“ရတနာပုံခေတ်နှောင်းပိုင်းက နာမည်ကျော် ပြဇာတ်ရေးဆရာကြီး ဦးကြင်ဥ”

ကုန်းဘောင်ခေတ်မှာကျော်ကြားခဲ့တဲ့ စာဆိုတော်ကြီးတွေ အကြောင်းပြောမယ်ဆိုရင်တော့ ဦးကြင်ဥကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ ဦးကြင်ဥဆိုသူကတော့ တစ်ညအတွင်းအပြီးကပြနိုင်တဲ့ ပြဇာတ်တွေကို ရေးသား ခဲ့တဲ့ ရှေးအကျဆုံး ပြဇာတ်ရေးဆရာကြီးတစ်ဦးဖြစ်ပါတယ်။မဏိကတ်၊ အီနောင်နဲ့ ရာမတို့လို နန်းတွင်း ဇာတ်တော် ရှည်ကြီးတွေနဲ့ ဘုရားဟောဇာတ်နိပါတ်တော်တွေကို အခြေခံတဲ့ဇာတ်တွေပဲ ပေါ်ပေါက်သေးတဲ့ ကာလမှာ ကိုယ်ပိုင်ဉာဏ်နဲ့တီထွင်ဆန်းသစ်ပြီး ပြဇာတ်တွေကို ရေးသားခဲ့သူဖြစ်ပါတယ်။
ပြဇာတ်ဆိုတဲ့ စကားလုံးမှာ ‘ဇာတ်’ ဆိုတာကတော့ ‘ဇာတက’ လို့ခေါ်တဲ့ ပါဠိစကားက ဆင်းသက်လာတဲ့ ပါဠိပျက်မြန်မာစကားဖြစ်ပြီး အဓိပ္ပာယ်အနေနဲ့ဆိုရင် ရှေးကဖြစ်ခြင်းပျက်ခြင်းနဲ့ မကင်းတဲ့ ဖြစ်ပျက်ပုံ အကြောင်းအရာတွေကို ဖော်ပြရခြင်းလို့ ဆိုလိုပါတယ်။ အဲဒီလို အကြောင်းအရာအဖြစ်အပျက်တွေကို ပုံတူဆောင် ကပြဖို့အတွက်ရေးထားတဲ့ ဇာတ်လမ်း၊ဇာတ်ကွက်နဲ့ ဇာတ်စကားတွေဟာ ပြဇာတ်ပဲဖြစ်ပါတယ်။ လူကိုယ်တိုင်ကပြတဲ့ ပြဇာတ်ဆိုရင် ဇာတ်ပွဲလို့ ခေါ်ပြီး အရုပ်ကလေးတွေနဲ့ ကပြရင်တော့ ရုပ်သေးလို့ ခေါ်ပါတယ်။ ပြဇာတ်တွေဟာ ဘယ်မင်းလက်ထက်၊ ဘယ်အချိန်က စပြီးပေါ်ပေါက်ခဲ့တယ်ဆိုတာ ဆုံးဖြတ် လို့မရပေမဲ့ သဘင်ပညာပေါ်ပေါက်လာဖို့အတွက် တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတာလို့ ပြောလို့ ရပါတယ်။
ပြဇာတ်ရေးဆရာကြီး ဦးကြင်ဥဟာ မြေထဲမြို့စီရင်စုအပိုင်၊ ဆင်ပေါင်ဝဲရွာဇာတိဖြစ်ပါတယ်။ သူ့ရဲ့ မွေးသက္ကရာဇ် ကို တိတိကျကျမသိရပေမဲ့ သက္ကရာဇ် ၁၁၃၅ နဲ့ ၁၁၄၀ ခုနှစ်အတွင်း လို့တော့ ခန့်မှန်းထား ကြပါတယ်။ ဦးကြင်ဥဟာ ဘကြီးတော်မင်း၊ သာယာဝတီမင်း(ရွှေဘိုမင်း) နဲ့ ပုဂံမင်းတို့လက်ထက်ထိ ကျော်ကြားခဲ့တဲ့ စာဆိုတော်လည်းဖြစ်ပါတယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ မှတ်တမ်း တွေဟာ အတော်လေးရှားပါးတာကြောင့် အမိအဖတို့ရဲ့ အမျိုးအနွယ်နဲ့ အလုပ်အကိုင်တွေကိုတော့ သိရှိရဖို့ ခက်ခဲပါတယ်။
ငယ်စဉ်က ဆင်ပေါင်ဝဲရွာ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ယူခဲ့ပြီး ၁၂နှစ်သားအရွယ် ရောက်တဲ့ အခါမှာ တော့ အဲဒီကျောင်းမှာပဲ ရှင်သာမဏေဝတ်ခဲ့ပါတယ်။ ၁၅ နှစ်သားအရွယ်အထိ ရွာဘုန်းတော်ကြီးကျောင်းမှာ သင်ယူခဲ့ပြီး နောက်မှ အမပူရ နေပြည်တော်မှာ လောကီနဲ့ လောကုတ္တရာပညာတွေကို ဆက်လက် သင်ယူ ပါတယ်။ အဲဒီနောက် ရှင်လူထွက်ပြီး အမရပူရ နေပြည်တော်မှာ သဘင်သည်အလုပ်နဲ့ အသက်မွေးခဲ့ပါတယ်။ ဦးကြင်ဥဟာ မင်းသုံးဆက်တိုင်တိုင် ထင်ရှားတဲ့ ပညာသည်စာရေးလည်းဖြစ်ပါတယ်။ ပညာသည်စာရေးဆိုတာကတော့ ယိုးဒယားဇာတ်တော်သားတွေကို အုပ်ချုပ်ဆင့်ဆိုရသူဖြစ်တဲ့အပြင် အမြင့်သဘင်၊ အနိမ့်သဘင်တွေကိုလည်း အုပ်ချုပ်ရတာကြောင့် ဇာတ်သဘင်လုပ်ငန်းကို အတော်လေး တတ်မြောက်ထားတဲ့သူကို ဆိုလိုတာဖြစ်ပါတယ်။
လောကီ လောကုတ္တရာပညာရပ်တွေကို လေ့လာဆည်းပူးခဲ့တဲ့ အပြင် ကဗျာလင်္ကာဖွဲ့ဆိုတာကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရတု၊ သီချင်းဆန်းအမျိုးမျိုး၊ ဆယ့်နှစ်ရာသီဘွဲ့၊ ညည်းချင်းနဲ့ ဆိုင်းဆင့်ပတ်တိုက် စကားတွေအပြင် ဒွေးချိုး၊ လေးချိုးနဲ့ မုဆိုးစကားအမျိုးမျိုးတို့ကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။ ဒါ့အပြင် ဦးကြင်ဥကို ပတ်ပျိုးဆရာကြီးတစ်ယောက်လို့ ခေါ်ရလောက်အောင်လည်း ပတ်ပျိုးတော်တော်များများကို ရေးခဲ့ပါတယ်။ သူရေးတဲ့ အချို့ပတ်ပျိုးတွေဆိုရင် မြဝတီမင်းကြီးဦးစ ရေးတယ်လို့ အမှတ်မှားကြပါတယ်။ ‘ရဝိန်ဒေါင်းယာဉ်ပျံ’ချီရာသီဘွဲ့၊ ‘ မပြေငြိုးမာန်’ ချီမိုးဘွဲ့၊ ‘ခွန်းရွှေဗျာနှုတ်က’ ချီရာသီဘွဲ့၊ ‘ကြယ်ဘဂုနီ’ ချီရာသီဘွဲ့၊ ‘မန္ဓရာဇိန်’ချီဘုန်းဘွဲ့၊ ‘မြတ်ရွှေဉာဏ်ရည်’ ချီ ဘုန်းဘွဲ့၊ ‘သာရကာကျေး’ ချီရာသီဘွဲ့၊ ‘ညို့ညို့ဆိုင်းဆိုင်း’ချီ ရာသီဘွဲ့၊ ‘တောင်နန်းဂီရိန်ကသာ’ ချီ တောတောင်ဘွဲ့၊ ‘ပတ်ဝန်းငယ်တည့်ညာဘယ်’ ချီရာသီဘွဲ့၊ ‘စိန္တေကိုးသွယ်’ ချီမြို့ဘွဲ့စတဲ့ ပတ်ပျိုးတွေဟာ ထင်ရှားကြပါတယ်။ ပညာသည်စာရေးဦးကြင်ဥရေးတဲ့ ပတ်ပျိုး ၁၁ပုဒ်ဆိုပြီးလည်း သိကြပါတယ်။
ဦးကြင်ဥဟာ ဘာသန္တရဗဟုသုတ အပြင် ဒေသန္တရဗဟုသုတနဲ့လည်း ကြွယ်ဝသူဖြစ်ပါတယ်။ ယုတ္တိတန်တဲ့ အကြောင်းအခြေအနေရှိလာရင်လည်း အသစ်အဆန်းကို ထိုးထွင်းတီထွင်လိုတဲ့ ဆန္ဒရှိသူဖြစ်ပါတယ်။ ရှေးက နန်းတွင်းသူ၊ နန်းတွင်းသားတွေ ဖတ်ဖို့အတွက် ရေးသားထားတဲ့ နန်းတွင်းဇာတ်တော်ကြီးတွေ ရှိခဲ့ပါတယ်။ မဏိကက်၊ အီနောင်နဲ့ ရာမတို့လို နန်းတွင်းဇာတ်တော်ကြီးတွေဟာ ရှည်လွန်းပြီး ဇာတ်ကွက်တွေလည်း များပြားလွန်းတာကြောင့် ဇာတ်သဘင်အနေနဲ့မဟုတ်ဘဲ ဖတ်ရုံဆိုရင်တော့ အတော်လေးကောင်းပါတယ်။ ဒါကို ဇာတ်သဘင်အနေနဲ့ ကမယ်ဆိုရင် ရေးထားတဲ့ စကားအစီအစဉ် တွေက များလွန်းတာကြောင့် အာဂုံဆောင်ကျက်မှတ်ဖို့ မလွယ်သလို ရက်ရှည်လများ ကပြရမှာဖြစ်တာကြောင့်လည်း လူတိုင်းငြီးငွေ့ နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ သူဟာ တစ်ညတည်းအပြီး ဇာတ်ကွက် လည်အောင်ကနိုင်ဖို့အတွက် ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်တဲ့ ဒဏ္ဍာရီပြဇာတ်တွေကို စတင်ရေးစပ်ပါတယ်။
နန်းတွင်းမှာ ကြီးပြင်းလာရသူမဟုတ်ပေမဲ့လည်း ရေးတဲ့စာတွေရဲ့ ထီးမူနန်းဟန် စကားအသွားအလာ တွေမှာ အပိုအလိုမရှိ နိုင်နိုင်နင်းနင်းရေးဖွဲ့နိုင်ပါတယ်။ဒါကြောင့် စာတွေက ပျော့ပျောင်းနွဲ့နောင်း နေပြီး နန်းတွင်းသူ တော်တော်များများလည်း သဘောကျကြပါတယ်။ ဒါ့အပြင် အရပ်သုံးစကားတွေနဲ့လည်း အများနားလည် လွယ်အောင် တိုတိုရှင်းရှင်းရေးနိုင်တာကြောင့် နန်းတွင်းကလည်းကြိုက်၊ နန်းပြင်လူထုကလည်း ကြိုက်တဲ့ အပြင် သဘင်ပညာသည်တွေကပါ ကြိုက်ကြပါတယ်။အဲဒီလိုနဲ့ ဦးကြင်ဥဟာ ပြဇာတ်စာပေသစ် တစ်ခေတ် ကိုဦးဆောင်သူဖြစ်လာခဲ့ပါတယ်။
သူရေးခဲ့တဲ့ ထင်ရှားတဲ့ ပြဇာတ်တွေကတော့ မဟော်သဓာပြဇာတ်-၁(အမရာဒေဝီနဲ့ လက်ထပ်ခန်း)၊ မဟော်သဓာပြဇာတ်-၂ (ဥမင်ခန်း)၊ ဝေဿန္တရာပြဇာတ်၊ ပါပဟိန်ပြဇာတ်၊ ဒေဝကုမ္ဘဏ်ပြဇာတ်၊ ဝင်္ကန္တပြဇာတ်(ဝေဠုဝတီ ကုမ္မာရီဇာတ်)၊ တေဇသူရိန်ပြဇာတ်၊ ကာလကဏ္ဏီပြဇာတ်၊ မာယာဝဉ္စနပြဇာတ် တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ကာလကဏ္ဏီပြဇာတ်၊ မာယာဝဉ္စနပြဇာတ်နဲ့ ဝေဿန္တရာ ပြဇာတ်တို့ဟာ အခုချိန်ထိ တိမ်မြုပ်ပျောက်ကွယ်နေဆဲဖြစ်ပါတယ်။ ဦးကြင်ဥရေးခဲ့တဲ့ စာတွေအများကြီး ရှိပေမဲ့ လည်း အဲဒီခေတ်အခါက စာပုံနှိပ်စက်တွေ မရှိသေးတာကြောင့် တစ်နေရာကနေ တစ်နေရာကို လက်ရေးပေစာ တွေနဲ့ပဲ ကူးယူကြရပြီး အချွတ်အချော် အတိမ်းအစောင်းတွေ ရှိခဲ့ပုံရပါတယ်။ ဒါကြောင့် လက်ရေးနဲ့ မှတ်မှတ်သားသားကူးယူ မထားမိတဲ့ စာတွေဆိုရင် အခုထိရှာမတွေ့နိုင်သေး တာလည်းဖြစ်နိုင်ပါတယ်။
ဦးကြင်ဥရေးတဲ့ ပြဇာတ်တွေဟာဆိုရင် ဇာတ်အိမ်ဖွဲ့ပုံကောင်းသလို ဇာတ်ကောင်သရုပ်ဖော်ပုံကလည်း ပြည့်စုံ တာကြောင့် ပြဇာတ်ပါရဂူလို့တောင် တင်စားကြပါတယ်။ ဒါ့အပြင် ပြဇာတ်ရေးတဲ့အခါမှာ ဆိုင်းဆင့်ပတ်တိုက် စကားတွေကလည်း အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ သူရေးဖွဲ့တဲ့ ဆိုင်းဆင့်ပတ်တိုက်စကားတွေဟာ ဆိုရင် တိုတိုနဲ့လိုရင်း ထိထိမိမိရှိလှပါတယ်။ တိုသင့်တဲ့စကားကို တိုအောင်၊ ရှည်ရမဲ့ စကားဆိုရင်လည်း ‘အိမ်ဖွဲ့’ပြီး စကားအထာ ဥပမာစကားပုံတွေနဲ့ နေရာတကျ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ပြဇာတ်တိုင်းလိုလိုမှာလည်း ဇာတ်ကွက်နဲ့ကိုက်ညီတဲ့ ဇာတ်ချင်းတွေကို ထည့်ပြီး အသုံးပြုတတ်ပါသေးတယ်။ လေးဆစ်သဖြန်နဲ့ ဒွေးချိုးသဖြန်တွေကို အရေးများပါတယ်။ ပြဇာတ်ရဲ့ ဇာတ်ဝင်သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်သလို ပြဇာတ်တိုင်းလိုလို လိုတဲ့အခန်းမှာ ထည့်ပြီးသုံးလို့ရနိုင်မဲ့ ပဒေသာသီချင်းတွေ ကိုလည်းရေးဖွဲ့ခဲ့ပါတယ်။
မင်းတုန်းမင်းလက်ထက်မှာ ဦးကြင်ဥရေးတဲ့ ‘ဒေဝကုမ္ဘဏ်ပြဇာတ်’နဲ့ စလေဦးပုညရေးတဲ့ ‘ဝိဇယပြဇာတ်’ တွေကို နန်းတွင်းအမှုထမ်းတို့ကို ဖတ်ကြည့်ဝေဖန်ခိုင်းတဲ့အခါ အချို့က ဒေဝကုမ္ဘဏ်ကကောင်းတယ်၊ အချို့ကတော့ ဝိဇယကပိုကောင်းတယ် စသဖြင့် ငြင်းခုန်ကြပါတယ်။ ဒီအခါ မင်းတုန်းမင်းတရားကြီးက ဦးကြင်ဥရေးတဲ့ ဒေဝကုမ္ဘဏ်ပြဇာတ်ဟာ တိုတိုနဲ့လိုရင်းကို ထိထိမိမိအပိုအလိုမရှိရေးထားတာကြောင့် ပြဇာတ်ရေးတဲ့နေရာမှာ စံထားသင့်တယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် စလေဦးပုညက ဒေဝကုမ္ဘဏ်ရဲ့ ဇာတ်အသွားအလာသဘောတရားကို နမူနာယူပြီး ‘ကောသလဇာတ်’ကိုရေးလိုက်တဲ့ အခါမှာတော့ မင်းကြီးက သဘောကျပြီး ဆုတော်လာဘ်တော်တွေချီးမြှင့်တာခံခဲ့ရပါတယ်။
မဟော်သဓာပြဇာတ်ကိုတော့ ဘကြီးတော်မင်းလက်ထက်မှာရေးခဲ့တာဖြစ်ပြီး ဒဏ္ဍာရီပြဇာတ်တွေဖြစ်တဲ့ ပါပဟိန်၊ ဒေဝကုမ္ဘဏ်နဲ့ ဝင်္ကန္တတို့ကိုတော့ သာယာဝတီမင်း(ရွှေဘိုမင်း) လက်ထက်မှာရေးခဲ့တာဖြစ်ပါတယ်။ ပါပဟိန်ပြဇာတ်မှာရေးသားထားတဲ့ အကြောင်းအရာတွေဟာဆိုရင် ဘကြီးတော်မင်းနဲ့ သာယာဝတီမင်းတို့ရဲ့ ထီးနန်းလုပုံကို ထင်ဟပ်စေပါတယ်။ ဒေဝကုမ္ဘဏ်ပြဇာတ်မှာဆိုရင်တော့ ဘီလူးသံတမန်ခန်းမှာ ကမ္ဘာ့ ထုံးတမ်း စဉ်လာအရ နိုင်ငံခြားသံတမန်တွေကို မသတ်သင့်တဲ့အကြောင်း ရေးသားထားပုံက အဲဒီခေတ်က အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ ဒါ့အပြင် ဝင်္ကန္တပြဇာတ်မှာဆိုရင်တော့ ဇာတ်ဆောင် ဖြစ်တဲ့ ဝင်္ကန္တပုဏ္ဏားကို ရေးဖွဲ့ခြင်းက အင်္ဂလိပ်တို့အနေနဲ့ မြန်မာနိုင်ငံအပေါ် အကောက်ဉာဏ်နဲ့ ကြံစည် နေပုံကို ပေါ်လွင်အောင် တစ်နည်းဖော်ပြထားတာလည်းဖြစ်ပါတယ်။ အဲဒီလိုအရေးအသားမျိုးက မြန်မာ ပြဇာတ်စာပေလောကမှာ အသစ်အဆန်းဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ တေဇသူရိန်ပြဇာတ်ကတော့ တခြားပြဇာတ်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။
မဟော်ပြဇာတ်နှစ်ပုဒ်ရှိတဲ့အနက် ဒုတိယတစ်ပုဒ်ကတော့ အင်္ဂလိပ်နယ်ချဲ့ရဲ့ သရုပ်ကိုပေါ်လွင်စေပြီး ပထမ တစ်ပုဒ် ကတော့ တိုင်းပြည်အတွင်းမှာရှိတဲ့ မှူးမတ်အချို့ရဲ့ ပညာဉာဏ်နည်းပုံကို ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်း အသက်အရွယ်ရလာတဲ့အခါမှာတော့ မင်းမှုထမ်းအလုပ်က အနားယူလိုက်ပြီး ဇာတိဖြစ်တဲ့ ဆင်ပေါင်ဝဲရွာမှာ ပြန်လည်နေထိုင်ခဲ့ပါတယ်။ အသက်အရွယ်အရ စာပေတွေ ဆက်လက် မရေးသားတော့ဘူးလို့ ဆုံးဖြတ်ပြီး ပုသိမ်ကို ခရီးထွက်တဲ့ အခါမှာတော့ မြင်ရတဲ့ ငါးလေးတွေနဲ့ ခရုလေးတွေက စာရေးချင်တဲ့ ဗီဇကို ထပ်ပြီး ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် “ကြုံစဖူး မြင်ဖူးမှ ယုံစဖွယ်၊ ဖြူနီပြာဝါတစ်စုနှင့်၊ ခရုထွေလာဆန်း၊ ကမ်းကွေ့ပတ်လည်၊ ရွှေမင်တံသံပခြုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျဆံထိုး၊ ဝင်ကစွပ် မြင်ဆွတ်ကာ ကြည့်ဖို့ရာ၊ ဟိုသို့လာ သည်သို့သွားနှင့်၊ အငှားခန္ဓာမြှောင်ရတယ်၊ ဆန်းခေါင်ထိမျိုး” ဆိုတဲ့ လေးဆစ်ကဗျာတစ်ပုဒ်ကို စပ်ဆိုခဲ့ပါတယ်။
ပြဇာတ်ရေးတဲ့နေရာမှာရော ကဗျာဖွဲ့ဆိုတဲ့ နေရာမှာပါ ထူးခြားပြောင်မြောက်လှတဲ့ ဦးကြင်ဥကို ကုန်းဘောင် ခေတ်နှောင်းပိုင်းရဲ့ ပြဇာတ်တံခွန်စိုက်အဖြစ်လည်း သတ်မှတ်ကြပါတယ်။ မြန်မာ့ပြဇာတ်သမိုင်းမှာဆိုရင် ဦးကြင်ဥ နဲ့ စလေဦးပုညတို့ရဲ့ ပြဇာတ်တွေဟာ အနောက်နိုင်ငံက ပြဇာတ်ဆရာကြီး ရှိတ်စပီးယားနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့အထိကို ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ပြဇာတ်ဆရာကြီး ဦးကြင်ဥ ကွယ်လွန် သွားပုံနဲ့ပတ်သက်တဲ့ အထောက်အထားတွေကတော့ အခိုင်အမာ မရှိတာကြောင့် ဇာတိဖြစ်တဲ့ ဆင်ပေါင်ဝဲရွာမှာပဲ ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ။
=================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ပြည့်စုံဖို့ရာ ဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ 💯 အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann