မြန်မာနိုင်ငံ တောင်ဘက်စွန်းက လှပတဲ့ ကော့သောင်းမြို့” 🌳🍂🌄

မြန်မာနိုင်ငံအတွင်း လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတဲ့ တောင်တန်းဒေသတွေကို ကမ္ဘာလှည့် ခရီးသွားတွေအပါအဝင် အားလုံးကသဘောကျနှစ်ခြိုက်ကြပါတယ်။မြေပြန့်ဒေသတွေမှာ မြင်နေကြားနေကျ မဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတို့ရဲ့ စကားသံဝဲဝဲတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေက အဲဒီ တောင်တန်းဒေသရဲ့ ဆွဲဆောင်မှုတွေဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာပြည်မြေပုံ အောက်ဘက် အစွန် ပိုင်းမှာရှိနေတဲ့ ကျွန်းစုမြို့လေးတွေရဲ့ အလှကိုလည်း နိုင်ငံသားတွေအပြင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား တွေကလည်း အထူးစိတ်ဝင်စားလာခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး မြို့လေးဖြစ်တဲ့ ကော့သောင်းမြို့ အကြောင်းကို တစေ့တစောင်း လေ့လာကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ 👨‍🏫
ကော့သောင်းမြို့ဟာ မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှာတည်ရှိတဲ့ ကျွန်းစုမြို့လေးဖြစ်ပါတယ်။ တောင်ဘက်ပိုင်း မြန်မာပြည်နယ်နိမိတ် အဆုံးကို ပိုင်ဆိုင်ထားတဲ့အလျောက် အခြားသောဒေသတွေမှာ မတွေ့ ရတဲ့ ကျွန်းဆွယ်တွေနဲ့ ပင်လယ်ဒေသရဲ့ ရေအောက်ရှုခင်းတွေကို တစ်ဝကြီး တွေ့မြင်နိုင်တဲ့ နေရာလည်းဖြစ် ပါတယ်။မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၅၈ မိနစ်နဲ့ ၁၀ ဒီဂရီ ၅၅ မိနစ်အကြားမှာတည်ရှိနေတဲ့ ကော့သောင်း မြို့ဟာ ထိုင်းနိုင်ငံ နယ်စပ်ဖြစ်တဲ့ ရနောင်းမြို့နဲ့ ပါချန်မြစ်သာခြားပြီး မျက်နှာချင်းဆိုင် တည်ရှိနေပါတယ်။
မြို့ရဲ့အရှေ့ကနေအနောက်ကို ၂၄ မိုင်နဲ့ တောင်ကနေမြောက်ကို ၆၄ မိုင်ခန့်ကျယ်ဝန်းပြီး ဧရိယာစတုရန်း မိုင်ပေါင်း (၁၀၄,၁၃၉) ရှိပါတယ်။ ဒါအပြင် မြို့ရဲ့အရှေ့ဘက်မှာ ပါချန်မြစ်နဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိပြီး တောင်ဘက်မှာ ပါချန်မြစ်ဝနဲ့ ကပ္ပလီပင်လယ်၊ အနောက်ဘက်မှာ ကပ္ပလီပင်လယ်က ဝန်းရံထားပြီး မြောက် ဘက်မှာ ဘုတ်ပြင်းမြို့တို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေပါတယ်။
ကော့သောင်းမြို့ဟာ အရေးပါတဲ့ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ရေလုပ်ငန်းကိုအဓိကထားတဲ့ ကျေးလက်ဒေသရဲ့ ဓလေ့စရိုက်တွေကိုလည်းတွေ့မြင်နိုင်ပါတယ်။
ပါချန်မြစ်တစ်ဖက်ကမ်း ရနောင်းမြို့ကနေ ကော့သောင်းမြို့ကြီးကို လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ တောင်ကုန်းတောင်တန်းတွေနောက်ခံထားပြီး ပင်လယ်အော်တစ်ဝိုက်က လူနေအိမ်ခြေတွေ ကိုလှပစွာ တွေ့မြင်ရမှာပါ။
ကိုလိုနီခေတ်က ဝိတိုရိယပွိုင့်လို့ခေါ်ကြပြီး အခုအခါမှာတော့ ဘုရင့်နောင်အငူလို့ပြောင်းလဲခေါ်ဝေါ်ကြတဲ့ ကမ်းစပ်အငူကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကော့သောင်းမြို့အနီးမှာရှိတဲ့ ဗောင်းနင်းကျွန်းနဲ့ ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြုပြီး ထိုင်းဘာသာစကားနဲ့ ကော့-ကျွန်း၊ဆွန်း- နှစ် ဆိုပြီး ကော့ဆွန်း လို့ခေါ်ရာကနေ မြန်မာလို ကော့သောင်းရယ်လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
ကော့သောင်းမြို့အနီးမှာ ထင်ရှားတဲ့ကျွန်း ၉၃ ကျွန်း ရှိပြီး လူနေကျွန်း ၂၀ နဲ့ လူမနေကျွန်း ၇၃ ကျွန်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၄ ပေအမြင့်မှာရှိပြီး ရေပတ်လည်ဝန်းရံထားတာကြောင့် အပူပိုင်း မုတ်သုံရာသီဥတုကိုရရှိပါတယ်။ ခြောက်သွေ့ပြီးလှပတဲ့ရာသီဥတုရှိတဲ့ ဒီဇင်ဘာလ ကနေ မတ်လ အထိ လည်ပတ်လို့ကောင်းတဲ့ အချိန်အခါဖြစ်ပြီး မေလ ကနေ စက်တင်ဘာလအထိကတော့ မိုးသည်းထန်စွာ ရွာသွန်း လေ့ရှိပါတယ်။ကော့သောင်းမြို့ဟာစည်ကားသိုက်မြိုက်လှတဲ့ တံငါရွာတစ်ခုဖြစ်သလို မြိတ်ကျွန်းစုထိန်းသိမ်း စောင့်ရှောက်ရေးဧရိယာအနေနဲ့ တည်ရှိပြီး ရေငုပ်ခြင်းနဲ့ ပင်လယ်ရေအောက် အလှအပကြည့်ခြင်းတို့ကို လေ့လာလုပ်ကိုင်လို့ရပါတယ်။ မြို့ရဲ့အနောက်မြောက်ဘက် မိုင်၃၀ ခန့်အကွာမှာတော့ ရွှေထွက်တဲ့ ကျွန်းလို့ ထင်ရှားတဲ့ ရွှေကျွန်း ခေါ် ရပ်ဆဲကျွန်းနဲ့ အနောက်တောင်ဘက် ၄၅ မိုင်အကွာမှာ ဝူးဖရမ်(အဖြိုက်နက်) ထွက်တဲ့ သံကျွန်းလို့ခေါ်တဲ့ ဒေးဝစ်ကျွန်းတည်ရှိပါတယ်။
ကော့သောင်းမြို့ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင် ဒုတိယမြန်မာနိုင်ငံကိုထူထောင်ခဲ့တဲ့ ဘုရင့်နောင် မင်းတရားကြီးအကြောင်းကနေ စရမှာဖြစ်ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ ဘုရင် မဖြစ်ခင် တပင်ရွှေထီးရဲ့ စစ်သူကြီးအနေနဲ့ တာဝန်ထမ်းဆောင် စဉ်ကတည်းက ယိုးဒယားဘက်ကို စစ်ရေးအရ မကြာခဏ ချီတက်ခဲ့ရပါတယ်။ သူ့လက်ထက်မှာဆိုရင် အဝေးဆုံး ဗီယန်ရှင်းနဲ့ ဇင်းမယ်၊ အနောက်ဘက်မှာလည်း အာသံ ပြည်နယ် အထိ နယ်နိမိတ်ကျယ်ဝန်းခဲ့ပါတယ်။ ၁၅၆၉ ခုနှစ်မှာ ဘုရင့်နောင်မင်းတရားကြီးက မြန်မာစစ်သည် အင်အားအလုံးအရင်းနဲ့ ယိုးဒယားကိုချီတက်ရာမှာ ကော့သောင်းမြို့ကို စစ်သည်တော်တွေနားခိုဖြတ်သန်းတဲ့ နေရာတစ်ခု အဖြစ်အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူအနည်းငယ် နေထိုင်တဲ့ ဆိပ်ကမ်းမြို့ငယ် လေးတစ်ခုဖြစ်လာခဲ့ပါတယ်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ကော့သောင်းမြို့ဟာ ဗြိတိသျှလက်အောက် ခံဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၈၅၉ ခုနှစ်မှာတော့ တရုတ်လူမျိုးနဲ့ ရှမ်းလူမျိုးအများစုက ရေအိုင်၊ ရေကန် တွေနဲ့အတူ သစ်ကြီးဝါးကြီး တွေတည်ရှိတဲ့ မလိဝမ်း အရပ်သို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ၁၈၆၅ ခုနှစ် မှာတော့ အာရပ်-မလေးအုပ်စု (ပသျှူး)လို့ခေါ်တဲ့ မလေးကျွန်းဆွယ်မှ နာဟူအာဒါမတ် ဦးဆောင်တဲ့ မာလာယု ကျွန်းသာတွေဟာ မြိတ်ကျွန်းစုပင်လယ်အော်တစ်လျှောက် ကျင်လည်နေခဲ့ကြပါတယ်။အဲဒီလိုနဲ့ ပင်လယ်ဒေသ မှာ ရှာဖွေ အသက်မွေးရင်း ဝိတိုရိယအငူအနီးရောက်ရှိလာကြပါတယ်။ အပြန်ခရီးမှာတော့ အချို့က ဝမ်းရောဂါ ခံစား ရတဲ့အတွက် ပါချန်မြစ်ထဲမှာ တဲအိမ်တွေဆောက်လုပ်နေထိုင်ရာမှ ပသျှူးရွာငယ်လေးတွေပေါ်ပေါက် လာခဲ့ပါတယ်။
၁၈၇၂ ခုနစ်မှာ ဗြိတိသျှအစိုးရရဲ့ မြိတ်ခရိုင် မြို့တော်ဝန် ဆာအက်ရှ်လေဒင် က မလိဝမ်းဒေသရဲ့ ပထမ ဆုံးသော ရဲအရာရှိတစ်ယောက်အဖြစ် အခြေချကာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၈၉၁ ခုနှစ် မှာတော့ မလိဝမ်းဒေသမှာ အခြေစိုက်ထားတဲ့ရုံးတွေကို ကော့သောင်းဒေသသို့ပြောင်းရွှေ့ခဲ့ကြပါတယ်။ ပြောင်းရွှေ့ရတဲ့ အကြောင်းကတော့ မလိဝမ်းဒေသဟာ သေးငယ်ကျဉ်းမြောင်းတဲ့ မြစ်တစ်စင်းနဲ့ ချောင်းငယ် တို့သာရှိပြီး သင်္ဘောကြီးတွေဆိုက်ကပ်ဖို့ ခက်ခဲတဲ့အတွက်ဖြစ်ပါတယ်။အဲဒါကြောင့် သင်္ဘောကြီးတွေ အလွယ် တကူ ဝင်ထွက်နိုင်တဲ့ ကော့သောင်းမြို့ကို ဆိပ်ကမ်းတစ်ခုအဖြစ်သတ်မှတ် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ပါတယ်။
ကော့သောင်းမြို့မှာ ကရင်၊ ဗမာ၊ ထိုင်းလူမျိုးအနည်းစုနဲ့ ထိုင်းတရုတ်စပ်လူမျိုး အစရှိတဲ့ လူမျိုးပေါင်းစုံ နေထိုင်ပြီး ဘာသာပေါင်းစုံကိုလွတ်လပ်စွာကိုးကွယ်ကြပါတယ်။
ကော့သောင်းနဲ့မြိတ်ကျွန်းစုတစ်ဝိုက်မှာ ပင်လယ်ဂျစ်ပစီ လို့တင်စားခေါ်ဝေါ်ကြတဲ့ ဆလုံလူမျိုးတွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။ ဆလုံလူမျိုး တွေဆိုတာ မလေးကျွန်းဆွယ်မှာအခြေချ နေထိုင်ခဲ့ကြတဲ့ မလေးအနွယ် လူမျိုး တွေဖြစ်ပါတယ်။ဆလုံလူမျိုးတွေဟာ မြိတ်ကျွန်းစုဒေသရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပြယုဂ်တစ်ခုလည်း ဖြစ် ပါတယ်။ အဲဒီလူမျိုးတွေဟာ အလွန်တရာမှ ရိုးသားဖြောင့်မတ်ပြီး ပင်လယ်ဒေသတစ်ခွင်မှာပဲ နေထိုင်ကျက်စား ကြတာကြောင့် ရေကူး၊ ရေငုပ် အထူးကျွမ်းကျင်ကြပါတယ်။ ဆလုံဘာသာစကား မှာ အဓိကအားဖြင့် Moken နဲ့ Moklen ဆိုပြီးနှစ်မျိုးရှိပါတယ်။
ဘာသာစကားအုပ်စုအရ ခွဲမယ်ဆိုရင်တော့ အက်စထရိုနေးဇီးယန်း-မာယာယို-ပိုလီနေးဇီးယန်း- ဆလုံစကားရယ်လို့ အဆင့်ဆင့်အုပ်စုခွဲခြား နိုင်ပါတယ်။သူတို့တွေဟာ ဆလုံဘာသာ စကားကိုလည်း ပြောဆိုကြသလို မြန်မာနဲ့ထိုင်းဘာသာစကားတွေကိုလည်း ပြောဆိုကြပါတယ်။
ဒါအပြင် ကော့သောင်းမြို့ဟာ ပင်လယ်ကမ်းခြေဒေသနဲ့ နယ်စပ်ဒေသဖြစ်တာကြောင့် ခရီးသွား လုပ်ငန်းကလည်း အရေးပါလှတာကို တွေ့ရပါတယ်။ မြိတ်ကျွန်းစုမှာ ဆိုရင်ကျွန်း အတော်များများဟာ သဘာဝ အတိုင်း လှပပြီးဆွဲဆောင်မှု ရှိနေတာကိုတွေ့မြင် ကြရမှာပါ။ အကြောင်းအရင်းကတော့ လူအရောက်အပေါက် နည်းပါးတဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့် ကျွန်းလည်ပတ်တဲ့ ခရီးစဉ်တွေက ကော့သောင်းမြို့ရဲ့ စိတ်ဝင်စားရာ လုပ်ငန်းတွေဖြစ်လာတာပါ။လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ပင်လယ်ရေ မျက်နှာပြင် အထက် ၁၆၉ မီတာမှာရှိပြီး အမြင့်ပေ ၁၈၅ မီတာမြင့်တဲ့ ငါးသုံးလုံး (၅၅၅) တောင်ပေါ် ကနေ ကော့သောင်း မြို့ကို လှမ်းမျှော်ကြည့်ရှုရတာကို သဘောတွေ့ကြပါတယ်။
မြို့ အပြင်ဘက်နေရာတွေမှာတော့ ခြံလုပ်ငန်းလုပ်ကိုင်ကြပြီး ရာဘာနဲ့ ကွမ်းသီးကိုလည်း အဓိကထားစိုက်ပျိုး ကြပါတယ်။ကော့သောင်းမြို့ရဲ့ မြို့လယ်မှာတော့ ပြည်တော်အေး ဂူဘုရားတစ်ဆူတည်ရှိပြီး ဘုရားပရဝုဏ် ပေါ်ကနေကြည့်မယ်ဆိုရင်လည်း ကော့သောင်းမြို့ရဲ့ အလှကို တွေ့မြင်နိုင်ပါတယ်။
ဘုရင့်နောင်အငူရဲ့ ပတ်လမ်းကြီးကလည်း စိန်ပန်းပင်တွေတန်းစီရှိနေတဲ့အတွက် လမ်းလျှောက်အနားယူနို်ငတဲ့ နေရာလည်းဖြစ်ပါတယ်။
ကော့သောင်းမြို့ကိုရောက်ပြီဆိုရင် မလိဝမ်းရေတံခွန် နဲ့ ရေပူတွင်း ကလည်း မလည်မဖြစ် လည်ပတ်သင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဆိပ်ကမ်းသာပန်းခြံကတော့ ကမ်းနားလမ်းမှာတည်ရှိတာကြောင့် ပင်လယ်လေ ကိုတစ်ဝကြီးရှူရှိုက်ပြီး အပန်းဖြေလို့ရပါတယ်။ သူဋ္ဌေးကျွန်းလို့အများသိကြတဲ့ Grand Andaman Hotel တည်ရှိရာကိုသွားရောက် အပန်းဖြေမယ်ဆိုရင်လည်း ကော့သောင်းမြို့ကနေ သုံးမိနစ်ခန့်သာ speed boat စီးပြီးလည်ပတ်နိုင်ပါတယ်။ ဒါတင်မကသေးပဲ 1199 တောင်လို့လူသိများတဲ့ အမြင့်ပေ (၁၁၉၉)ပေရှိတဲ့ တောင်ကလည်း ကြီးမားတဲ့ကျောက်တုံးတွေရှိပြီး လှပတဲ့ရှုခင်းတွေကြောင့် လည်ပတ်သူတွေအကြိုက်တွေ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့် သင်ဟာ ကျွန်းစုဒေသရဲ့ သဘာဝအလှကို မြတ်နိုးပြီး ပင်လယ်လေကိုတစ်ဝကြီးရှုရှိုက်ကာ အနားယူအပန်းဖြေချင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းမှာရှိနေတဲ့ ကော့သောင်းမြို့လေးကို တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်ပါတယ်။ 😍🏞
ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။

More Interesting Blogs from Zlann