ယွမ်မင်းဆက်ရဲ့နောက်ဆုံးဧကရာဇ်ဖြစ်သူ Hui Zong (ခေါ်) Toghon Temür

“သိပြီးပြီလား” ကဏ္ဍကနေ ဒီတစ်ခေါက်တင်ဆက်ပေးသွားချင်တဲ့ ပုဂ္ဂိုလ်ရဲ့ဘ၀ဇာတ်ကြောင်းဟာ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရလောက်အောင်ကို ဘ၀အနိမ့်အမြင့်တွေ၊ စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ ပြည့်နှက်လို့နေပြီး သူ့အကြောင်းကို ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်းရှိပါတယ်။ အဲဒီသူကတော့ တရုတ်နိုင်ငံ၊ ယွမ်မင်းဆက်ရဲ့ နန်းသက်အရှည်ဆုံး ဧကရာဇ်ဖြစ်သူ Hui Zong (ဟွေ့ကျုံ) ပဲဖြစ်ပါတယ်။ 💁✨

သူဟာ ယွမ်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်သလို မွန်ဂိုအင်ပါယာရဲ့ နောက်ဆုံးမင်းအဖြစ်နဲ့ သတ်မှတ်ခံထားရသူဖြစ်ပြီး ယွမ်ခေတ်ရဲ့ ဧကရာဇ် Shun အဖြစ်လည်း လူသိများထင်ရှားသူဖြစ်ပါတယ်။ နယ်နှင်ဒဏ်ပေးခံထားရတဲ့ မင်းသားတစ်ပါးအဖြစ်မှ တရုတ်အင်ပါယာတစ်ခုလုံးကို စိုးစံအုပ်ချုပ်ရတဲ့ ဘုရင်တစ်ပါးအဖြစ်ကို ရောက်ရှိခဲ့တဲ့ ဧကရာဇ် Hui Zong ရဲ့ ဘ၀ဇာတ်ကြောင်းက ဘယ်လောက်အထိ စိတ်ဝင်စားဖို့ကောင်းနေမလဲဆိုတာကိုတော့ ဇာတ်လမ်း Z-Lann နဲ့အတူတူ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။ 🥰

ဧကရာဇ် Hui Zong ရဲ့ နာမည်အရင်းက Toghon Temür ဖြစ်ပြီး သူ့ကို ခရစ်နှစ် ၁၃၂၀ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဧကရာဇ် Hui Zong (ခေါ်) Toghon Temür ရဲ့ ခမည်းတော်ဖြစ်သူကတော့ ယွမ်ဧကရာဇ် Ming Zong (မင်ကျုံ) လို့လူသိများတဲ့ Kuśala ဖြစ်ပြီး မယ်တော်ကတော့ Karluks မျိုးနွယ်စုရဲ့ အကြီးအကဲမျိုးရိုး Arslan Khan မှဆင်းသက်လာတဲ့ Mailaiti ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်ဒဏ္ဍာရီတချို့မှာတော့ တောင်ဘက်စုန့်မင်းဆက်ရဲ့ ဧကရာဇ်ကုန်း (ကျောက်ရှန်း) နဲ့ ယွမ်မိဖုရား Mailaiti တို့ကြားမှာ အရှုပ်အရှင်းတွေရှိတာကြောင့် Toghon Temür က ဧကရာဇ်ကုန်းနဲ့ ယွမ်မိဖုရား Mailaiti တို့မှ မွေးဖွားလာတဲ့ ကလေးဖြစ်တယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

Toghon Temür ဟာ ယွမ်မင်းဆက်ရဲ့ ဧကရာဇ်တစ်ပါးအဖြစ် အုပ်ချုပ်စဉ်အချိန်အတွင်းမှာဆိုရင် သူ့ရဲ့ အင်ပါယာကို ပိုမိုကြီးပွားတိုးတက်စေဖို့ အကြံအစည်တွေကြီးမားခဲ့ပြီး ရည်မှန်းချက်လည်း မြင့်မားတဲ့ဘုရင်တစ်ပါးဖြစ်ခဲ့ပါတယ်။ သူ အုပ်စိုးတဲ့ နောက်ဆုံးနှစ်တွေမှာ ယွမ်မင်းဆက်က Red Turban တွေရဲ့ ပုန်ကန်မှုကြောင့်ဖြုတ်ချခံလိုက်ရပြီး အဲဒီနောက်ပိုင်းမှာတော့ မင်မင်းဆက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ယွမ်တရားရုံးကတော့ တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ မွန်ဂိုလီးယားကုန်းပြင်မြင့်တို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်နေခဲ့ပြီး ဒါကြောင့်လည်း အဲဒီလိုကျန်ရှိနေခဲ့တဲ့ ယွမ်အစိုးရကို ‘မြောက်ဘက်ယွမ်’ အဖြစ် သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားခဲ့ကြပါတယ်။

Toghon Temür ရဲ့ ထီးနန်းမစိုးစံခင်အချိန်တုန်းက အကြောင်းအရာတွေကိုဖော်ပြရမယ်ဆိုရင်တော့ ခရစ်နှစ် ၁၃၂၈ ခုနှစ်မှာ ဧကရာဇ် Tai Ding (ထိုက်ဒင်) သေဆုံးပြီးနောက် War of the Two Capitals (မြို့တော်နှစ်ခုစစ်ပွဲ) လို့ လူသိများတဲ့ ပြည်တွင်းစစ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ Toghon Temür ကလည်း ငယ်စဉ်အရွယ်ကတည်းက ထီးနန်းအငြင်းပွားမှုတွေကြောင့် Guilin မြို့ဆီကို နယ်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ အဲဒီအချိန်အတွင်းမှာ Toghon Temür က ကွန်ဖြူးရှပ်ဝါဒနဲ့ တခြားသော တရုတ်ရိုးရာယဉ်ကျေးမှုအကြောင်းအရာတွေကိုပါ သင်ယူလေ့လာခဲ့ပါတယ်။ Toghon Temür တစ်ယောက် မြို့တော်နဲ့အဝေးကို ရောက်ရှိနေတဲ့အတွင်းမှာလည်း မြို့တော်မှာ ထီးနန်းရေးရာကိစ္စတွေက ရှုပ်ထွေးမှုတွေဖြစ်လို့နေပါပြီ။

ဧကရာဇ် Tai Ding နတ်ရွာစံပြီးနောက်ပိုင်းမှာ ၇ နှစ်အရွယ်သာရှိသေးတဲ့ သားတော် Tain Shun က ထီးနန်းဆက်ခံခဲ့ပေမဲ့လည်း နန်းသက်အားဖြင့် ရက်ပိုင်းအကြာမှာတင် နတ်ရွာစံခဲ့ပြန်ပါတယ်။ ဒီအခါမှာ ဧကရာဇ် Wen Zong (ဝမ်ကျုံ) လို့အသိများတဲ့ Jayaatu Khan က ထီးနန်းရရှိခဲ့ပြီး သူကတော့ Toghon Temür ရဲ့ ဖခင်ဖြစ်သူ ဧကရာဇ် Ming Zong (မင်ကျုံ) နဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်စပ်သူဖြစ်ပါတယ်။ ဒါပေမဲ့ ဧကရာဇ် Wen Zong နန်းစံပြီး နှစ်အနည်းငယ်အတွင်းမှာတင် Toghon Temür ရဲ့ ဖခင်က ဧကရာဇ် Ming Zong အဖြစ် ထီးနန်းကိုသိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ အချိန်အားဖြင့် နှစ်အနည်းငယ်အကြာမှာ ညီဖြစ်သူ Jayaatu Khan က ထီးနန်းကို တစ်ဖန်ပြန်လည်သိမ်းယူခဲ့ပြီး အဲဒီအချိန်မှာတော့ Toghon Temür က တရားရုံးမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ လက်ရှိ ကိုရီးယားနိုင်ငံဖြစ်တဲ့ ဂိုဂူလျောဆီကို ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး အဲဒီနောက်မှသာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးပြည်နယ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Toghon Temür ရဲ့ ဖခင်ဆီကနေ ထီးနန်းကိုပြန်လည်သိမ်းပိုက်ထားတဲ့ ဧကရာဇ် Wen Zong (ဝမ်ကျုံ) ဟာ ခရစ်နှစ် ၁၃၃၂ ခုနှစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး သူ ဆုံးပါးသွားချိန်မှာတော့ သူ့ရဲ့ မိဖုရား Budashiri က မယ်တော်ကြီးအရာကို ရောက်ရှိလာခဲ့ပါတယ်။ ဧကရာဇ် Wen Zong က သူ မကွယ်လွန်ခင်အချိန်မှာ သူ့ရဲ့ ထီးနန်းကို သားဖြစ်သူ El Tegüs ကို မအပ်နှင်းလိုဘဲ အစ်ကိုဖြစ်သူ ဧကရာဇ် Ming Zong ရဲ့ သားတော်တစ်ပါးပါးကိုသာ အရိုက်အရာခံစေလိုခဲ့ပါတယ်။ ဧကရာဇ် Wen Zong ရဲ့ ဒီလိုမျိုးသဘောဆန္ဒကိုလည်း ဇနီးသည် Budashiri က လေးစားလိုက်နာခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းနန်းတင်တဲ့အခါမှာတော့ Toghon Temür ကို ထီးနန်းမပေးဘဲ အသက်ငယ်လွန်းတဲ့ မင်းသားလေး Rinchinbal Khan ကိုသာ ဧကရာဇ် Ningzong (နင်ကျုံ) အဖြစ် နန်းတင်ခဲ့ပါတယ်။ ဧကရာဇ် Ningzong ဟာလည်း သူ့ရှေ့က ခမည်းတော်နဲ့ ဦးလေးနည်းတူ ထီးနန်းစည်းစိမ်ကို အချိန်ကြာမြင့်စွာမခံစားလိုက်ရဘဲ နန်းသက် ၂ လအကြာမှာတင် ကွယ်လွန်သွားခဲ့ရှာပါတယ်။
ဧကရာဇ် Ningzong လေး ကွယ်လွန်ပြီးချိန်မှာ အဲဒီခေတ်အချိန်အခါတုန်းက နန်းတွင်းမှာ ဩဇာအာဏာကြီးမားခဲ့တဲ့ အမတ်ကြီး El Temür က ဧကရာဇ် Wen Zong ရဲ့ သားတော် El Tegüs ကို နန်းတင်ဖို့တစ်ဖန်ကြိုးပမ်းခဲ့ပေမဲ့လည်း မယ်တော်ကြီး Budashiri က တားဆီးခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ လစ်ဟာနေတဲ့ ထီးနန်းအရိုက်အရာကိုဆက်ခံဖို့အတွက် ကွမ်ရှီးပြည်နယ်ကိုရောက်ရှိနေတဲ့ Toghon Temür ကို ရွှေမြို့တော်ဆီ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ရုပ်သေးဘုရင်အဖြစ်နဲ့ ထီးနန်းဆက်ခံစေခဲ့ပါတယ်။ ဒါကြောင့်လည်း ထီးနန်းရေးရာကိစ္စနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်နေခဲ့သူတွေက အမတ်ကြီး El Temür နဲ့ မယ်တော်ကြီး Budashiri တို့ဖြစ်ကြတယ်ဆိုတာကို သုံးသပ်နိုင်ပါတယ်။

ငယ်စဉ်အရွယ်ကတည်းက တိုင်းပြည်နဲ့အဝေးမှာ နေထိုင်ရှင်သန်ခဲ့ရတဲ့ Toghon Temür ဟာ ဘုရင်အဖြစ် ထီးနန်းဆက်ခံဖို့ ရွေးချယ်ခံရချိန်မှာဆိုရင် အသက် ၁၃ နှစ်အရွယ်သာရှိသေးတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပါးနပ်လှတာကြောင့် ဖခင်ဖြစ်သူ ဧကရာဇ် Ming Zong (မင်ကျုံ) ကွယ်လွန်မှုနဲ့ပတ်သက်ပြီး သံသယတွေရှိနေခဲ့ပါတယ်။ အမတ်ကြီး El Temür ကလည်း Toghon Temür က နန်းတင်ပေးခဲ့တဲ့ သူ့ကို ပြန်လည်ပုန်ကန်မှာကိုကြောက်လန့်နေခဲ့တာကြောင့် ထီးနန်းတင်ဖို့ကို အကြောင်းအမျိုးမျိုးပြကာ ရွှေ့ဆိုင်းနေခဲ့တာပါတယ်။ ဒါကြောင့် အမတ်ကြီး El Temür ကွယ်လွန်သွားတဲ့ ခရစ်နှစ် ၁၃၃၃ ခုနှစ်မှသာလျှင် Toghon Temür က ထီးနန်းဆက်ခံခွင့်ရခဲ့ပြီး တချို့တွေကတော့ El Temür ကွယ်လွန်ခြင်းဟာ Toghon Temür ရဲ့ ပါဝင်ပတ်သက်မှုမကင်းနိုင်ဘူးလို့ ဆိုထားကြပါတယ်။

Toghon Temür အကြောင်းကိုဖော်ပြရတဲ့အခါမှာဆိုရင် သူ့ရဲ့ အချစ်ဆုံးမိဖုရားတစ်ပါးဖြစ်တဲ့ ကိုရီးယားလူမျိုး ကြင်ယာတော်ကီ (Lady Ki) နဲ့ အကြောင်းကိုလည်း မဖြစ်မနေထည့်သွင်းဖော်ပြရမှာပါ။ ၁၃၃၃ ခုနှစ်မှာ ကြင်ယာတော်ကီ က ယွမ်နိုင်ငံကို ကိုယ်လုပ်တော်အဖြစ် စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ၁၃၂၀ ခုနှစ်နောက်ပိုင်းတွေမှာ လူအခွန်ဆက်သမှုအနေနဲ့ ဂိုဂူလျောဘုရင်တွေက ယွမ်နိုင်ငံဆီ လှပတဲ့အမျိုးသမီးငယ်လေးတွေကို ကိုယ်လုပ်တော်အဖြစ်ဆက်သလာခဲ့ကြပါတယ်။ ဒါကြောင့် ကြင်ယာတော်ကီ ကလည်း ဒီလိုမျိုးနည်းလမ်းနဲ့ ယွမ်နိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ဧကရာဇ် Hui Zong အဖြစ် ထီးနန်းဆက်ခံပြီးချိန်မှာတော့ Toghon Temür က သူနဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်တဲ့ El Tegüs ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခဲ့ပေမဲ့လည်း တစ်ချိန်က နန်းတော်အတွင်း ဩဇာကြီးမားခဲ့တဲ့ အမတ်ကြီး El Temür က ကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့် El Tegüs ခမျာ မလှုပ်သာမဝံ့သာအနေအထားနဲ့သာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Toghon Temür ဟာ El Temür ဆုံးပါးပြီးနောက်မှာတော့ တိုင်းပြည်တစ်ဝန်းမှ စစ်သူကြီးအပေါင်းတို့ရဲ့ ထိန်းချုပ်ဖိအားပေးမှုတွေကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီလို စစ်သူကြီးတွေထဲကတစ်ဦးဖြစ်တဲ့ Bayan ကလည်း El Temür လိုမျိုး နန်းတော်အတွင်းမှာ အင်အားကြီးမားသူတစ်ယောက်ဖြစ်လာခဲ့ပြီး အတွင်းဝန်ရုံးရဲ့ ဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် El Temür ရဲ့သားဖြစ်သူ Tang Ki Se ရဲ့ ပုန်ကန်မှုအပါအဝင် တခြားအရေးကိစ္စများစွာကိုလည်း ရှင်းလင်းသုတ်မှုတွေများစွာပြုလုပ်ခဲ့ပြီး နန်းတွင်းဝင်ခွင့်စာမေးပွဲစနစ်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

El Temür မကွယ်လွန်ခင်အချိန်တုန်းက ဖိအားပေးမှုတွေကြောင့် El Temür ရဲ့ သမီးဖြစ်သူ Danashiri ကို မိဖုရားအရာမြှောက်ထားရတဲ့ Toghon Temür ဟာ သူ တကယ်ချစ်မြတ်နိုးရတဲ့ ကြင်ယာတော်ကီ ဒုတိယအဆင့်မိဖုရားအရာကို မြှောက်တင်ဖို့ကြိုးစားချိန်မှာလည်း Bayan ဟာ ဆန့်ကျင်ခဲ့ပါသေးတယ်။ ဆန့်ကျင်ရတဲ့အကြောင်းအရင်းကတော့ လူမျိုးခြား အမျိုးသမီးတစ်ယောက်ကို အခုလိုမျိူး ရာထူးအဆင့်အတန်းတိုးမြှင့်ပေးခြင်းက မွန်ဂိုလူမျိုးတွေရဲ့ သမရိုးကျမယားယူခြင်းစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။ ၁၃၃၉ ခုနှစ်အရောက်မှာတော့ ကြင်ယာတော်ကီက Toghon Temür အတွက် သားတော်လေးတစ်ပါးကို မွေးဖွားပေးခဲ့ပါတယ်။ Toghon Temür ကလည်း သူ့ရဲ့ ထီးနန်းကိုဆက်ခံခွင့်ရမဲ့သူက ကြင်ယာတော်ကီမှ မွေးဖွားတဲ့သားတော်သာ ဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ကာ ၁၃၄၀ ခုနှစ်မှာတော့ ကြင်ယာတော်ကီကို ဒုတိယအဆင့်မိဖုရားအဖြစ် ချီးမြှောက်နိုင်ခဲ့ပါတယ်။

ထီးနန်းစိုးစံတဲ့နှစ်ကာလကြာမြင့်လာတာနဲ့အမျှ Toghon Temür ကလည်း ရင့်ကျက်သထက်ပိုမိုရင့်ကျက်လာခဲ့ပြီး Bayan ရဲ့ စွပ်ဖက်မှုတွေ၊ သက်ဦးစံပိုင်စနစ်တွေအပေါ်မှာ မနှစ်မြို့မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာတော့ ဖြောင့်မတ်မှန်ကန်သူ၊ လက်ရုံးရည်နဲ့ နှလုံးရည်ပြည့်၀သူ၊ တရားမျှတမှုရှိသူတစ်ယောက်အဖြစ် သမိုင်းစာမျက်နှာတွေမှာ ဖော်ပြခံထားရတဲ့ Toqto’a ဆိုသူနဲ့ မဟာမိတ်သဖွယ် ပူးပေါင်းလက်တွဲခဲ့ပြီး Toqto’a ဆိုတာက Bayan ရဲ့ တူအဖြစ် တော်စပ်သူဖြစ်ပါတယ်။ Toghon Temür က Bayan ကို နန်းတွင်းမှ ဖယ်ရှားနှင်ထုတ်နိုင်ဖို့အတွက် Toqto’a နဲ့ ကြိမ်ဖန်များစွာ အစီအစဉ်တွေပြုလုပ်ပြီး အခွင့်ကောင်းကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၃၄၀ ခုနှစ်အတွင်းမှာပဲ Bayan ကို နှင်ထုတ်နိုင်ခဲ့သလို အိမ်ရှေ့စံအဖြစ်ခန့်အပ်ခံထားရတဲ့ El Tegüs နဲ့ မယ်တော်ကြီး Budashiri တို့ကိုလည်း ခုံရုံးကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Toghon Temür ဟာ ဘုရင်တစ်ပါးမှာရှိသင့်ရှိထိုက်တဲ့ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ခဲ့ပြီး Toqto’a ကိုလည်း အတွင်းဝန်ရုံးရဲ့ ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရတဲ့အချိန်မှာဆိုရင် Toghon Temür ရဲ့ အသက်ဟာ ၂၀ အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။

ငယ်ရွယ်တဲ့ ရှင်ဘုရင်လေးနဲ့ လူငယ်အရွယ်သာရှိသေးတဲ့ အမတ်ကြီးတို့ဟာ အကောင်းဆုံးတူယှဉ်တွဲပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြကာ Bayan ဖယ်ရှားခဲ့တဲ့ နန်းတွင်းဝင်ခွင့်စာမေးပွဲကိုလည်း ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ ဒါ့အပြင် အရည်အချင်းပြည့်၀တဲ့ အရာရှိတွေကိုရွေးထုတ်ခန့်အပ်ခြင်း၊ အခွန်လျှော့ချခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးခြင်း၊ တရုတ်ရိုးရာအခမ်းအနားအချို့ကို ပြန်လည်အသက်သွင်းခြင်းနဲ့ ကျန်းမာရေးအထောက်အပံ့များပေးခြင်းတို့ကို လက်တွဲညီညီဆောင်ရွက်ခဲ့တာကြောင့် နှစ်အနည်းငယ် အတွင်းမှာတင် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာခဲ့ပါတယ်။

ခရစ်နှစ် ၁၃၄၄ ခုနှစ်မှာတော့ Toqto’a ဟာ Toghon Temür ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ ပထမဆုံးအုပ်ချုပ်ရေးကာလကို အပြီးသတ်ကာ ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၃၄၉ ခုနှစ်မှာတော့ Toghon Temür က သူ ယုံကြည်အားထားရတဲ့ အမတ်ကြီး Toqto’a ကို‌ ပြန်လည်ဆင့်ခေါ်ယူစေခဲ့ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာတော့ အစိုးရအရာရှိပိုင်းတွေရဲ့ ဆားလက်ဝါးကြီးအုပ်မှုကို မခံစားနိုင်တဲ့ တရားမဝင်ဆားကုန်သည်တွေဟာ ၁၃၄၈ ခုနှစ်ပိုင်းမှာ ပုန်ကန်မှုပြုလာခဲ့ကြပြီး လအနည်းငယ်အကြာမှာတော့ အင်ယာပါတစ်ဝန်းလုံးမှာ ဆူပူပုန်ကန်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီလိုပုန်ကန်မှုတွေထဲကမှ ၁၃၅၁ ခုနှစ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ Red Turban တွေရဲ့ ပုန်ကန်မှုက အဆိုးဝါးဆုံးဖြစ်ခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ မငြိမ်မသက်ဖြစ်လာခဲ့ရပါတော့တယ်။

၁၃၅၄ ခုနှစ်မှာတော့ Toqto’a ဟာ Red Turban တွေကို ချေမှုန်းဖို့အတွက် အင်အားကြီးမားတဲ့ စစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ရှေ့မင်းအဆက်ဆက်တို့ရဲ့ ဖြစ်အင်တွေကို ရင်ဆိုင်ကြုံတွေ့ထားရတဲ့ Toghon Temür က Toqto’a ဟာ သူ့ကို သစ္စာဖောက်မှာစိုးရွံ့တာကြောင့် အဆိုပါစစ်တပ်ကြီးကိုဖယ်ရှားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီအခါမှာ မြို့တော်အစိုးရရဲ့ အင်အားကလည်း နည်းပါးသွားခဲ့ပြီး Red Turban တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြည်နယ်အသီးသီးက တပ်ဖွဲ့တွေကို အားကိုးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိခဲ့ပါဘူး။ Red Turban တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ၁၃၅၁ ခုနှစ်ကနေ ၁၃၆၈ ခုနှစ်အထိ ရှည်ကြာခဲ့ပြီး နောက်ဆုံးမှာတော့ ယွမ်မင်းဆက်ဟာ ပြိုလဲခဲ့ပါတော့တယ်။

ဒါပေမဲ့ အထက်မှာဖော်ပြထားခဲ့သလို Toghon Temür ရဲ့ အုပ်ချုပ်မှုအောက်က ယွမ်တရားရုံးက အဲဒီအချိန်မှာ တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ မွန်ဂိုလီးယားကုန်းပြင်မြင့်တို့ကို ဆက်လက်ထိန်းချုပ်ထားဆဲပါ။ ဒါ့အပြင် Toghon Temür ကလည်း တရုတ်ရိုးရာနက္ခတ်ဗေဒနဲ့ ကံကြမ္မာဟောစာတမ်းတို့ကို သက်ဝင်ယုံကြည်သူဖြစ်တာကြောင့် တိုင်းပြည်ရေးရာနဲ့ပတ်သက်လို့ အခက်တွေ့တဲ့အခါမျိုးတွေမှာ ဗေဒင်၊ နက္ခတ်ကို ကြည့်ရှု့လေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း သူ့ရဲ့သက်ဝင်ယုံကြည်မှုအရ နက္ခတ်ဖတ်ကြည့်လိုက်ချိန်မှာတော့ သူဟာ Red Turban တွေနဲ့တိုက်ပွဲကို အနိုင်မရရှိနိုင်ဘူးဆိုတာကို လက်ခံသွားခဲ့ပြီး သူ့ရဲ့ မိသားစုနဲ့ တပ်သားတွေကိုခေါ်ဆောင်ကာ မြောက်ပိုင်းဆီကို ထွက်ပြေးခဲ့ပါတော့တယ်။ ဒီအချက်ကြောင့်လည်း သူဟာ တိုင်းပြည်ကိုလျစ်လျူရှုတတ်သူတစ်ယောက်အဖြစ် အစိုးရအရာရှိတွေရဲ့ အပြစ်တင်ခြင်းကိုခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်အဖြစ် မှတ်တမ်းတင်ခဲ့တဲ့ Toghon Temür ဟာ မြောက်ဘက်ယွမ်ရဲ့ ရှင်ဘုရင်အဖြစ် ၁၃၆၈ ခုနှစ်ကနေ နတ်ရွာစံတဲ့အချိန်ထိတည်ရှိခဲ့ပြီး သူ သေဆုံးပြီးနောက်မှာတော့ ကွဲပြားတဲ့အင်အားစုတွေက မွန်ဂိုလီးယားကုန်းပြင်မြင့်ကို အပိုင်းပိုင်းဆိုသလိုထပ်မံခွဲထုတ်ခဲ့ကြပါတော့တယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤ https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤ https://www.facebook.com/groups/zlann/

#ZLann #ZLann_Podcast #ToghonTemür

More Interesting Blogs from Zlann