“မြစ်ကြီး ဧရာဝတီ”

အရှေ့တောင်အာရှဒေသမှာ လွတ်လပ်စွာစီးဆင်းနိုင်တဲ့ မြစ်ကြီးတွေထဲမှာ တစ်စင်းအပါအဝင်ဖြစ်တဲ့ ဧရာဝတီ မြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောသဖွယ်တည်ရှိတဲ့ မြစ်ဖြစ်ပါတယ်။ ဧရာဝတီမြစ် ရဲ့ထူးခြားချက်က အရှေ့တောင်အာရှဒေသမှာရှိတဲ့ အခြား မြစ်ကြီးတွေနဲ့ မတူဘဲ မြန်မာနိုင်ငံထဲမှာ မြစ်ဖျားခံပြီး မြန်မာနိုင်ငံကိုသာ ဖြတ်သန်းစီးဆင်းကာ မြန်မာ့ ပင်လယ်ကမ်းခြေမှတစ်ဆင့် ပင်လယ်ထဲ စီးဝင်တဲ့ မြန်မာမြစ် စစ်စစ် ဖြစ်ပါတယ်။ ဧရာဝတီမြစ် စတင်ဖြစ်ပေါ်ခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅ သန်းလောက်ကတည်းက ဖြစ်ပြီး မြန်မာနိုင်ငံ စည်ပင်ဖွံ့ဖြိုးမှု နဲ့ အထူးဆက်စပ်နေတဲ့ မြစ်ဖြစ်ပါတယ်။ မြောက်မှတောင်သို့ စီးဆင်း တဲ့ ဧရာဝတီမြစ်ဟာ မြန်မာပြည်အရှေခြမ်း နဲ့ အနောက်ခြမ်းကို အလယ်မှ ပိုင်းခြားစီးဆင်းနေပြီး ကပ္ပလီပင်လယ်အတွင်း မြစ်ခွဲ (၉) ခုနဲ့ စီးဝင်ပါတယ်။ မိုင်ပေါင်း ၁၃၅၀ ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းက မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ မေခ (အင်န်မိုင်ခ)မြစ်နဲ့ မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မေခ နဲ့ မလိခမြစ်နှစ်သွယ်က ဟိမဝန္တာ ရေခဲတောင်တန်းများမှ မြစ်ဖျားခံခြင်းဖြစ်ပါတယ်။ မြစ်နှစ်သွယ်အနက် အရှေ့ဘက်ခြမ်းမှမြစ်ဖြစ်တဲ့ မေခမြစ်က ပူတာအိုမြို့ မြောက်ဘက်ရှိ လန်ဂွဲလာ ရေခဲတောင်မှ မြစ်ဖျားခံပါတယ်။ ရေစီးအလွန်ကြမ်းတဲ့ အတွက် မေခမြစ်ကိုရေကြောင်းသွားလာရေးအတွက် အသုံးပြုလို့မရဘဲ အနောက်ဘက်ခြမ်းရှိ မလိခမြစ်ကိုမူ ရေကြောင်းသွားလာရေးအတွက် အသုံးပြုနိုင်ပါတယ်။ မေခ နဲ့ မလိခ မြစ်နှစ်သွယ် မြစ်ဖျားခံအစပြုကာ တောင်ဘက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက် ပေါင်းဆုံမိကြပါတယ်။ အဲဒီ မြစ်ဆုံက ဧရာဝတီမြစ် အစဖြစ်ပါတယ်။ ဧရာဝတီ ဆိုတာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာတယ်လို့ ယူဆရပြီး အဓိပ္ပာယ်က ဆင်မြစ်ဖြစ်ပါတယ်။ သင်္သကရိုက်ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ စကား ဖြစ်ပြီး ကမ္ဘာမှာ သက်တမ်းအရင့်ဆုံး နဲ့ သမိုင်းရှည်ကြာဆုံး စကားဖြစ်ပါတယ်။ ဘုရားမပွင့်မီ ဘီစီ (၃၀၀၀) လောက်ကတည်းက တည်ရှိခဲ့တဲ့ ဘာသာစကားဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှာ နတ်ဘုရား များစွာရှိပါတယ်။ နတ်ဘုရားတွေကို ဦးဆောင်ရသူကတော့ ကောင်းကင်နတ်ဘုရား အင်ဒရာ (Indra) ဖြစ်ပါတယ်။ အင်ဒရာနတ်မင်းရဲ့ စီးတော် ဆင်ဖြူ ဟာ လွန်စွာကြီးမားပြီး ဦးခေါင်း (၃၃) လုံး ပါရှိပါတယ်။ ကြီးမားပြီး လှပတဲ့ အဆင်းရှိတဲ့အတွက် ဧရာဝဏ (ဒါမှမဟုတ်) ဧရာဝဏ် ဆင် လို့ခေါ်ပါတယ်။ ဧရာဝတီ ဆိုတာ အဲဒီ ဧရာဝဏ် ဆင်ကို ကိုယ်စားပြုခေါ်ဆိုတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက “ဧရာဝတီ” လို့ခေါ်ဆိုတဲ့ မြစ်နှစ်ခု ရှိပါတယ်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါတယ်။အဲဒီ မြစ်က အခုအခါ အိန္ဒိယနိုင်ငံမှာ မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲ စီးဝင် ပါတယ်။အဲဒီမြစ်ကို ရှေးယခင်က ဧရာဝတီလို့ခေါ်ဆိုခဲ့ကြပြီး အခုအခါမှာတော့ မြစ် ပတ်ဝန်းကျင်မှာ နေထိုင် သူတို့ရဲ့ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)လို့ ခေါ်ကြပါတယ်။ ရှေးအခါက ဧရာဝတီမြစ်ဟာ တိဗက်နိုင်ငံမှာ မြစ်ဖျားခံတယ်လို့ ယူဆခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ခန့် အထိ ဧရာဝတီမြစ် အထက်ပိုင်းကို မည်သူမျှ မသိကြဘဲ အတိအကျ ပြောနိုင်တာက ဗန်းမော်မြို့ အထိသာ သိရှိတယ်လို့ဆိုပါတယ်။ သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခုနှစ် ဇန်နဝါရီလမှာတော့ ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) က ဗီယက်နမ် နိုင်ငံ (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေကျင် ခရီးကြမ်း သွားခဲ့ပါတယ်။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလ မှာတော့ ကာလကတ္တားကို ရောက်ရှိ ပါတယ်။ သူရဲ့ ရည်ရွယ်ချက်က ဧရာဝတီမြစ်ရဲ့ အစကို ရှာဖွေဖို့ ဖြစ်ပါတယ်။သူရဲ့ ဝါသနာအရ ကမ္ဘာက မသိသေးတဲ့ တိရစ္ဆာန်တွေ၊ ထူးဆန်းလှပတဲ့ သစ်ပင်ပန်းမန်တွေကို ရှာဖွေ မှတ်တမ်းတင်ဖို့အတွက်ဖြစ်ပါတယ်။အဲဒီလို ခရီးသွားရင်း မြန်မာပြည်မြောက်ဖျား လူသူရောက်ပေါက်ဖို့ ခဲယဉ်းတဲ့ “ခမ္မတီးနယ်” ကို ရောက်သွား ခဲ့ပါတယ်။မင်းသားနဲ့ အဖွဲ့ကို ခမ္မတီးစော်ဘွား နဲ့ အဖွဲ့က ကြိုဆိုပြီး လိုအပ်တဲ့ အကူအညီတွေပေးပါတယ်။ ဟင်နရီတို့အဖွဲ့ က လမ်းပြ၊အထမ်းသမား တွေနဲ့အတူ ခရီးဆက်ကြပါတယ်။လမ်းခရီးမှာ ရိက္ခာမလုံ လောက်မှု၊ အအေးဓာတ်လွန်ကဲမှု၊ တောရိုင်းတိရစ္ဆာန်တို့ရဲ့ အန္တရာယ် တို့နဲ့လည်း တွေ့ကြုံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဧရာဝတီမြစ်ဖျားခံရာနေရာကို တွေ့ရှိခဲ့ပါတယ်။ မင်းသား ဟင်နရီ က ဧရာဝတီ မြစ်ဖျားရှာပုံတော်နဲ့ ပတ်သက်တဲ့ ခရီးသွား စာအုပ်ကို ၁၈၉၈ ခုနှစ်မှာ ပြင်သစ် ဘာသာ နဲ့ ပုံနှိပ်ထုတ်ဝေပါတယ်။ မြန်မာ့ သမိုင်းတစ်လျှောက်မှာ ဧရာဝတီမြစ်က အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ပုဂံခေတ်မှစတင် ကာ ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့အတွက် အသုံးချ ခဲ့ကြပါတယ်။မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲလို့ ထင်ရှားတဲ့ အင်းဝ-ဟံသာဝတီ စစ်ပွဲကာလ မှာ ဧရာဝတီမြစ်က နှစ်ဖက် တပ်တွေအတွက် အဓိက စစ်ချီရာလမ်း ကြောင်းဖြစ်ခဲ့သလို မြစ်အတွင်းမှာလည်း တိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြပါတယ်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ပြည်မြို့ကလည်း နှစ်ဘက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့ပါတယ်။ ဘုရင့်နောင်လက်ထက်မှာလည်း အထက်မြန်မာနိုင်ငံတလွှားကို တိုက်ခိုက်ရာမှာ စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိက အသုံးပြုခဲ့ပါတယ်။ ညောင်ရမ်းခေတ် မှာလည်း အနောက်ဘက်လွန်မင်း နဲ့ သာလွန်မင်းတို့က ဧရာဝတီမြစ်ကို စုန်ဆန်သွား လာခဲ့ ကြပါတယ်။ကုန်းဘောင်ခေတ်တစ်လျှောက်လုံးမှာလည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာမှာ မြစ်ရိုး တစ်လျှောက် ခံတပ်တွေတည်ဆောက် ခုခံခဲ့ကြပါတယ်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ နန်းတည်မြို့တွေကလည်း ဧရာဝတီမြစ်တစ်လျှောက် အခြေပြုတည်ဆောက်ခဲ့ကြတာဖြစ်တဲ့အတွက် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဆိုတာ မြန်မာနိုင်ငံ စီးပွားရေးအတွက် အင်ဂျင်တစ်လုံးလို့လည်းဆိုရပါမယ်။ မြစ်ဝှမ်းဒေသ တစ်လျှောက် မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့် မှီတင်း နေထိုင်ပြီး မြန်မာ့ဆန်စပါး ထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကိုလည်း ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်မှာ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ မြန်မာပြည်သူ တို့အတွက် ဆန်စပါး၊ငါး တွေကိုပေးသလို မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအတွက် သယ်ယူပို့ဆောင်ရေးကိုလည်း အထောက်အကူပြုပါတယ်။ အဆောက်အဦ တွေဆောက်လုပ်ရာမှာလည်း မြစ်အတွင်းမှ သဲတွေကို စုပ်ယူသုံးစွဲကြပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာဒေသအများစုက ဧရာဝတီမြစ်ဝှမ်း ဒေသ အတွင်းမှာ တည်ရှိတဲ့အတွက် ခရီးသွားလုပ်ငန်း အတွက် အရေးပါလှတဲ့ မြစ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်ဒေသက ကုန်တွင်းငါးလုပ်ငန်းအတွက်လည်း အလွန်အရေးပါသလို ငါးမွေးမြူရေး လုပ်ငန်း အတွက်လည်း အလွန်အရေးပါတဲ့ မြစ်ဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ ငါးမျိုးစိတ်ပေါင်းများစွာ ခိုလှုံကျက်စားနေသလို ငှက်စားကျက်နယ်မြေတွေလည်း တည်ရှိနေ ပါတယ်။မြစ်အတွင်းမှာ ဧရာဝတီလင်းပိုင် လို ထင်ရှားတဲ့ မျိုးစိတ်တွေလည်း တည်မှီခိုလှုံလျက်ရှိပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ လူထုတရပ်လုံးရဲ့ လူမှုစီးပွား မှီခိုအားထားရာ အသက်သွေးကြော ဖြစ်သလို မြန်မာ့သမိုင်းနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် တို့စုဝေးနေရာ နေရာတစ်ခုဖြစ်ပါတယ်။ =============================================== ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast

Podcast ❤: https://podcasters.spotify.com/pod/show/z-lann

Facebook Group ❤: https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ဧရာဝတီ #ဧရာဝတီမြစ်

#မြန်မာ့အသက်သွေးကြော #မေခ #မလိခ

More Interesting Blogs from Zlann