ယိုးဒယားတို့၏ခမ်းနားလှခဲ့တဲ့မင်းနေပြည်တော် “အယုဒ္ဓယ”

အယုဒ္ဓယမြို့ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ခမ်းနားလှတဲ့ မင်းနေပြည်တော် မြို့တော်ဟောင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မိုင် ၅၀ ခန့်အကွာ၊ အောက်မဲနမ် ကျောက်ဖယားမြစ်ထဲမှာရှိတဲ့ ကျွန်းပေါ်မှာတည်ထောင်ထားတာဖြစ်ပါတယ်။ အယုဒ္ဓယမြို့ကို ခရစ်နှစ် ၁၃၅၀ ပြည့်နှစ်မှာ ပထမ ရာဇာဓိပတိဘွဲ့ခံ “ဗြအုထုံ” လို့အမည်ရတဲ့ ယိုးဒယားဘုရင်က စတင်တည်ထောင်ခဲ့ပြီး ခမ်းနားကြီးကျယ်တဲ့ မင်းနေပြည်တော် ဖြစ်လာခဲ့ပါတယ်။
အယုဒ္ဓယဟာ တိုင်းရေးပြည်ရေး အင်အားကောင်းလာခဲ့ပြီး ထိုင်းရှေးဦးမြို့ပြနိုင်ငံတော်တွေဖြစ်ကြတဲ့ သောက္ကတဲနဲ့ ပိဿလောက်လို နိုင်ငံတွေကိုသိမ်းယူနိုင်ခဲ့ကာ ကြီးမားတဲ့ မင်းနေပြည်တော်ကြီးအဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ကြီး ဘုန်းမီးနေလတောက်ပချိန်မှာ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စည်ပင်သာယာရေးကို အထူးအလေးပေးလုပ်ဆောင်ခဲ့ပါတယ်။ လူဦးရေ ၁ သန်းကျော်နေထိုင်ခဲ့ကြပြီး ကမ္ဘာပေါ်မှာ အင်အားကြီးတဲ့ ဂုဏ်ယူဖွယ်ရာမြို့ကြီးဖြစ်ခဲ့ပါတယ်။
အယုဒ္ဓယမြို့တော်ဟာ ကျွန်းပေါ်မှာတည်ဆောက်ထားတာဖြစ်တဲ့အလျောက် မြစ်ရေတက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကမ်းနားတစ်လျှောက်ရှိ အဆောက်အဦတွေကို ခြေတံရှည်တိုင်တွေနဲ့ဆောက်လုပ်ထားစေခဲ့ပါတယ်။ ကျောက်ဖယားမြစ်အတွင်းကနေ မြို့အတွင်းထိ မြို့ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ တူးမြောင်းတွေကို ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ပါတယ်။
ကမ်းနားတစ်လျှောက်နဲ့ တူးမြောင်းတွေကြားမှာ လှေအိမ်တွေ၊ ရေပေါ်ဈေးတွေနဲ့ အထူးစည်ကားပြီး မြို့တွင်းမှာလည်း လမ်းကြီး၊ လမ်းငယ်အသွယ်သွယ်ဖောက်လုပ်လို့ ကုန်းလမ်းကြောင်းနဲ့ လွယ်ကူစွာသွားလာနိုင်ကြပါတယ်။ အဲဒီခေတ်အခါက အယုဒ္ဓယဟာ ထိုင်းနိုင်ငံအတွက် ဆန်စပါးအများဆုံးထွက်ရှိရာ ဗဟိုတိုင်းဌာနေကြီးဖြစ်သလို ဆန်နဲ့ကျွန်းသစ်တွေထုတ်လုပ်ရောင်းချပြီး ငါးဖမ်းလုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။
အယုဒ္ဓယပြည်ထောင်ကြီးက သက္ကရာဇ် ၁၅၆၉ ခုနှစ်မှာ ပျက်သုဉ်းခြင်းကို စတင်ရောက်ရှိခဲ့ပါတယ်။ နှစ်ပေါင်း ၄၁၇ နှစ်တိုင်တိုင်မင်းဆက်များစွာ တည်တံ့စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အယုဒ္ဓယဟာ ယိုးဒယား – မြန်မာစစ်ပွဲမှာ မြန်မာတို့လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ တောင်ငူဘုရင် “တပင်ရွှေထီး” လက်ထက်ကနေ စတင်လို့ အယုဒ္ဓယနေပြည်တော်ကို တိုက်ခိုက်လာခဲ့ပြီး “ဘုရင့်နောင်မင်းတရား” လက်ထက်မှာ နှစ်ကြိမ်တိုင်တိုင် အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
ဒါပေမဲ့ “ဘုရင့်နောင်မင်းတရားကြီး” အယုဒ္ဓယနေပြည်တော်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က အပျက်အစီးအများအပြား မရှိခဲ့ပါဘူး။ ‘’အလောင်းမင်းတရားကြီး’’ လက်ထက်မှာ အယုဒ္ဓယကို ထပ်မံတိုက်ခိုက်ခဲ့ပြီး မကျန်းမမာဖြစ်လာလို့ တပ်ခေါက်ပြန်ရာက မုတ္တမကျေးကင်းရွာမှာ မင်းတရားကြီး ကံတော်ကုန်နတ်ရွာစံခဲ့ပါတယ်။ အလောင်းမင်းတရားကြီးရဲ့ သားတော်”ဆင်ဖြူရှင်မင်းတရား” လက်ထက်မှာလည်း အယုဒ္ဓယနိုင်ငံကြီးကို ဝန်းရံတိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်မှာ ဥမင်တွေတူးစေကာ အဲဒီဥမင်တွေအတွင်း လောင်စာအပြည့်သွင်းလို့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းစေပါတယ်။ မီးပြင်းတာကြောင့် မြို့ရိုးပြိုချိန်မှာ မြန်မာစစ်သည်ရဲမက်တွေက တစ်မြို့လုံးကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီနောက် အယုဒ္ဓယမြို့တော်ပျက်သုဉ်းသွားခဲ့ပြီး မြို့ပျက်ကြီးအဖြစ်ယိုးဒယားတို့ကထားရှိခဲ့ကာ မြို့သစ်ကို လက်ရှိဘန်ကောက်မြို့ကို ပြောင်းရွှေ့နန်းတည်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ကို မြန်မာတို့ တိုက်ခိုက်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ အပျက်အစီးတွေကြောင့် မြို့တော်ရဲ့တစ်ချိန်က တည်ရှိမှုကို ထင်ဟပ်အမှတ်ရစေပါတယ်။ တော်ဝင်နန်းတော်နဲ့ ချိတ်ဆက် ဆက်သွယ်ထားတဲ့ အဆောက်အအုံတွေ ပျက်စီးသွားပေမဲ့ ပြိုကျနေတဲ့ အနီရောင်နံရံတွေတစ်လျှောက် လှည့်လည်ကြည့်ရှုနိုင်ပြီး တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့အရာတွေကို အံ့အားသင့်စေနိုင်ပါတယ်။ အယုဒ္ဓယမြို့တော်ဟောင်းကို ၁၉၉၁ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းထည့်သွင်းခဲ့ပါတယ်။
=============================================
“ဆုငွေများစွာ ကံထူးဖို့ မေးခွန်းလေးတွေ ဖြေကြစို့” မှာ လစဥ်ဝင်ရောက်ဖြေဆိုပေးသွားတဲ့ ပရိသတ်ကြီးများထဲက ကံထူးသူ (၁၀) ဦးကို ရွေးချယ်ပြီး ‘ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်’ ချီးမြှင့်သွားမှာဖြစ်လို့ အောက်မှ လင့်ခ် ကနေတစ်ဆင့်ဝင်ရောက်ပြီး မေးခွန်းလေးများကို ဝင်ရောက် ဖြေဆိုပေးပါဦးနော် ….
မေးခွန်းလေးတွေ ဖြေဆိုပြီး ယခု ပို့စ်လေးကို Like & Share လုပ်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ …

 

More Interesting Blogs from Zlann