“မြန်မာ့ရိုးရာချည်ထည်”

မြန်မာတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထားတွေက ပုဂံခေတ် ဂူနံရံတွေပေါ်က နံရံ ဆေးရေးပန်းချီတွေ၊ကျောက်စာ၊အုတ်ခွက်စာ၊စဉ့်ကွင်း ၊ကျောက်ဆစ်လက်ရာ တွေမှာ ခိုင်ခိုင်မာမာ ရှိပြီဖြစ်သလို မှတ်တမ်းမှတ်ရာမရှိတဲ့ ရှေးယခင်ကတည်းက ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေး သိမ်မွေ့မှု ရှိတယ်လို့ ရာဇဝင် မှတ်တမ်းတွေက ဆိုပါတယ်။မြန်မာရိုးရာ ဝတ်စားဆင်ယင်မှု နဲ့ပတ်သက်ပြီး ရှင်ဘုရင်တွေ အုပ်စိုးစဉ်က ရှင်ဘုရင်၊မိဖုရား၊ မင်းညီ မင်းသား၊ မှူးမတ်၊ စစ်သည်ရဲမက်၊ ကုန်သည် လယ်လုပ် ဆင်းရဲသားဆိုပြီး ခွဲခြားသတ်မှတ် ဝတ်ဆင်ခဲ့ပါတယ်။ အဝတ်တန်ဆာတို့ရဲ့ အမည်တွေကိုလည်း ထိုက်သင့်သလိုအမည်အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။
မြန်မာ အမျိုးသားတို့ ရဲ့အဝတ်အစားတွေက အောက်ပိုင်းအဝတ်၊ အထက်ပိုင်းအဝတ် နဲ့ ဦးခေါင်းပိုင် တန်ဆာ ဆင်ထားမှုတို့ရှိပါတယ်။ ဘုရင် နဲ့ တကွ မင်းညီမင်းသား မှူးကြီးမတ်ရာ သေနာပတိ တို့ရဲ့ ဝတ်စားဆင်ယင်ပုံ၊ စစ်သည်တော်တို့ ဝတ်စားဆင်ယင်ပုံနဲ့ အခြေခံလူတန်းစား တောင်သူ လယ်လုပ် ကုန်သည်တို့ရဲ့ ဝတ်စား ဆင်ယင်ပုံ တွေက ကွဲ ပြားခြားနားကြပါတယ်။မိဖုရားတို့ရဲ့ ဝတ်ဆင်မှု၊နန်းတွင်းသူတို့ရဲ့ ဝတ်ဆင်မှုနဲ့ သာမန် အမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကလည်း ကွဲပြားခြားနားမှုရှိပါတယ်။ အမျိုးသမီးတွေက အပေါ်ပိုင်းဝတ်ရုံ၊အောက်ပိုင်းမှာ ထဘီ တွေဝတ်ဆင်ကြပါတယ်။
ဟန်လင်းမြို့ဟောင်းမှာ ပျူရုပ်တွေပါရှိတဲ့ ကျောက်ဖျာဟောင်း တစ်ချပ် ရရှိခဲ့ဖူးပါတယ်။ အဲဒီ အထဲမှာ ပါဝင်တဲ့ ပုံတွေရဲ့ လည်ပင်းမှာ ပုတီးတွေဆွဲထားသလို ဦးခေါင်းမှာ ပဝါတွေကို အထပ်ထပ် ရစ်ပတ် ထားတဲ့အတွက် ဇော်ဂျီဦးထုပ် သဏ္ဍာန် တူညီနေပါတယ်။အချို့ပျူရုပ်တွေက ပေါင်းထုပ် အစား ပုဂံခေတ်လို နဖူးစည်းတွေ ဝတ်ဆင်ထားကြပါတယ်။
သရေခေတ္တရာ ပျူတို့ရဲ့ ခေတ်မှာတော့ ဟန်လင်းပျူတို့ထက် ပိုမိုပြေပြစ်လာတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ပြည်မြို့အနီး မှော်ဇာ ကျေးရွာကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေမှာ ပါဝင်တဲ့ မြေအုတ်ပြား ငယ်တစ် ခုမှာ ပျူ အမျိုးသမီးတစ်ဦးဝတ်ဆင်ထားတဲ့ ဝတ်စုံက ပါးလွှာတဲ့ အဝတ်အစား ဝတ်ဆင်ထား တာဖြစ်ပြီး ခါးမှာ ခါးကြိုးတန်ဆာ တပ်ဆင်အသုံးပြုနေပြီလို့ သုံးသပ်ရမှာပါ။အဲဒီအချက်အလက်တွေအရ အဝတ်အစား အဆင် တန်ဆာတွေဟာ ပျူခေတ်ကတည်းက ထွန်းကားနေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှမှာ အဝတ်အထည်ထုတ်လုပ်မှုတွေကို သမိုင်းမတင်မီ ခေတ်ကတည်း က တက်မြောက်ခဲ့ပြီဖြစ်တယ်လို့ဆိုရမှာ ဖြစ်သလို ဝါမရှိသေးတဲ့ အစောပိုင်းကာလတွေမှာ လျှော် နဲ့ လဲ တွေကိုချည်ငင်လို့ အဝတ်တွေ ရက်လုပ်ခဲ့ကြတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
ရှေးမြန်မာမင်းများလက်ထက်က မြို့ရောတောပါ ဆင်းရဲ ချမ်းသာမရွေး အိမ်တိုင်းမှာ ရက်ကန်းလုပ်ငန်း ရှိခဲ့ပါတယ်။ အမျိုးသမီးကြီးငယ်တိုင်းဟာလည်း ဝါဖန်ခြင်း၊ ချည်ငင်ခြင်း၊ ချည်ဆိုးခြင်း၊ ရက်ခြင်း စတဲ့ အဝတ် အထည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ မိသားစု တစ်စုလုံး၊ တစ်အိမ်လုံးအတွက် လိုအပ်တဲ့ အင်္ကျီ၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်း၊ တဘက်၊ စောင်၊ အခင်းအကာ တွေကို အမျိုးသမီးတွေက ရက်လုပ်ကြပါတယ်။ ဒါ့အပြင် ရဟန်း၊ သံဃာတော်တွေကို ဆက်ကပ်လှူဒါန်းဖို့သင်္ကန်းကိုလည်း ရက်လုပ် ကြပါတယ်။ ဒါကြောင့် အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းဟာ နေ့စဉ်ဆောင်ရွက်ရတဲ့ မြန်မာတို့တဲ့ အိမ်တွင်းလက်မှုလုပ်ငန်း တစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံအနှံ့အပြားမှာ မျိုးနွယ်အလိုက် ဒေသအလိုက်အဝတ်အထည်တွေကို အရောင်အသွေးအဆင် သတ်မှတ်ရက်လုပ် ဝတ်ဆင်ကြ တဲ့အတွက် ကချင် လုံချည်၊ ကယားလုံချည်၊ ကရင်လုံချည်၊ ချင်းလုံချည်၊ ယောလုံချည်၊ ရခိုင်လုံချည်၊ ရှမ်းလုံချည်၊ မွန်လုံချည် လို့ ထင်ရှားကျော်ကြားပါတယ်။ စောင်၊ တဘက် တွေကလည်း အလားတူပဲဖြစ်ပါတယ်။
ပြည်ပမှ တင်သွင်းလာတဲ့ နိုင်လွန်အထည်တွေက ဆန်းပြား လှပ ညက်ညောတဲ့အတွက် နိုင်ငံခြားဖြစ် အဝတ် အထည်တွေက မြန်မာတို့ရဲ့ အဝတ်အထည်စျေးကွက်ကို လွှမ်းမိုးလို့နေပါတယ်။ဒါပေမဲ့ ဒေသအလိုက် ရိုးရာဒီဇိုင်း ချည်ထည်တွေကို လူမျိုးအလိုက် တလေးတစားဝတ်ဆင်မှုတွေရှိနေဆဲဖြစ်ပါတယ်။ချည်ထည်တွေထဲမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းမှ နန်းမြင့် ဒါမှမဟုတ် နပျင်း ရွာကလေး ကိုအကြောင်းပြုပြီးပေါ်ပေါက်လာတဲ့ နပျင်းထည်တွေက စျေးနှုန်းချိုသာသလို ဝတ်ဆင်ရတာ အေးမြညက်ညော တဲ့အတွက် စျေးကွက်ထဲမှာ နေရာ တစ်ခုရလာခဲ့ပြီဖြစ်ပါတယ်။ပုဂံရှေးဟောင်းဒေသကို အလည်အပတ်လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက ချည်ထည် စစ်စစ်ဖြစ်တဲ့ နပျင်းထည်တွေကို ဝယ်ယူအားပေးမှုများပြားသလို ပြည်တွင်း ဝယ်လိုအားလည်းရှိတဲ့အတွက် စျေးကွက်မှာ အခိုင်အမာ နေရာရလာခဲ့ခြင်း ဖြစ်ပါတယ်။
ချည်ထည်ဖြစ်လာဖို့အတွက် ချည်စက်ရုံများမှ ချည်တွေကို မှာယူပြီး ချည်ပုတ်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်စာ ထည့်ခြင်း၊ ကော်စာလှမ်းခြင်းစတဲ့ လုပ်ငန်းအဆင့်ဆင့် လုပ်ကိုင်ရပါတယ်။အဲဒီနောက် ရက်ကန်းရုံမှာ ချည်ထည်တွေဖြစ်အောင် ဖန်တီးရပါတယ်။ရိုးရာလက်ဖြစ် ချည်ထည်လုပ်ငန်းတွေက ကျေးလက်ဒေသနေ အမျိုးသမီးတွေရဲ့ လက်မှုလုပ်ငန်းဖြစ်သလို ရိုးရာ ချည်ထည်လုပ်ငန်းတွေ အောင်မြင်လာတာနဲ့အမျှ ဒေသခံတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။
လက်ရက်ချည်ထည်တွေက အမြင်အားဖြင့် ကြမ်းပေမဲ့ ချည်စာထည့်ထားတဲ့အတွက် ဝယ်ယူဝတ်ဆင်ပြီး တစ်ရေ၊ နှစ်ရေ လျှော်ပြီး တဲ့အခါ အိပြီး ချောမွေ့သွားကာ အေးမြတဲ့ခံစားမှုကို ရရှိတဲ့အတွက် ဝတ်ဆင်သူတို့ ကြိုက်နှစ် သက်မှုကြပါတယ်။
နောက်ပိုင်းမှာတော့ ချည်တွေကို ပေါင်းပြီးမှ ရက်လုပ်တဲ့အတွက် ရေလျှော်လိုက်မယ်ဆိုရင် ကျုံ့ခြင်းမရှိတော့ဘဲ ချောမွေ့ လာသလို အဆင်ဒီဇိုင်း ဆန်းပြားလာမှုတွေကြောင့် လူတွေကြိုက်နှစ်သက်လာပြီး ဈေးကွက်ကျယ်ပြန့် လာပါတယ်။ ပြည်တွင်းထုတ်ချည်ထည်တွေ ကောင်းမွန်ပါလျက် ကျယ်ပြန့်စွာ အဆင့်မြှင့်တင် မဆောင်ရွက်နိုင်သေးတဲ့အတွက် အဝတ်အထည်တွေကို ပြည်ပမှ နှစ်စဉ် အများအပြား တင်သွင်းနေရပါတယ်။မြန်မာရိုးရာချည်ထည်တွေရဲ့ အပြင်အဆင်ဒီဇိုင်း၊ချောမွေ့မှု၊ဆေးရောင် အစရှိတဲ့ အချက်အလက်တွေကိုသာ အဆင့်မြှင့်တင်ခဲ့မယ်ဆိုရင် မြန်မာချည်ထည်တွေက မြန်မာနိုင်ငံစျေးကွက်ကိုသာမက ပြည်ပစျေးကွက်အထိ ထိုးဖောက်နေရာယူလာနိုင်မှာ ဖြစ်ပါတယ်။

More Interesting Blogs from Zlann