတည်ဆောက်ထားပြီး နောက်ဆုံးခံစစ်စည်းကိုတော့ မြို့ရိုးနဲ့မလှမ်းမကမ်းမှာ မြေသားခံစစ်တည်ထားကာ အတွင်းအပြင်စစ်ကူနိုင်ဖို့ကြံရွယ်ထားပြီး တပင်ရွှေထီးသုံးလေ့ရှိတဲ့ ဟံသာဝတီရဲ့ရှေ့ပြေးမြင်းတပ်ကို ထောင်ချောက်ဆင်ဖြိုခွဲဖို့ ကြံရွယ်ထားခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၉၀၂ ခုနှစ်မှာတော့ တပင်ရွှေထီးဟာ ရှေ့ပြေးမြင်းတပ်မကြီး ၃ ခု၊ ခြေလျင်တပ်မ ၇ ခု၊ ဘုရင့်တပ်မကြီးနဲ့ ဘုရင့်နောင်ကွပ်ကဲတဲ့ နောက်ချန်တပ်တွေကို ခြံရံကာ မုတ္တမကိုစစ်ချီခဲ့ပါတယ်။ အဲဒီတပ်တွေထဲမှာဆိုရင် တိုက်ဆင်အကောင်ရေ ၁၃၀ ၊ မြင်းအကောင်ရေ ၂၁၀၀ ၊ စစ်သူရဲပေါင်း ၁၃၀၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။ မုတ္တမမြို့စား စောဗညားက ဒီတိုက်ပွဲဟာ သူ့မှာရှိတဲ့ အရာအားလုံးရင်းပြီး တိုက်ရမဲ့တိုက်ပွဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားတာကြောင့် မော်လမြိုင်မြို့စားရဲ့ မိသားစုဝင်တွေကိုလည်း စောင့်ရှောက်ပေးမှာဖြစ်ကြောင်း အကြောင်းပြချက်နဲ့ မုတ္တမနန်းတော်ဆီ ခေါ်ဆောင်ထားပြီး တိုက်ပွဲမှာ အနိုင်မရခဲ့ရင်တောင် မော်လမြိုင်မြို့စားအနေနဲ့ ဟံသာဝတီဘုရင်ထံ အညံ့မခံဘဲ အဆုံးထိတိုက်စေနိုင်ဖို့ ကြံဆောင်ထားခဲ့ပါတယ်။
ဟံသာဝတီမြင်းတပ်ကြီးချီတက်လာချိန်မှာတော့ မုတ္တမမြို့စားက ကြိုတင်ကြံစည်ထားသည့်အတိုင်း တပ်ပုန်းတွေ၊ ထောင်ချောက်တွေနဲ့ အပြင်းအထန်တိုက်ခိုက်တာကြောင့် ရှေ့ပြေးမြင်းတပ်မှာပြိုကွဲပြီး ဖရိုဖရဲဖြစ်ပါတော့တယ်။ အနောက်မှ ခြေလျင်တပ်တွေနဲ့ ဆင်တပ်တွေက တစ်ခဲနက်ဆိုသလိုပြန်လည်တိုက်စစ်ထိုးကြပေမဲ့လည်း မုတ္တမမြို့ရိုးပေါ်မှတစ်ဆင့် အမြှောက်တွေ၊ စိန်ပြောင်းတွေနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်တာကြောင့် ဆင်ပေါ်မှတပ်မှူးတွေ အကျအဆုံးများပြီး တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ မြို့ပြင်စခန်းချရာအထိ ပြန်ဆုတ်ခဲ့ကြတဲ့ ဟံသာဝတီသားတွေဟာ ခံပြင်းဒေါသထွက်တာကြောင့် နောက်တစ်ကြိမ်ချီတက်ခွင့်ပြုဖို့ တပင်ရွှေထီးထံတောင်ဆိုကြရာ တပင်ရွှေထီးက စစ်ကြောင်းကွပ်ကဲရေးမှူးဖြစ်တဲ့ စစ်သူကြီးဘုရင့်နောင်နဲ့တိုင်ပင်ပြီးနောက်မှာတော့ နောက်တစ်ကြိမ်စစ်ချီဖို့အတွက် အမိန့်ချလိုက်ပါတော့တယ်။
ဒီတစ်ခါမှာတော့ မြင်းတပ်တွေကိုအရင်မတက်စေတော့ဘဲ ခြေလျင်တပ်တွေနဲ့ချီတက်လာခဲ့ပြီး အနောက်ကနေ အမြှောက်တပ်နဲ့ ဆင်တပ်မြင်းတပ်တွေကို ဝန်းရံစေပါတယ်။ ဒါပေမဲ့ ဟံသာဝတီတပ်တွေမသိခဲ့တာတစ်ခုက မုတ္တမမြို့စား စောဗညားဟာ ရေတပ်တွေကို သံလွင်မြစ်တစ်လျှောက်အခြေချထားပြီး ဟံသာဝတီတပ်မတွေကို ပစ်ခတ်ဖို့အတွက် ချိန်ထားခြင်းဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ရှေ့ကနေချီတက်လာကြတဲ့ ခြေလျင်တပ်တွေမှာ မုတ္တမမြို့ရိုးကိုမကျော်နိုင်ဘဲ မြို့ရိုးပေါ်မှ ပစ်ခတ်တဲ့ လက်နက်စိန်ပြောင်းတွေနဲ့ မြစ်တွင်းရှိ သင်္ဘောတွေအပေါ်မှာ ပစ်ခတ်တဲ့ အမြှောက်တွေကြောင့် ဟံသာဝတီတပ်တွေခမျာ အကျအဆုံးများခဲ့ရပြန်ပါတယ်။ ဒီတစ်ခါမှာလည်း တပ်ပြန်ဆုတ်ခဲ့ရတာကြောင့် ဘုရင့်အမိန့်နဲ့ နေပြည်တော်သို့ ခြေမြန်တော်စေလွှတ်ပြီး ဟံသာဝတီရေတပ်ကိုဆင့်ခေါ်ကာ မြစ်အနောက်ဘက်ကနေ မုတ္တမရေတပ်ကို ချေမှုန်းဖို့ ကြံဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မုတ္တမမြို့စားစောဗညားဟာလည်း ခေသူမဟုတ်တာကြောင့် ဒီဗျူဟာကို တိုက်ပွဲမစခင်တည်းက ကြိုတင်တွက်ဆထားပြီးသားဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ခြေလျင်တပ်တွေက ကုန်းတွင်းတိုက်ပွဲဆင်နွှဲနေကြတဲ့အချိန်မှာ ဟံသာဝတီဘုရင့်ရေတပ်က မုတ္တမတပ်ကို အနောက်မှပတ်ပြီး စိန်ပြောင်းတွေ၊ အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့ကြတာကြောင့် မုတ္တမတပ်တွေမှာလည်း ကစဉ့်ကလျားဖြစ်ပြီး ထွက်ပြေးခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ဟံသာဝတီတပ်တွေကလည်း ရှေ့ကတိုက်ပွဲတွေမှာ အကျအဆုံးများခဲ့တာကို အငြိုးထားပြီး အနောက်မှတရကြမ်းလိုက်လံချေမှုန်းကြပါတယ်။ တကယ်တော့ မုတ္တမတပ်တွေက ပရိယာယ်သုံးကာ မျှားခေါ်ထားခြင်းသာဖြစ်ပြီး ပြန်လှည့်ရခက်တဲ့ မြစ်ကြာကိုရောက်တာနဲ့တစ်ပြိုင်နက် အထိုင်ချထားတဲ့ စစ်သင်္ဘောတွေပေါ်မှ စိန်ပြောင်းတွေနဲ့ မရပ်မနားပစ်ခတ်တာကြောင့် ဟံသာဝတီတပ်တွေမှာ အကျအဆုံးများပြီးထွက်ပြေခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်ဘက်စလုံးအကျအဆုံးများပြီး အထိနာနေပြီဖြစ်ပါတယ်။
ဒီနေရာတွင် မုတ္တမမြိုရဲ့ မြေနေရာတည်ရှိပုံကို ရှင်းပေးချင်ပါတယ်။ မုတ္တမြို့ဟာ တောင်မြောက်အလျားလိုက်တည်ရှိတဲ့မြို့ဖြစ်ပြီး အနောက်ဘက်မှာတောင်တန်းတွေက ခံတပ်သဖွယ်ကာဆီးကာ အရှေ့ဘက်မှာတော့ မြစ်ကစီးဆင်းလို့နေပါတယ်။ ဒီလိုတည်ရှိတဲ့ မြေအနေအထားကြောင့် ပွဲတိုင်းကျော်လာတဲ့ ဟံသာဝတီတပ်တွေမှာ အရှေ့ကတိုက်ရင်လည်း တောင်ပေါ်မှစီးကာ အပစ်ခံရပြီး ဘေးကဝင်တိုက်ဖို့အတွက်ကလည်း ရေတပ်အင်အားအများအပြားလိုအပ်တာကြောင့် နောက်ဆုံးမှာတော့ မြို့ကို ရိက္ခာဖြတ်ရုံသာ တတ်နိုင်ပါတော့တယ်။ ဒါပေမဲ့ မုတ္တမမြို့စားကလည်း ဒီအခြေအနေကို ကြိုတင်တွက်ဆမိပြီး ယောက်ဖဖြစ်သူ မော်လမြိုင်မြို့စားဆီမှ ရိက္ခာတောင်းယူထားတာကြောင့် ထင်သလိုမဖြစ်ဘဲ ဟံသာဝတီသားတို့မှာ အခက်ကြုံခဲ့ကြရပါတယ်။
မူးမတ်သေနာပတိတွေကလည်း စစ်ပြန်ဆုတ်ပြီး အခွင့်ကောင်းကိုထပ်စောင့်ဖို့ လျှောက်တင်ကြတာကြောင့် တပင်ရွှေထီးက အစည်းအဝေးထပ်လုပ်ပြီး စစ်သေနာပတိတွေရဲ့ အကြံကိုတောင်းတဲ့အခါမှာ သမိန်ပရူက သူ့ကိုသာ စီမံပိုင်ခွင့်အပြည့်ပေးရင် မုတ္တမရေတပ်ကို အမှုန့်ချေမှာဖြစ်ကြောင်း အာမခံခဲ့ပါတယ်။ ဒါကြောင့် တပင်ရွှေထီးကလည်း ခွင့်ပြုပေးလိုက်ပါတယ်။ ဘုရင့်နောင်ကလည်း မုတ္တမမြို့စား ဒီလိုအတင့်ရဲနေရခြင်းမှာ ရိက္ခာနဲ့လက်နက်တွေကို ထောက်ပံ့ပေးနေတဲ့ ယောက်ဖတော်သူ မော်လမြိုင်မြို့စားကြောင့်ဆိုတာ တင်ပြတာကြောင့် တပင်ရွှေထီးက မော်လမြိုင်မြို့စားထံစာရေးပြီး လက်နက်ချခိုင်းခဲ့ပါတယ်။ ဒီအခါမှာ မော်လမြိုင်မြို့စားကလည်း စောဗညားဟာ သူ့ရဲ့မိသားစုတွေကို ကိုဓားစာခံအဖြစ်ခေါ်ထားတာကြောင့်သာ ကူညီနေရခြင်းဖြစ်ကြောင်း၊ မုတ္တမြို့ကိုသာသိမ်းယူနိုင်ပါက သူဟာ အရှင့်ကျွန်သာဖြစ်ကြောင်းကို အကြောင်းပြခဲ့ပါတယ်။
သမိန်ပရူဟာ ဟံသာဝတီရေတပ်ကိုဦးဆောင်ပြီး မီးဖောင်ကြီးတစ်ခုကိုဆောက်ကာ မုတ္တမရေတပ်တွေ စခန်းချရာဆီကို ဦးတည်ပြီး မီးဖောင်ကိုလွှတ်လေပါတယ်။ မီးဖောင်ကြောင့် မုတ္တမသင်္ဘောတွေ ကစဉ့်ကလျားဖြစ်ပြီး လောင်ကျွမ်းကျတဲ့အခါမှာတော့ တစ်ဟုန်ထိုးစီးနင်းတိုက်ခိုက်တာကြောင့် မုတ္တမရေတပ်မှာ ကျဆုံးခဲ့ပါတယ်။ ခြေလျင်တပ်တွေကိုလည်း ဘုရင့်နောင်ကဦးဆောင်ပြီး တိုက်စစ်ဖွင့်တိုက်တာကြောင့် နောက်ဆုံးမှာ မုတ္တမမြို့ရိုးကျသွားကာ မြို့တံခါးပွင့်ခဲ့ပါတော့တယ်။ ဒီအခါမှာတော့ စောဗညားကိုယ်တိုင် ဆင်စီးကာထွက်တိုက်ခဲ့ပေမဲ့လည်း အင်အားအရာမှာရော၊ တိုက်ရည်ခိုက်ရည်မှာပါ ဟံသာဝတီဘက်က သာလွန်တာကြောင့် နောက်ဆုံးမှာတော့ စောဗညားလည်း အရှင် အဖမ်းခံလိုက်ရကာ မုတ္တမတိုက်ပွဲကြီးလည်း အဆုံးသတ်သွားပါတော့တယ်။
တိုက်ပွဲပြီးဆုံးချိန်မှာတော့ တပင်ရွှေထီးက မုတ္တမရေတပ်ကိုဖြိုခွင်းရာမှာ စွမ်းဆောင်နိုင်ခဲ့တဲ့ သမိန်ပရူကို မြောင်းမြမြို့စားအဖြစ် ခန့်အပ်ခဲ့ပြီး ဘုရင့်နောင်ကျော်ထင်နော်ရထာကိုလည်း သူနဲ့အတူ တိုင်းပြည်အားအုပ်ချုုပ်စေခဲ့ပါတယ်။ မုတ္တမမြို့စားကို ဆင်နဲ့ စီးချင်းထိုးကာ လက်ရဖမ်းစီးနိုင်ခဲ့တဲ့ စစ်သူရဲ “နန္ဒကျော်သူ” ကိုတော့ မင်းရဲကျော်ထင်ဘွဲ့ချီးမြင့်ကာ မုတ္တမမြို့ရှိ သူဌေးသူကြွယ်တို့က ငါးရက်တိုင်လက်ဆောင်ပစ္စည်းများဆက်သစေပြီး မုတ္တမမြို့ကိုတော့ ဟံသာဝတီဘုရင်ဟောင်း သုရှင်တကာရွတ်ပိရဲ့ ယောက်ဖတော် စောလဂွန်းအိမ်အား အပိုင်စားပေးခဲ့ပါတယ်။
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube : https://www.youtube.com/@zlann_podcast
Podcast https://podcasters.spotify.com/pod/show/z-lann
Facebook Group https://www.facebook.com/groups/zlann/