သင်္ကြန်ထမင်းလို့ဆိုလိုက်ရင် ထမင်းကိုရေဆမ်းပြီး ငါးခြောက်ကြော်နဲ့ တွဲဖက်စားတာကိုတော့ သိကြမှာပါ။ ဒါပေမဲ့ တကယ့် သင်္ကြန်ထမင်းစစ်စစ်ဆိုတာကတော့ ရေဆမ်းထားတဲ့ ထမင်းကိုဆိုလိုတာမျိုးမဟုတ်ပါဘူး။ သင်္ကြန်ထမင်းဖြစ်ဖို့ဆိုရင် ဖယောင်းနံသင်းသင်းမွှေးတဲ့ သင်းရည်၊ ရာသီပေါ်အသီးဖြစ်တဲ့ သရက်သီးနဲ့ တွဲဖက်ကြော်ထားတဲ့ ငါးခြောက်ထောင်းကြော်၊ နီနီရဲရဲဖြစ်တဲ့ ငရုတ်သီးတောင့်ကြော်စသဖြင့် ပြည့်စုံနေမှ မွန်ရိုးရာ သင်္ကြန်ထမင်းလို့ခေါ်တာပါ။
မြန်မာပြည်အောက်ပိုင်းက မွန်လူမျိုးတို့ရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်လို့ အထက်မြန်မာပြည်ဘက်မှာ မသိသေးတဲ့သူတွေလည်းရှိကြသလို အချို့မကြိုက်တဲ့သူတွေလည်းရှိကြပါသေးတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းတော့ မြန်မာပြည်ဒေသအတော်များများမှာ ပူပြင်းတဲ့ နွေရာသီဒဏ်ကို အံတုနိုင်ဖို့အတွက်ဆိုပြီး ဖယောင်းရေအေးအေးလေးနဲ့ တွဲဖက်စားရတဲ့ သင်္ကြန်ထမင်းကို တွင်တွင်ကျယ်ကျယ် စားလာကြပါပြီ။ ဒီလိုပဲ နှစ်သစ်ကူးတဲ့ သင်္ကြန်ကာလနဲ့ အကိုက်ညီဆုံးအစားအစာတစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။
မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာတစ်ခုဖြစ်တဲ့ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတဲ့ အခါသမယမှာတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောပစ်တဲ့ သဘောနဲ့ တစ်ဦးကိုတစ်ဦး ရေပက်ကစား ကြပါတယ်။ ဒီအခါ ရေကစားနေရင်း စားသောက်ကြတဲ့ အစားအစာတွေထဲမှာ အနည်းနဲ့အများဆိုသလို ရေတွေ ဝင်ကုန် မှာအမှန်ပါပဲ။ ဒါ့အပြင် တန်ခူးလရဲ့ နွေနေပူပူကလည်း ရေကစားနေကြသူတွေနဲ့ အပြိုင်ပူပြင်းမှုကို အပြင်းအထန် လွှင့်ထုတ်နေပါတယ်။ဒီလိုအခြေအနေ အချိန်အခါမျိုးမှာ အပူဒဏ်ကို အံတုပြီး ရင်အေးစေ ရုံသာမကပဲ ရေစိုစိုနဲ့လည်း လိုက်ဖက်ညီတဲ့ အစားအစာတစ်ခုကို ပြပါဆိုရင် သင်္ကြန်ထမင်းပဲမဟုတ်ပါလား။
‘မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား’ ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ မော်လမြိုင်ဒေသက အစားအစာ အတော်များများဟာ တစ်မူထူးခြားပြီး မွန်လူမျိုးတွေအနေနဲ့ အစားအသောက်ကို အသေအချာ စီမံချက်ပြုတ်တတ်ပုံတွေကိုလည်း လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ မွန်လူမျိုးတွေအတွက်ကတော့ သင်္ကြန် ထမင်းက ရိုးရာအစားအစာဖြစ်တာကြောင့် အလှူပွဲတိုင်းလိုလိုမှာ မပါမဖြစ် ဇာတ်ဆောင်ကြီးလည်းဖြစ်ပါတယ်။ အချို့ဆို မော်လမြိုင်ထမင်းလို့တောင်ခေါ်ကြပါတယ်။
သင်္ကြန်ထမင်းမှာ အဓိကလိုအပ်တဲ့ ထမင်းကတော့ ပုံမှန်ချက်စားနေတဲ့ ထမင်းနဲ့ အနည်းငယ်ကွဲပြားမှုရှိပါတယ်။ အဲဒါကတော့ ဆန်ကို ရေများများနဲ့ချက်တာပဲဖြစ်ပါတယ်။ ထမင်းစေ့ကွဲသွားတဲ့အထိ နူးသွားပြီဆိုရင်တော့ ဇကာတစ်ခုထဲထည့်ပြီး အပေါ်က ရေအေးအေးလေးလောင်းပေးရမှာဖြစ်ပါတယ်။ နူးအိနေတဲ့ ထမင်းလေးတွေ စေးကပ်မနေဘဲ ဖွယ်ဖွယ်လေးဖြစ်သွားအောင် ရေလောင်းရတာပါ။ သင်္ကြန်ထမင်းဟာ ပုံမှန်စားနေကျ ထမင်းထက် ပျော့ရမှာဖြစ်ပေမဲ့ ဆန်ပြုတ်လိုဖြစ်နေလို့လည်းမရပါဘူး။ အချို့ဆိုရင် ခပ်အေးအေးလေး စားလို့ရအောင်ဆိုပြီး ရေခဲသေတ္တာထဲ ထည့်ထားကြသလို ရေခဲကိုလည်း ထမင်းထဲ ထည့်ထား တတ်ကြပါသေးတယ်။
သင်္ကြန်ထမင်းနဲ့ တွဲဖက်စားဖို့အတွက် ငါးခြောက်ထောင်းကြော်ကလည်း ငါးခြောက်ချည်းပဲကြော် ထားတာ မျိုးမဟုတ်ဘဲ နွေရာသီရဲ့ ရာသီပေါ်အသီးဖြစ်တဲ့ သရက်သီးအစိမ်းလေးနဲ့ ပေါင်းစပ်ထားတာဖြစ်လို့ ချိုချဉ် အရသာ လေးထွက်နေမှာပါ။ အချို့ကတော့ သရက်သီးအစား မရမ်းသီးကို သုံးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားလိုက်သူတိုင်းရဲ့ မျက်နှာမှာ ချိုချဉ်အရသာကနေ ပေါက်ထွက်လာတဲ့ အပြုံးကို မြင်ကြရဖို့က အဓိကပါပဲ။ သင်္ကြန်ကြော်လို့သိကြတဲ့ ငါးခြောက်ကြော်အတွက် အရိုးနည်းတဲ့ ငါးခြောက်မျိုးကို ရွေးချယ်သုံးတတ်ကြပါတယ်။ ငါးရံ့ခြောက်၊ ငါးကွန်းရှပ်၊ ငါးပြားခြောက်တို့ကို အများအားဖြင့် သုံးကြပါတယ်။ ငါးခြောက်ကြော်ထဲ ထည့်ဖို့အတွက် သရက်သီးအစိမ်းတစ်လုံးလည်းလိုအပ်ပါသေးတယ်။ တစ်ပါတည်း ထည့်ကြော်ရမှာဖြစ်လို့ သရက်သီးကို အခွံနွှာပြီး ခြစ်နဲ့ခြစ်ကာ အချောင်းလေးတွေဖြစ်အောင် ပြင်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။
အသုံးပြုမဲ့ ငါးခြောက်ကို ရေဆေးပြီး နူးသွားအောင် အရင်ဦးဆုံးပြုတ်ရပါမယ်။တစ်ချိန်တည်းမှာပဲ ကြက်သွန်နီကို အခွံနွှာပြီး ဆီသတ်ဖို့အတွက် လေးစိပ်ကွဲလေးတွေ အသင့်လှီးထားလိုက်ပါ။ ပြုတ်ထားတဲ့ ငါးခြောက်တွေ နူးလာပြီဆိုရင်တော့ အရိုးနွှင်ပြီး ရလာတဲ့ အသားကို မွမွလေးဖြစ်အောင် ထောင်းပေးရပါမယ်။ ပြီးရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီနဲ့ နနွင်းမှုန့်အနည်းငယ်ထည့်ကာ ဆီပူလာရင် လေးစိပ်ခွဲထားတဲ့ ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပေးရမှာဖြစ်ပါတယ်။ ခဏအကြာ ကြက်သွန်ဖတ်လေးတွေ နွမ်းသွားပြီ ဆိုရင်တော့ အဆင်သင့် လှီးထားတဲ့ သရက်သီးစိတ်လေးတွေကို ထည့်ပြီး ဆားနဲ့ အရသာမှုန့်တို့ကို လိုသလိုခတ်ပေးရပါတယ်။ ငါးပိစိမ်းစား အနည်းငယ်ကိုလည်း လိုအပ်သလောက်ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ အဲဒီနောက် ထောင်းထားတဲ့ ငါးခြောက်မွမွလေးတွေကို အိုးထဲထည့်ပြီး အနံမွှေးလာတဲ့ အထိ ကြော်ပေးလိုက်မယ်ဆိုရင် ချိုချဉ်အရသာ သင်္ကြန်ကြော်လို့သိတဲ့ ငါးခြောက်ကြော်လေးရပြီပဲဖြစ်ပါတယ်။
ဆက်လက်ပြီး ချိုချဉ်အရသာနဲ့ တွဲဖက်စားတဲ့အခါ အီတာမျိုးမဖြစ်ရလေအောင် လိုအပ်နေတဲ့ အစပ်အရသာ အတွက်ကိုတော့ ငရုတ်သီးခြောက်နီနီလေးတွေကို သုံးပါမယ်။ ငရုတ်သီးခြောက်လေးတွေကို ထမင်းနဲ့ ကိုက်ပြီးစားဖို့အတွက် ဆီလေးထည့်ပြီး မီးအေးအေးလေးနဲ့ လှိမ့်ပေးရပါမယ်။ ဒါဆိုရင်တော့ သင်္ကြန်ထမင်းရဲ့ အင်္ဂါရပ်နဲ့ အတော်လေးညီသွားပြီလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ အရာတစ်ခုကျန်နေပါသေးတယ်။ အဲဒါကတော့ ဖယောင်းနံ့လေး သင်းနေတဲ့ သင်းရည်ပဲဖြစ်ပါတယ်။ တချို့ကတော့ အနံ့ပိုမွှေးအောင်ဆိုပြီး နံ့သာဖြူပါထည့်ကြပါတယ်။
သင်္ကြန်ထမင်းကို ဖယောင်းနံ့သင်းသင်းလေးနဲ့ တွဲဖက်စားရတာကို ခံတွင်းတွေ့တဲ့လူတွေကတော့ ဖယောင်းရည် ကို လုပ်ကြပေမဲ့ မကြိုက်တဲ့သူတွေအတွက်ကတော့ ရိုးရိုးရေကိုပဲ ဆမ်းစားလည်း အဆင်ပြေ ပါတယ်။ ဖယောင်းရည်ပြုလုပ်ဖို့အတွက်တော့ ဖယောင်းတိုင်က ဖယောင်းဖတ်လေးတွေကို ဓားနဲ့ ပါးပါးလှီးထား ရမှာဖြစ်ပြီး အိုးတစ်လုံး ဒါမှမဟုတ် ပန်းကန်ပြားတစ်ခုထဲမှာ မီးသွေးမီးကျည်ခဲကိုထည့်ကာ အပေါ်ကနေ လှီးထားတဲ့ ဖယောင်းဖတ်တွေကို ထည့်ပေးလိုက်ပါ။ ဒီအခါ မီးသွေးခဲရဲ့ မီးအရှိန်ကြောင့် ဖယောင်းတွေ အရည်ပျော်ပြီး အငွေ့တွေတက်လာပါလိမ့်မယ်။ အငွေ့တွေ လှိုင်လှိုင်တက်လာပြီဆိုရင်တော့ အိုးအဝကို နောက်ထပ် အိုးအသစ်တစ်လုံးနဲ့ အငွေ့စုတဲ့သဘောမျိုး အုပ်ပေးရပါမယ်။ ဖယောင်းငွေ့စုံပြီလို့ ယူဆတဲ့ အချိန်ရောက်ရင်တော့ အိုးကိုလှန်ပြီး ရေဆွတ်ထားတဲ့ အဝတ်ပါးပါးလေးနဲ့ အိုးမျက်နှာဝကို ချက်ချင်း အုပ်ပေးရပါမယ်။ အဲဒီနောက် အဝတ်ပါးပေါ်ကနေ တစ်ဆင့် သောက်ရေကိုလောင်းထည့်ပြီး အိုးအဖုံးကို လုံနေအောင်ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီအခါတော့ သင်္ကြန်ထမင်းရဲ့ ပဓာန ဖြစ်တဲ့ ဖယောင်းရည်ကို ရရှိပြီဖြစ်ပြီး ဖယောင်းရည်ကိုလည်း ရေထပ်ထည့်ကာ လိုသလိုထပ်ပွားနိုင်ပါသေးတယ်။
အချဉ်အရသာကဲကဲလေးကိုမှ ခံတွင်းတွေ့ပြီး ထပ်စားချင်တဲ့သူတွေကတော့ သရက်သီးသုပ်ကို လုပ်ကြပါသေးတယ်။ သရက်သီးသုပ်အတွက်လည်း သရက်သီးကို အခွံနွှာ၊ ခြစ်နဲ့ခြစ်ပြီး ပုစွန်ခြောက်မှုန့်၊ ကြက်သွန်နီပါးပါးလှီးနဲ့ ငါးပိစိမ်းစားတို့ကိုထည့်ကာ ဆီချက်လေးနဲ့ အရသာလိုသလိုထည့်ပြီးသုပ်နိုင်တယ်။ နောက်ထပ် စက္ခုပဿဒ ဖြစ်ဖို့အတွက်တော့ အပေါ်ကနေ ကြက်သွန်နီကြော်လေးနဲ့ နှမ်းအနည်းငယ် ဖြူးလိုက်မယ်ဆိုရင် အရသာရှိတဲ့ သရက်သီးသုပ်လေးကလည်း သင်္ကြန်ထမင်းနဲ့ တွဲစားဖို့အတွက် အသင့်ဖြစ်သွားပါပြီ။
အေးမြမြလေးဖြစ်နေအောင် ရေခဲသေတ္တာထဲမှာ ရေငွေ့ပေးထားတဲ့ ထမင်းကို ထုတ်ပြီး ဖယောင်းရည် မွှေးမွှေးလေးကို ဆမ်းကာ အဓိက ဟင်းလျာဖြစ်တဲ့ ငါးခြောက်ထောင်းကြော်လေးကို ပန်းကန်ထဲခပ်ထည့်လိုက်ပြီး မြိန်မြိန်စားလို့ရပါပြီ။ ထမင်းလေးတစ်လုပ်စားပြီးတိုင်း ငရုတ်သီးတောင့်လေးတစ်ကိုက်ကိုက်လိုက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်တဲ့အခိုက်အတန့်လည်းဖြစ်ပါတယ်။ နောက်ပြီး အချဉ်ဓာတ်ကဲကဲလေးဖြစ်အောင် သရက်သီးသုပ်ကိုလည်း အတူခပ်ထည့်ကာ တစ်လုပ်ပြီးတစ်လုပ်စားလိုက်မယ်ဆိုရင် မွန်ရိုးရာသင်္ကြန်ထမင်းရဲ့ ထူးခြားချက်တစ်ခုကို ခံစားရမှာလည်းဖြစ်ပါတယ်။
ငွေကုန်ကြေးကျလည်း မများဘဲ ရာသီစာတွေ ပေါင်းစပ်ထားတဲ့ သင်္ကြန်ထမင်းဟာ နွေရာသီရဲ့ အငွေ့အသက်ကို အပြည့်အဝရစေနိုင်သလို ဖယောင်းရည်စိုစိုလေးနဲ့ စားရတာဖြစ်လို့ သင်္ကြန်ရေစိုတဲ့ အရသာလေးကိုလည်း ထင်ဟပ်မိနေစေမှာပါ။ ဒါကြောင့် အခုနှစ်နွေရာသီကိုတော့ သင်္ကြန်ထမင်းလေးစားပြီး ကုန်ဆုံးကြပါလို့ အကြံပြုလိုက်ပါရစေ။