သူရဲကောင်းလို့ဆိုလိုက်ရင် လူတော်တော်များများက အမျိုးသား သူရဲကောင်းတွေကို ပြေးမြင်မိကြမှာပါ။ အခု ပြောပြပေးမဲ့ သူရဲကောင်းကတော့ မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ အမျိုးသမီး သူရဲကောင်း မယ်ဘယက် အကြောင်း ဖြစ်ပါတယ်။ မယ်ဘယက်ကတော့ ကုန်းဘောင်ခေတ် နှောင်းပိုင်းကာလမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီး စစ်ဗိုလ် တစ်ဦးဖြစ်ပါတယ်။ မယ်ဘယက်က မြင်းစီးကျွမ်းကျင်မှုနဲ့ဓားရေးကျွမ်းကျင်မှုတို့ကြောင့် ရာဇဝင်မှာ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ မယ်ဘယက်က ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်မှာ အမှုတော်ထမ်းခဲ့တဲ့ ဗိုလ်တစ်ဦးဖြစ်ပါတယ်။ နန်းမတော် မယ်နု အထိန်းတော်ရဲ့ ချွေးမဖြစ်သူ မယ်ခလုပ်အား အမရပူရမြို့ မြောက်ဘက်ကျုံးထိပ်မှာ မြင်းစီးချင်းထိုးကာ အနိုင်ယူခဲ့သူဖြစ်တယ်လို့ အမရပူရ ရာဇဝင် တွေကဆိုပါတယ်။ ဘကြီးတော်မင်းလက်ထက်က မယ်ဘယက်ကို တောင်သမန်အင်း အရှေ့မြောက်ထောင့်အရပ်မှာ တည်ရှိတဲ့ နယ်မြေကို အပိုင်စားပေးခဲ့ပြီး အဲဒီနေရာကို မယ်ဘယက်ကုန်းလို့ ခေါ်တွင်ခဲ့ကြပါတယ်။ ဘကြီးတော်စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက နန်းချကာ အကျယ်ချုပ် ချထားတဲ့ နေရာနဲ့ နန်းမတော်မယ်နုကို ရေချကွပ်မျက်တဲ့ နေရာဟာ မယ်ဘယက်ကုန်း အနီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မယ်ဘယက်က ဘကြီးတော်မင်းလက်ထက် အေဒီ ၁၈၂၆ ခုနှစ် က တပ်ဗိုလ်တစ်ဦးဖြစ်ခဲ့ပြီး မင်းတုန်းမင်း လက်ထက် အေဒီ ၁၈၆၆ ထိ အနှစ် လေးဆယ်တိတိအကြာ မယ်ဘယက်ရဲ့ အမည်က စစ်မှတ်တမ်းတွေမှာ ပြန်လည်ပါဝင် နေတာ ကို တွေ့ရှိရပြန်ပါတယ်။အဲဒါကြောင့် ဘကြီးတော်မင်းလက်ထက် မယ်ဘယက်နဲ့ မင်းတုန်းမင်း လက်ထက် မယ်ဘယက်တို့က တစ်ဦးတည်းလားဆိုတာ တော်တော်များများ ဝေခွဲရခက် ခဲ့ကြပါတယ်။ ရတနာပုံခေတ်နှောင်းပိုင်း မင်းတုန်းမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၂၂၈ ခု (အေဒီ ၁၈၆၆ ဩဂုတ်လ)မှာ မင်းတုန်းမင်းတရားကြီးနဲ့ တောင်ရွှေရေးဆောင် မိဖုရားတို့မွေးဖွားတဲ့ သားတော် မြင်ကွန်းမင်းသား နဲ့ မြင်းခုံတိုင်မင်းသား နှစ်ပါး ထကြွပုန်ကန်တဲ့ အရေးအခင်း တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအရေးခင်းမှာ အိမ်ရှေ့စံကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရပါတယ်။ မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားနှစ်ပါးတို့ရဲ့ ပုန်ကန်မှု မအောင်မြင်တဲ့အခါမှာတော့ အောက်ပြည် အောက်ရွာ ကိုဆင်းပြီး နယ်စွန်နယ်ဖျားဒေသတွေကို ထိပါးလာခဲ့ပါတယ်။ ကနောင်မင်းသားရဲ့ သားတော်ကြီး ပန်းတိမ်း ကိုယ်တော်လေးက ရွှေဘိုကိုတက်ကာ လူသူစုရုံးလာပါတယ်။ မင်းတုန်းမင်းကြီးအတွက် သားတော်တွေရဲ့ ပုန်ကန်မှုတွေကြောင့် အခက်ကြုံနေတဲ့အခါမှာ အမရပူရ မြို့ဝန် ကတော်ဟောင်းဖြစ်တဲ့ အသက် ၄၀ ခန့်အရွယ်ရှိတဲ့ မုဆိုးမ မိနက်ကြီး ဆိုသူကပါ လက်နက်လူသူ စုရုံး လာပါတယ်။မိနက်ကြီးမှာ သူရဲ့လင်ယောက်ျား အမရပူရမြို့ဝန်ကို မင်းတုန်းမင်းက မတရားပြုဖူးတယ်ဆိုကာ စိတ်နာနေခဲ့တာ ဖြစ်ပါတယ်။မိနက်ကြီးက မင်းတုန်းမင်းကို စိတ်နာရတဲ့ အကြောင်းရင်းကတော့ အေဒီ ၁၈၅၃ ခုနှစ် ပုဂံမင်းလက်ထက် မင်းတုန်းမင်းနဲ့ ကနောင်မင်းသားတို့ ပုန်ကန်တဲ့အခါမှာ မိနက်ကြီးရဲ့ လင်ယောကျ်ား မြို့ဝန်ကို မင်းတုန်းမင်းနဲ့ကနောင်မင်း ညီနောင်နှစ်ပါးတို့က မတရားပြုဖူးတာကြောင့် စိတ်နာနေခဲ့တာ ဖြစ်ပါတယ်။ မိနက်ကြီးက မြင်းစီးရာမှာ အံ့ဩလောက်အောင် အလွန်ကျွမ်းကျင်သူဖြစ်ပါတယ်။ မိနက်ကြီး တိုက်ပွဲ ဝင်တဲ့ အခါတပ်ကိုဗိုလ်ပြုလို့ ဆံပင်ကို ဖားလျားချကာ မြင်းစီးပြီး ရှေ့ကထွက်လေ့ရှိပါတယ်။ မင်းတုန်းမင်းကြီးရဲ့ ရတနာပုံတပ်သား တပ်ဗိုလ်တွေက တစ်ဖက်ရန်သူဟာ မိန်းမသားဖြစ်နေတဲ့အတွက် သနတယ်ဆိုပြီး မတိုက်ခိုက်လိုတဲ့အတွက် ဖရိုဖရဲနေရာမကျဘဲ တပ်တွေ ပြန်ဆုတ်ရလေ့ရှိပါတယ်။ မိနက်ကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့တပ်တွေက အရေးနိမ့်ကြောင်းကို မင်းတုန်းမင်းကြီးက သိတဲ့အခါ မန္တလေး ဘက်မှာလည်း မိနက်ကြီးလိုမျိုး တိုက်ခိုက်ရည်အစွမ်းကောင်းတဲ့ မယ်ဘယက် ဆိုသူကို ဗိုလ်တင်ပြီး တိုက်ခိုက်စေပါတယ်။ မယ်ဘယက် ဦးဆောင်တဲ့ ရတနာပုံတပ်သားတို့က ရဲရင့် တက်ကြွစွာနဲ့ မိနက်ကြီး ဦးဆောင်တဲ့ တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။နောက်ဆုံး မင်းတုန်းမင်းတရားကြီး အားကိုးရတဲ့ မယ်ဘယက်ရဲ့ ရတနာပုံတပ်က အနိုင်ရရှိပြီး မိနက်ကြီးတပ်တို့ အရေးနိမ့်ကာ တပ်ဆုတ်ခွာသွားရပါတော့တယ်။မယ်ဘယက်က တိုက်ခိုက်ရည် စွမ်းအားကြီးတာကြောင့် နိုင်ငံတော် ပုန်ကန်သူတွေကို နှိမ်နင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ မြန်မာအမျိုးသမီး သူရဲကောင်းမယ်ဘယက်ကို ရည်စူးထားတဲ့ ရုပ်တုတွေလည်း တွေ့ရှိလာ ပါတယ်။ဒါတင်မကဘဲ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ၊ ရတနာပုံတက္ကသိုလ်သွားရာ လမ်းမကြီး အနောက်ဘက်မှာ မယ်ဘယက်ကို ရည်စူးပြီးတည်ထားတဲ့ မယ်ဘယက်စေတီကိုလည်းတည်ရှိနေ ပါတယ်။ လွတ်လပ်ရေး ရပြီးခေတ်နောက်ပိုင်းမှာတော့ မယ်ဘယက် အကြောင်း ရိုက်ကူးထားတဲ့ ဓားရောင်လက်လက် မယ်ဘယက် ရုပ်ရှင်ကို မင်းသမီး ဒေါ်ခင်ယုမေ၊ မင်းသမီး ဒေါ်စံရှားတင် တို့က ပါဝင်သရုပ်ဆောင် ရိုက်ကူး ထားတာလည်းရှိပါတယ်။နောက်ပြီး ဗြိတိသျှနယ်ချဲ့ကို တော်လှန်သူအဖြစ် သရုပ်ဖော်ထားတဲ့ ပြဇာတ် တွေလည်း ရှိခဲ့ပါတယ်။ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့တဲ့ အမျိုးသမီး သူရဲကောင်း တစ်ဦးဖြစ်တဲ့ မယ်ဘယက် အကြောင်းကို လေ့လာဖတ်ရှုပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။
#ZLann #ZLann_Podcast #မယ်ဘယက် #အမျိုးသမီးသူရဲကောင်း
#ကုန်းဘောင်ခေတ်နှောင်း #မြန်မာ့သမိုင်း