မေတ္တာ၊ ကရုဏာတို့နှင့်အတူ လူသားတို့၏အခက်အခဲများကို ဖေးမကယ်တင်ပေးနေသည့် ကွမ်ယင်မယ်တော်

“လောကရဲ့အသံကို နားစွင့်ဂရုပြုသော ဖူဆ” လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ကွမ်ယင်မယ်တော်ဟာ မေတ္တာတရားကြီးမားတဲ့အပြင် မျက်နှာအသွင်အပြင်ကလည်း တင့်တယ်သူတစ်ယောက်ဖြစ်ပါတယ်။ အသိဉာဏ်ပညာ စူးရှထက်မြက်တဲ့ ကွမ်ယင်မယ်တော်ရဲ့ စောင့်ရှောက်မှုအောက်မှာ လူသားအားလုံး ဒုက္ခအပူသောကတွေ ငြိမ်းအေးရစမြဲဖြစ်ပါတယ်။ လက်တစ်ဖက်ကနေ မိုးမခပင်ရဲ့ အခက်ထည့်ထားတဲ့ ပန်းအိုးကို ကိုင်ဆောင်ထားလျက်ရှိပြီး သူ့အမည်ကိုတမ်းတလိုက်ရုံနဲ့ လူသားတွေရဲ့ အခက်အခဲတွေကို လိုက်လံ ကယ်တင်ပေးပါတယ်။ မိုးမခပင်ရဲ့အခက်နဲ့ မေတ္တာရေစင်ကို ဖြန်းပက်ပေးကာ ဆုတောင်းသံတွေကို နားထောင်ပေးတဲ့ ကွမ်ယင်ရဲ့ မေတ္တာ၊ ဂရုဏာ က ကြီးမားလှပါတယ်။ ကွမ်ယင်ဆိုတာက မျက်ရည်မှဖြစ်သော ကြာပွင့်မှ ဖွားမြင်ခဲ့သည် လို့ အဆိုရှိပါတယ်။ တရားကျင့်ကြံ အားထုတ်ရင်း ပုဂ္ဂိုလ်ထူးအဖြစ် ရောက်ရှိကာ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့လည်း ဆိုပါတယ်။ ဗုဒ္ဓတရားတော်ထဲက အတိုင်းဆိုရင် ကွမ်ယင်ရဲ့ မူလအစဟာ ယောကျ်ားတစ်ယောက်ဖြစ်ပြီး တရုတ်ပြည်ကို ဗုဒ္ဓ တရားတော်ပျံ့ပွားလာတဲ့အချိန်ကျမှသာ အမျိုးသမီးတစ်ယောက်ရဲ့ အသွင်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးပုံက မေတ္တာတရားကြီးမားကြောင်းကို ပိုမိုပေါ်လွင်စေတာကြောင့် ကွမ်ယင်မယ်တော် ရုပ်တု တွေကို ထုလုပ်ပြီး ကိုးကွယ်လာကြတာဖြစ်ပါတယ်။ ကွမ်ယင်ကို မြောင်ကျွမ်းဧကရာဇ်နဲ့ မိဖုရားပေါင်တယ် က မွေးဖွားလာခဲ့ပြီး သမီးတော် မြောင်ရှမ်းလို့ အမည်ပေးခဲ့ပါတယ်။ မြောင်ရှမ်းကို သန္ဓေတည်တဲ့အချိန်က လကိုအာခံတွင်းထဲ မြိုချလိုက်တဲ့ အိပ်မက် မြင်မက်ခဲ့တယ်။ မွေးဖွားလာတဲ့အချိန်မှာလည်း ကမ္ဘာမြေကြီးတုန်ဟီးသွားခဲ့သလို ထူးဆန်းမွှေးပျံတဲ့ ရနံ့တွေ ပျံ့လွင့်ကာ ပန်းတွေပွင့်လို့လာခဲ့တယ်။ တိုင်းသူပြည်သားတွေ အံ့ဩမင်သက်ရလောက်အောင် ဖြစ်ခဲ့တာပေါ့။ မိခင်ဝမ်းက ကျွတ်တာနဲ့ ရေချိုးသန့်စင်စရာတောင်မလိုအောင် သန့်ရှင်းလို့နေတာကြောင့် ပုဂ္ဂိုလ်ထူးဝင်စားတဲ့ သူလို့ လူအများက သတ်မှတ်ခဲ့ကြတယ်။ ဧကရာဇ်ကတော့ ထူးခြားတဲ့ကလေးကို မွေးဖွားမိတဲ့အတွက် စိတ်ထဲ ဘဝင်မကျဖြစ်ခဲ့ရပါတယ်။ တရားဓမ္မတွေနဲ့သာပျော်မွေ့ရင်း ကြီးပြင်းလာခဲ့တဲ့ မြောင်ရှမ်းမင်းသမီးလေးဟာ အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ပြီး တစ်နေ့ကိုထမင်းတစ်နပ်သာ စားပါတယ်။ ဖြူစင်တဲ့နှလုံးသားပိုင်ရှင်လို့ နန်းတွင်းမှာရှိကြတဲ့ အမှုထမ်းတွေက တင်စားခေါ်ဝေါ်ကြပါတယ်။ ဧကရာဇ်က အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးတော်မြောင်ရှမ်းကို ကြင်ယာဖက်ရှာပြီး ထိမ်းမြားလက်ထပ်ပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကို သိရှိသွားခဲ့တဲ့အခါ မြောင်ရှမ်းက “စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ဒြပ်တို့သည် ထာဝရအမြဲမရှိနိုင်. တန်ခိုးအရှိန်အဝါတို့သည်လည်း ခဏတာတည်မြဲခြင်းသာဖြစ်သည်” လို့ဆိုသတဲ့။ ခမည်းတော်အနေနဲ့ အတင်းအကျပ် စီစဉ်ဆောင်ရွက်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ သာသနာပြုခြင်းအလုပ်ကိုသာ ရွေးချယ်ရလိမ့်မယ်လို့ ပြန်လည်လျှောက်တင်ခဲ့ပါတယ်။ ခမည်းတော်နဲ့မယ်တော်က ချော့မော့ ဖျောင်းဖျ ပြောဆိုတဲ့အခါမှာတော့ “ကပ် ၃ ပါးကို တားဆီးပေးနိုင်ရင် အမိန့်တော်ကို နာခံပါ့မယ်”လို့ မြောင်ရှမ်းက တောင်းဆိုလိုက်ပါတယ်။ ကပ် ၃ ပါးဆိုတာက အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီကပ် ၃ ပါးကို တားဆီးပေးနိုင်ခဲ့မယ်ဆိုရင် ခမည်းတော်ရဲ့အမိန့်အတိုင်း ထိမ်းမြားလက်ထပ်ပါ့မယ်လို့ ဆိုပါတယ်။ တကယ်လို့များ တားဆီးမပေးနိုင်ခဲ့ဘူးဆိုရင်တော့ သူ့ရဲ့ဆန္ဒအတိုင်း တရားကျင့်ကြံအားထုတ်ရင်းနဲ့သာ နေထိုင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီစကားကိုကြားတဲ့အခါ ဧကရာဇ်က အမျက်ဒေါသထွက်ပြီး အစာရေဆာလျှော့ချဖို့ အမိန့်ပေးလိုက်ပါတယ်။ မြောင်ရှန်းကလည်း သူ့ရဲ့ခံယူချက်အတိုင်း ဆက်နေသွားဖို့ အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် မိဖုရားကြီးက သမီးတော်ရဲ့ဆန္ဒအတိုင်း ခွင့်ပြုပေးလိုက်ပါလို့ ဧကရာဇ်ထံ လျှောက်ထား တောင်းပန်ခဲ့ပါတယ်။ ဧကရာဇ်က ဒါကိုလက်မခံဘဲ နန်းတွင်းကနေ မြောင်ရှန်းကို မောင်းထုတ်လိုက်ပါတယ်။ တောင်ပေါ်မှာ သွားရောက်နေထိုင်ရင်း တရားကျင့်ကြံအားထုတ်မှုကို ဆက်လက်ပြုလုပ်ခဲ့တဲ့ မြောင်ရှန်းမင်းသမီးဟာ သစ်သီးသစ်ဖုတွေကိုသာ စားပြီး ရှင်သန်နေထိုင်လာခဲ့ပါတယ်။ နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ခမည်းတော်မင်းကြီး နာမကျန်းဖြစ်လာခဲ့ပါတယ်။ အစားလည်းကောင်းကောင်းမဝင်တော့သလို အိပ်မပျော်တဲ့ ညတွေလည်း များလို့လာခဲ့ပါတယ်။ နန်းတွင်းသမားတော်တွေကလည်း ကုသနိုင်ခြင်းမရှိတော့တာကြောင့် လက်လျှော့စ ပြုလာကြပါပြီ။ ဧကရာဇ်ရဲ့ နောက်ဆုံးအချိန်ရောက်ရှိလာတဲ့အခိုက်အတန့်မှာ ဘုန်းတော်ကြီး တစ်ပါးရောက်ရှိလာပြီး လက်ရှိခံစားနေရတဲ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်းပြောပါတယ်။ အဲဒီလိုကုသပေးနိုင်ဖို့အတွက် အမျက်ဒေါသကင်းစင်တဲ့ လက်တစ်စုံနဲ့ မျက်လုံးတွေ လိုအပ်ကြောင်း ပြောပါတယ်။ မင်းကြီးက ရှာဖို့မလွယ်ကြောင်းပြောတဲ့အခါ ပန်းရနံ့တို့သင်းပျံ့နေတဲ့ တောင်ပေါ်မှာ တရားကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်ထူးဆီကနေ သွားရောက်တောင်းခံဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ ဘုရင့်အမိန့်တော်နဲ့ စေလွှတ်လိုက်တဲ့ နန်းတွင်းအမှုထမ်းတွေ တောင်ပေါ်ကိုရောက်လာတဲ့အခါ မြောင်ရှန်းမင်းသမီးက ခမည်းတော်ဟာ ရတနာသုံးပါးအား မလေးမစားပြုမူခဲ့တဲ့အတွက် ကြီးလေးတဲ့ အပြစ်ကို ခံနေရခြင်းသာဖြစ်တယ်လို့ တရားဟောပြ ဆုံးမတော်မူပြီးနောက် သူမရဲ့မျက်လုံးအစုံနဲ့ လက်တစ်စုံကို ပေးအပ်လိုက်ပါတယ်။ မှားယွင်းတဲ့ လမ်းကိုဆက်မလျှောက်ဘဲ လမ်းမှန်ကိုရွေးချယ်ဖို့ ခမည်းတော်မင်းကြီးအားထပ်မံသတိပေးညွှန်ပြခဲ့တယ်။ ပြန်လည်ကျန်းမာလာတဲ့ ဧကရာဇ်က ဘုန်းတော်ကြီးကိုကျေးဇူးတင်ကြောင်းဆိုကာ ဆုလာဘ်တော်တွေ ပေးအပ် ချီးမြှင့်တဲ့အခါ အရှင်မင်းကြီး ကျေးဇူးတင်ရမဲ့ သူဟာ ကျွန်ုပ်ကိုမဟုတ်ပါ။ အမျက်ဒေါသကင်းစင်တဲ့ မျက်လုံးတော်နဲ့ လက်တစ်စုံကိုပေးအပ်ခဲ့သူကိုသာ ကျေးဇူးတင်သင့်တယ်လို့ဆိုကာ ပျောက်ကွယ်သွားခဲ့ ပါတော့တယ်။ တောင်ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ထူးဆိုသူကို သွားရောက်ရှာဖွေပြီး ကျေးဇူးဆပ်ဖို့ ဧကရာဇ်ကိုယ်တိုင် ကြွချီမယ့်ခရီးစဉ်ကို မိဖုရားကြီးနဲ့ မင်းမှုထမ်းတွေ အတူလိုက်ပါခဲ့ကြပါတယ်။ အေးချမ်းတဲ့အသွင်အပြင်နဲ့ တရား ကျင့်ကြံအားထုတ်နေတဲ့ သမီးတော်မြောင်ရှန်းကို တွေ့လိုက်ရတာကြောင့် ဧကရာဇ်ရော မိဖုရားကြီးပါ မျက်ရည် ကျတဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ကျေးဇူးပြန်ဆပ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ မြောင်ရှန်းက ဆိုပါတယ်။ မယ်တော်မိဖုရားကြီးက မြောင်ရှန်းရဲ့မျက်လုံးအစုံကို ထိတွေ့ခွင့် မရလိုက်ခင်မှာပဲ ကမ္ဘာမြေကြီးတုန်ဟီးကာ ပန်းမိုးတွေရွာချလာခဲ့တယ်။ ထောင်ပေါင်းများစွာသော လက်တွေနဲ့ မျက်လုံးတွေက လေထဲမှာပျံဝဲနေကြတယ်။ တရားတော်တွေကိုကျင့်ကြံအားထုတ်ရင်း ပုဂ္ဂိုလ်ထူးအဖြစ်ကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက် မြောင်ရှန်းမင်းသမီးဆိုတဲ့ခန္ဓာကိုစွန့်ခွာပြီး မေတ္တာ ဂရုဏာပြည့်ဝတဲ့ ကွမ်ယင်မယ်တော်ဘဝကို ခံယူကာ လောကကောင်းကျိုးသယ်ပိုးဖို့ထွက်ခွာသွားခဲ့ပါတော့တယ်။ ကွမ်ယင်ဖူဆ မွေးဖွားတဲ့ တရုတ်လ ၂ လပိုင်း ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့က သက်သတ်လွတ်လှူဖွယ်တို့နဲ့ လှူဒါန်းကြပြီး ဆုတောင်းပူဇော်ပွဲ ကျင်းပကြပါတယ်။

==========================================

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤ https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ကွမ်ယင်မယ်တော်

More Interesting Blogs from Zlann