တကယ်လို့ သင်က ဒီနေ့အချိန်မှာ စာအုပ်မြင်တာနဲ့ မဖတ်ရရင်မနေနိုင်အောင် ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ငယ်ဘ၀မှာ ကာတွန်းစာအုပ်တွေ၊ ၀တ္ထုဇာတ်လမ်းတွေဆိုတာက အခိုင်အမာနေရာယူခဲ့တဲ့အရာတွေဖြစ်မှာပါ။ အဲဒီလိုစွဲလမ်း နှစ်ခြိုက်မှုဖြစ်စေခဲ့တဲ့ ကာတွန်းဇာတ်လမ်းတွေထဲမှာဆိုရင်လည်း မြိုင်ရာဇာတွတ်ပီရဲ့ ကာတွန်းဇာတ်လမ်းရုပ်ပြတွေက မဖြစ်မနေဆိုသလိုပါဝင်ခဲ့မယ်လို့ထင်ပါတယ်။ မြန်မာကာတွန်းရုပ်ပြလောကရဲ့ ဖတ်ရှုသူပရိသတ်တွေကြားမှာ နှစ်ပေါင်း ရှည်ကြာ လွှမ်းမိုးအောင်မြင်ခဲ့တဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းရုပ်ပြစီးရီးကို ဖန်တီးခဲ့သူကတော့ ဆရာဆွေမင်း (ဓနုဖြူ) ဖြစ်ပြီး ဆရာ့ရဲ့ ဖန်တီးမှုလက်ရာတွေဟာဆိုရင် ဒီကနေ့ကာလအထိတိုင် ပရိသတ်တွေရဲ့ နှလုံးအိမ်ထဲမှာ စွဲထင်ကျန်ရစ်နေ ဆဲဖြစ်ပါတယ်။
ကြုံတိုင်းရွာ၊ မြိုင်သာရွာ၊ ကုန်းဘောင်ရွာ၊ ရိုးမတောအစရှိတဲ့နေရာတွေကို အခြေပြုလို့ တောလိုက်မုဆိုးကြီး ဦးတွတ်ပီနဲ့ တပည့်ကျော် ဗိုက်ကလေး၊ ဦးတွတ်ပီရဲ့ ဇနီး မသေးမျှင်၊ သူကြီးဘစီ၊ ကာလသားခေါင်း အာနိုးလှမိုး၊ လူပျိုကြီး စောတင်မောင်၊ ကျောင်းဆရာလေး ကိုကြည်နိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်တရုတ်ကလေး အတီး တို့လိုမျိုး အစရှိတဲ့ ဇာတ်ကောင်စရိုက်များစွာနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ “မြိုင်ရာဇာတွတ်ပီ” ရုပ်ပြစီးရီးဟာဆိုရင် ကာတွန်းတစ်ခုဖြစ်တယ်ဆိုပေမဲ့ ဟာသရသ မြောက်လှသလို ဦးနှောက်အတွက်လည်း တွေးတောစရာတွေကိုပေးစွမ်းနိုင်တဲ့ ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကို ဖတ်ရှုသူပရိသတ်တွေအနေနဲ့ မိမိတို့ရဲ့ မိတ်ဆွေအရင်းအချာလို၊ မိသားစုဝင်လိုမျိုး ရင်းနှီးကျွမ်းဝင်မှုရှိလာအောင် ဖန်တီးရေးဖွဲ့နိုင်ခဲ့တဲ့ ဆရာဆွေမင်းရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်မှုကလည်း မချီးကျူးဘဲမနေနိုင်အောင်ကို အံဝင်ခွင်ကျနဲ့ ကောင်းမွန်သပ်ရပ်မှုရှိတာကိုတွေ့ရမှာပါ။
ငယ်စဉ်အရွယ်ကတည်း စာရေးစာဖတ်ခြင်းနဲ့ ကာတွန်းရုပ်တွေရေးခြစ်ခြင်းကို ဝါသနာပါတဲ့ ဆရာဆွေမင်းဟာ မူလတန်းကို ရွှေကူမူလတန်းကျောင်းနဲ့ ရေတွင်းကုန်းမူလတန်းကျောင်းမှာတက်ရောက်ခဲ့ပြီး အလယ်တန်းကိုတော့ ရွှေကူအလယ်တန်း ကျောင်းမှာ ပြောင်းရွှေ့သင်ယူခဲ့ပါတယ်။ အထက်တန်းကျောင်းသားအရွယ်ကိုရောက်ချိန်မှာတော့ ဓနုဖြူမြို့က အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး န၀မတန်းတက်ရောက်နေတဲ့အချိန်မှာဆိုရင် သောကြာစာစောင်နဲ့ အခြားမဂ္ဂဇင်းတွေမှာ ကလောင်နာမည် မောင်မောင်ဆွေမင်း (ဓနုဖြူ) ဆိုတဲ့နာမည်နဲ့ စတင်ရေးသားနေခဲ့ပြီဖြစ်ပါတယ်။
ပုံတွေဆွဲရတာကိုဝါသနာပါသူ၊ ပါရမီထုံသူဖြစ်တဲ့ ဆရာဆွေမင်းဟာ ပန်းချီပညာကိုတော့ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၀ ပြည့်နှစ် အထိ ရန်ကုန်မြို့ရှိ ပန်းချီပန်းပုကျောင်းမှာ စနစ်တကျသင်ကြားခဲ့ပါတယ်။ ပန်းချီပန်းပုကျောင်းဆင်းပြီးတဲ့နောက်မှာတော့ စာပေလောကကို အတည်တကျဝင်ရောက်ခဲ့ပြီး နောင်တစ်ချိန် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ စွဲမြဲကျန်ရှိနေမဲ့ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ကို ၁၉၈၆ ခုနှစ်မှာ ရွှေသွေးဂျာနယ်ကနေတစ်ဆင့် စတင် ရေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်ကိုရောက်ချိန်မှာတော့ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်နဲ့ လုံးချင်းကာတွန်းရုပ်ပြစာအုပ်တွေကို ရေးဆွဲထုတ်ဝေခဲ့ပြီး အဲဒီ ကာတွန်းဇာတ်လမ်းဟာဆိုရင်တော့ မြန်မာ့ကာတွန်းရုပ်ပြလောကမှာ အအောင်မြင်ဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး ရုပ်ပြစီးရီးတွေ ထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ “မြိုင်ရာဇာတွတ်ပီ” ဆိုပြီး မြန်မာပြည်တစ်ဝန်းမှာ ထင်ရှားခဲ့တဲ့ လုံးချင်းစာအုပ်ကတော့ “မြို့ပြခရီး” ဖြစ်ပါတယ်။
မြန်မာ့ရုပ်ပြကာတွန်းလောကမှာ အောင်မြင်လူကြိုက်များခဲ့တဲ့ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေများစွာရှိကြပေမဲ့လည်း ဆရာဆွေမင်းရဲ့ မြိုင်ရာဇာတွတ်ပီဇာတ်လမ်းကို လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်ကြရတဲ့ အကြောင်းအရင်းကတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ စာအရေးအသားပြေပြစ်ချောမွေ့မှုနဲ့ သေသပ်ပိရိစွာရေးဆွဲမှုတို့ကြောင့်ဖြစ်တယ်လို့ သုံးသပ် ထားကြပါတယ်။ ဆရာဆွေမင်း (ဓနုဖြူ) ဟာ မြိုင်ရာဇာတွတ်ပီကို လုံးချင်းရုပ်ပြအဖြစ် စတင်ရေးဆွဲစဉ်ကတည်းက ဇာတ်ကောင်တွေ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိဘဲ အတည်တကျပုံသေထားဖို့အတွက် ရည်ရွယ်ခဲ့ဟန်ရှိပြီး ဇာတ်ကောင်ကို အဲဒီလိုမျိုးထားရှိခြင်းဟာဆိုရင် ပရိသတ်တွေအနေနဲ့ ဇာတ်ကောင်အပေါ်မှာ ပိုမိုသံယောဇဉ်တွယ်ကာ ပြင်ပကမ္ဘာမှာ အမှန်တကယ်ရှိနေတဲ့လူတွေလိုမျိုး သတ်မှတ်ခံစားနိုင်တာကြောင့်ဖြစ်တယ်လို့ ဆိုထားကြပါတယ်။
မြိုင်ရာဇာတွတ်ပီနဲ့ နာမည်ကြီးထင်ရှားလာခဲ့တဲ့ ဆရာဆွေမင်းဟာ ၁၉၉၇ ခုနှစ်ကစတင်လို့ တတိုင်းမွှေးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေခဲ့ပြီး သောကြာစာစောင်မှာလည်း အမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့စဉ်အချိန်မှာ “ဘ၀တစ်ခုအမှတ်တရ” လို့အမည်ရှိတဲ့ ဆောင်းပါးစာစုတွေကို လစဉ်ရေးသားခဲ့ပြီး တခြားမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေအတွက်လည်း ဆောင်းပါးတွေကို ရေးသားတင်ဆက်ခဲ့ပါသေးတယ်။ ၂၀၀၃ ခုနှစ်မှာတော့ လစဉ် သူရေးသားခဲ့တဲ့ “ဘ၀တစ်ခုအမှတ်တရ” ဆောင်းပါးစာစုတွေကို စာအုပ်အဖြစ်ထုတ်ဝေခဲ့ပါတယ်။
“မြိုင်ရာဇာတွတ်ပီ” ဇာတ်လမ်းဟာ ဆရာဆွေမင်းရဲ့ အတွေးစိတ်ကူးနဲ့ ဖန်တီးထားတဲ့လက်ရာတစ်ခုဖြစ်တယ်ဆိုပေမဲ့လည်း ဇာတ်ကောင်တွေကို ပုံဖော်တဲ့အခါမှာတော့ အပြင်လက်တွေ့လောကမှာ အမှန်တကယ်ရှိတဲ့လူတွေရဲ့ အသွင်သဏ္ဍာန်တွေနဲ့ စရိုက်သဘာ၀တွေကို အမှီပြုရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆရာ့ရဲ့ ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်းရဲ့ ပြောပြချက်တွေအရဆိုရင် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီနဲ့ သူ့ ဇနီး မသေးမျှင်တို့ကတော့ ဆရာဆွေမင်းရဲ့ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ဇာတ်ကောင်တွေဖြစ်ပြီး ဗိုက်ကလေးကိုတော့ ပန်းချီ ခိုင်မြင့်မောင်နဲ့ လူပျိုကြီး စောတင်မောင်ကိုတော့ ပန်းချီစောတင်မောင်တို့ကို အမှီပြုပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလူတွေဟာလည်း ဆရာဆွေမင်းနဲ့ အနီးကပ် အကျွမ်းတဝင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းဆရာလေးကိုကြည်နိုင်ဆိုတာကလည်း အပြင်လောကမှာ အမှန်တကယ်ကျောင်းဆရာတစ်ယောက်ဖြစ်သလို သူကြီးဘစီဆိုတာကတော့ ဆရာဆွေမင်းရဲ့ ဘိုးအေအရင်းကို ဇာတ်ကောင်တည်ထားတာဖြစ်ပါတယ်။
ဆရာဆွေမင်းဟာ သူ့ရဲ့ မြိုင်ရာဇာတွတ်ပီဇာတ်လမ်းထဲက ဇာတ်ကောင်အချို့ကိုသာမက ကြုံတိုင်းရွာ၊ မြိုင်သာရွာနဲ့ ကုန်းဘောင်ရွာ တို့ကိုလည်း အပြင်မှာတကယ်ရှိတဲ့နာမည်တွေကို အမှီပြုပုံဖော်ခဲ့တာပါ။ ကြုံတိုင်းရွာဆိုတာကတော့ ဓနုဖြူကို သွားတဲ့လမ်းမှာ အမှန်တကယ်ရှိတဲ့ “ကြုံပိုင်းရွာ” ဆိုတာကို နာမည်အနည်းငယ်ပြောင်းကာ အသုံးပြုထားတာဖြစ်ပြီး မြိုင်သာရွာဆိုတာကလည်း အပြင်မှာတကယ်ရှိပါတယ်။ ကုန်းဘောင်ရွာဆိုတာကတော့ ရန်ကုန်မှာနေတဲ့အချိန်တုန်းက လမ်းနာမည်ကိုထည့်သွင်းပုံဖော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာဆွေမင်းဟာ သူ မကွယ်လွန်ခင်အချိန်မှာ သူ့ရဲ့ ဘ၀မှတ်တိုင်ဖြစ်တဲ့ အဆိုပါ “မြိုင်ရာဇာတွတ်ပီ” ကာတွန်းဇာတ်လမ်းကို ကာတွန်းဗီစီဒီအဖြစ် ဖန်တီးထုတ်လုပ်ခဲ့ပါသေးတယ်။ သူ ကွယ်လွန်ပြီးချိန်မှာလည်း ရုပ်ရှင်ဖန်တီးသူတို့က ဇာတ်ကား တွေအဖြစ် ဝယ်ယူအသက်သွင်းခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ မူလ ကာတွန်းအရသာပျက်ယွင်းမှာစိုးရိမ်တဲ့အတွက် ရုပ်ရှင်ကားအနေနဲ့ ဖန်တီးခွင့်မပြုတော့ဘူးလို့ ဆရာ့ရဲ့ ကျန်ရစ်သူ ဇနီး က ဆိုထားပါတယ်။ ဆရာ ဆွေမင်း (ဓနုဖြူ) ဟာ အသက် (၄၈) နှစ်အရွယ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်းနဲ့ သမီး ၂ ဦး၊ သား ၁ ဦး ကျန်ရစ်ခဲ့ပါတယ်။