မြန်မာ့ရာဇဝင်သမိုင်းထဲက စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်တို့နဲ့ ပြည့်စုံမှုရှိတဲ့ မင်းကောင်းမင်းမြတ်တွေကို ဖော်ပြကြရမှာ ကုန်းဘောင်မင်းဆက်ရဲ့ တတိယမြောက်မင်းဖြစ်တဲ့ ဆင်ဖြူရှင်မင်းကိုလည်း ချန်ရစ်ထားခဲ့လို့မရပါဘူး။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနဲ့ မိဖုရားခေါင်ကြီး စန္ဒာဒေဝီတို့ရဲ့ ဒုတိယမြောက်သားတော်ဖြစ်တဲ့ ဆင်ဖြူရှင်မင်းကို မြန်မာသက္ကရာဇ် ၁၀၉၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ငယ်နာမည်ကတော့ မောင်ရွဖြစ်ပါတယ်။ “မြေဒူးမင်း” လို့လည်း အမည်သတ်မှတ်ခေါ်တွင်ကြပေမဲ့ ဆင်ဖြူတော်ကိုရရှိပြီးနောက်မှာတော့ ဆင်ဖြူရှင်ဘွဲ့ ခံယူခဲ့ပြီး ရာဇဝင်သမိုင်းမှာလည်း “ဆင်ဖြူရှင်မင်း” ဆိုတဲ့ ဘွဲ့နာမည်နဲ့သာ ထင်ရှားကျော်ကြားခဲ့ပါတယ်။
ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက်မှာတော့ သားတော်ကြီး ဖြစ်တဲ့ နောင်တော်ကြီးမင်းက ခမည်းတော်ရဲ့ ထီးနန်းအရိုက်အရာကိုဆက်ခံခဲ့ပြီး အဲဒီနောက်မှာတော့ နိုင်ငံနဲ့အဝှမ်းမှာဖြစ်ပေါ်နေတဲ့ ပုန်ကန်မှုတွေကို ခဲယဉ်းပင်ပန်းစွာ ဖြေရှင်းခဲ့ပါတယ်။ ဒီလိုဖြေရှင်းလို့အပြီး တစ်နှစ်မပြည့်မီ အချိန်မှာပဲ နောင်တော်ကြီးမင်းဟာ ရုတ်တရက်ဆိုသလို နတ်ရွာစံသွားခဲ့ပြီး အဲဒီအခါမှာတော့ ညီတော်ဖြစ်သူ မြေဒူးမင်းသား (ဆင်ဖြူရှင်မင်း) က ထီးနန်ဆက်ခံကာ နန်းတက်ခဲ့ပါတယ်။ ပုံမှန်ထုံးတမ်းအစဉ်အလာအရဆိုရင် ခမည်းတော် ကွယ်လွန်ပြီးနောက်မှာ သားဖြစ်သူက ထီးနန်းဆက်ခံရမှာ ဆိုပေမဲ့ အလောင်းမင်းတရားကြီးက “ငါ့သားတော်များသည် ကြီးစဉ်ငယ်လိုက် (အစဉ်အလိုက်) ထီးနန်းကို သိမ်းပိုက်စိုးစံကြရမည်” လို့ မှာကြားခဲ့တာကြောင့် အစ်ကိုဖြစ်သူ နတ်ရွာစံပြီးချိန်မှာ ဒုတိယမြောက်ညီဖြစ်တဲ့ ဆင်ဖြူရှင်မင်းက ထီးနန်းကို စိုးစံခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆင်ဖြူရှင်မင်း ထီးနန်းဆက်ခံပြီးချိန်မှာတော့ အိမ်ရှေ့အရာကို ခမည်းတော် မှာကြားခဲ့သလိုမျိုး ညီတော်ဖြစ်သူ “အမြင့်မင်းသား” ကိုမပေးဘဲ သားတော် “စဉ့်ကူးမင်း” ကိုသာ ပေးအပ်ကြောင်းကြေညာခဲ့ပါတယ်။
ဆင်ဖြူရှင်မင်း (ခေါ်) မြေဒူးမင်းရဲ့ ဘွဲ့နာမည်အပြည့်အစုံကတော့ ‘သီရိပဝရသုဓမ္မမဟာရာဇာဇိန္ဒာဓိပတိ’ ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းဟာ ခရစ်နှစ် ၁၇၆၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့မှာ ရွှေဘိုထီးနန်းကို သိမ်းပိုက်စိုးစံခဲ့ပေမဲ့ အဲဒီနောက် (၆) လကြာပြီးတဲ့ အချိန် ၁၇၇၆ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ရောက်တော့မှသာ တရားဝင်ဘိသိတ်ခံတော်မူခဲ့ပါတယ်။ အကြောင်းကတော့ အစ်ကိုဖြစ်သူ နောင်တော်မင်းကြီးက ရုတ်တရက်ဆိုသလို နတ်ရွာစံသွားခဲ့တာကြောင့် အနယ်နယ်အရပ်ရပ်က မြို့စားရွာစားတွေ ပုန်ကန်မှုမရှိအောင် ဆောင်ရွက်နေခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ (၆) လဆိုတဲ့အချိန်အတွင်းမှာ မိမိရဲ့ ဩဇာအာဏာ အရှိန်အဝါကို ရွှေမြို့တော်တစ်ခွင် လွှမ်းမိုးနိုင်အောင်ကြိုးစားဆောင်ရွက်ခဲ့ရပြီး နန်းတော်အတွင်းအပြင်မှာလည်း မိမိအနေနဲ့ ယုံကြည်ရသူတွေကိုသာ ခန့်အပ်ထားရှိစေခဲ့ပါတယ်။ မိမိထံ သစ္စာမခံလိုသူမှန်သမျှကိုလည်း ပြည်နှင်ဒဏ်ပေးခြင်း၊ ရာထူးချခြင်းနဲ့ သေဒဏ်ပေးခြင်းတို့လိုမျိုး အပြစ်ခံစားစေတဲ့အပြင် တိုင်းပြည်တစ်ပြည်မှာ စစ်သည်အင်အားက အရေးပါမှုရှိကြောင်းကို နားလည်သဘောပေါက်တာကြောင့် လက်အောက်ခံစစ်သူကြီးတွေကိုမြှောက်စားပြီး မိမိရဲ့လူဖြစ်အောင်သိမ်းသွင်းခဲ့ပြန်ပါတယ်။
ဒီလိုအခြေအနေမျိုးတွေကို ၆ လမျှ ဆောင်ရွက်ပြီးတော့မှသာလျှင် ဆင်ဖြူရှင်မင်းဟာ ဘုရင်အဖြစ် ဘိသိတ်ခံယူတော်မူခဲ့ပြီး ပထမပိုင်းမှာတော့ ရွှေဘိုမှာပဲ စံမြန်းနေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂ နှစ်ကြာပြီးချိန်မှာတော့ အင်း၀ကို နန်းမြို့အသစ်အဖြစ် တည်ထောင်ပြီး ပြောင်းရွှေ့စံစားခဲ့ပါတယ်။ အင်း၀ကို ရွှေနန်းမြို့အဖြစ် ရွေးချယ်နေထိုင်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ အောင်မြေအဖြစ်ယုံကြည်တာ၊ အင်း၀မြို့ရဲ့တည်နေရာဟာ ရွှေဘိုမြို့လိုမျိုး ကုန်းခေါင်ခေါင်မှာ တည်ရှိနေတာမဟုတ်ဘဲ လယ်တွင်းကိုးခရိုင်ဖြစ်တဲ့ ကျောက်ဆည်နယ်နဲ့ အဆက်အသွယ်လွယ်ကူနီးစပ်တာ၊ ဧရာ၀တီမြစ်နဲ့ မြစ်ငယ်မြစ်တို့ဆုံရာမှာ တည်ရှိနေတာတွေကြောင့် ဖြစ်ဟန်ရှိပါတယ်။
ဆင်ဖြူရှင်မင်းအနေနဲ့ ညီတော်ကို အိမ်ရှေ့အရာမထားဘဲ သားဖြစ်သူကိုသာ ထားရှိခဲ့ခြင်းက ဖခင် မင်းတရားကြီးရဲ့ စကားကို ပယ်ရှားခြင်းဖြစ်တယ်လို့ ထင်မြင်ယူဆနိုင်ပေမဲ့ ရှေးခေတ်တုန်းက များစွာသောဘုရင်မင်းမြတ်တွေဟာလည်း သူတို့တွေ နတ်ရွာ စံတဲ့အခါမှာ သားတော်တစ်ဦးဦးကိုသာ အိမ်ရှေ့စံမင်းအဖြစ်သတ်မှတ်ပြီး ထီးနန်းကိုဆက်ခံစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆင်ဖြူရှင်မင်းအနေနဲ့ကလည်း ရှေးဘုရင်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း သားတော်ကို ထီးနန်းဆက်ခံစေတာဖြစ်နိုင်တယ်လို့ သမိုင်းပညာရှင်တချို့က သုံးသပ်ထားကြပါတယ်။ အိမ်ထောင်ဘက်အနေနဲ့ကတော့ “သီရိအတုလမဟာရတနာ ပဒုမ္မာဒေဝီ” လို့ ဘွဲ့အမည်တွင်တဲ့ မိဖုရားခေါင်အပါအဝင် မိဖုရား (၁၅) ပါးရှိပြီး သားတော်သမီးတော်တွေကတော့ စုစုပေါင်း အပါး ၄၀ ရှိခဲ့တယ်လို့ သိရပါတယ်။
ဆင်ဖြူရှင်မင်းဟာ ခမည်းတော် အလောင်းမင်းတရားကြီး လက်ထက်ကာလ မင်းညီမင်းသားဘဝကတည်းက စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်လာခဲ့သူဖြစ်တဲ့အလျောက် စစ်ရေးစစ်ရာပိုင်းမှာလည်း စိတ်ဝင်စားဟန်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဆင်ဖြူရှင်မင်း လက်ထက်အပိုင်းအခြားမှာ မြန်မာသမိုင်းရဲ့ ထူးခြားတဲ့စစ်ပွဲတွေများစွာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းဟာ နန်းတက်ပြီးမကြာခင်အချိန်အတွင်းမှာပဲ ဇင်းမယ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မဏိပူရကသည်းပြည်ကို ကိုယ်တော်တိုင် ချီတက်ရာမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ မဏိပူရကသည်းမှ သုံ့ပန်းတွေကိုလည်း အင်း၀ရွှေမြို့တော်ဆီကို သိမ်းဆည်း ခေါ်ဆောင်လာခဲ့ပြီး ဒီလိုမျိုးသုံ့ပန်းတွေကိုခေါ်ဆောင်ခဲ့ခြင်းက မြို့တော်သစ်ဖြစ်တဲ့ အင်း၀မြို့မှာ လူနေအိမ်ခြေတွေတိုးပွား ဖို့အတွက် စိတ်ဆန္ဒရှိနေတာကြောင့်ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
ဆင်ဖြူရှင်မင်းဟာ အယုဒ္ဓယကိုလည်း အနိုင်တိုက်ခိုက်အောင်မြင်ခဲ့တဲ့မင်းတစ်ပါးဖြစ်ပြီး ကျူးကျော်စစ်ဆင်နွှဲလာတဲ့ တရုတ်တပ် တွေ ကိုလည်း ပြန်လည်ရင်ဆိုင်တိုက်ထုတ်နိုင်ခဲ့သူဖြစ်ပါတယ်။ တရုတ်မန်ချုးတပ်တွေဟာ ခရစ်နှစ် ၁၇၆၅ ခုနှစ်မှာ ပထမအကြိမ်၊ ၁၇၆၆ ခုနှစ်မှာ ဒုတိယအကြိမ်၊ ၁၇၆၇ ခုနှစ်မှာ တတိယအကြိမ်နဲ့ ၁၇၆၉ ခုနှစ်မှာ စတုတ္ထအကြိမ် မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြပေမဲ့လည်း ဆင်ဖြူရှင်မင်းရဲ့ အစီအမံအတိုက်အခိုက်ကောင်းမွန်မှုတို့ကြောင့် ဆုတ်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ စစ်ပြေငြိမ်းဖို့အတွက် မန်ချူးတို့ဘက်က ကမ်းလှမ်းလာမှုကို ဗိုလ်ချုပ်မဟာသီဟသူရက ရှင်ဘုရင်မင်းမြတ် နဲ့တိုင်ပင်ခြင်းမရှိဘဲ ရှေ့ရေးကိုမျှော်တွေးပြီး လက်ခံခဲ့ပါတယ်။ ဒီအကြောင်းက ဆင်ဖြူရှင်မင်းတရားရဲ့ ရွှေနားတော်ဆီ ပေါက်ကြားသွားတဲ့အခါမှာတော့ မင်းတရားကြီး အမျက်တော်ရှပြီး ရရှိထားတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဗိုလ်မှူး၊ တပ်မှူးတို့ရဲ့ ဇနီးမယားတို့ကို ထမ်းရွက်စေကာ သုံးရက်တိုင်တိုင်နေလှန်းထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးနှစ်စဉ်ဆိုသလို စစ်သည်အင်အားအမြောက်အများသုံးထားတဲ့ မန်ချူးတို့ရဲ့ ကျူးကျော်မှုတွေကို မြန်မာတို့အနေနဲ့ အောင်အောင်မြင်မြင် တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ခြင်းဟာဆိုရင် ဆင်ဖြူရှင်မင်းလက်ထက်ကာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ထူးခြားမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဆင်ဖြူရှင်မင်းဟာ လက်ရုံးရည်ပြည့်၀ပြီး စစ်ရေးစစ်ရာပိုင်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်ရုံသာမက စာပေရေးရာနဲ့ သာသနာရေး မှာလည်း အလိုက်သင့်ချီးမြှင့်မြှောက်စားခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ မြန်မာ့စာပေလောကရဲ့ ထင်ရှားကျော်ကြားတဲ့ မဲဇာတောင်ခြေနဲ့ ဝေရွှန်းစန္ဒာရတုတွေဆိုတာက ဆင်ဖြူရှင်မင်းလက်ထက်အချိန်အခါမှာ ထွက်ပေါ်လာခဲ့တဲ့ရတုတွေဖြစ်ပြီး အဲဒီလိုမျိုးရတုကောင်းတွေ ထွက်ပေါ်လာခြင်းကိုကြည့်ခြင်းအားဖြင့် ဆင်ဖြူရှင်မင်းဟာ စာပေရေးရာကို အားပေးချီးမြှင့်ခဲ့တဲ့ မင်းတစ်ပါးဖြစ်တယ်ဆိုတာ လေ့လာခန့်မှန်းနိုင်ပါတယ်။ ပုဂံမြို့ရှိ ရွှေစည်းခုံဘုရားကို ထီးတော်တင်ပြီး ရွှေပိန်းချတော်မူခဲ့သလို မွန်တို့ရဲ့ ပုန်ကုန်မှုကိုနှိမ်နှင်းရင်း ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဉာဏ်တော်ကိုလည်း ၃၂၇ ပေအထိ တိုးမြှင့်တည်ထားစေကာ အလေးချိန် ၁၂ စတုံ၊ ၃ ပေါင်ရှိတဲ့ ရွှေတွေချပြီး ထီးတော်တင်ခဲ့ပါတယ်။ ဒါတင်မက အပြန်ခရီးမှာလည်း ပြည်ရွှေဆံတော်စေတီကို ဝင်ရောက်ဖူးမြော်ပြီး ဖိုးဦးတောင်စေတီကို ထပ်မံတည်ထားခဲ့ပါသေးတယ်။
မြန်မာ့ရာဇဝင်ထဲက လက်ရုံးရည်အပြည့်၀ဆုံးသောဘုရင်တစ်ပါးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဆင်ဖြူရှင်မင်းကြီးဟာ ခရစ်နှစ် ၁၇၇၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ သက်တော် ၃၉ နှစ်အရွယ်မှာ နတ်ရွာစံခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ သားတော်ဖြစ်သူ အိမ်ရှေ့စံ စဉ့်ကူးမင်းသားက ထီးနန်းဆက်ခံခဲ့ပါတယ်။ ဆင်ဖြူရှင်မင်းဟာဆိုရင် ရတနာသုံးပါးအပေါ်မှာ သက်ဝင်ယုံကြည်မှုရှိသလို ပညာရှိတို့ရဲ့ စကားကိုလည်း မှတ်သားနာယူမှုရှိသူပါ။ ဒါ့အပြင် မင်းအမှုထမ်းကောင်းတို့ကို အလျဉ်းသင့်သလို ရွေးချယ်ခန့်အပ်ပြီး အထိုက်လျောက်ချီးမြှင့်ပြုစုတတ်တဲ့ မင်းတစ်ပါးလည်းဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းရဲ့ အသွင်ပုံစံဟာဆိုရင် ရဲရင့်တည်ကြည်မှုရှိပြီး ယောကျာ်းမြတ်တို့မှာ ရှိသင့်ရှိထိုက်တဲ့ ကြန်အင်လက္ခဏာတို့နဲ့လည်း ပြည့်စုံမှုရှိတာကြောင့် အလောင်းမင်းတရားကြီးရဲ့ သားတော်ပီသတယ်လို့ နှောင်းခေတ်လူတို့က ပြောစမှတ်ပြုကြသလို ပညာရှိမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။