“မြန်မာ့ပထမဆုံး သတင်းစာဆရာကြီးဖြစ်သူ ရတနာပုံနေပြည်တော်ရဲ့ သတင်းစာဆရာ ဘိုးဝဇီရ”

မြန်မာတို့ရဲ့ ပထမဆုံးဆိုတဲ့ အရာတွေကို စတင်လုပ်ဆောင်ခဲ့သူတွေအကြောင်း ပြောကြမယ် ဆိုရင် ကုန်းဘောင်ခေတ်ရဲ့ သတင်းစာဆရာကြီး ဘိုးဝဇီရအကြောင်းက ချန်လှပ်ထားလို့ မရပါဘူး။ မထင်မရှားရွာငယ်လေးတစ်ခုကနေ ရတနာပုံရွှေနန်းတော်ကြီးရဲ့ စာရေးတော် အခုအသုံးအနှုန်းအရ အယ်ဒီတာအနေနဲ့ အမှုထမ်းခဲ့ရတာဟာ သာမန်ထူးချွန်ရုံနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဉာဏ်ပညာဗဟုသုတ သာလွန်သလို အတွေးအမြင်လည်းကောင်းမွန်လှတဲ့ သတင်းစာဆရာကြီး ဘိုးဝဇီရဟာ သိုသိုသိပ်သိပ် နေတတ်တာကြောင့် သမိုင်းစာမျက်နှာတချို့မှာ တိမ်မြုပ်နေတာလည်း ဖြစ်ပါတယ်။
ငယ်နာမည်က မောင်လွင်ဖြစ်ပြီး ဇာတိကတော့ အမရပူရမြို့၊ ပုထိုးတော်ကြီး ဘုရားအနီး သရက်သုံးပင် အရပ်ဖြစ်ပါတယ်။ ဖခင်က ပုဂံမင်းလက်ထက် သေနတ်စာရေးကြီး ‘မင်းလှရာဇာ’ ဘွဲ့ခံ ဦးထွန်းဖြစ်ပြီး အမိက ဒေါ်ခိုဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၁၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၄၉ ခုနှစ်)၊ နှောင်းတန်ခူးလဆုတ် ၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဗုဒ္ဓဟူးသားဖြစ်ပါတယ်။ဖခင်က ပညာလိုလားတာကြောင့် ငယ်စဉ်ကတည်းက မှတ်ဉာဏ်ကောင်းစေဖို့ နည်းအမျိုးမျိုးနဲ့ လေ့ကျင့်ပေးခဲ့ပါတယ်။
မိတ်ဆွေသင်္ဂဟတွေနဲ့ ဖခင်ဖြစ်သူတို့ စကားပြောနေရင် မောင်လွင်ကို အနားခေါ်ထားပြီး လိုက်လံမှတ်သားကာ နားထောင်စေပါတယ်။ အဲဒီနောက် ဧည့်သည်ပြန်သွားရင်တော့ ဘယ်သူက ဘာအကြောင်းတွေပြောခဲ့လဲ ဆိုတာမျိုးကို ပြန်လည်ပြောခိုင်းရင်း ဉာဏ်ရည်ကို သွေးပေးပါတယ်။ ဒါ့အပြင် သင်ပုန်းကြီး၊ မင်္ဂလသုတ်နဲ့ လောကနီတိတို့ကိုလည်း အိမ်မှာပဲ သင်ကြားပေးပါတယ်။
၁၃ နှစ်သားအရွယ်ရောက်တဲ့အခါ မန္တလေးခင်မကန်တိုက်မှာ သီတင်းသုံးနေတဲ့ ဘထွေးတော်သူ ဦးဇာဂရထံ ကျောင်းသားအဖြစ် အပ်နှံခဲ့ပါတယ်။ အဲဒီနောက် ၁၆ နှစ်သားအရွယ်မှာတော့ အဲဒီခင်မကန်တိုက်မှာပဲ သာမဏေအဖြစ် သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။ တိုက်အုပ်ဆရာတော် ဦးပဏ္ဍိတ က မောင်လွင်ရဲ့ ဉာဏ်ပညာထက်မြက်ပုံကို သိမြင်တာကြောင့် ဝရဇိန်လက်နက်လိုမျိုး ဉာဏ်ရည်ထက်မြက်တဲ့ ဗုဒ္ဓဟူးသားဆိုတဲ့သဘောနဲ့ ‘ ရှင်ဝဇီရ’ လို့ ဘွဲ့အမည်ပေးခဲ့ပါတယ်။ ရှင်ဝဇီရအနေနဲ့ ခင်မကန်တိုက်မှာ သုံးနှစ်လောက် ပညာဆက်လက်ဆည်းပူးပြီးနောက်တော့ စကုတိုက်ကျောင်း၊ တောင်သမန်တိုက်နဲ့ ဂွေးချိုတိုက်တို့မှာ လောကုတ္တရာပညာအတွက် လှည့်လည်ကာ ဝမ်းစာဖြည့်ခဲ့ပါတယ်။ နောက်တော့ ဒက္ခိဏာရာမဘုရားကြီးတိုက်ကို ပြောင်းရွှေ့ပြီး ဆက်လက်လေ့လာခဲ့ပါသေးတယ်။
အသက် ၂၆ နှစ်ရောက်တဲ့အခါမှာတော့ မန္တလေးတောင်ခြေက သစ်ဆိမ့်တိုက်ဆရာတော်ထံမှာ ပညာဆည်းပူးခဲ့ပြန်ပါတယ်။ ရှင်ဝဇီရဟာ သာမဏေဘဝနဲ့ စာပေကျမ်းဂန်များစွာကို အာဂုံဆောင်နိုင်ပြီး စာပြန်ရာမှာလည်း အသံနေအသံထား ဌာန်ကရိုဏ်းကျကျနဲ့ ရွတ်ဆိုနိုင်တာကြောင့် တချို့ဆိုရင် စာပြန်တာကို လာနားထောင်ကြတဲ့ အထိကို ရှိကြပါတယ်။ ဉာဏ်ကောင်းပြီး ဝီရိယကြီးသူဖြစ်တယ်လို့လည်း ဆရာတော်ကြီးတွေက အမြဲချီးကျူးကြပါတယ်။ ဆယ်နှစ်လောက် ပိဋကတ်စာပေတွေကို လေ့လာခဲ့ရတာကြောင့် ကဗျာလင်္ကာကျမ်းတွေနဲ့ ဆန်းကျမ်းတွေအပြင် လောကီရေးရာ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ဓာတ်ကျမ်းတွေကိုလည်း တတ်မြောက်သူတစ်ယောက်ဖြစ်ပါတယ်။ သာသနာ့ဘောင်မှာပဲ နေထိုင်သွားဖို့ စိတ်ကူးမရှိတာကြောင့် ရဟန်းမခံခဲ့ပဲနဲ့ ၂၆ နှစ်အရွယ်လောက်မှာ လူထွက်ခဲ့ပါတယ်။
လူဝတ်လဲပြီးတဲ့နောက် တခြားသော ဒေသန္တရဗဟုသုတတွေရှာဖွေဖို့အတွက် ဦးရီးတော်ဖြစ်တဲ့ နံ့သာနန်း ခုံမင်း ဦးနှင်းနဲ့အတူ ရှေ့ဖတ်စာရေးအဖြစ်လုပ်ကိုင်ရင်း အောက်မြို့ကျေးရွာတွေကိုထွက်ခဲ့ပါတယ်။အဲဒီကနေ ဓမ္မသတ်နဲ့ရာဇသတ်တွေကိုထပ်မံနာယူသင်ကြားခွင့်ရပြီးလွှတ်တော်တရားသူကြီးအဖြစ် ရောက်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိလာပါတယ်။ ကံကောင်းထောက်မစွာပဲ မောင်လွင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေနိုင်မယ့် အခွင့်အရေးတစ်ရပ်ပေါ်လာပါတယ်။ အဲဒီအကြောင်းက သူ့ရဲ့ငယ်ဆရာရင်း ဖြစ်တဲ့ ဦးပဏ္ဍိတဟာ မြောင်လှမြို့စားဝန်ထောက်တော်ဦးခြိမ့်ကိုးကွယ်တဲ့ဆရာတော်လည်းဖြစ်နေတာကြောင့် ရှင်လူထွက် မောင်လွင်ရဲ့ အရည်အသွေးကို သိမြင်သွားပါတယ်။ အဲဒီအချိန်က အထက်မြန်မာပြည်အနေနဲ့ သတင်းစာလုပ်ငန်းကို စတင်တည်ထောင်နေချိန် ဖြစ်ပါတယ်။ ဗြိတိသျှပိုင် အောက်မြန်မာပြည်မှာ သတင်းစာတွေ တွင်တွင်ကျယ်ကျယ် ခေတ်စားနေတာကြောင့် မန္တလေးကလည်း နောက်ကျနေလို့ မဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ မင်းတုန်းမင်းကြီးက ခရစ်နှစ် ၁၈၇၄ ခုနှစ်၊ မတ်လမှာ ‘ရတနာပုံနေပြည်တော် သတင်းစာ’ ကို စတင်ထုတ်ဝေခဲ့ပါတယ်။
ရတနာပုံနေပြည်တော်သတင်းစာမှာ သံတော်ဆင့်အဖြစ် ‘နေမျိုး သီဝသိဒ္ဓိ’ ဘွဲ့ခံ တရုတ်-မြန်မာ ကပြား ဦးအဟီးကိုခန့်ထားပါတယ်။ ဦးအဟီးဟာ ဘာသာစကားမျိုးစုံ ပြောဆိုတတ်ပေမဲ့ မြန်မာစာအရေးအသား မှာတော့ အနည်းငယ်လိုအပ်ချက်ရှိပါတယ်။ ဒါကြောင့် ဦးခြိမ့်က ရှင်လူထွက် မောင်လွင်ကို ကင်းဝန်မင်းကြီးဆီ ပို့လိုက်ပါတယ်။ ကင်းဝန်မင်းကြီးဆီရောက်တဲ့အခါ မောင်လွင်ဆိုတဲ့ နာမည်ဟာ မင်းတုန်းမင်းကြီးရဲ့ ငယ်နာမည်နဲ့တူနေတာကြောင့် မောင်ထင်လို့ ပြောင်းလဲမှည့်ခေါ်စေပါတယ်။ ဒါပေမဲ့လည်း ‘ဝဇီရ’ လို့ပဲ လူသိများပြီး အခေါ်လည်းများပါတယ်။ သူ့ရဲ့ နာမည်တွေနဲ့ ပတ်သက်ပြီး-‘ရွာတွင် မောင်လွင်၊ မန်း မောင်ထင်၊ ဘွဲ့တွင် ဝဇီရ၊ သုံးမည် ရပ်နှိုက်၊ ခေါ်သမိုက်၊ ကျော်လှိုက် သတင်းပ’ ရယ်လို့ စပ်ဆိုခဲ့ပါတယ်။
ရတနာပုံနေပြည်တော် သတင်းစာရဲ့ စာရေးတော် (အယ်ဒီတာ)အဖြစ် တစ်လကို ဆယ့်ငါးကျပ်နဲ့ ၁၈၇၅ ခုနှစ်ကစပြီးအမှုတော်ထမ်းခဲ့ရပါတယ်။ ဘိုးဝဇီရ စတင်အမှုထမ်းတဲ့ အချိန်ကစပြီး သတင်းစာဟာ စောင်ရေတွေတိုးလာသလို အရေးအသားလည်း ပြောင်မြောက်တာကြောင့် လူကြိုက်များလာပါတယ်။ သူဟာ အဲဒီအချိန်က ခေတ်စားခဲ့တဲ့ ကဗျာလင်္ကာသွားနဲ့ ရှေးဆန်ဆန်ရေးပေမဲ့ နိုင်ငံခြားသတင်း၊ ကြေးနန်းသတင်းတွေစုံလင်စွာ သတင်းစာတစ်စောင်ရဲ့ လက္ခဏာရပ်နဲ့ ပြည့်စုံအောင်ထည့်သွင်း ဖော်ပြပါတယ်။ တစ်သက်တာလုံး လေ့လာထားသမျှတွေကို သတင်းစာထဲမှာ လက်စွမ်းပြထားတာကြောင့် တမူထူးခြားတဲ့ အရေးအသားကို သတိထားမိလာကြကာ လူထုရဲ့ အာရုံစိုက်မှုကို အရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းတုန်းမင်းကြီးကလည်း ‘ငါမကောင်းလျှင် ငါ့ကိုရေး၊ မှူးမတ် မိဖုရားမကောင်းလျှင် မှူးမတ်မိဖုရားကိုရေး’ လို့ဆိုပြီး လွတ်လပ်ခွင့်အပြည့်အဝပေးထားပါတယ်။ သတင်းစာတိုက်က ဘယ်သူမဆို နန်းတော်တွင်းကို အဆီးအတားမရှိ ဝင်ထွက်ခွင့်လည်း ရထားကြပါတယ်။
ဘိုးဝဇီရရဲ့ အရေးအသားကို ကင်းဝန်မင်းကြီးနဲ့ ယောအတွင်းဝန် ဦးဖိုးလှိုင်တို့လို မှူးမတ်တွေက ကြီးကြပ်ကွပ်ကဲပြီး သင်ကြားပြသပေးကြပါတယ်။ ဒါ့အပြင် လွှတ်စာရေးကြီး ဦးသော့က သူ့ရဲ့ အရေးအသားကို သဘောကျတာကြောင့် ‘ ဒါလောက်တော်တဲ့လူကို ဒါလောက်လခပဲ ပေးထားရသလား’ ဆိုကာ တစ်လကို ဆယ့်ငါးကျပ်ကနေ ခြောက်ဆယ် တိုးပေးလိုက်ပါတယ်။ တစ်ခါတော့ နတ်ရွာစံ ကံတော်ကုန်သွားတဲ့ စကြာဒေဝီမိဖုရားကြီးအကြောင်းကို သတင်းစာထဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားတာကို ဆင်ဖြူမရှင်မိဖုရားကြီးက သေတဲ့သူအကြောင်းထက် ရှင်တဲ့သူအကြောင်းလည်း ရေးပါဦးလို့ ဆိုတာကြောင့် ဘိုးဝဇီရက ဆင်ဖြူမရှင် မိဖုရားကြီးအကြောင်းကို ရေးလိုက်ပါတယ်။ ဒီအခါမှာ ခါသာပိတ်အုပ်နဲ့ အဝတ်အထည်တွေကို ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်ခံရပါတယ်။ မင်းတုန်းမင်းကြီး ကိုယ်တိုင်ကလည်း သူရဲ့ အရည်အချင်းတွေကို သဘောကျတာကြောင့် သံတော်ဆင့်ရာထူးအထိ တိုးမြှင့်ပေးဖို့ မိန့်ကြားခဲ့ဖူးပါတယ်။
သတင်းစာဆရာအဖြစ် နှစ်နှစ်ခန့်အမှုထမ်းပြီးနောက် လက်မောင်းမှာ အနာပေါက်တာကြောင့် ခေတ္တခွင့်ယူပြီး ခင်မကန်တိုက်ဆရာတော် ဦးပဏ္ဍိတ ဆီကိုပြန်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မင်းတုန်းမင်းကြီးလည်းနာမကျန်း ဖြစ်ပြီး သားတော် သီပေါမင်းနန်းတက်လာပါတယ်။ ဒီအခါမှာ နန်းတွင်းရေးအရှုပ်အထွေး တွေပေါ်လာရုံသာမက သတင်းစာလွတ်လပ်ခွင့်လည်းအရင်လိုမရတော့တာကြောင့် သတင်းစာဆရာ အဖြစ်ကနေ အပြီးတိုင်နုတ်ထွက်ပြီး တခြားမထင်ရှားတဲ့ ဒေသတွေမှာပဲ ဇာတ်မြှုပ်နေခဲ့ပါတယ်။ လွှတ်တော်တရားသူကြီးဖြစ်ချင်တဲ့ ရည်ရွယ်ချက်လည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ ဒါကြောင့် သတင်းစာဆရာကြီး ဘိုးဝဇီရဟာ သမိုင်းစာမျက်နှာတချို့မှာ တိမ်မြုပ်သွားတာဖြစ်ပါတယ်။
နောက်တော့ ဘိုးဝဇီရဟာ တပည့်လက်သားတွေနဲ့ စာပေဝါသနာပါသူတွေကို ကဗျာလင်္ကာနဲ့ စာပေရေးသားခြင်းအတတ်တို့ကို သင်ကြားပို့ချပေးရင်း မန္တလေးမှာပဲ နေထိုင်ခဲ့ပါတယ်။ သုံးနှစ်ကြာတဲ့အခါ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မ ငါးရွာကိုပြောင်းရွှေ့ပြီး ရဟန်းရှင်လူအများကို စာပေပို့ချတာ၊ မော်ကွန်း၊မေတ္တာစာရေးဖွဲ့တာတွေနဲ့ အချိန်ကုန်ခဲ့ပါတယ်။ များမကြာမီမှာပဲ မကျည်းဖြူရွာကိုရောက်ရှိသွားပြီး ရွာသူရွာသားတွေက ဘိုးဝဇီရကို လေးစားတာကြောင့်ရော ပညာရှိတစ်ယောက်ကို ရွာသားအနေနဲ့မြင်ချင်တာကြောင့်ပါ မကျည်းဖြူရွာရှိ ကျောင်းဒကာတစ်ဦးရဲ့ သမီးဖြစ်သူ ၁၈ နှစ်အရွယ် မသိန်းနဲ့ လက်ဆက်ပေးလိုက်ပါတယ်။အဲဒီအချိန် ဘိုးဝဇီရကတော့ အသက် ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။ မောင်ကျင့်၊ မောင်မြင့်နဲ့ မကြီးဆိုတဲ့ သားသမီးသုံးယောက်ထွန်းကားခဲ့ပါတယ်။
ဒါပေမဲ့ သားအကြီး မောင်ကျင့်ကို မွေးဖွားပြီးတဲ့နောက် မကျည်းဖြူရွာကနေ ဆားတောင်မ ငါးရွာကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီရွာမှာလည်း စာပေနဲ့ပတ်သက်တဲ့ အမှုအခင်းတွေကို ဆက်လက် ဆောင်ရွက်ရင်း အသက်မွေးခဲ့ပါတယ်။ ဗြိတိသျှခေတ်ရောက်တဲ့အခါ ရန်ကုန်နဲ့ မန္တလေးပုံနှိပ်တိုက်တွေက သူ့ကို တောင်းပန်ပင့်ခေါ်ကြပေမဲ့ လူမျိုးခြားလက်အောက်မှာ အမှုမထမ်းလိုဘူး လို့ဆိုကာ ငြင်းပယ်ခဲ့ပါတယ်။ ဘဝကို တည်ငြိမ်အေးချမ်းစွာနဲ့ စာပေကို အဖော်ပြုပြီး စာပေလမ်းကြောင်းပေါ်မှာပဲ အသက် ၈၀ ကျော်အရွယ်ထိ လျှောက်လှမ်းခဲ့တာကြောင့် ရေးသားပြုစုခဲ့တဲ့ မှတ်စု၊ ပေစာ၊ ပုရပိုက်စာပေါင်း ထင်းရှူးသေတ္တာငါးလုံးလောက်ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီစာတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပျက်စီးသွားရပါတယ်။
ဘိုးဝဇီရရဲ့ သားကြီးတွေဟာ ကျောက်ပနန်ရွာမှာ သီတင်းသုံးတဲ့ ရဟန်းတွေဖြစ်တာကြောင့် အသက်အရွယ် ရလာတဲ့ ဖခင်ဖြစ်သူကို ကျောက်ပနန်ရွာကိုခေါ်ပြီး ပြုစုစောင့်ရှောက်ကြပါတယ်။ဒီလိုနဲ့ မြန်မာ့ပထမဆုံးသတင်းစာဆရာကြီး ဘိုးဝဇီရဟာ သူ့အသက် ၈၈နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်(ခရစ်နှစ် ၁၉၃၇ခုနှစ်)၊ တပေါင်းလရောက်ချိန်မှာတော့ ကျောက်ပနန်ရွာမှာပဲ ဘဝတစ်ပါးပြောင်းရွှေ့သွားခဲ့ရပါတယ်။ သတင်းစာဆရာကြီး ဘိုးဝဇီရရဲ့ ဘဝဇာတ်ကြောင်းက အချိုးအကွေ့တွေရှိခဲ့ပေမဲ့လည်း နောက်ဆုံးအချိန်ထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ခဲ့တာကြောင့် အလွန်ပဲလေးစားဖို့ ကောင်းပါတယ်။ ။
========================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann