မြန်မာရာဇဝင်ကျမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သူ စာဆိုကျော် ဦးကုလား”
——————————————————————–
မြန်မာ့စာပေသမိုင်းကြောင်းကို ပြန်သုံးသပ်ကြည့်ရင် ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး စာပေအဆင့်အတန်းမြင့်မားခဲ့ပုံတွေကို မျက်ဝါးထင်ထင်တွေ့ကြရမှာ အမှန်ပါပဲ။ လူမျိုးတစ်မျိုးရဲ့ စာပေနဲ့ ယဉ်ကျေးမှုကိုကြည့်ခြင်းအားဖြင့်လည်း အဲဒီလူမျိုးစုတစ်ခုရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို အကဲဖြတ်နိုင်ပါသေးတယ်။ ဒါကြောင့်လည်း မြန်မာ့သမိုင်းမှာ ခေတ်အလိုက် လူစာဆို၊ရဟန်းစာဆိုတွေ အများအပြားပေါ်ထွန်းခဲ့ကြပါတယ်။
စာဆိုပညာရှိတိုင်းလိုလိုကလည်း သူ့ခေတ်သူ့အခါမှာတော့ အကောင်းဆုံးလို့ဆိုတဲ့ စာပေအဆင့်အတန်းကို အသီးသီးမှတ်ကျောက်တင်နိုင်ခဲ့ကြပါတယ်။ မြန်မာစာဆိုအကျော်အမော်တွေကို ဖော်ပြမယ်ဆိုရင် ညောင်ရမ်းခေတ် စာဆိုကျော် ဦးကုလားအကြောင်းက ချန်လှပ်ထားလို့မရပါဘူး။
ဦးကုလားလို့ဆိုလိုက်ရင် ရာဇဝင်ကျမ်းတွေကို အများပြည်သူအမှန်တိုင်းသိရှိရလေအောင် အနှောင်အဖွဲ့ကင်းကင်းနဲ့ တိတိကျကျရေးသားဖော်ကျူးနိုင်သူတစ်ယောက်အဖြစ် သမိုင်းလေ့လာသူတိုင်းလိုလိုက သိနှင့်နေပြီးဖြစ်ပါတယ်။ ညောင်ရမ်းခေတ်ရဲ့ လူပုဂ္ဂိုလ်စာဆိုကျော်တွေထဲမှာ နာမည်ကျော်ကြားတဲ့ ဝန်ကြီးပဒေသရာဇာနဲ့ ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သူလည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက်လေ့လာတွေ့ရှိချက်တွေမှာတော့ စာဆိုဦးကုလားရဲ့ အတ္ထုပ္ပတ္တိစုံစုံလင်လင်ကို မှတ်တမ်းတင်ထားတာမျိုးမတွေ့ရှိရပေမဲ့ သူရေးသားခဲ့တဲ့ ရာဇဝင်ကျမ်းတွေကတော့ ယနေ့တိုင် ကျယ်ကျယ်ပြန့်ပြန့် မှီငြမ်းနေကြဆဲလည်း ဖြစ်ပါတယ်။
ဦးကုလားကို စဉ့်ကိုင်းသူဌေး အဖ ဒေဝသေဋ္ဌနဲ့ စော်ဘွားမျိုး၊ မြို့စားမျိုးဖြစ်တဲ့ အမိ မဏိဩဃတို့က မွေးဖွားခဲ့ကြတာပါ။ မိခင်မျိုးရိုးက ဆင်းစံဝတီနဲ့ မြို့သာစား မုနောဒိုင်းမှူးကျော်ထင်တို့ရဲ့သမီးဖြစ်သလို ဖခင်မျိုးရိုးက သူဌေးမျိုးရိုးဖြစ်ပါတယ်။ စာဆိုကျော် ဦးကုလားဟာ မျိုးရိုးအဆင့်အတန်းမြင့်မားပြီး ပြည့်စုံကြွယ်ဝတဲ့ သူတစ်ယောက်ဖြစ်တာကြောင့်လည်း မြန်မာ့သမိုင်းကြောင်းတွေနဲ့ စပ်လျဉ်းတဲ့ မင်းအဆက်ဆက်ရာဇဝင်အကြောင်းကို အချိန်ယူပြီး အသေအချာလေ့လာကာ ရေးသားပြုစုနိုင်ခဲ့ပုံပေါ်ပါတယ်။ ဦးကုလားရဲ့ဇာတိက အင်း၀ဖြစ်ပြီး မွေးသက္ကရာဇ်အတိအကျကိုတော့ ဖော်ပြထားခဲ့တာမျိုးမရှိပါဘူး။
ညောင်ရမ်းခေတ်ထိတိုင်အောင် မြန်မာစာပေသမိုင်းကို တစေ့တစောင်းလေ့လာကြည့်ကြမယ် ဆိုရင် သက္ကရာဇ် ၇၂၆ ခုနှစ်၊ သတိုးမင်းဖျားစတင်ထူထောင်ခဲ့တဲ့ အင်းဝရွှေနန်းဟာ မြန်မာတို့ရဲ့ စာပေလောကမှာတော့ စာရောင်ပေရောင်တို့ အလွှမ်းမိုးနိုင်ဆုံးကာလဖြစ်ပါတယ်။ အင်းဝခေတ်ရဲ့ စာဆိုကျော်အများစုကတော့ ကျမ်းဂန်တတ်ရဟန်းတွေဖြစ်တာကြောင့် ဘုရားဟော ဇာတ်နိပါတ်တွေကို အခြေခံတဲ့ ပျို့၊ မော်ကွန်းတွေပေါ်ထွက်လာခဲ့ကြတယ်။ ဒါ့အပြင် အင်းဝခေတ် လူစာဆိုတွေကတော့ ဧချင်း၊ရတု၊မောင်ဘွဲ့၊မယ်ဘွဲ့တွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ သက္ကရာဇ် ၈၈၈ အရောက်မှာတော့ အင်းဝပြည်ကြီးပျက်သုဉ်းပြီး စာပေအရောင်ဝါလည်း မှေးမှိန်ခဲ့ရပါတယ်။
တောင်ငူမှာ မင်းကြီးညိုထီးနန်းအုပ်စိုးချိန်ကစလို့ တောင်ငူခေတ်စာပေတွေ ပြန်လည်ထွန်းကား လာခဲ့ ပြန်ပါ တယ်။ တောင်ငူခေတ်မှာတော့ ရတုနဲ့ ဧချင်းတွေထွန်းကားခဲ့ပါတယ်။ အဲဒီနောက် သက္ကရာဇ် ၉၅၉ အရောက်မှာ ညောင်ရမ်းမင်းတရားကြီးက ပြိုကွဲခဲ့ရတဲ့တောင်ငူထီးနန်းကို ပြန်လည်သိမ်းယူပြီး ညောင်ရမ်းခေတ်ကိုထူထောင်နိုင်ခဲ့ပါတယ်။ ညောင်ရမ်းခေတ်ကြီးမှာတော့ စာပေအဆင့်အတန်းဟာ ပထမအင်းဝခေတ်လိုပဲ မြင့်မြင့်မားမားရှိခဲ့တာကြောင့် အဲဒီခေတ်ကို ဒုတိယအင်းဝခေတ်ရယ် လို့လည်း ဆိုကြပါတယ်။
ညောင်ရမ်းခေတ်မှာ စာဆိုလောကကြီးနဲ့တကွ တိုင်းပြည်ပြန်လည်ထူထောင်ရေးကိုပါ အားစိုက်လုပ်ဆောင်ကြရတဲ့အတွက် စာပေအညွန့်အညှောက်ကလေးတွေ ဖြည်းဖြည်းချင်းထွက်ပြူလာပြီး စကားပြေအရေးအသား စတင်ပေါ်ပေါက်လာပါတယ်။ဒါကြောင့် ညောင်ရမ်းခေတ်ကို စကားပြေခေတ် ရယ်လို့လည်း တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ စကားပြေဝတ္ထုတွေအပြင် ရာဇဝင်၊ ဓမ္မသတ်နဲ့ ပြဇာတ်အရေးအသားတွေလည်းပေါ်ထွန်းခဲ့ပြီး ကဗျာကဏ္ဍမှာတော့ ပျို့၊ တျာချင်း၊ အိုင်ချင်း၊ လူးတားနဲ့ ရတုတွေ ထွန်းကားခဲ့ပါတယ်။ ညောင်ရမ်းခေတ်ရဲ့ စကားပြေလောကမှာတော့ ခေတ်အဆက်ဆက်မင်းတွေအကြောင်းကို အသေအချာရေးဖွဲ့ထားတဲ့ ဦးကုလားရဲ့ မြန်မာရာဇဝင် ကျမ်းကြီးတစ်စောင် ပေါ်ပေါက်လာခဲ့ပါတယ်။
ရာဇဝင်ကျမ်းဆိုတာ မင်းအဆက်ဆက်တို့ရဲ့အကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြထားပြီး ရှေးအခါကအုပ်စိုးခဲ့တဲ့ မင်းတွေထဲ ကောင်းမွန်အတုယူဖွယ်တွေကို လေ့လာမှတ်သားဖို့နဲ့ ဆင်ခြင်ရမယ့် အကြောင်းအရာတချို့ကို ရှောင်ကြဉ်ကြဖို့ရာ စံနမူနာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် ရာဇဝင်ကျမ်းက ကြေးမုံပြင်နဲ့တူတယ်လို့ ဆိုကြတာပါ။ ဦးကုလားရေးသားတဲ့ မဟာရာဇဝင်ကြီးဟာ အဲဒီခေတ်ရဲ့ ရာဇဝင်ကျမ်းတွေထဲမှာ အကျော်ကြားဆုံးလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း “ဦးကုလား မဟာရာဇဝင်” လို့ခေါ်ဝေါ် ခဲ့ကြပါတယ်။
ဦးကုလားဟာ မဟာရာဇဝင်ကျမ်းထဲမှာ ပုဂံရာဇဝင်၊ တကောင်းရာဇဝင်၊ သရေခေတ္တရာရာဇဝင်၊ အင်းဝရာဇဝင်နဲ့ တောင်ငူရာဇဝင် စတဲ့ ရှေးဟောင်းကျမ်းစာငယ်တို့ကို စုစည်းထားရုံတင်မဟုတ်ဘဲ ကျောက်စာ၊ ဧချင်း၊ မော်ကွန်းတွေကိုပါ အထောက်အထားပြုပြီး တကွဲတပြားစီဖြစ်နေတဲ့ သမိုင်းရာဇဝင်တွေကို စနစ်တကျစုစည်းရေးသားထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ မဟာရာဇဝင်ကြီးဟာ စံပြုစရာတစ်ခုအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ မဟာရာဇဝင်ကြီး (ခေါ်) ဦးကုလား ရာဇဝင်ဟာ မှန်နန်းရာဇဝင်မပေါ်မီအချိန်ထိ အစောဆုံးနဲ့ အပြည့်စုံဆုံး ရာဇဝင်ကျမ်းလည်း ဖြစ်ပါတယ်။မဟာရာဇဝင်ကြီးကို သက္ကရာဇ် ၁၀၇၆-၁၀၉၅ ခုနှစ်အတွင်း လေးကျွန်းမာန်အောင်၊ လောကမာန်အောင် စေတီတို့ရဲ့ ဘုရားဒါယကာ တနင်္ဂနွေမင်းလက်ထက်မှာရေးသားခဲ့တာဖြစ်ပါတယ်။
သူဌေးသားဖြစ်တဲ့ ဦးကုလားဟာ မိခင်ဖခင်တို့ရဲ့ ပြည့်စုံကြွယ်ဝမှုတွေနဲ့ တာဝန်မဲ့စွာ အချိန်ကုန်ခံ မနေဘဲ မဟာရာဇဝင်ကျမ်းကြီးကို အပတ်တကုတ်ကြိုးစားပြုစုခဲ့တာကြောင့် အလွန်ပဲချီးကျူးဖွယ်ကောင်း လှပါတယ်။ ဒါ့ပြင် ဦးကုလား မဟာရာဇဝင်မှာ မှတ်တမ်းတင်လောက်စရာတစ်ချက်ကတော့ ပြေပြစ်ကောင်းမွန်တဲ့ ဝါကျအသုံးအနှုန်းတွေနဲ့ စကားလုံးအထားအသိုတွေဖြစ်ပါတယ်။ သူက စကားလုံးကျဉ်းပြီး အဓိပ္ပာယ်လေးနက်ပြည့်ဝတဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားခဲ့ရုံတင်မဟုတ်ဘဲ ကျမ်းမှာ ပါရှိတဲ့ သက္ကရာဇ်တွေကို ဆုံးဖြတ်ထောက်ရှုရာမှာလည်း နောင်တစ်ချိန်အထိ ကိုက်ညီစေဖို့ရည်ရွယ်ချင့်ချိန်ပြီး ဒိန္နက်သဲသင့် ဂြိုဟ်နေ၊ ဂြိုဟ်ရပ်၊ ဗေဒင်ကိန်းခန်းတို့ကိုပါ တွက်ချက်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ဦးကုလားရဲ့ မဟာရာဇဝင်ကြီးအရေးအသားတွေဟာ ရှင်းလင်းတိကျပြီး နားလည်လွယ်တာကြောင့် လူထုနဲ့နီးစပ်တဲ့ အရေးအသားရယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ နောက်တစ်ချက်ကတော့ ဦးကုလားဟာ မင်းအဆက်ဆက်အကြောင်းရေးသားဖော်ပြရာမှာ ဖုံးကွယ်ခြင်းမျိုးမရှိဘဲ သူဟာအများအကျိုးဆောင်တဲ့မင်း၊ သူကတော့ အများကိုအကျိုးယုတ်စေတဲ့မင်း စသဖြင့် ကွဲကွဲပြားပြားသိရှိစေဖို့ ထောက်ပြရေးသားထားပါသေးတယ်။
အများစုသော ရာဇဝင်ကျမ်းပြုစုသူတွေဟာ ရဟန်းသံဃာတွေနဲ့ မှူးကြီးမတ်ရာတွေဖြစ်တာကြောင့် သူတို့ရဲ့ အတွေးအခေါ်၊ အရေးအသားတွေမှာ အကန့်အသက်တွေရှိနေပါတယ်။ ရဟန်းတော်တွေမှာ သာသနာရေးနဲ့ ကိုယ်ကျင့်တရားငဲ့ကွက်ရခြင်းတွေ၊ မင်းမှုထမ်းတွေမှာလည်း ထောက်ထားဆင်ခြင်ရမယ့် အကြောင်းအချက်တွေရှိကြတာကြောင့် ရာဇဝင်ရေးသားရာမှာ အဟန့်အတားတွေရှိကြပါတယ်။ ဒါပေမဲ့ ဦးကုလားကတော့ ရဟန်းရော မှူးမတ်ပါမဟုတ်တဲ့အတွက် ရာဇဝင်ရေးသားရာမှာ အဟန့်အတားမရှိဘဲ မိမိဖော်ပြရေးသားလိုတာကို လွတ်လွတ်ကင်းကင်း ရေးသားတွေးခေါ်နိုင်ပါတယ်။
ရှင်မဟာသီလဝံသရေးသားတဲ့ မဟာသမ္မတဝံသ ခေါ် ရာဇဝင်ကျော်ဟာ မြန်မာရာဇဝင်ကျမ်းတွေထဲမှာ ရှေးအကျဆုံးဖြစ်ပြီး ကျမ်းရဲ့ ခုနစ်ပုံတစ်ပုံခန့်ကပဲ ပုဂံနဲ့အင်းဝခေတ်မင်းတွေအကြောင်းနဲ့ ကုသိုလ်တော်တွေအကြောင်းကို ရေးသားထားတာဖြစ်လို့ မပြည့်စုံပါဘူး။ ဒါကြောင့် မြန်မာရာဇဝင်ကျမ်းတွေထဲမှာ အပြည့်စုံဆုံးကတော့ ဦးကုလားရာဇဝင်လို့ ခေါ်တဲ့ မဟာရာဇဝင်ကြီးပဲဖြစ်ပါတယ်။ ဦးကုလားဟာ မဟာရာဇဝင်ကြီးအပြင် ရာဇဝင်လတ်နဲ့ ရာဇဝင်ချုပ်တို့ကိုလည်း ရေးသားခဲ့ပါသေးတယ်။ စုစုပေါင်းရာဇဝင်သုံးစောင်မှာ ပေအင်္ဂါ ၁၁၀ ခန့်ရှိတဲ့အတွက် အဲဒီလောက်များပြားတဲ့ ပမာဏကိုရေးသားနိုင်သူအနေနဲ့ ဦးကုလားကို များစွာချီးကျူး ဂုဏ်ပြုကြပါသေးတယ်။
မည်သို့ဆိုစေ ဦးကုလားရဲ့ မဟာရာဇဝင်ကြီးဟာ မြန်မာရာဇဝင်အစကနေ ညောင်ရမ်းခေတ်အထိကို အပြည့်အစုံဖော်ပြပြီး ပြုစုထားနိုင်တာကြောင့် ခေတ်အဆက်ဆက်ကနေ ယနေ့တိုင်အောင် ရာဇဝင် ကျမ်းဆရာတွေလက်စွဲပြုကြရတဲ့ ကျမ်းကြီးတစ်စောင်အနေနဲ့ အထင်အရှားရပ်တည်နေပြီး ရေးသားသူ ဦးကုလားကလည်း ယနေ့တိုင် ကျော်ကြားထင်ရှားတဲ့ စာဆိုကျော်တစ်ဦးအဖြစ်နဲ့ ရှိနေပါတယ်။