“ မြန်မာ့ကာတွန်းလောကရဲ့ ကာတွန်းဝိဇ္ဇာကြီးဖြစ်သူ အလင်္ကာကျော်စွာ ဦးဘဂျမ်း”

ခေတ်အဆက်ဆက် မြန်မာ့ကာတွန်းလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ကာတွန်းဆရာ တော်တော် များများ ရှိပါတယ်။ ကာတွန်းရေးဆွဲခြင်းဆိုတာဟာ စာဖတ်သူကို စိတ်ချမ်းမြေ့ပျော်ရွှင်စေနိုင်သလို အသိပညာဗဟု သုတ အချို့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လိုတိုရှင်းပြောပြပေးတဲ့ ပေါင်ကူးတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ အဲဒီလို ကာတွန်းတွေ ရေးသားပြီး ကျော်ကြားခဲ့သူထဲမှာ ကာတွန်းဝိဇ္ဇာရယ်လို့ တင်စားရလောက်သူက အလင်္ကာကျော်စွာ ဆရာကြီး ဦးဘဂျမ်း ပဲဖြစ်ပါတယ်။
ဆရာကြီး ဦးဘဂျမ်းဟာ ငယ်စဉ်ကတည်းက ကာတွန်းပညာကိုပါရမီပါခဲ့သူဖြစ်ပါတယ်။ရေနံချေးသုတ်ထား တဲ့ အိမ်နံရံမှန်သမျှနဲ့ အိမ်နီးချင်းတို့ရဲ့ အိမ်ထရံတိုင်းဟာ သူ့အတွက်တော့ ပုံရေးလေ့ကျင့်ရာနေရာတွေ ဖြစ်ခဲ့ ပါတယ်။ဆရာကြီး ဦဘဂျမ်းကို အဖ ဦးဖောင်၊အမိ ဒေါ်မြစ်တို့က ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတဲ့ အနက် ပဉ္စမမြောက်သားဖြစ်ပါတယ်။ ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းမှာ ပညာစတင်သင်ကြားခဲ့ပြီး သတ္တမတန်းရောက်တဲ့ အခါမှာတော့ ရန်ကုန်မြို့ ကူရှင်ကျောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပုံဆွဲဘာသာရပ်ကို အပိုဘာသာအဖြစ် ယူခဲ့ပြီး ဆယ်တန်း အောင်မြင်ခဲ့ပါတယ်။
၁၉၂၄ ခုနှစ်မှာ ရန်ကုန်ကောလိပ်ကိုတက်ရောက်ခဲ့ပြီး အိုင်အေ အထက်တန်းအထိ ဆက်လက်ပညာ သင်ကြား ခဲ့ပါတယ်။ တက္ကသိုလ်ရောက်တဲ့အခါ သူ့ရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းသူလေးတွေရဲ့ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်ပုံတွေနဲ့ ဆံပင်ပုံစံအမျိုးမျိုးတို့ဟာ ပန်းချီရေးဆွဲ လေ့ကျင့်ဖို့အတွက် စံနမူနာတွေဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဆရာကြီး ဦးဘဂျမ်းရဲ့ ကျောင်းနေဘက်တွေကတော့ သံအမတ်ကြီး ဦးတင့်ဆွေ၊ ဦးဘညွန့် (ချစ်ဒုက္ခ)၊ အိုင်စီအက်စ် ဦးစောဟန်နဲ့ မြန်အောင် ဦးတင်တို့ပဲဖြစ်ပါတယ်။
ဆရာကြီးပထမဆုံး ရေးသားခဲ့တဲ့ ကာတွန်းလက်ရာကတော့ ၁၉၂၆ ခုနှစ်က ကောလိပ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ရိုးရှင်းတဲ့ ကောလိပ်ကျောင်းသားတွေရဲ့ အဆောင်နေဘဝ အစားဆင်းရဲပုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ပုံမှာ မတ်တပ်ရပ်နေတဲ့ကျောင်းသားတစ်ဦးက ဘလေဇာကွတ် အင်္ကျီကိုချွတ်ဖို့ဟန်ပြင်နေတာကို တခြား ကျောင်းသားတစ်ဦးက ‘ ခင်ဗျား ဘာလုပ်မလို့လဲ’လို့မေးလိုက်တဲ့အခါ အဲဒီကျောင်းသား က‘ကြက်သားတုံးကို ဒိုင်ဗင်ထိုးဆယ်မလို့’ လို့ ပြန်ဖြေခဲ့ပြီး ကောလိပ် ဘော်ဒါဆောင်မှာ ထမင်းကျွေးတဲ့အခါ ဟင်းဖတ်နည်းပြီး အရည်များ နေတဲ့ အကြောင်းရေးဆွဲခဲ့ပါတယ်။
အဲဒီနောက် စကောက် ခေါ် ကင်းထောက်အဖွဲ့က ထုတ်ဝေတဲ့ ဘားမားဘွိုင်းမဂ္ဂဇင်းနဲ့ ကဝိမျက်မှန်မဂ္ဂဇင်း တို့မှာ ရေးဆွဲခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆရာကြီးဟာ ကျောင်းထွက်ပြီး ဘွိုင်လာအင်စပတ်တော်ရုံး မှာ ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
ဘွိုင်လာအင်စပတ်တော်ရုံးမှ အလုပ်ထွက်လိုက်တဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ ကာတွန်းဦးဟိန်စွန်းရဲ့ အားပေးကူညီမှုနဲ့ ကာတွန်းလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ်က ရန်ကုန်ဂေဇက်သတင်းစာမှာ ဦးဟိန်စွန်းရေးဆွဲတဲ့ ကာတွန်းတစ်ပုဒ်ပါဝင်ခဲ့ပြီး သူငယ်ချင်း ဖြစ်တဲ့ ဦးဘဂျမ်းကိုလည်း ရေးဆွဲဖို့ အားပေးတာကြောင့် စတင်ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်ဂေဇက်သတင်းစာရဲ့ အင်္ဂလိပ်လူမျိုး အယ်ဒီတာ မစ္စတာ စမိုင်းက ဦးဘဂျမ်းရဲ့ လက်ရာတွေကို အလွန်သဘော တဲ့အတွက် ဦးဘဂျမ်းရဲ့ ကာတွန်း နှစ်ပုဒ်လုံးကို မပယ်ဘဲ သတင်းစာထဲထည့်ခဲ့ပါတယ်။
မြန်မာ့ကာတွန်းလောကမှာ ကာတွန်း ရွှေတလေး၊ ကာတွန်း ဦးဟိန်စွန်းနဲ့ ကာတွန်း ဦးဘဂျမ်းတို့ဟာ စစ်ကြို ခေတ်က ထင်ရှားခဲ့တဲ့ ကာတွန်းဆရာကြီးတွေဖြစ်ပါတယ်။ ကာတွန်းရွှေတလေးက နိုင်ငံရေး ကာတွန်းတွေကို အရေးများပြီး ကာတွန်း ဦးဟိန်စွန်းကတော့ ဟာသကာတွန်းတွေကို အရေးသန်ခဲ့ပါတယ်။ ဆရာကြီး ဦးဘဂျမ်း ကတော့ စွယ်စုံရတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စာတွေမှာဆိုရင် ခေတ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အတွေးအမြင်တွေအပြင် လူမှုဘဝပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အဖြစ်အပျက်တွေကိုလည်း သရော်ကာ ရေးသားတတ်ပါတယ်။ ဆရာကြီးရဲ့ စာတွေဟာဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေးစတဲ့ အကြောင်းအရာပေါင်းစုံကို ရှုထောင့်အမျိုးမျိုးကနေ ဝေဖန်တင်ပြနိုင်လေ့ရှိပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အချိန်မီတင်ပြနိုင်တဲ့အပြင် အတွေးအခေါ်တွေက ဆန်းသစ် နေတဲ့အတွက် ကလေး၊လူကြီး ကျားမလူတန်း စားမရွေး ကြိုက်နှစ်သက်ကြပါတယ်။
ဒါ့အပြင် ဆရာကြီးရဲ့ ကာတွန်းလက်ရာတွေက တိကျပြတ်သားပြီး ရုပ်လုံးပီပြင်တာကို တွေ့ရမှာပါ။ ဇာတ်ကောင်တွေရဲ့ မျက်နှာအနေအထားနဲ့ ကိုယ်ဟန်အမူအရာတွေဟာ တစ်ပုံနဲ့တစ်ပုံ ကွဲပြားခြင်းမရှိပဲ အတော်လေး ဆင်တူကြပါတယ်။ စာဖတ်သူတွေဟာ ပုံကိုကြည့်ရုံနဲ့တင် ဒါဘယ်ဇာတ်ကောင်လဲဆိုပြီး မှတ်မိနိုင်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီးရဲ့ ကာတွန်းလက်ရာဟာ အလွန်တရာ ပြောင်မြောက်တယ်လို့ ပြောကြတာဖြစ်ပါတယ်။
မြန်မာ့ကာတွန်းတွေကို ပထမဆုံးရေးဆွဲသူ မစ္စတာမာတင်ဂျုန်းနဲ့ တွေ့ဆုံခဲ့ပြီး ဘားမား အတ်ကလပ် လို့ ခေါ်တဲ့ မြန်မာပြည်ပန်းချီအသင်းမှာ လာရောက်သင်ကြားဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ဆရာကြီးဟာ သင်တန်းသား အဖြစ် အတ်ကလပ်ကို ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ သင်တန်းဆရာအဖြစ်ပါ တာဝန်ယူသင်ကြားပေးပါတယ်။ နောက်ပိုင်းမှာ အသင်းရဲ့ အတွင်းရေးမှူးဖြစ်လာခဲ့သလို အတ်ကလပ်ရဲ့ အောင်လက်မှတ် ထုတ်ပေးရေးအတွက် စစ်ဆေးသူတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
ဂျပန်ခေတ်အတွင်း ဆရာကြီးဟာ ပန်းချီဦးဘကြည်နဲ့အတူ အစိုးရ ပြန်ကြားရေးဌာနတစ်ခုမှာ လခစား ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။အဲဒီလုပ်ငန်းဟာ ဂျပန်အစိုးရလက်အောက်မှာ လုပ်ကိုင်ရတာကြောင့် ဂျပန်ဝါဒဖြန့်ကာတွန်းတွေကိုပဲ ရေးဆွဲကြရပါတယ်။ ဒါကြောင့် လေး၊ငါးလခန့်သာ လုပ်ဝင်ခဲ့ပြီး ညောင်တုန်းကိုပြန်ခဲ့ပါတယ်။ ဆရာကြီးဟာ စာများများဖတ်ကြဖို့နဲ့ ရေးတဲ့အခါလည်း သူတစ်ပါးမနစ်နာအောင် ရေးဖို့ ဟာသနှောပြီးရေးဖို့အပြင် သူများခိုင်းတိုင်းလည်း မရေးပဲ ကိုယ်ယုံမှကိုယ်ရေးဖို့ကိုလည်း တပည့်တွေကို သွန်သင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ အနုပညာနဲ့ ပတ်သက်လာရင် ငွေရဖို့ကာတွန်းဆွဲတာမဟုတ်ပဲ တိုင်းပြည်အတွက် ကာတွန်းဆွဲနေတာရယ်လို့လည်း အမြဲပြောလေ့ရှိပါတယ်။ ဆရာကြီးဟာ စိတ်နှလုံးသားနူးညံ့သိမ်မွေ့သူဖြစ်ပေမဲ့ သိက္ခာကို ထိပါးလာရင်တော့ ငြိမ်မခံတတ်တဲ့ လူစားမျိုးလည်းဖြစ်ပါတယ်။
ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ ဗမာ့ခေတ် သတင်းစာ၊ ဟံသာဝတီသတင်းစာ၊ ဒဂုန်မဂ္ဂဇင်း၊ ရှုမဝမဂ္ဂဇင်းနဲ့ ယုဝတီဂျာနယ် တို့မှာ ရုပ်ပြောင်ကာတွန်းတွေ အဆက်မပြတ်ရေးသားကာ လူထုကို ပျော်ရွှင်စေခဲ့ပါတယ်။ စာနယ်ဇင်းတွေမှာ မိမိအာဘော်နဲ့ ရေးတဲ့စာတွေ ဆိုရင် ‘ဘဂျမ်း’လို့ လက်မှတ်အပြည့်အစုံရေးထိုးတတ်ပြီး သူတစ်ပါးအာဘော်ကို သရုပ်ဖော်ပေးရတဲ့ အခါမျိုး မှာဆိုရင်တော့ ‘ဘီဂျီ’ ဆိုပြီး အတိုကောက်သာရေးထိုးလေ့ရှိပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ အနုပညာ မှာဆိုရင် ကာတွန်းတစ်မျိုးထဲကို ဝါသနာပါတာမဟုတ်ပဲ ဓာတ်ပုံရိုက်ခြင်းနဲ့ စာရေးခြင်းတွေ ကိုလည်း ဝါသနာပါပါတယ်။ ဓာတ်ပုံပညာကိုလည်း အတော်အတန်တီးခေါက်မိပြီး ‘သုည’ ဆိုတဲ့ ကလောင်အမည်နဲ့ ဝတ္ထု၊ဆောင်းပါးတွေ ရေးခဲ့သလို ‘ညီမလေး’ အမည်နဲ့လည်း လုံးချင်းဝတ္ထု ထုတ်ခဲ့ဖူးပါတယ်။ ‘ဘီဂျီစတူဒီယို’ ဆိုတဲ့ ဘလောက်တိုက်တစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်။ ပဲရော့ရုပ်ရှင်ရဲ့ ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင်ဖြစ်တဲ့ ‘အသူရာ’ နဲ့ ‘ ကြက်တောင်ကွ’ ဇာတ်ကားတွေကို စီစဉ်ရေးသား ရိုက်ကူးခဲ့ပါတယ်။
ဆရာကြီးစကားပြောရင် သလိပ်ကပ်သံပါပြီး လေသံတိုးတိုးသာပြောတတ်သူဖြစ်ပေမဲ့ ဟာသဉာဏ်ရွှင်ကာ ရယ်ရွှင်ဖွယ်တွေကို အမြဲပြောလေ့ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အမြဲစနောက်နေတတ် သူဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ပန်းချီ ဦးဘကြည် ပြင်သစ်နိုင်ငံကို ပညာတော်သင်အလွှတ်ခံရတဲ့အခါမှာ ဆရာကြီးက “ ပြင်သစ်ကို သွားရပေလို့ပေါ့ဗျာ။ တကယ်လို့ ဖင်လန်ကိုသာသွားရရင် အပြန်မှာ ဖင်လန်ပြန်ဘကြည်၊ ဖန်လန်ပြည် ဘကြည်ဆိုပြီး နာမည်တွင်လာမှာ” ရယ်လို့ အရွှန်းဖောက်ကာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အစိုးရက ပန်းချီဦးငွေကိုင်အား လန်ဒန်ကို ပညာတော်သင်လွှတ်တဲ့အခါမှာလည်း အင်္ဂလိပ်လို ကျွမ်းကျင်တဲ့ ဆရာကြီးကိုပါ တစ်ပါတည်း လွှတ်ပေမဲ့ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီနောက် ဦးငွေကိုင် အတွက် ဧည့်ခံပွဲကျင်းပပေးရာ ထိုပွဲမှာလည်း ဆရာကြီးက အရွှန်းဖောက်ခဲ့ပါသေးတယ်။ “ဦးငွေကိုင်ဟာ ဘိလပ်ကိုတယ်ပြီး မသွားချင်ဘူး။ အစိုးရက လွှတ်လို့သာ သွားရတာ။ ဘာဖြစ်လို့လွှတ်တယ်ဆိုတာ ကျွန်တော့်အမြင်ပြောရရင်တော့ ဘိလပ်ကပြန်လာတဲ့အခါ ဝဏ္ဏစုတ်တံ ဒါမှမဟုတ် သတိုးသီရိဆီဆေး၊ ရေဆေးဆိုတဲ့ ဘွဲ့တစ်ခုခုပေးမှာ သေချာတယ်လို့” နောက်ပြောင်ခဲ့ပါတယ်။
ကာတွန်းရေးဆွဲရာမှာလည်း ဆရာကြီးမှာ ကိုယ်ပိုင်ဇာတ်ကောင်တွေရှိပါတယ်။ ကျော်ကြားတဲ့ ဇာတ်ကောင် တွေကတော့ ကိုပြူး၊မပြုံး၊ ကြွက်ဖြူကလေး၊ မောင်ကြက်တောင်နဲ့ ခင်ခင်ပြုံး၊ ဦးဖျောက်ဆိတ်၊ ဘခွေး၊ မအေး၊ တက်ပု၊ ငညို၊ ချာရာဏသီ မောင်မြေဇာနဲ့ အဘ၊ ဂွက်ထော်၊ မုန်တိုင်းတို့ပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဦးဖျောက်ဆိပ်ကို သူရိယသတင်းစာမှာ ရေးပြီး စစ်ကြီးပြီးတဲ့အခါမှာတော့ သူရိယ သတင်းစာတိုက်က မယူတာကြောင့် ဗမာ့ခေတ်သတင်းစာကို ပြောင်းပေးခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်၊ စက်တင်ဘာ လမှာတော့ ဆရာကြီးဟာ ပဲခူးမြို့သူ ဒေါ်ခင်ကြည်နဲ့ လက်ထပ်ခဲ့ပါတယ်။ မောင်ကျော်ညွန့်လို့ခေါ်တဲ့ သားတစ်ယောက်မွေးဖွားခဲ့ပြီး ၁၉၄၈ ခုနှစ်မှာတော့ ဇနီးဖြစ်သူ ကွယ်လွန် ခဲ့ပါတယ်။
ဇနီးဖြစ်သူကွယ်လွန်သွားတဲ့အတွက် ဦးဘဂျမ်းဟာ စိတ်ထိခိုက်သွားခဲ့ပြီး သူရေးနေကျ ဦးဖျောက်ဆိပ် ဇာတ်ကောင်ကို ရသေ့ဝတ်ပေးလိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဇာတ်ကောင်ဟာ ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာခဲ့ပါတယ်။
၁၉၅၀ ခုနှစ်မှာတော့ ဆရာကြီးက အမြတ်တော်ခွန်ကောက်တဲ့ကိစ္စကို မကျေနပ်တာကြောင့် သုံးလလောက် ကာတွန်းမရေးဘဲ သပိတ်မှောက်ခဲ့ပါတယ်။ နောက်တော့ စာဖတ်ပရိသတ်တွေနဲ့ စာနယ်ဇင်းတွေရဲ့ တောင်းပန်မှုကြောင့် ပြန်လည်ရေးဆွဲပါတယ်။
ဆရာကြီး ဦးဘဂျမ်းဟာ ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီး ကွယ်လွန် သွားပြီးနောက် တစ်နှစ်အကြာမှာတော့ အစိုးရက ဂုဏ်ပြုတဲ့ အနေနဲ့ အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဂုဏ်ပြုပွဲမှာ ပန်းပုဦးဟန်တင် ထွင်းထုထားတဲ့ ဆရာကြီးရဲ့ ကိုယ်တစ်ပိုင်းရုပ်တုကို ပန်းချီဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆရာကြီးဟာ လူသေဆုံးခဲ့ပေမဲ့ ဒီကနေ့ထိတိုင် နာမည် မသေဆုံးတဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ကာတွန်းချစ်သူတို့ရင်ထဲမှာ ရှင်သန်လျက်ရှိနေဆဲဖြစ်ပါတယ်။
…………….
ကျန်းမာရေးကဏ္ဍဆိုင်ရာ အစီအစဥ်တွေကို အားပေးနားဆင်ရတာ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်း Z-Lann ပရိသတ်ကြီးတို့အတွက် လက်ရှိမိမိတို့ကိုယ်တိုင် ခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေကို Survey ကနေ ဖြည့်သွင်းရင်း ကျန်းမာရေးအစီအစဥ်သစ်ကို စောင့်မျှော်ကြရအောင်နော်…👀
ဖောင့်ဖြည့်ရန်

More Interesting Blogs from Zlann