မြန်မာ့မင်းဆက်ဆက်တွင် မင်းတရားများ၊ ထိုမင်းများ၏ နန်းတွင်းရေးရာ၊ နိုင်ငံရေးရာ အကြောင်းများကို နောင်လာနောင်သားတို့ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် ရာဇဝင်ကျမ်းများစွာကို ရေးသားစေခဲ့ပါတယ်။ ထိုကျမ်းများစွာအနက် ခုထိတိုင် အမည်တွင်ဆဲ၊ ရာဇဝင်ကျမ်း ၂ ခု မှာ ညောင်ရမ်းခေတ် စာဆိုဉီးကုလားရေးသားခဲ့တဲ့ မဟာရာဇဝင်ကျမ်းနှင့် ကုန်းဘောင်ခေတ်တွင် ရေးသားခဲ့တဲ့ မှန်နန်းရာဇဝင်တို့ဟာ ထင်ရှားကျော်ကြားဆဲဖြစ်ပါတယ်။
တတိယမြန်မာနိုင်ငံတော်ကုန်းဘောင်မင်းဆက်၏ သတ္တမမြောက်မင်းတစ်ပါးဖြစ်တဲ့ စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော် လက်ထက်တွင် ရဟန်း၊ အမတ်၊ လူပညာရှိများ နန်းတွင်းသို့ခေါ်လတ်စေပြီး ညှိုနှိုင်းတိုင်ပင်စေကာ နှောင်းလူတို့သိမှတ်စေဖို့ရန်အတွက် ရာဇဝင်ကျမ်းတစ်စောင် ကိုပြုစုရေးသားစေခဲ့ပါတယ်။ ထိုရာဇဝင်ကျမ်းကြီးကို ရဟန်းလူထွက်ပညာရှိအမတ်ကြီး မောင်းထောင်းဆရာတော် (ခေါ်) မဟာဓမ္မသင်္ကြံ က ကြီးကြပ်အုပ်ချုပ်စေပြီး ၁၁၉၁ ခုနှစ်မှ စတင်ကာရေးသားပြုစုစေခဲ့ပါတယ်။ မင်းတရားကြီး၏ မှန်နန်းတော်ဉီးတွင် ရေးသားပြုစုခဲ့၍ မှန်နန်းရာဇဝင်ဟု ခေါ်တွင်စေခဲ့ပါတယ်။
မှန်နန်းရာဇဝင်ကျမ်းကြီးဟာ ပထမရာဇဝင်ကျမ်းနှင့် ဒုတိယရာဇဝင်ကျမ်းဟူ၍ နှစ်မျိုးထွက်ရှိခဲ့ခြင်းဖြစ်ပြီး ဘကြီးတော်ဘုရား လက်ထက်တွင် ပထမတွဲကိုရေးသား ပြုစုခဲ့ပါတယ်။ ဒုတိယတွဲကို ပဉ္စမသင်္ဂါယနာတင်မင်းတစ်ပါးဖြစ်တော်မူသော မင်းတုန်းမင်းလက်ထက် တွင် ဆက်လက်ပြုစုစေရာ မဟာရာဇဝင်တော်ဟု ခေါ်တွင်စေခဲ့ပါတယ်။ မှန်နန်းရာဇဝင်၏ ပထမတွဲဖြစ်သော မှန်နန်းရာဇဝင်ကြီးတွင် ကမ္ဘာဦးဖြစ်တည်မှုအကြောင်းများ၊ မဇ္ဈိမဒေသကြောင်းများနှင့် ထိုဒေသ၌ အုပ်ချုပ်ခဲ့တော်မူသော မင်းများအကြောင်းများ၊ ဂေါတမမြတ်စွာဘုရား ဖွား၊ ပွင့်၊ ဟော၊ စံ တော်မူရာအကြောင်းများ၊ ကောင်းမှုကိုရှေးရှုသော တရားများ၊ လောကတွင်ပြုကျင့်ရမည့် အမူအကျင့်ကောင်းများ၊ မင်းကောင်းမင်းမြတ်တို့၏ အမူအကျင့်များ၊ နန်းတွင်းမူးကြီးမတ်ရာ တို့၏ကျင့်ထုံးများအပြင် ခေတ်အဆက်ဆက် မြန်မာ့မင်းများအကြောင်းကို စေ့စပ်စွာ တိတိကျကျ စုံစုံလင်လင်ဖော်ပြပြုစုထားပြီး ထိုခေတ်က စာပေ၊ ကဗျာ၊ စာ အရေးအသားကြွယ်ဝမှုနှင့် ဗမာ့စာပေ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားနေမှုကို လေ့လာမှတ်သားနိုင်ပါတယ်။ ပုဂံခေတ်၊ ညောင်ရမ်းခေတ်တွင် နန်းတက်အုပ်ချုပ်ခဲ့သောမင်းတရားကြီးများ၊ ထီးနန်းစိုက်မြို့သစ်တည်ထားမှုများ၊ စစ်မက်ဖြစ်ပွားခဲ့မှုများ၊ ကုသိုလ်ကောင်းမှုပြုခဲ့မှုများ၊ မင်းပညာရှင်အမတ်ကြီးများအကြောင်းများကိုလည်း တိတိကျကျဖော်ပြထားခြင်းဖြစ်တာကြောင့် စစ်မှန်ကြီးမြတ်တဲ့ မြန်မာ့သမိုင်းကြောင်းအစဉ်အလာများကိုလည်း မှန်နန်းရာဇဝင်ကျမ်းကြီးထဲမှာ နှောင်းလူတို့ စေ့စေ့စပ်စပ် ထဲထဲဝင်ဝင် လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ရေးသားပြုစုခဲ့သည့် ဒုတိယမှန်နန်းရာဇဝင် (ခေါ်) မဟာရာဇဝင်တော်ကြီးဟာ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ပေါ်ထွက်ခဲ့သော ဒုတိယမြောက် ရာဇဝင်ကျမ်းကြီးဖြစ်ပြီး မူလပထမ မှန်နန်းရာဇဝင်အား မွမ်းမံပြင်ဆင်ဖြည့်စွက်ထားကာ ဗြိတိသျှအင်္ဂလိပ်တို့ မြန်မာနိုင်ငံကိုကျူးကျော်ဝင်ရောက်လာချိန်နှင့် အင်္ဂလိပ် – မြန်မာ ဖြစ်ပွားခဲ့သော စစ်ပွဲ နှစ်ခုအကြောင်းအပါအဝင် ၁၈၂၁ ခုနှစ်မှ ၁၈၅၄ ခုနှစ်ထိ ဖြစ်ပျက်ခဲ့တဲ့ တိုင်းရေးပြည်ရေး၊ နန်းတွင်းရေးတို့ကိုထပ်မံဖြည့်စွက်ထားတာကို တွေ့မြင်ရပါတယ်။ ဤ ဒုတိယမှန်နန်းရာဇဝင်ကျမ်းကြီးကို ဒုတိယ အင်္ဂလိပ် – မြန်မာစစ်အပြီး ၁၅ နှစ်အကြာ ၁၈၆၇ ခုနှစ်တွင်စတင် ပြင်ဆင်ရေးသားခဲ့ပါတယ်။ မင်းတုန်းမင်းကြီးကိုယ်တိုင်ဉီးစီးဦးဆောင်ပြုကာ အဖွဲ့ဝင် ၅ ဦးစီပါဝင်တဲ့ တော်ဝင်သမိုင်းကော်မရှင် ၂ ခုကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ပထမကော်မရှင်အား မူလ မှန်နန်းရာဇဝင်ကို ပြင်ဆင်ဖို့ဖွဲ့စည်းခဲ့ကာ ဒုတိယကော်မရှင်ကိုတော့ ဆိုးရွားလှတဲ့ အင်္ဂလိပ် – မြန်မာ စစ်ပွဲ ၂ ပွဲအကြောင်းကို အပြည့်အစုံ ဖြည့်စွက်ရေးသားစေခဲ့ပါတယ်။ အတွဲ ၁၀ တွဲပါဝင်သော ဒုတိယရာဇဝင်ကျမ်းကြီးကို ၁၈၆၉ ခုနှစ်တွင် အပြီးသတ်ပြီးစီးနိုင်ခဲ့ပါတယ်။
မှန်နန်းရာဇဝင်ကြီးဟာ မြန်မာ့လူမျိုး၊ မြန်မာ့စိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံတော်ကြီးကို ရဲဝံ့စွာလက်ဆင့်ကမ်း တည်ထောင်ခဲ့ရပုံတွေ၊ မြန်မာဘုရင်တို့၏ ဘုန်းကံကြီးမားမှု၊ စစ်ပရိယာယ်ကြွယ်ဝမှု၊ ဘာသာရေးထွန်းကားခဲ့ပုံတွေ၊ နိုင်ငံတော်စည်ပင်သာယာဝပျောမှု၊ ကျင့်သုံးအပ်သည့်အမူအကျင့်ကောင်းများကို နှောင်းလူတို့ စံနမူနာထားသိရှိလိုက်နာဆောင်ရွက်နိုင်ဖို့ရန်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ပြုစုရေးသားခဲ့တဲ့ ကျမ်းကြီးပင်ဖြစ်နေပါတော့သည်။