အောက်မြန်မာပြည် မွန် ဒေသအားလုံးကို စိုးပိုင်ခဲ့ပြီး မာဂဒူးမင်းဆက် (သို့မဟုတ်) ဝါရီရူးမင်းဆက် ကို စတင်တည်ထောင်ခဲ့သူက “ဝါရီရူးမင်း”ဖြစ်ပါတယ်။ “ဝါရီရူးမင်း” ဟာ မင်းမျိုးမင်းနွယ် မှ ဆင်းသက်လာ ခြင်းမဟုတ်ဘဲ ဆင်းရဲသား ဘဝမှ ကံ၊ ဉာဏ်၊ ဝီရိယ သုံးရပ်ကြောင့် အထွတ်အထိပ် ရှင်ဘုရင် ဘဝရောက်ရှိ လာခဲ့ခြင်းဖြစ်ပါတယ်။
အေဒီ ၁၁ ရာစုမှာ သုဝဏ္ဏဘူမိ ခေါ်သထုံပြည်ကြီးကို ပုဂံပြည့်ရှင် “အနော်ရထာ” မင်းကြီးက တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှာတော့ အောက်မြန်မာပြည်ကို စိုးစံတဲ့ မွန်တို့ ထီးနန်းပျက်သုဉ်းခဲ့ရပြီး တစ်ထီးတစ်နန်း နေထိုင်ခဲ့တဲ့ အဆင့်မှလျော့ကျခဲ့ရပါတယ်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ မွန်တို့ကလည်း မြောက်ဘက်မှ အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ရှမ်း- ထိုင်း (တိုင်) အနွယ်ဝင်တို့ရဲ့ နယ်ချဲ့မှုကိုခံခဲ့ရပြီး အေဒီ ၁၂ ရာစုအတွင်းမှာ အပြီးတိုင် ပြိုလဲရပါတော့တယ်။
မွန်တို့ ပုဂံလက်အောက်ခံဘဝရောက်ခဲ့ပြီး ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂို တို့ရန်ကြောင့် ပုဂံပြည်ပျက်ချိန်မှာ ကိုယ်ပိုင်ထီးနန်းကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းရာမှ မာဂဒူး မင်းဆက်ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပါတယ်။
မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်ခဲ့ပြီး အဲဒီမင်းရဲ့ ငယ်အမည် မဂဒူးကို အစွဲပြုပြီး မဂဒူးမင်းဆက်လို့ ခေါ်ဆိုခဲ့ကြပါတယ်။
ငယ်အမည် “မာဂဒူး” ခေါ် “ဝါရီရူးမင်း” ကို မြန်မာသက္ကရာဇ် ၆၁၃ ခု၊ တန်ခူးလဆုတ် ၄ ရက် (ခရစ်နှစ် ၁၂၅၃ ခုနှစ်၊ မတ်လ ၂၀ ရက်) သထုံနယ် သကော့ဝန် (သို့) ဒုံးဝန်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အဖေဖြစ်သူက မွန်ရှမ်း အနွယ်ဝင်တစ်ယောက် ဖြစ်ပြီး ကွမ်းကုန်သည် ၃၂ ယောက်ကို ဉီးဆောင်ရတဲ့ အကြီးအမှူး တစ်ယောက်ဖြစ် ပါတယ်။ မိဘတွေက သာမန် လယ်လုပ်သူနဲ့ကုန်သည် ဖြစ်တာကြောင့် “ဝါရီရူး” ရဲ့ ငယ်စဉ်ဘဝ က နုံချာတယ်လို့ မှတ်ယူနိုင်ပါတယ်။
ငယ်စဉ် ကလေးဘဝက မိဘတွေ လယ်လုပ်ထွက်ချိန်မှာ ခေါ်ဆောင်သွားလေ့ရှိပြီး လယ်ကန်သင်းပေါ်မှာ မွန်ဘာသာ နဲ့ ဂဒူး လို့အဓိပ္ပာယ်ရတဲ့ ခမောက်ရှည်ကို ပက်လက်လှန်ပြီး အဲဒီအထဲမှာ အိပ်စက်စေပြီး နောက် ခမောက်တစ်ခုနဲ့ အုပ်မိုးထားလေ့ရှိပါတယ်။ တစ်နေ့မှာ ကျီးကန်းတစ်ကောင်က ခမောက်အတွင်း အိပ်စက်နေတဲ့ “ဝါရီရူးမင်း” လောင်းလျာ ကို အစာအမှတ်နဲ့ လာရောက်ကိုက်ချီဖို့ ကြိုးစားစဉ် အုပ်မိုးထားတဲ့ ခမောက်ရှည်က ကျီးကန်းကိုလိုက်လံ တိုက်ခိုက်တယ်လို့ဆိုပါတယ်။
အဲဒီဖြစ်ရပ်ကို မြင်တွေ့သွားတဲ့ မိဘ တို့က သားဖြစ်သူကို မာဂဒူး(မောင်ခမောက်ရှည်)လို့ အမည်ပေး လိုက် ပါတယ်။မာဂဒူး ဟာ သားဦးဖြစ်ပြီး သူ့မှာ “မာဂဒါ” လို့ အမည်ရတဲ့ ညီတစ်ဉီး နဲ့ “နှင်းဉရိုင်” လို့အမည်ရတဲ့ ညီမတစ်ဦးရှိပါတယ်။
မိဘတွေ က လယ်အလုပ်ကို စွန့်လွှတ်ပြီး ကုန်သည်အလုပ်ကို လုပ်ကိုင်ခဲ့တဲ့အခါကုန်ပစ္စည်းတွေကို မြင်း၊လှည်းတို့နဲ့ သယ်ယူခြင်းမဟုတ်ဘဲ ကုန်ထမ်းသမား တို့နဲ့ အတူ ကိုယ်တိုင် ထမ်းပိုးကာ သွားရောက် ရောင်းချကြပါတယ်။
မိဘတွေ အိုမင်းလာတဲ့ အခါ “မာဂဒူး” က ဖခင် ဖြစ်သူအစား ဝင်ရောက်လုပ်ကိုင်ပါတော့တယ်။ ခရီးစဉ် တစ်ခုမှာ အထမ်းသမားတစ်ဦး နားမကျန်းဖြစ်တဲ့အတွက် အဲဒီကုန်တွေကို ခေါင်းဆောင်ဖြစ်တဲ့ မာဂဒူး ထမ်းရပါတော့တယ်။တောင်ထိပ်တစ်ခုကို ရောက်တဲ့အခါမှာ မိုးတွေ အုံ့ဆိုင်းလာပြီး မာဂဒူး ထမ်းလာတဲ့ ဝန်ထုပ်ကို မိုးကြိုး ပစ်ချလိုက်ပါတယ်။
မိုးကြိုးပစ်ချခံရတဲ့ အရှိန်ကြောင့် မာဂဒူး မေ့မြောသွားခဲ့ပြီး ပြန်လည်သတိရလာတဲ့အခါမှာ ကောင်းကင် အရှေ့ဘက်နဲ့အနောက်ဘက် တို့မှာ အရောင်းအဝါထွန်းလင်းတဲ့ နန်းပြသာဒ်ဆောင်တွေကို တွေ့မြင်လိုက်ပါတယ်။
“မာဂဒူး” ဟာ အနီးနားက ရွာကိုရောက်တဲ့အခါ ရွာအတွင်းမှ နိမိတ်ဖတ်ဆရာထံ သွားရောက်မေးမြန်း ပါတော့တယ်။ နိမိတ်ဖတ်ဆရာက အလွန်ကြီးကျယ်တဲ့ အတိတ်နိမိတ်ဖြစ်တဲ့အတွက် “မာဂဒူး” အရပ်နဲ့ ညီမျှတဲ့ ငွေကိုပူဇော်မှသာဖတ်ပေးနိုင်မယ်လို့ဆိုပါတယ်။
“မာဂဒူး” က အနီးအနားမှာ သူရဲ့ အရပ်နဲ့ ညီမျှတဲ့ ခြ တောင်ပို့ပေါ် ငွေစ ၃၀ ကို တင်ကာပူဇော်ပြီး နိမိတ်ဖတ်စေပါတယ်။ နိမိတ်ဖတ်ဆရာကြီးက “မာဂဒူး” ရဲ့ ဉာဏ်စွမ်းကို အသိအမှတ်ပြုတဲ့ အနေနဲ့ နိမိတ်ဖတ်ပါတော့တယ်။
အရှေ့ဘက်အရပ်မှာ ရှိတဲ့ အကြီးဆုံးသတ္တဝါကို ခစားဖို့၊အရှေ့ဘက်အရပ်ရှိ ဘုန်းတန်ခိုးကြီးမြတ်တဲ့ မင်းရဲ့ အကူအညီကြောင့် အနောက်ဘက်အရပ်မှာ မင်းတစ်ပါးဖြစ်လာလိမ့်မယ် နိမိတ်ဖတ် ပြောဆိုပါတယ်။ မာဂဒူး ဟာ နိမိတ်ဖတ်တဲ့အတိုင်း အရှေ့ဘက်မှာ အုပ်ချုပ်တဲ့ “သောက္ကတဲမင်း ဗြရောင်” ဆင်တင်းကုတ်မှာ စတင်ဝင်ရောက် အမှုထမ်းပါတော့တယ်။ “သောက္ကတဲမင်း ဗြရောင်” က အမှုထမ်း “မာဂဒူး” ရဲ့ အရည်အချင်းကို ကြားသိတော်မူတဲ့အခါ နန်းတော်အတွင်းအပြင် ကို စောင့်ကျပ်ရတဲ့ ဝင်းမှူး အဖြစ်ခန့်အပ်ပါတယ်။ ဝင်းမှူးအဖြစ်ထမ်းရွက်စဉ်မှာ စီမံခန့်ခွဲမှုအရည်အချင်းကောင်း တဲ့အတွက် “စောဍိဍံရည်” ဘွဲ့ကိုရရှိပါတယ်။ သောက္ကတဲမြို့နယ်စပ် တွေ ကျူးကျော်တိုက်ခိုက်ခံရတဲ့အခါ “သောက္ကတဲမင်း ဗြရောင်”ဟာ နယ်စပ်ဒေသများသို့ စစ်ချီသွားခဲ့ပါတယ်။
နန်းစောင့်ကျန်ရစ်ခဲ့တဲ့ “မာဂဒူး” ဟာ “သောက္ကတဲမင်း ဗြရောင်” ရဲ့ သမီးတော် “မေဏင်သောဲဍာ (မေနှင်းတွယ်တာ)”နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
“သောက္ကတဲမင်း” ကြားသိခဲ့ရင် သေဒဏ် ကျမှာစိုးရိမ်တဲ့အတွက် မင်းသမီး ကို စည်းရုံးကာ ရွှေ၊ငွေ၊ရတနာ နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဆင်တော်ထက် တင်စေပြီး နောက်လိုက် ရှမ်း ၇၀ ကျော်တို့နဲ့အတူ နေရပ် တကော့ဝန်းသို့ ထွက်ခွာသွားခဲ့ပါတယ်။
တကော့ဝန်း ရောက်တဲ့အခါကိုယ်ပိုင်မြို့တည်ပြီး မင်းပြုပါတော့တယ်။အဲဒီလို မင်းပြုနေစဉ် မုတ္တမ မှာ မင်းပြု နေသူက ပုဂံ မှ ခန့်အပ်ထားတဲ့ အလိမ္မာမင်း ဖြစ်ပါတယ်။အလိမ္မာမင်းဟာ ပုဂံအုပ်ချုပ်မှုလျော့ ရဲလာချိန်မှာ မုတ္တမမှာ တစ်ထီးတစ်နန်း ထောင်နေသူဖြစ်ပါတယ်။ “မာဂဒူး” က မုတ္တမမြို့ကို သိမ်းယူလိုတဲ့အတွက် “အလိမ္မာမင်း” အား မိမိနှမတော်စပ်သူ “နှင်းဉရိုင်” ကို ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာယ်နဲ့ ဖိတ်ခေါ်ကာ လုပ်ကြံလိုက်ပြီး မုတ္တမမြို့ကို အလွယ်တကူ သိမ်းပိုက်ကာမင်းပြုလိုက်ပါတော့တယ်။
မုတ္တမကိုရပြီးတဲ့နောက် အမတ်ကြီး “ဗြပုန်” ကို “သောက္ကတဲမင်း” ထံစေလွှတ်ကာ မုတ္တမှာ မင်းပြုနိုင်ဖို့ ဘွဲ့အမည်နဲ့ မင်းမြောက်တန်ဆာ ငါးပါး ပေးသနားဖို့ လျှောက်ထားလိုက်ပါတယ်။သောက္ကတဲမင်း က သမက်တော်အတွက် အလွန်အားရဝမ်းသာဖြစ်ပြီး “ဗညားဝါရူး(ဝါရီရူး)” ဘွဲ့နဲ့အတူ မင်းမြောက်တန်ဆာ ငါးပါး ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။
“ဝါရီရူးမင်း” ဟာ မုတ္တမ နဲ့ အလှမ်းဝေးကွားတဲ့ “ကဗ္ဗလာနီမင်း” ဆင်ရံထွက်လာကြောင်း ကြားသိတဲ့အခါမှာ “ကဗ္ဗလာနီမင်း” အုပ်စိုးတဲ့ မြို့သို့ ချီတက်ကာ သိမ်းပိုက်ပြီး လူသူလက်နက်၊ စည်းစိမ်တွေနဲ့အတူ သမီးတော် ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာခဲ့ပါတယ်။
ကဗ္ဗလာနီမင်း ပြန်လည်ရောက်ရှိလာပြီး အင်အားစုစည်းကာ လာရောက်တိုက်ခိုက်တဲ့အခါမှာလည်း လုပ်ကြံသတ်ဖြတ်အနိုင်ယူခဲ့တဲ့အတွက် “ဝါရီရူးမင်း” ဟာ အရှေ့ဘက်တစ်လွှားမှာ ပြိုင်ဖက်ကင်း ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။
“မာဂဒူးမင်း” ဟာ ပဲခူးမှာ စိုးစံနေတဲ့ တရဖျား(တရဗညား)နဲ့ သမီးတော်ချင်း အလဲအထပ်ပြုကာ မဟာမိတ်ဖွဲ့ နေထိုင်ခဲ့ပါတယ်။
တရဖျား ကိုနှိမ်နှင်းဖို့ ပုဂံဘုရင် နရသီဟပတေ့ က အမတ်ကြီး “ရာဇသင်္ကြန်” အား စေလွှတ်ပါတယ်။ တရဖျားမင်းက “ဝါရီရူးမင်း” အား စစ်ကူဖို့ အကူအညီတောင်းတဲ့ အခါ“ဝါရီရူးမင်း” က အင်အားအလုံးအရင်းနဲ့ ချီတက်ပါတယ်။ပဲခူးသို့ရောက်တဲ့အခါ “ရာဇသင်္ကြန်” တပ်ကိုတွန်းလှန်တိုက်ခိုက်နိုင်ရုံသာမက ဟင်္သာတ၊ ဖြူး၊ အစရှိတဲ့ မြန်မာလက်အောက်ရှိ မွန်နယ်ပယ်အားလုံးကိုလည်း အောင်နိုင်လိုက်ပါတယ်။
စစ်ပွဲအောင်နိုင်လိုက်တဲ့ ဝါရီရူးမင်း ကို တရဖျား မင်းက အကောက်ကြံတဲ့ အခါမှာ ဝါရီရူးမင်းက ပြန်လည်ခုခံခဲ့ပြီး တရဖျားအား လက်ရဖမ်းဆီးခဲ့ပါတယ်။
“ဝါရီရူးမင်း” ဟာ မွန်တို့ရဲ့ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမမှအနောက်ဘက် ရှိ ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိတဲ့ ဒေသတွေကိုပါ သိမ်းပိုက်အုပ်ချုပ် နိုင်ခဲ့ပါတယ်။
“ဝါရီရူးမင်း” ဟာ ဆင်ဖြူတော်ကို ပိုင်ဆိုင်တဲ့ မင်းတရားတစ်ပါးလည်းဖြစ်ပါတယ်။ “ဝါရီရူးမင်း” ရဲ့ ယောက္ခမ တော်စပ်သူ “သောက္ကတဲမင်း ဗြရောင်” ဟာ ထူးဆန်းတဲ့ အိပ်မက်ကိုမက်မြင်တော်မူပါတယ်။အဲဒီ အိပ်မက်အရ မိမိပိုင်ဆိုင်တဲ့ ဆင်ဖြူတော်ဟာ “သောက္ကတဲ” မှာ မစံလို၊ နေပါကလည်း မင်းကြီးအတွက် ရန်မူမည်ဖြစ်ပြီး တခြားတိုင်းပြည်တွင်သာ သွားရောက်နေထိုင်လိုတယ်လို့ မြင်မက်ခြင်းဖြစ်ပါတယ်။ မနက်ခင်းမိုးသော်အလင်းရောက်တဲ့အခါ“သောက္ကတဲမင်း ဗြရောင်” က အမတ်တွေကို အိပ်မက်အကြောင်း မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုတဲ့ အရပ် သိရှိနိုင်ဖို့ မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ အစရှိတဲ့ မြက်ထုံးတွေပြုလုပ်ပြီး ဆင်ဖြူကို ရွေးချယ်စေပါတယ်။ဆင်ဖြူက မုတ္တမ မည်တဲ့ မြက်ထုံးကို ရွေးချယ်ခဲ့ပါတယ်။ “သောက္ကတဲမင်း ဗြရောင်” လည်း မိမိရဲ့ သားမက်ထံ ဆင်ဖြူ သွားလိုကြောင်းသိတဲ့အခါ ဝမ်းသာအားရဖြစ်ပြီး ဆင်ဖြူအား မုတ္တမသို့ ပို့ဆောင်စေပါတယ်။အဲဒီ အချိန်ကစလို ဝါရီရူးမင်းဟာ ဆင်ဖြူပိုင်ဆိုင်သူ ဖြစ်လာ ခဲ့ပါတယ်။
နန်းသက် ၁၉ နှစ်တိုင်တိုင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ “ဝါရီရူးမင်း” ကို အရွယ်ရောက်ရှိပြီဖြစ်တဲ့ တရဖျားရဲ့ သားတော်နှစ်ပါးက ရေအိမ်အဝင်မှာဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်တဲ့အတွက် ဝါရီရူး မင်း နတ်ရွာစံတော်မူပါတယ်။
———————————————————————————————-
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” အစီအစဥ်မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ …