ပီမိုးနင်းကို ဖခင် ဦးရွှေခမ်း ၊ မိခင် ဒေါ်စိန်နု တို့က ၁၈၈၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်က သုံးဆယ်မြို့ ရွာမရပ်မှာ မွေးဖွားခဲ့ပါတယ်။မွေးဖွားတဲ့ နံနက်ခင်းမှာ မိုးနှင်းတွေ ထူထပ်စွာ ကျရောက်ပြီး နေရောင်ခြည် ကောင်းစွာ မမြင်ရတဲ့အတွက် ထူထပ်စွာကျနေတဲ့ မိုးနှင်းတွေကို အစွဲပြုလို့ “မိုးနှင်း” လို့ခေါ်ဆိုကြပြီး ဇာတာခွင်မှာ ထည့်သွင်းထားတဲ့ အမည်ရင်းက ကျော်ညွှန့်ဖြစ်ပါတယ်။
အဘိုးအဘွားတို့က ချမ်းသာပေမဲ့ သူခိုး၊ဓားပြနဲ့ငှက်ပျောခင်းတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဆင်းရဲနွမ်းပါး ခဲ့ပါတယ်။အသက်ဆယ်နှစ်ခန့်အရွယ်မှာ အာ-စီ-အင်(မ်) ခရစ်ယာန် သာသနာပြုကျောင်းမှာ စာပေသင်ကြား ခဲ့ပါတယ်။ သုံးနှစ်အကြာမှာ ကျောင်းအုပ်ဖြစ်တဲ့ ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါးရဲ့ အကူအညီနဲ့ မော်လမြိုင်မြို့ရှိ ဆင်မာနရီ ကျောင်း(Seminary School) ခေါ် ဘုန်းကြီး အတတ်သင်ကျောင်းကို သွားရောက် သင်ကြားခွင့်ရပါတယ်။ လက်တင်ဘာသာ၊ လက်တင်သဒ္ဒါကို အထူးတတ်မြောက်ခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ” ဂျင်နရယ် ကောလိပ် ” (General College) ခေါ် ပြင်သစ်ပြည် ပါရီမြို့တော်မှ ကျောင်းခွဲတစ်ခုဖြစ်တဲ့ သိပ္ပံကျောင်း ကို ပညာသင်စေလွှတ်ခံရပါတယ်။အဲဒီ ကျောင်းမှာ စကားပြောဆိုခြင်းအတတ်ပညာ၊ ဒဿန နဲ့ ယုတ္တိဗေဒ ပညာရပ်တွေကို သင်ကြားခဲ့ပါတယ်။အသက် ၁၉နှစ် မှာ မြန်မာပြည်ကိုပြန်လာခဲ့ပါတယ်။ငယ်ဆရာဖြစ်တဲ့ ဖာသာရ်-ဝဲလဝါးရဲ့ အာ-စီ-အင်(မ်)ကျောင်းမှာ ဆရာအဖြစ် ခန့်ထားခြင်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ပြည်မြို့ရှိဆေးရုံကြီးမှာ စာရေးကြီးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ပြည်မြို့ကို လယ်တီဆရာတော်ဘုရားကြီး ကြွရောက်တော်မူစဉ် အလုပ်မှ အပြန် ဝင်ဖူးရင်း ဆရာတော်ဘုရားကြီးထံ ရဟန်းခံခဲ့ပါတယ်။ရဟန်းဝတ်နဲ့ ရန်ကုန်မြို့ကိုသွားရောက်ပြီး ညောင်တုန်းကျောင်းတိုက်၊ ဦးဗျားတောရကျောင်းတိုက်၊ ဂျောင်းဝိုင်း ကျောင်းတိုက် တို့မှာ သီတင်းသုံးခဲ့ပြီး နောက်ဆုံး လူဝတ်လဲခဲ့ပါတယ်။ရဟန်းဝတ်နေစဉ်အတွင်း ‘လောဂျစ် ‘ ခေါ် ‘ တက်ကျမ်း ‘ တစ်စောင် ပြုစုရေးသားကာ စာရေးဆရာ ဘဝ စတင်ခဲ့ပါတယ်။ဝမ်းရေး အတွက် ရေးသားခဲ့တဲ့ တက်ကျမ်းကို ဟံသာဝတီ သတင်းစာတိုက်သို့ သွားရောက်ရောင်းချခဲ့ပါတယ်။အဲဒီလိုရောင်းချခဲ့ပေမဲ့ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ စာပေဖြစ်တဲ့အတွက် ပယ်ချခြင်းခံရပါတယ်။
ဒါပေမဲ့ သတင်းစာတိုက်ပိုင်ရှင် မစ္စတာ ရစ်ပလေ က ဘာသာပြန်အလုပ်ကိုပေးခဲ့ပါတယ်။ အဲဒီ သတင်းစာတိုက် မှာ ၆ လခန့်လုပ်ကိုင်ခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်ခဲ့ပါတယ်။ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ အချိန်မှာတော့ အလုပ်အကိုင်ရှာဖွေရာ အလုပ်အကိုင် ရှားပါးတဲ့အတွက် အမြို့မြို့အနယ်နယ် လိုက်လံရှာဖွေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ ဟင်္သာတမြို့အနီး ဓမ္ဘီမြို့မှာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါးရဲ့ ကျေးဇူးနဲ့ ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။အဲဒီနောက် ဒေါ်စိန်တင်နဲ့ လက်ထပ်ထိမ်းမြားပြီး သားဦးကလေး ကျော်စိုးကို ဖွားမြင်ခဲ့ပါတယ်။ဆရာကြီး အသက် ၃၀ခန့် အရွယ် ၁၉၁၄ ခုနှစ် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်မှာတော့ သုံးဆယ်မြို့မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ပုံနှိပ်စက်တစ်ခုတည်ထောင်ကာ ” မြန်မာ့မိတ်ဆွေ မဂ္ဂဇင်း ” ကိုထုတ်ဝေခဲ့ပါတယ်။ စစ်ဒဏ်ဘေး စစ်ဒဏ် ကြောင့် စက္ကူ လုံလောက်စွာမရခြင်း၊စျေးနှုန်း အဆမတန်ကြီး လာခြင်းကြောင့် မဂ္ဂဇင်း ထုတ်ဝေခြင်းကို ရပ်စဲပြီး ရန်ကုန်မြို့သို့ အလုပ်ရှာထွက်ခဲ့ပါတယ်။
သူရိယသတင်းစာတိုက်မှာ အလုပ်ရရှိပြီး အလုပ်လုပ်နေစဉ် အလုံရှိ ” ဘက်ပတစ် ” ကျောင်းက လက်တင် ဆရာတစ်ဦး အလိုရှိကြောင်း အလုပ်ခေါ်စာတွေ့ခဲ့ပါတယ်။အဲဒီအလုပ်ကို အမည်ရင်း ” မောင်ကျော်ညွှန့် ” အမည်နဲ့ လျှောက်ထားရာ မြန်မာလူမျိုးဖြစ်တဲ့အတွက် အလုပ်မရရှိခဲ့ပါ။အဲဒီနောက် ဗရင်ဂျီဘာသာမှ အမည် ဖီးလစ် (Phillip)အနက်မှ အစ စာလုံး ပီ(P) ကိုအတိုကောက်ယူပြီး ငယ်နာမည် မိုးနင်း နဲ့ပေါင်းလို့ ” ပီမိုးနင်း ” အမည်နဲ့ ပြန်လည်လျှောက်ထား လိုက်တဲ့အခါမှာတော့ အလုပ်ရရှိခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပညာအလင်း မဂ္ဂဇင်းနဲ့ အခြား မဂ္ဂဇင်းတို့မှာ ဝတ္ထုတို၊ဆောင်းပါးတွေကို ရေးသားပေးပို့ခဲ့ပါတယ်။ပညာအလင်း သတင်းစာမှာ ” ပိုက်ဆံကြီး ” အမည်နဲ့ ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပါတယ်။နေရီရီ၊ ပွဲစားကြီး သားအဖ နှင့် မြမြ စတဲ့ ဝတ္ထုရှည်ကြီးတွေကိုလည်းရေးသားခဲ့ပါတယ်။
ဒဂုန်မဂ္ဂဇင်း၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန်မဂ္ဂဇင်း၊ဗြိတိသျှဘားမား မဂ္ဂဇင်း၊ တက္ကသိုလ် မဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစား၊သစ္စာဝါဒီသတင်းစာ၊ ဗန္ဓုလသတင်းစာ တို့မှာ ဝတ္ထု၊ဆောင်းပါးတွေကို ရေးသားခဲ့ပါတယ်။ဗန္ဓုလဂျာနယ်မှာ လုပ်ကိုင်နေစဉ် ဗန္ဓုလ သတင်းစာနဲ့ ဗန္ဓုလ ရုပ်ရှင်ထုတ်လုပ်ရေးကို ချဲ့ထွင်လိုက်တဲ့အခါ ရုပ်ရှင်လောကထဲ ကျင်လည်ခွင့်ရခဲ့ပါတယ်။ပီမိုးနင်းကို မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံး ဇာတ်ညွှန်းရေးဆရာကြီး လို့လည်း ဆိုကြပါသေးတယ်။” မေတ္တာနှင့်သူရာ ” အမည်ရှိ မြန်မာ့ ပထမဆုံးဇာတ်လမ်း ရုပ်ရှင် ကို ဆရာကြီးပီမိုးနင်းရဲ့ ကလောင်ခွဲ ပိုက်ဆံကြီးအမည်နဲ့ ဇာတ်လမ်းဇာတ်ညွှန်း ရေးသားခဲ့ပါတယ်။ အဲဒီဇာတ်ကားကို ဘားမားဖလင်က ဒါရိုက်တာ ရုပ်ရှင် ဖခင်ကြီး လန်ဒန် အတ် ဦးအုန်းမောင်းက ရိုက်ကူးပြီး ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃မှာ စတင်ပြသ ခဲ့ပါတယ်။
သားဖြစ်သူ မောင်ကျော်စိုး ကို ” ချစ်တဲ့သူရယ် ” ဇာတ်ကားမှာ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူး စေပြီး ဆရာကြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် သင်ကြားပြသ ပေးခဲ့ပါတယ်။ဗြိတိသျှဘားမားရုပ်ရှင် ထုတ်လုပ် ရေးနဲ့ ” တစ်ကိုယ်တော် ” ရုပ်ရှင် ရိုက်ကူးရာမှာလည်း ဆရာကြီးကိုယ်တိုင် ဇာတ်ညွှန်းရေးသား ခဲ့ပါတယ်။ အဲဒီနောက် ” ဆယ်နာရီ ” ဇာတ်ကား ရိုက်ကူးနေစဉ်မှာ သားဖြစ်သူ မောင်ကျော်စိုး ဟာ ဓားထိုးခံရတဲ့အတွက် ကွယ်လွန်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်က ဆရာကြီး အတွက် လွန်စွာ ပူဆွေးခဲ့ရပါတယ်။ဇနီးဖြစ်သူ ဒေါ်စိန်တင်မှာ သားဖြစ်သူရဲ့ စိတ်နဲ့ ၃ လအကြာမှာ ကွယ်လွန်ခဲ့ပါတယ်။