မြန်မာနိုင်ငံမှာရှိပြီး သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်းတစ်ခုအဖြစ်နဲ့ ဘာသာဝင်တွေကြားမှာ ထင်ရှား လူသိများတဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းကို ၁၈၆၀ ပြည့်နှစ်က ဦးကူးမူးဆာမိဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမား ကြီးကနေ အိပ်မက်အရ တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ယခင်က ဒီနေရာဟာ ပင်လယ်ကမ်းစပ်တစ်ခုဖြစ်တာကြောင့် ပင်လယ်ကပ်လို့ခေါ်ဆိုခဲ့ကြရာမှ ပီလခတ်ရယ်လို့ ပြောင်းလဲအမည်တွင် လာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှာ တစ်ချိန်က တမီလ်လူမျိုးတွေ လာရောက်အခြေချနေထိုင်ကြရင်း လယ်ယာစိုက်ပျိုးရေးလုပ်ဖို့အတွက် အပင်ရိုင်းတွေကို ရှင်းလင်း ခုတ်ထွင်ကြပါတယ်။ အဲဒီအခါမှာ ခေါင်းဆောင်ဖြစ်သူ ဦးကူးမူးဆာမိကို ညောင်ပင်ကိုတွေ့အောင်ရှာပါ။ အဲဒီညောင်ပင်ထဲမှာ မြွေတစ်ကောင်ကို တွေ့ရလိမ့်မယ်။ အဲဒီလိုတွေ့ခဲ့ရင် ကျောင်းဆောက်လုပ်လှူဒါန်းပါလို့ ထူးဆန်းတဲ့အိပ်မက် လာပေးခဲ့တာကြောင့် ညောင်ပင်တည်ရှိရာနေရာမှာ ‘စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနိ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း’ (Sri Angala Eswari and Muneeswarar Temple) ကို ဆောက်လုပ် ပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
ဟိန္ဒူနတ်ဘုရား မဟာမူနိ(စ်)ဝါရရ် ကို ကိုးကွယ်ယုံကြည်ခဲ့တာဖြစ်ပြီး ဦးကူးမူးဆာမိရဲ့ မိဘတွေက တမီလ်နာဒူးမြောက်ပိုင်းကနေ လာခဲ့ကြတာဖြစ်နိုင်ပါတယ်။ သီရိလင်္ကာ ဘက်မှာ အလားတူဘုရားကျောင်းတွေ အများကြီးရှိတာကိုတွေ့ရတာကြောင့်ဖြစ်ပါတယ်။ ဓနိမိုးကျောင်းဆောင်ကနေ ၂၀၀၃ ခုနှစ်မှာ အုတ်နဲ့ပြန်လည် မွမ်းမံတည်ဆောက်မှုပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ထီးတင်ပွဲလုပ်ခဲ့တဲ့ ပထမဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ရောက်ရှိလာတဲ့ ပုဏ္ဏားတစ်ရာကျော်တို့က ၄၅ ရက်တိုင်တိုင် ရွတ်ဖတ်သန့်စင်ပြီးတော့မှ ထီးတင်ခြင်းကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထီးတင်ပွဲကို လူပေါင်း ၁၀ သိန်းကျော်ခန့် လာရောက်ခဲ့ကြကြောင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပီလခတ်ဟိန္ဒူဘုရားကျောင်းက ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးတဲ့အတွက်ကြောင့်လည်း ဟိန္ဒူဘာသာဝင် တွေသာမက အခြားဘာသာဝင်တွေပါ လာရောက်ဆုတောင်း အဓိဋ္ဌာန် ပြုကြတာကို တွေ့ရပါတယ်။ အိန္ဒိယ၊ မလေးရှားနဲ့ အာရှနိုင်ငံက ယုံကြည်သက်ဝင်သူတွေလည်း ပီလခတ်ဟိန္ဒူဘုရားကျောင်းကို မရောက်ရောက်အောင် လာကြပြီး မိမိတို့အခက်အခဲရှိတာကို အဓိဋ္ဌာန် ပြုဆုတောင်းကြသလို တစ်ချို့ကလည်း သားဆုပန်တာ ပြည့်တယ် လို့ဆိုကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစရှိတာတွေကို တိုင်တည်ဆုတောင်းလေ့ရှိကြတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ သတိထားမိတာက တခြားဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရလေ့မရှိတဲ့ အမှုတိုင်တန်း ခြင်းပြုနိုင်တာပဲဖြစ်ပါတယ်။ တရားရုံးမှာ အမှုဖွင့်သလိုမျိုး ဘုရားကျောင်းတာဝန်ရှိသူတွေကနေ ရက်ချိန်းတစ်ခု ပြန်ပေးလိမ့်မယ်။ ပစ္စည်းပျောက်တာ၊ ငွေကြေးလိမ်လည်ခံရတာ၊ ပြုစားခံရတာတွေကို လာရောက်အမှုဖွင့် တိုင်တန်းနိုင်ပြီး အဲဒီအတွက်အလှူငွေ ပူဇော်ဆက်သပေးရပါတယ်။ ကန်တော့ပွဲကပ်မယ်ဆိုရင်တော့ ဟိန္ဒူ ဘုန်းကြီးတွေက ဆောင်ရွက်ပေးပါလိမ့်မယ်။ ကန်တော့ပွဲကပ်တဲ့အခါမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်း၊ သံပုရာသီး၊ အမှုန့်ထုပ်တစ်ထုပ်နဲ့ အမွှေးတိုင်တို့ ပါဝင်ရပါမယ်။ အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့ကို အမှုတိုင်တန်းလို့ရတဲ့ ရက်အဖြစ်သတ်မှတ်ပေးထားတာကြောင့် လာရောက်သူတွေနဲ့ အထူးစည်ကားလျက်ရှိပါတယ်။
ယုံကြည်ကိုးကွယ်သူတွေအတွက် အားထားရာဖြစ်တာကြောင့် မိမိရဲ့ယုံကြည်သက်ဝင်မှုနဲ့သွားရောက်ကိုးကွယ် ပူဇော်နိုင်သလို ဒီအယူအဆတွေနဲ့ပတ်သက်လို့ ယုံကြည်ခြင်းမရှိတဲ့သူတွေအနေနဲ့လည်း ပြစ်တင်ပြောဆိုတာတွေ မလုပ်မိဖို့ သတိပေးပြောကြားလိုပါတယ်။ ဆုတောင်းတဲ့အတိုင်း ပြည့်ဝခဲ့ရင် ကတိကဝတ်ပြုထားခဲ့သလို မမေ့ မလျော့လှူဒါန်းမှုတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကတိပေးထားပြီး မေ့နေခဲ့တယ်ဆိုရင်တော့ ဘုရားရဲ့အပြစ် ပေးခြင်းကိုခံရလေ့ရှိတယ်လို့ ဆိုကြပါတယ်။
ကျန်းမာရေးအတွက် လာရောက်ဆုတောင်းကြတဲ့သူ ပိုများတာကိုတွေ့ရပြီး ဆုတောင်းသူတွေဟာ ခန္ဓာကိုယ်နဲ့ မီးပူဇော်ကြတာဖြစ်ပါတယ်။ ဆုတောင်းမယ့်သူက ပက်လက်အနေအထားနဲ့ လက်အုပ်ချီထားရပါတယ်။ တမာရွက် တစ်စည်းကို လက်အုပ်ချီလျက် ကိုင်ဆောင်ထားရမှာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ငှက်ပျောရွက်ခင်းကာ ပန်းတစ်ချို့နဲ့ ဆီမီးခွက်ထွန်းညှိ ပူဇော်တာမျိုးဖြစ်ပါတယ်။ သားဆုပန်တဲ့ဆုတောင်းသူတွေကလည်း ပွဲတော်နေ့ရောက်တဲ့အခါ ရရှိလာတဲ့ မိမိတို့ရဲ့ရင်သွေးကို အဖေနဲ့အမေက ကြံပုခက်နဲ့ထမ်းခေါ်လာပြီး ဘုရားရှေ့မှာလာရောက်ပြသကြရပါတယ်။
ဘုရားပွဲကို နှစ်စဥ် မတ်လမှာ ကျင်းပပြုလုပ်လေ့ရှိပြီး အဓိဋ္ဌာန် အောင်မြင်ခဲ့တဲ့သူတွေက မိမိတို့ရဲ့ခန္ဓာကိုယ်မှာ အပ်စိုက်ပြီး မယ်တော်နဲ့ သားတော်ကို ပူဇော်တဲ့အလေ့အထတွေကြောင့် ပွဲတော်ကို ပိုပြီးအသက်ဝင်စေပါတယ်။ ဘုရားပွဲတော်အတွင်း မီးနင်းပွဲမှာ လာရောက်ပြီးမီးနင်းကြသူတွေကတော့ ၁၀ ရက်တိုင်တိုင် ဥပုသ်သီလယူကာ သားသတ်လွတ်စားပြီးတော့မှ မီးနင်းရခြင်းဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေရပြီး အရက်သေစာသောက်စားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကို လုံးဝမပြုလုပ်ရပါဘူး။ ဖိနပ်စီးတာကိုလည်း တားမြစ်ထားပါတယ်။ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ မီးနင်းပွဲမှာ ယောက်ျား ၊ မိန်းမ ပါဝင်ဆင်နွှဲနေကြတာကို တွေ့ရပါတယ်။
ပီလခတ်ဟိန္ဒူဘုရားကျောင်းမှာ သားတော်ကျောင်း (ဆုတောင်းပြည့် စရီမဟာမူနိ(စ်)ဝရရ် ဘုရား)၊ မယ်တော်ကျောင်း (ဆုတောင်းပြည့် စရီအန်ဂါလဲ အီ(စ်)ဝရီ)၊ ကွင်းပိုင်ကြီးကျောင်း (ပူကျီအယား) ဆိုပြီးတော့ ကျောင်းဆောင်အသီးသီးဆောက်လုပ်ကာ ကိုးကွယ်ပူဇော်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက ပညာရှင်တွေရဲ့ ပန်းချီပန်းပုလက်ရာ အမြောက်အမြားကို ဘုရားကျောင်းနံရံတွေပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ သားတော်ကျောင်း ဘေးမှာရှိတဲ့ ရေကန်ကြီးကတော့ ဘုရားကျောင်းတည်စဥ်အချိန်က အိန္ဒိယနိုင်ငံသားတွေ တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ပီလခတ်ဟိန္ဒူဘုရားကျောင်းအတွင်းဘက်မှာလည်း အိန္ဒိယနိုင်ငံရဲ့ အနုပညာလက်ရာတွေကို လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အချို့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ အိန္ဒိယနိုင်ငံကနေ သင်္ဘောနဲ့တိုက်ရိုက်မှာယူကာ ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ သားတော်ဘုရားကျောင်းနဲ့ မလှမ်းမကမ်း မှာတော့ ကွင်းပိုင်ကြီးကျောင်းရှိပြီး ဘုရားကျောင်းစတင်ထူထောင်စဥ်ကာလကတည်းက ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ ကွင်းပိုင်ကြီး သေဆုံးသွားတဲ့အခါမှာ သူ့အတွက်ရည်ရွယ်ပြီး ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ပီလခတ်ဟိန္ဒူဘုရားကျောင်းကို ရောက်လာသမျှဘုရားဖူးအားလုံး ငှက်ပျောဖက်နဲ့သားသတ်လွတ်ထမင်းကို စားကြရမှာဖြစ်ပါတယ်။ ဘုရားကျောင်းပိုင် လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ ဆန်စပါးတွေကို အကျိုးစီးပွားအတွက် ရောင်းချခြင်းမပြုဘဲ ဘုရားဖူးလာရောက်တဲ့လူတွေကို နေ့စဥ်ချက်ပြုတ်ကျွေးမွေးကာ အလှူအတန်းပြုလျက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ပီလခတ်ကိုလာရောက်ခိုလှုံကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ခဲ့ရာကနေ ထမင်းကျွေးတဲ့ အစဥ်အလာတစ်ခု စတင်ခဲ့တာ ဖြစ်တယ်လို့ ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။အရောင်အသွေးစုံလင်တဲ့ ရုပ်တုတွေနဲ့ ဟိန္ဒူဘုရားကျောင်းထဲက ဟိန္ဒူဘာသာအကြောင်း လေ့လာသိရှိနိုင်ဖို့ အတွက် ကျောက်တန်းမြို့ကနေ မိနစ် ၂၀ လောက်သာ သွားရတဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းကို သွားရောက် လည်ပတ်ဖို့ လမ်းညွှန်လိုက်ပါရစေ။