Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
Back to Blog
ယနေ့ချိန်ထိကမ္ဘာ့လူအများရဲ့ အမုန်းတော်ခံ “အားဒေါလ်ဖ် ဟစ်တလာ”
June 11, 2024
အားဒေါလ်ဖ် ဟစ်တလာဆိုတာက သာမန်ခေါင်းဆောင်တစ်ဦးမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်မီးကို စတင်မွှေးခဲ့သူမို့ ကမ္ဘာ့နိုင်ငံအများစုရဲ့ အမုန်းခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။သူဟာ ခေတ်သစ်ဂျာမနီပြည်ကြီးနဲ့ နာဇီပါတီဝင်တို့ရဲ့ခေါင်းဆောင်လို့ပြောရင်မမှားသလို ဂျူးလူမျိုးတို့ရဲ့ဘုံရန်သူဆိုရင်လည်း မှန်ပါတယ်။ဒါကြောင့်လည်း တစ်ကမ္ဘာလုံးကို ရွံရှာထိတ်လန့်စေခဲ့တဲ့ အာဏာရှင်အဖြစ် သမုတ်ခံခဲ့ရပါတယ်။
ဟစ်တလာကို ဘာဗေးရီးယားနဲ့ ဩစတြီးယား နယ်စပ်က ဘရောနှောမြို့လေးမှာ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့က မွေးဖွားပါတယ်။ သူ့ရဲ့ဖခင်က အလွိုက်ဟစ်တလာဖြစ်ပြီး မိခင်က ကလာရာပေါဇ်လ်ဖြစ်ပါတယ်။ ဟစ်တလာရဲ့ငယ်ဘ၀ ပညာရေးလမ်းကြောင်းဟာ အခက်အခဲအမျိုးမျိုးရှိခဲ့ပါတယ်။လုပ်ငန်းအတည်တကျမရှိတဲ့ သူ့ဖခင်ကြောင့် ဟစ်တလာတစ်ယောက် မြို့နယ်အနှံ့ ပြောင်းရွှေ့နေထိုင်ရင်း မူလတန်းပညာကို ရောက်တဲ့နေရာမှာ ကြုံသလို သင်ယူခဲ့ရပါတယ်။ လင့်ဇ်မြို့ ရီးရဲအလယ်တန်းကျောင်းမှာ ၁၉ဝဝ ပြည့်နှစ်က အလယ်တန်းပညာ သင်ကြားခွင့်ရခဲ့ပေမဲ့ ၁၉ဝ၃ ခုနှစ် သူ့ဖခင် ကွယ်လွန်သွားချိန်မှာတော့ ကျောင်းဆက်နေခွင့်မရတော့ပါဘူး။ဒါပေမဲ့ သူ့မိခင်ရဲ့ဆန္ဒကိုလိုက်လျောပြီး ကက်သလစ်ဘာသာဝင်အဖြစ်ခံယူလိုက်တာမို့ စတီးယားကျောင်းမှာ ပညာဆက်သင်ခွင့် ရခဲ့ပြန်ပါတယ်။အဲဒီနောက်တော့ ကျောင်းစာညံ့တဲ့ ဟစ်တလာဟာ ၁၉ဝ၅ ခုနှစ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။
သူ့ရဲ့ဝါသနာက ပန်းချီဆွဲတာမို့ အစိုးရအလုပ်ကို လုပ်စေချင်တဲ့ မိဘတွေရဲ့ဆန္ဒကိုတောင် ဆန့်ကျင်ပြီး သူ့ရဲ့အချိန်တော်တော်များများကို ပန်းချီဆွဲရင်း ကုန်လွန်ခဲ့သူပါ။ ဒီလိုနဲ့ဟစ်တလာဟာ ၁၉ဝ၆ ခုနှစ်မှာ အနုပညာ ထွန်းကားတဲ့ဗီယင်နာမြို့ကို အလည်သွားရောက်ခဲ့စဉ်မှာတော့ သူ့ဝါသနာကို အကောင်အထည်ဖော်နိုင်မှာမို့ အလွန်ပဲကျေနပ်ပျော်ရွှင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့်လည်းသူက ၁၉ဝ၇ ခုနှစ်မှာ လင့်ဇ်မြို့ကနေ ဗီယင်နာမြို့ကို သွားရောက်ခဲ့ပေမဲ့ အရည်အချင်းမမီလို့ အနုပညာသိပ္ပံကျောင်းကို ဝင်ခွင့်မရခဲ့ပါဘူး။ အဲဒီနောက်ပိုင်း သူ့မိခင်ကြီး ကွယ်လွန်ခဲ့လို့ လင့်ဇ်မြို့ကို ခဏပြန်ခဲ့ပြီး ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဗီယင်နာမြို့ကို ပြန်သွားခဲ့ပါတယ်။ အနုပညာသိပ္ပံကျောင်းကြီးတက်ခွင့်ရရေး ထပ်မံကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဒီလိုနဲ့ဟစ်တလာဟာ ၁၉ဝ၉ ခုနှစ်ကနေ ၁၉၁၃ ခုနှစ်အထိ ဗီယင်နာမြို့မှာ အလုပ်ကြမ်းသမားဘ၀၊သာမန် ပန်းချီဆရာလေးဘ၀နဲ့ ရှင်သန်နေထိုင်ခဲ့ရပါတယ်။ အဲဒီလို နိမ့်ကျရုန်းကန်ခဲ့ရတဲ့ ဘ၀ပေးအခြေအနေအမျိုးမျိုးကပဲ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ တွန်းပို့လိုက်ပါတယ်။ အဲဒီနောက် ဟစ်တလာဟာ စာတွေကို ပိုဖတ်ဖြစ်ခဲ့သလို နိုင်ငံရေးစကားဝိုင်းတွေထဲ အငြင်းအခုန်တွေလုပ်ဖြစ်ခဲ့ပြီး ဆိုရှယ်လစ်တွေ၊ ဘုရင့်ဆွေတော်မျိုးတော်တွေကို မုန်းတီးကြောင်း၊ ဂျူးတွေ၊ ဘုန်းကြီးတွေကို မုန်းတီးကြောင်း မကြာခဏပြောဆိုလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂျာမန်လူမျိုးတို့က ယဉ်ကျေးမှုနဲ့ နိုင်ငံရေး ပိုမြင့်မားတာကြောင့် ‘မဟာဂျာမနီ နိုင်ငံတော်ကြီး’ကို ထူထောင်ကြရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြောစကားတွေကို ဟစ်တလာက ဝါဒဖြန့်ခဲ့ပါတယ်။
၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာတော့ ဟစ်တလာရဲ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင်မှာပြုလုပ်တဲ့ လူထုတရားပွဲကြောင့်ပဲဖြစ်ပါတယ်။ ဂျာမန်ကနေ ရုရှားကို စစ်ကြေညာခဲ့တာရယ်၊ ဂျာမန်အမျိုးသားမှန်သမျှ စစ်ထဲဝင်ခဲ့ကြတာရယ်ကြောင့် ဟစ်တလာလည်း စစ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သာမန်စစ်သားဘဝနဲ့ စစ်တပ်ထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်ကနေ၁၉၁၆ ခုနှစ်ကာလအတွင်း ခြေထောက်သေနတ်ဒဏ်ရာရခဲ့ပြီးတဲ့နောက် ၁၉၁၇ ခုနှစ် တပ်ကြပ်ငယ်ဘဝမှာ စစ်မြေပြင်က ပြင်သစ်စစ်သား ၁၅ ယောက်ကို သူတစ်ယောက်တည်း လက်ရဖမ်းဆီးနိုင်ခဲ့လို့ တပ်သားဆိုင်ရာထူးချွန်ဆုတံဆိပ်တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီနောက် ဟစ်တလာဟာ ၁၉၁၈ ခုနှစ်အတွင်း တိုက်ပွဲတစ်ခုမှာ ဓာတ်ငွေ့မိပြီး သတိလစ်သွားပါတယ်။အဲဒီဝေဒနာကြောင့်ပဲ စစ်ဆေးရုံပို့ခဲ့ရသလို မျက်စိအမြင်အာရုံတွေလည်း ခေတ္တခဏ ကွယ်ပျောက်ခဲ့ပြီး ကိုယ်တစ်ပိုင်း သေသွားခဲ့ပါတယ်။ သူ့ရဲ့အဲဒီရောဂါဝေဒနာတွေ ပြန်လည်သက်သာပျောက်ကင်းသွားချိန်မှာတော့ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီဖြစ်သလို ဂျာမနီတို့လည်း စစ်ရှုံးခဲ့ပါတယ်။
ဆန္ဒပြပွဲနဲ့ ဆူပူမှုတွေ အဆက်မပြတ်ရှိနေခဲ့တဲ့ ဂျာမနီနိုင်ငံရေးရှုပ်ထွေးနေချိန် ၁၉၁၉ ခုနှစ်မှာတော့ ဟစ်တလာက မြူးနစ်မြို့ကို ပြန်လာခဲ့ပါတယ်။ ဟစ်တလာဟာ အဲဒီအချိန်ကစလို့ နိုင်ငံရေးလောကထဲ ပီပီပြင်ပြင်ဝင်နိုင်ဖို့ သူ့ခြေလှမ်းတွေကို စတင်ခဲ့ပါတယ်။ အဲဒီကာလအတောအတွင်းမှာပဲ ဟစ်တလာက မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက်အောက်က နိုင်ငံရေးဌာန ပုံနှိပ်လုပ်ငန်းနဲ့ သတင်းဖြန့်ချိရေးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီကတစ်ဆင့် နိုင်ငံရေးနည်းပြသင်တန်းတက်ခဲ့သလို နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့ပြီးတဲ့နောက် ဂျာမန်အလုပ်သမားပါတီနဲ့ စစ်တပ်အကြား ညှိနှိုင်းရတဲ့ အရာရှိအဖြစ် စေလွှတ်ခံရပါတယ်။ နောက်ဆုံးမှာတော့ ဂျာမန် အလုပ်သမားပါတီကို ဝင်ရောက်ခဲ့ပြီး ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ဟစ်တလာရဲ့နာမည်က ထင်ရှားကျော်ကြားဖို့ အကြောင်းဖန်လာခဲ့ပါပြီ။ အဲဒါကတော့ ပရိသတ်နှစ်ထောင်နီးပါးတက်ရောက်တဲ့ လူထုတရားပွဲကြီးမှာ ဟစ်တလာနာမည်ကြီးလာတာဖြစ်ပါတယ်။ အဲဒီလူထုတရားပွဲကြီးကို ၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဂျာမန်အလုပ်သမားပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။ အဲဒီနောက်ပိုင်း ဂျာမန်အလုပ်သမားပါတီကို အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီလို့ အမည်ပြောင်းလိုက်ပြီး ပါတီနာမည်အတိုကောက်က ‘နာဇီ’ပါတီ ဖြစ်ပါတယ်။
အစပိုင်းမှာ ပါတီဥက္ကဋ္ဌက ဟားရားဖြစ်ပြီး ဟစ်တလာနဲ့မသင့်မြတ်တာကြောင့် မကြာခင်မှာပဲ ပါတီကနေ နုတ်ထွက်သွားပါတယ်။ အဲဒီကာလမှာ စည်းရုံးသိမ်းသွင်းမှု ကောင်းတဲ့ ဟစ်တလာရဲ့ဗျူဟာကြောင့် ပါတီဝင်အင်အားလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာ ဘာလင်မြို့ကနေပြန်လာတဲ့ ဟစ်တလာတစ်ယောက် ပါတီတွင်းတိုက်ပွဲနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမဲ့ သူပဲ အနိုင်ရခဲ့တာမို့ အာဏာရှင်ခေါင်းဆောင် စဖြစ်လာပါတယ်။
အဲဒီကာလမရှေးမနှောင်းမှာပဲ ဟစ်တလာဟာ ထောင်ထဲမှာ တစ်လတိတိ နေခဲ့ရပါတယ်။ သူ့ရဲ့ဦးဆောင်မှုနဲ့ တခြားပါတီရဲ့တရားပွဲကိုဖျက်တယ်ဆိုတဲ့အမှုကြောင့် ထောင်ဒဏ် ၇ လ အပြစ်ပေးခံခဲ့ရပေမဲ့ တစ်လပဲထောင်ကျခဲ့တာဖြစ်ပါတယ်။၁၉၂၂ ခုနှစ် ဟစ်တလာထောင်က ထွက်ပြီးတဲ့နောက် ဩဂုတ်လ ၁၁ ရက်နေ့မှာ နာဇီပါတီရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်ရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့လူထုဆန္ဒပြပွဲကြီး ကျင်းပခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်ရောက်ချိန်မှာတော့ တခြားပါတီ ၄ ခုနဲ့ပူးတွဲကော်မတီ ဖွဲ့နိုင်ခဲ့သလို နာဇီမုန်တိုင်းတပ်သားတွေ ဖွဲ့စည်းခဲ့ရာက တပ်သားအင်အား နှစ်သောင်းကျော်ထိ ရှိလာပါတယ်။
အဲဒီနောက်ပိုင်း နိုင်ငံရေးမှာ နေရာရရေး ပုံစံမျိုးစုံအသုံးပြုခဲ့ရာကနေ ‘အာဏာသိမ်းပွဲ’ ကိုပါ ဆင်နွှဲခဲ့တဲ့ ဟစ်တလာတစ်ယောက် မအောင်မြင်ခဲ့တာကြောင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၂၅ ခုနှစ်မှာ ဟစ်တလာ ထောင်ကပြန်လွတ်ခဲ့သလို ၁၉၂၉ ခုနှစ်ရောက်ချိန်မှာ နာဇီပါတီဝင်အင်အားက နှစ်သိန်းနီးပါးရှိနေခဲ့ပါပြီ။ ၁၉၃၂ ခုနှစ်မှာ နာဇီပါတီအာဏာရလာခဲ့ပြီး ၁၉၃၃ ခုနှစ်မှာ ဟစ်တလာက ဂျာမနီရဲ့ ဝန်ကြီးချုပ်ရာထူးကို တရားဝင်ရရှိခဲ့ပါတယ်။
ဂျာမနီနိုင်ငံသမ္မတကြီးဟင်ဒင်ဘတ်ဟာ ၁၉၃၄ခုနှစ်မှာကွယ်လွန်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဝန်ကြီးချုပ်ဟစ်တလာက သမ္မတကြီးရာထူးကို ဆက်ခံခဲ့ပါတယ်။ဒါတင်မက ဂျာမန်လက်နက်ကိုင်တပ်ပေါင်းစုံရဲ့ စစ်သေနာပတိချုပ်ရာထူးကိုပါရယူခဲ့ပါတယ်။ ဟစ်တလာရဲ့လက်အောက်မှာ ဂျာမနီဟာ စစ်အင်အားကို တဖြည်းဖြည်း တိုးချဲ့ခဲ့တာကြောင့် စစ်သားဦးရေ ၅ သိန်းခွဲထိ ရှိလာပါတယ်။ ဒီလိုနဲ့ ၁၉၃၆ ခုနှစ် မတ်လမှာ ပြင်သစ်ကို စတင် တိုက်ခိုက်ခဲ့ပြီး အီတလီခေါင်းဆောင် မူဆိုလီနီနဲ့ လက်တွဲခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယား၊ ၁၉၃၉ ခုနှစ်မှာ ချက်ကိုစလိုဗားကီးယားနဲ့ ပိုလန်နိုင်ငံတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် ဂျူးလူမျိုးသုတ်သင်ရေးစီမံကိန်းကိုလည်း အဲဒီကာလတွေမှာပဲ စတင်ခဲ့ပါတယ်။
ဟစ်တလာရဲ့စစ်ရေးအစီအစဉ်တွေက ၁၉၄ဝ ပြည့်နှစ်ရောက်ချိန်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတာကြောင့် ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဗြိတိသျှနဲ့ ပြင်သစ်တို့ရဲ့ တပ်အင်အားများစွာက မြို့အများအပြားကနေ ဂျာမနီတပ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဂျာမနီက ဆိုဗီယက်ယူနီယံကို ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ ဟစ်တလာရဲ့စစ်မျက်နှာတွေက ကျယ်ပြန့်နေတာကြောင့် စစ်ရေးအရ နိုင်နိုင်နင်းနင်းမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ဟစ်တလာရဲ့ ဂျာမနီက တစ်ဘက်မှာ ဂျပန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပေမဲ့ ဂျာမနီရဲ့ စစ်ရေးက အင်အားချည့်နဲ့စပြုနေခဲ့ပါပြီ။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ (၇) ရက်မှာ ဂျပန်တို့က ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်တာဟာ အမေရိကန်တို့ကို ရန်စကျူးကျော်လိုက်သလိုဖြစ်ခဲ့ပြီး အမေရိကန်ကလည်း ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းကို ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အတွင်းမှာ ဟစ်တလာရဲ့ဂျာမန်စစ်တပ်တွေ တစ်ဖြည်းဖြည်းစစ်ရှုံးလာခဲ့ပါတယ်။အဲဒီနောက် မဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့ရဲ့ တိုက်စစ်ကို မခုခံနိုင်တော့တဲ့အဆုံး ဟစ်တလာရဲ့ တပ်အများစုဟာ ၁၉၄၅ ခုနှစ်မှာ လုံး၀ပျက်သုဉ်းခဲ့ရပါ တယ်။
၁၉၄၅ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ မဟာမိတ် အုပ်ထိန်းရေး ကောင်စီရဲ့ ပြန်တမ်းအရတော့ ဟစ်တလာနဲ့သူ့ဇနီး အီဗာဗရွန်းတို့ဟာ ၁၉၄၅ ခုနှစ် ဧပြီလ ၂၉ ရက်မှာ လက်ထပ်ကြပြီး နောက်နေ့ ဧပြီလ ၃ဝ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသလို သူတို့ရဲ့ အလောင်းကို မီးရှို့လိုက်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဟစ်တလာဟာ အီဗာဗရွန်းကို လက်ထပ်ပြီးတဲ့နောက် လေယာဉ်ပျံနဲ့ လွတ်မြောက်ကောင်း လွတ်မြောက်သွားမယ်လို့ ရုရှား ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့က ပြောတယ်လို့လည်း စာပေတချို့မှာ ဖော်ပြပါတယ်။
ဒါတင်မကပါဘူး။ ဟစ်တလာရဲ့ ကိုယ်ရံတော် ဗိုလ်မှူးအော့တိုးဂွန်း ရှေး ရုရှားအချုပ်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တုန်းက ဟစ်တလာသေဆုံးပုံနဲ့ပတ်သက်လို့ သတင်းစာဆရာတွေကို ပြောကြားခဲ့တာတစ်ခုလည်းရှိနေပြန်ပါတယ်။ အဲဒါကတော့ ဟစ်တလာဟာ သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တာဖြစ်သလို ကြင်ယာတော် အီဗာဗရွန်းကတော့ အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း၊အဲဒီနောက် သူတို့အလောင်းကို အော့တိုးနဲ့ အပေါင်းပါတို့က ဓာတ်ဆီဖျန်း မီးရှို့လိုက်ကြကြောင်း၊ ဒါပေမဲ့ ရုရှားတပ်တွေ ချဉ်းကပ်လာလို့ မီးကောင်းကောင်းလောင်တဲ့အထိ မစောင့်နိုင်တော့ဘဲ မြေမြှုပ်သင်္ဂြိုဟ်ဖို့ တပည့်တွေကို မှာကြားခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဟစ်တလာရဲ့ ဦးဆောင်မှုအောက်က နာဇီပါတီဝင်တွေဟာ ဂျာမနီနိုင်ငံမှာ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး “တတိယ ဂျာမနီ နိုင်ငံတော်” ကို တည်ထောင်ခဲ့ကြရုံသာမက တခြားနိုင်ငံရေးပါတီတွေကို အဓမ္မဖျက်သိမ်းခဲ့ပါတယ်။ နာဇီအစိုးရကို ဆန့်ကျင်တဲ့နိုင်ငံရေးလှုပ်ရှားသူတွေအားလုံးကို ရှာဖွေဖမ်းဆီး ကွပ်မျက်ခဲ့သလို ဥရောပတစ်ခွင်မှာ မှီတင်းနေထိုင်ကြတဲ့ “ဂျူး” လူမျိုးတွေ၊ တခြား ဘာသာဝင်တွေနဲ့ လူမျိုးခြားတိုင်းရင်းသားတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်လိုက်ကြပါသေးတယ်။ နာဇီတို့ကြောင့် ဒုတိယကမ္ဘာစစ် စတင်ခဲ့တာဖြစ်ပြီး ဂျူးလူမျိုး ခြောက်သန်းအပါအဝင် လူပေါင်း ၃၉ သန်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီလို မကောင်းတဲ့လုပ်ရပ်တွေနဲ့ ဒွန်တွဲထင်ရှားခဲ့တဲ့ ဟစ်တလာနဲ့သူ့ရဲ့နောက်လိုက်နာဇီအဖွဲ့ဝင်တွေအကြောင်းက ဒီကနေ့ထိတိုင်အောင် နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲပဲဖြစ်ပါတယ်။
==========================================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
YouTube
:
https://www.youtube.com/@zlann_podcast
Podcast
:
https://podcasters.spotify.com/pod/show/z-lann
Facebook Group
:
https://www.facebook.com/groups/zlann/
#ZLann
#ZLann_Podcast
#ဟစ်တလာ
#နာဇီ
#ဂျာမနီ
#ဒုတိယကမ္ဘာစစ်
More Interesting Blogs from Zlann
“ကမ္ဘာ့အမွေ မဟာတူးမြောင်းကြီး”
“ကမ္ဘာ့အမွေ မဟာတူးမြောင်းကြီး”
July 14, 2024
Read More
“ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တားမြစ်နန်းတော်🏛”
“ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တားမြစ်နန်းတော်🏛”
January 9, 2024
Read More
“တစ်ခုတည်းသော မိကျောင်း ဘေးမဲ့တော “
တစ်ခုတည်းသော မိကျောင်း ဘေးမဲ့တော
August 28, 2025
Read More
မြန်မာနိုင်ငံ တောင်ဘက်စွန်းက လှပတဲ့ ကော့သောင်းမြို့” 🌳🍂🌄
မြန်မာနိုင်ငံ တောင်ဘက်စွန်းက လှပတဲ့ ကော့သောင်းမြို့” 🌳🍂🌄
January 9, 2024
Read More
အရှေ့တောင်အာရှတွင် အလှဆုံးသော “ဟိုက်ပါရေတံခွန်”💦
အရှေ့တောင်အာရှတွင် အလှဆုံးသော "ဟိုက်ပါရေတံခွန်"
March 4, 2024
Read More
ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မူရာ “လင်ကွမ်းကျောင်းတော်”
ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မူရာ "လင်ကွမ်းကျောင်းတော်"
August 6, 2024
Read More