ရတနာပုံနန်းရိပ်ထဲမှ အပြစ်မဲ့သူ မိဖုရားလောင်းလေး ခင်ခင်ကြီး ခေါ် ဒိုင်းခင်ခင်

ဒိုင်းခင်ခင်ဆိုတဲ့ နာမည်ကို ကြားမိသူတိုင်းရဲ့ အတွေးထဲမှာ အပြစ်မဲ့စွာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အသက်နှစ်ချောင်းပိုင်ရှင် ကုန်းဘောင်းနန်းတွင်းက အပျိုတော်လေးတစ်ယောက်ကို မြင်ယောင်မိကြမှာပါ။ ကုန်းဘောင်ခေတ်ရဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးရာတွေနဲ့ အားပြိုင်တိုက်ခိုက်မှုတွေကြားမှာ ဓားစာခံဖြစ်ခဲ့ ရပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ရဲ့ လက်အောက်မှာ မတရားစီရင်ခံရကာ အသက်ပျောက်ခဲ့ရသူဖြစ်ပါတယ်။ ကုန်းဘောင်နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါအရှင်နဲ့ ပတ်သက်မိတာကြောင့် ကြမ္မာဆိုးခဲ့ရတယ်လို့လည်း တစ်နည်းဆိုနိုင်ပါသေးတယ်။
ဒိုင်းခင်ခင်ကို ကန္နီမြို့စား ဦးဘိုးတင်နဲ့ မြို့စားကတော်တို့က ၁၈၆၃ ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့ပါတယ်။ ခန်းပတ်မင်းကြီးရဲ့ သားတော်ဖြစ်တဲ့ ဒိုင်းဝန်မင်း ဦးဘိုးကြီးနဲ့ ဒိုင်းဝန်ကတော်တို့ဟာ သားသမီးရတနာ မထွန်းကားတာကြောင့် မောင်တော်စပ်သူ ကန္နီမြို့စားရဲ့ သမီးကလေးကို မွေးစားလိုက်ပါတယ်။ ပုခက်တင်မင်္ဂလာပြုလုပ်ပြီးတဲ့နောက် ခင်ခင်ကြီးလို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖခင်ဖြစ်တဲ့ ဒိုင်းဝန်မင်းကို အစွဲပြုပြီး ‘ဒိုင်းခင်ခင်’ လို့သာ လူသိများခေါ်တွင်ကြပါတယ်။ ဒါ့အပြင် ဒိုင်းဝန်ကြီးနဲ့ ဝန်ကတော်တို့မှာ မောင်ဖေငယ်လို့ ခေါ်တဲ့ သားအရင်းလိုချစ်ခင်ရတဲ့ ရွှေကူမင်းသားရဲ့ မြေးလည်းရှိပါတယ်။ ခင်ခင်ကြီးနဲ့ မောင်ဖေငယ်တို့ဟာ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ ကစားဖော်လည်းဖြစ်သလို မောင်နှမ သံယောဇဉ်နဲ့လည်းအချစ်ပိုခဲ့ကြပါတယ်။
အဲဒီအချိန်က ကုန်းဘောင်ရွှေနန်းတော်ကြီးမှာ မင်းတုန်းမင်းကြီးရဲ့ သားတော်ငယ်တစ်ပါးဖြစ်တဲ့ သီပေါ ကိုယ်တော်လေးဟာ ပထမပြန်စာမေးပွဲကို သုံးကြိမ်တိုင်တိုင်အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် မင်းကြီးက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သာသနာ့ဘောင် ကနေ ထွက်စေပြီး မင်းသားအဆောင်အယောင်နဲ့ သီးသန့် စံအိမ်တော်ကို ဆောက်လုပ်ပေးသနားခဲ့ပါတယ်။ သီပေါမင်းသားလေးနဲ့ မောင်ဖေငယ်တို့ဟာ ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒါ့အပြင် ရေနံချောင်းမင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ မောင်မောင်တုတ် နဲ့လည်းကြီးပြင်းဖော် အခင်မင်ရဆုံးသူတွေဖြစ်ပါတယ်။ မောင်ဖေငယ်က ကဗျာဂီတအရာမှာ ပါရမီပါတာ ကြောင့်သီပေါမင်းသားရဲ့အပါးမှာ နှလုံးရည်နဲ့ အမှုထမ်းသလို မဟုတ်မခံ နဲ ခြေမြန်လက်မြန်ရှိတဲ့ မောင်မောင်တုတ်ကတော့ လက်ရုံးရည်နဲ့ ခစားပါတယ်။
သီပေါကိုယ်တော်နဲ့ မြတောင် စုဖုရားလတ်တို့ရဲ့ ချစ်ခရီးလမ်းမှာလည်း မောင်ဖေငယ်က ဖူးစာရေးနတ် သဘောမျိုးနဲ့ ကဗျာလင်္ကာတွေစပ်ပေးရပါတယ်။ ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကုန်းဘောင်ပြည့်ရှင် မင်းတုန်းမင်းကြီး နာမကျန်းဖြစ်လာတဲ့အခါမှာ နန်းတွင်းရေးရာတွေပိုမို ရှုပ်ထွေးလာပါတယ်။ သားတော်ငယ် တစ်ပါးဖြစ်တဲ့သီပေါမင်းသားကိုနန်းတင်ဖို့အရေး ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ကင်းဝန်မင်းကြီးအပါအဝင် အခြား မှူးမတ်တွေအားလုံး တိုင်ပင်ဆွေးနွေးကြပါတယ်။ ဒါကို ကြားသိတဲ့ မောင်မောင်တုတ် ဟာ နောင်တော် မင်းသားကြီး တွေနဲ့အတူ အကျဉ်းချခံထားရတဲ့ သီပေါမင်းသားကို ကျောပိုးပြီး ခေါ်ထုတ်လာ ခဲ့ပါတယ်။ အဲဒီနောက် သီပေါမင်းသားက မောင်မောင်တုတ်ကို ချီးမြှောက်တဲ့ အနေနဲ့ သူ့လက်နက်နဲ့ အသက်မသေစေရ ဆိုပြီး ကတိထားခဲ့ကြပါတယ်။
မင်းတုန်းမင်းကြီးနတ်ရွာစံပြီးတဲ့နောက် သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၇၈ ခုနှစ်) မှာ သီပေါ မင်းသား က ထီးနန်းကို ဆက်ခံခဲ့ပြီး မြတောင်စုဖုရားလတ်က အစ်မတော်ဖြစ်တဲ့ မိုင်းနောင် စုဖုရားကြီး နဲ့ အတူတကွ ဘိသိက်ခံခဲ့ပါတယ်။ အစ်မတော်ဖြစ်တဲ့ မိုင်းနောင်စုဖုရားကြီးမှာ မိဖုရားကြီးအဖြစ် အမည်ခံသာ ရှိပြီး သီပေါမင်းကို အဆောင်တော်မကူးဖို့အတွက် စုဖုရားလတ်က အတင်းအကျပ်တားမြစ်ထားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ စုဖုရားကြီးလည်း မယ်တော်ဆင်ဖြူမရှင် မိဖုရားကြီးရဲ့နန်းဆောင်မှာပဲ စံခဲ့ရ ပါတယ်။အဲဒီနောက် မိဖုရားခေါင်ကြီးဖြစ်လာတဲ့ စုဖုရားလတ်ဟာ သီပေါကိုယ်တော်ကို ရှေးဘုရင်တွေ လက်ထက် ကလို မိဖုရားအများကြီးမထားဖို့နဲ့ ကိုယ်လုပ်တော်တွေ အများကြီးမထားဖို့ အပြင်းအထန် တားမြစ်ပိတ်ပင်ပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးစေခဲ့ပါတယ်။
သီပေါကိုယ်တော် ကောင်းစားတဲ့အခါမှာတော့ ငယ်ပေါင်းတွေဖြစ်ကြတဲ့ မောင်ဖေငယ်နဲ့မောင်မောင်တုတ် တို့လည်း ရာထူးဌာနန္တရတွေ ရရှိလာကြပါတယ်။ မောင်မောင်တုတ်ဟာ ‘မဟာမင်းလှမင်းထင်စည်သူ’ ဘွဲ့နဲ့ ရနောင်မြို့ကို စားခွင့်ရခဲ့သလို လက်သုံးတော်ကြီးကိုင် မြောက်ထားဝယ်ဗိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ ရပါတယ်။
မောင်ဖေငယ်ကတော့ စီးတော်မြင်းဝန်၊ ရွှေတိုက်စိုးရာထူးနဲ့တောင်သမန်အင်းကြီးမှာရှိတဲ့ လယ်တွေကို အပိုင်စားရတာကြောင့် တောင်သမန် လယ်စား မောင်ဖေငယ်လို့ ထင်ရှားလာပါတယ်။
ဒိုင်းဝန်အိမ်တော်မှာ နေထိုင်တဲ့ နှမလေး ဒိုင်းခင်ခင် ဟာ ကလေးသူငယ်ဘဝကိုကျော်လွန်ပြီး လှသွေးကြွယ် တဲ့ အပျိုဖြန်းလေးဖြစ်လာပြီဖြစ်တယ်။ ဒါကြောင့် မောင်ဖေငယ်ကလည်း နှမလေးအပေါ်မှာ သံယောဇဉ် တစ်မျိုးတိုးလာပြီး ဒိုင်းဝန်ကြီးနဲ့ ဝန်ကတော်တို့ကလည်း သားနဲ့သမီးကို ကြည်ဖြူထားကြပါတယ်။
ရွှေနန်းတော်ကြီးမှာတော့ သီပေါမင်းရဲ့ နန်းဆက်သွေးလျာကို မိဖုရားစုဖုရားလတ်က လွယ်ထားရပြီ ဖြစ်တာကြောင့် မင်းနဲ့ မိဖုရားသာမက နန်းတွင်းတစ်ခုလုံးပျော်တပြုံးပြုံးဖြစ်နေကြပါတယ်။ ဟူးရားဗေဒင်ကလည်း သားတော်လေးတစ်ပါးဖွားမြင်မယ်လို့ ပြောတာကြောင့် နန်းလျာသားတော်လေးကို မျှော်လင့်နေကြပါတယ်။
မကြာခင်ပဲ မိဖုရားက သားတော်လေး မွေးဖွားသန့်စင်ခဲ့ပြီး ‘ရွှေကိုယ်တော်ကြီး’ လို့ ခေါ်တွင်ခဲ့ကြပါတယ်။ ကံမကောင်းစွာပဲ သားတော်ကြီးဟာ လသားအရွယ်မှာပဲ ကျောက်ရောဂါဖြစ်ပြီး ကံတော်ကုန်သွားပါတယ်။ ဒါကြောင့်ရွှေနန်းရှင်နှစ်ပါးစလုံး ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ နောက်တော့ မိဖုရားက ပူဆွေးသောကတွေ သက်သာစေဖို့အတွက် နန်းတော်ထဲမှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပပေးကာ ထီးဆောင်းမင်္ဂလာအခမ်းအနားဖွင့်ပြီး ဘိသိက်သွန်းခံဖို့အတွက် စီစဉ်ပါတယ်။ ဘိသိက်ခံအခမ်းအနားမှာ ဘိသိက်တော်ဆက် ကညာစင်ရွေးချယ်ရေး ကိစ္စပေါ်ပေါက်လာပါတယ်။ ဒါကိုတော့ အပျော်အပါးနဲ့ မိန်းမကိစ္စမှာ နာမည်ကျော်တဲ့ ရနောင်မြို့စား မောင်မောင်တုတ်ကို တာဝန်ပေးအပ်လိုက်ပါတယ်။ မောင်မောင်တုတ်လည်း သူငယ်ချင်းမောင်ဖေငယ်ရဲ့ နှမလေးဖြစ်တဲ့ ဒိုင်းခင်ခင်ကို မျက်စိကျပြီး ကညာစင်အဖြစ် ရွေးချယ်လိုက်တာကို ဒိုင်းဝန်ကြီးနဲ့ ဝန်ကတော် တို့ကလည်း သဘောတူခဲ့ပါတယ်။ အဲဒီကစပြီး ဒိုင်းခင်ခင်လေးရဲ့ ဘဝဟာ ကြမ္မာဆိုးဖို့ စတင်ခဲ့ပါတယ်။
ဘိသိက်ပွဲပြီးတဲ့နောက်မှာတော့ ဒိုင်းခင်ခင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နန်းတွင်းသူလေး ဖြစ်လာခဲ့ရ ပါတယ်။ မိဖုရားကြီးစုဖုရားလတ်က သဘောကျတာကြောင့် နန်းတွင်းမှာ ခစားခိုင်းဖို့အတွက် မောင်ဖေငယ် ကတစ်ဆင့် ခေါ်ခဲ့ပါတယ်။ မကြာမီမှာပဲ မိဖုရားကြီးစုဖုရားလတ်ဟာ သမီးတော်ကလေးတစ်ပါး ဖွားမြင်ခဲ့ ပါတယ်။ ဒါကြောင့် သီပေါအရှင်က မိဖုရားရဲ့အဆောင်ကို ညီလာခံပြီးတာနဲ့ လာလေ့ရှိပြီး သမီးတော်လေးကို ချစ်မဝဖြစ်နေခဲ့ပါတယ်။ မိဖုရားအဆောင်တော်ကို လာတိုင်းလည်းမြင်တွေ့နေမြဲဖြစ်တဲ့ နန်းတွင်း အပျိုတော် လေး ခင်ခင်ကြီးအပေါ်မှာလည်း ကြင်နာချစ်ခင်စိတ်ဝင်လာပါတယ်။ ငယ်သူငယ်ချင်းတွေလည်း ဖြစ်သလို လူယုံတွေလည်းဖြစ်တဲ့ မောင်မောင်တုတ်နဲ့ မောင်ဖေငယ်ကို ပြောပြပြီး မေတ္တာရေး ဆောင်နှင်းစေပါတယ်။
မောင်ဖေငယ် ကတော့ နှမတော်လေး ဘုရင့်မိဖုရားဖြစ်မဲ့ အရေးမျှော်တွေးပြီး သီပေါမင်းနဲ့ နီးစပ်ဖို့ကို မောင်မောင်တုတ်နဲ့ တိုင်ပင်ကာ ကြံဆောင်ပါတယ်။ဒိုင်းခင်ခင်လေးဟာ မိဖုရားရဲ့ အဆောင်မှာ နန်းတွင်းသူ အဖြစ်နဲ့ နေ့အချိန်ဆောင်ရွက်ပြီးတာနဲ့ ညဉ့်ဦးအချိန်ဆိုရင် မောင်မောင်တုတ်နဲ့ မောင်ဖေငယ်တို့က ရွှေနန်းရှင် နဲ့ တွေ့ဖို့အရေးလာရောက်ခေါ်ဆောင်ပါတယ်။ သျှောင်ကိုတစ်စောင်းထုံးပေးကာ ယောကျ်ားလေး အဝတ်အစားတွေ ဝတ်ဆင်ပေးပြီး လူပျိုတော်ချောလေးအသွင်မျိုးနဲ့ နန်းတော်ရဲ့ ဉယျာဉ်တော်မှာ ညစဉ် ညတိုင်း လိုလို ရွှေနန်းရှင်နဲ့ တွေ့ဆုံရပါတယ်။ တစ်ဖက်က ဓားထက်တဲ့ မိဖုရားကို ကြောက်ပေမဲ့ လည်း ရွှေနန်းရှင်ဘုရင်မင်းမြတ်ကိုလည်း မလွန်ဆန်နိုင်တာကြောင့် ဒိုင်းခင်ခင်ခမျာ ဆူးကြားက ဘူးခါးဖြစ်နေ ရပါတယ်။
ဒါ့အပြင် ဒိုင်းခင်ခင်ကိုလည်း ရွှေနန်းရှင်သီပေါမင်းက မြောက်နန်းဆောင်မိဖုရားမြှောက်ပါ့မယ်လို့ ကတိ ပေးပြီး အဆောင်တော်ကိုလည်းရှင်းလင်းကာ ပြင်ဆင်ထားပါတယ်။ ကံမကောင်းစွာပဲ တစ်ညမှာတော့ သီပေါမင်းနဲ့ ဒိုင်းခင်ခင်တို့ တွေ့ဆုံနေကျနေရာကို မိဖုရားကြီး ရောက်ရှိလာပြီး အကြောင်းစုံ သိရှိသွား တဲ့နောက် ဒိုင်းခင်ခင်အပေါ်ကို ဒေါသတကြီးနဲ့ ဆက်ဆံသလို သီပေါအရှင်ကိုလည်း ရင့်သီးတဲ့ စကားတွေပြောဆိုခဲ့ပါတယ်။ သည်းမခံနိုင်တော့တဲ့ သီပေါကိုယ်တော်လည်း လက်သုံးတော်ဓားကို ကိုင်ဆောင်ကာ မိဖုရားနောက်ကို လိုက်တာကြောင့် မယ်တော်ဆင်ဖြူမရှင်ရဲ့အဆောင်ကို ပြေးပုန်း ရပါတယ်။ မိဖုရားဟာ သီပေါအရှင်ရဲ့ လုပ်ရပ်ကြောင့် အံ့ဩတကြီးဖြစ်ရပါတယ်။ မိမိအလိုကို အမြဲလိုက်ပြီး ချုပ်ကိုင်နိုင်ခဲ့တဲ့ ဘုရင်မှ ဟုတ်ပါလေစလို့တွေးမိပြီး ဘေးက သွေးထိုးပေးနေတဲ့ ရနောင်မောင်မောင်တုတ်နဲ့ မောင်ဖေငယ်အပေါ် အမျက်ထွက်ပြီး အငြိုးထားလိုက်ပါတယ်။
မကြာမီ အချိန်မှာတော့ စုဖုရာလတ်ဟာ မောင်မောင်တုတ်ကိုအပြစ်ရှာဖို့ အချက်တစ်ခုကိုတွေ့ သွားပါတယ်။ နန်းတော်ပတ်ဝန်းကျင်မှာ ပြည်သူတွေ တိုင်ကြားနိုင်ဖို့ ရွှေသေတ္တာလေးတွေချထားပါတယ်။ အဲဒီရွှေသေတ္တာလေးတွေ အတွင်းက တိုင်ကြားစာတွေ ထဲမှာတော့ ရနောင်မောင်မောင်တုတ်ရဲ့ ဘုရင့် ကွယ်ရာမှာ ရိုင်းစိုင်းပုံနဲ့ လုပ်ရပ်အချို့တို့ကို စီကာပတ်ကုံးရေးသားထားသလို ဘုရင်ဖြစ်ဖို့အရေး တိတ်တဆိတ်ကြံစည်နေတဲ့ အကြောင်း အချင်းအရာတွေလည်း ပါတာကြောင့် သီပေါအရှင် အမျက်ထွက်ပါတော့တယ်။ ဒါကြောင့် ရနောင်မောင်မောင်တုတ်ကို ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချစေကာ ‘တစ်နွယ်ငင် တစ်စင်ပါ’ ဆိုသလို မောင်ဖေငယ်၊ ဒိုင်းဝန်ကြီးနဲ့ ဝန်ကတော်အပြင် ဒိုင်းခင်ခင်လေးပါမကျန် အချုပ်နှောင်ခံကြရပါတယ်။
အဲဒီနောက်မှာတော့ ရနောင်မောင်မောင်တုတ်ဟာ အကျဉ်းကျနေစဉ်မှာပဲ မိမိကိုယ်ကိုယ် အဆုံးစီရင် သွားသလို ကြံဆောင်ခဲ့ကြပြီး မောင်ဖေငယ်ကိုတော့ မိုးကောင်းအရပ်ကို ပို့လိုက်ပါတယ်။ ကျန်လူ အားလုံး ကိုလည်း တစ်ယောက်တစ်နေရာစီ သီးသန့်ခွဲထားလိုက်ပါတယ်။ မမျှော်လင့်ပဲ ဒိုင်းခင်ခင်လေးမှာ ဘုရင်ရဲ့ သားတော်လောင်းလျာလေးကို လွယ်ထားရပါတယ်။ ဒါကြောင့် တိုင်တားမင်းကြီးက ဒိုင်းခင်ခင် ကို တိတ်တဆိတ်ကွယ်ဝှက်ကာ ထိန်းသိမ်းထားလိုက်ပါတယ်။ ဓားထက်တဲ့ မိဖုရားကြီးသိတဲ့အခါမှာတော့ ဘုရင့်သွေးသား လွယ်ထားရတာကို သိပေမဲ့ ချက်ချင်း ကွပ်မျက်ခိုင်းပါတယ်။ မင်းမိန့်အာဏာကို မလွန်ဆန်ဝံ့တာကြောင့် တိုင်တားမင်းကြီးလည်း ဆက်လက်ကွယ်ဝှက်မထားနိုင်တော့ပဲ ဒိုင်းခင်ခင်ကို အာဏာပါးကွက်သားတွေလက် အပ်လိုက်ရပါတော့တယ်။ ဒိုင်းဝန်ကြီးနဲ့ ဝန်ကတော်တို့ကတော့ သမီးဖြစ်သူထက် အလျင်ဦးစွာ အသက်ပျောက်သွားခဲ့ရပြီဖြစ်ပါတယ်။ အစ်ကိုတော်ဖြစ်တဲ့ မောင်ဖေငယ်လည်း ဗန်းမော်မြို့မှာ ကွပ်မျက်ခံလိုက်ရပါတယ်။
၁၈၈၂ ခုနှစ်၊ ဧပြီလထဲမှာတော့ ဘုရင့်နန်းလျာကို လွယ်ထားရသူ ဒိုင်းခင်ခင်ဟာ တိုင်တားမင်းကြီးအိမ်တော် အနောက်ဘက် မြင်းဇောင်းအတွင်း စီရင် ကွပ်မျက် ခံခဲ့ရပါတယ်။ မြောက်နန်းဆောင်မိဖုရားခန့်အပ်ဖို့အတွက် ရည်ရွယ်ထားခံရသူလေးရဲ့ မရှုမလှ ဇာတ်သိမ်းက အတော်လေး ကြေကွဲဖို့ကောင်းလွန်းလှပါတယ်။ ။
================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ပြည့်စုံဖို့ရာ
ဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ 💯 အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် <<< https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann