“ရိုးသားဖြောင့်မတ်ပြီး ပညာဉာဏ်ပြည့်ဝသူ ရွှေပြည်ဝန်ကြီး ခေါ် ယောအတွင်းဝန် ဦးဘိုးလှိုင်”

တရားဟူသည် အဟောင်းအသစ် မဆိုသာ၊ သဘောအမှန်အကန်ကျ၍ ကောင်းသည်သာ ပဓာနဖြစ်သည်’ ဆိုတဲ့ လက်သုံးစကားကို ကျင့်သုံးပြီး အကျင့်သိက္ခာတရားမှန်ကန်စွာနဲ့ ကောင်းမွန်စွာ ရှင်သန်နေထိုင်ခဲ့သူကတော့ ရွှေပြည်ဝန်ကြီးလို့ သိကြတဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါတယ်။ သူတစ်ဦးတည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းစုံကို နှံ့နှံ့စပ်စပ် လေ့လာလိုက်စားနိုင်ခဲ့သူဖြစ်တယ်လို့လည်း ပညာရှင်တွေက ချီးကျူးကြပါတယ်။ ‘မှန်လှပါဘုရား’ လို့ အစဉ်အမြဲလျှောက်တင်လေ့မရှိဘဲ ‘မသင့်ပါဘုရား’ လို့ ရဲရဲဝံ့ဝံ့ လျှောက်တင်တာတွေကြောင့် ရာထူးကနေ မကြာခဏရုတ်သိမ်းခြင်းကို ခံရတဲ့ ဖြောင့်မတ်လွန်း သူလည်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဘိုးတော်ဘုရားလက်ထက်က အမှုထမ်း ခဲ့တဲ့ ရွှေပြည်ဝန် လက်ဝဲတော်မှူးကြီးဟာ သူ့ရဲ့ ဘေးတော်ဖြစ်ပြီး လက်ဝဲတော်မှူးကြီးရဲ့ သားဖြစ်သူ စာရေး တော်ကြီး ဟာဆိုရင်တော့ သူနဲ့အဘိုးတော်စပ်ပါတယ်။ စာရေးတော်ကြီးကမွေးဖွားတဲ့ ယင်းတောဝန်ကြီးဟာ သူရဲ့ဖခင် ဖြစ်ပါတယ်။ ဒါကြောင့် ဦးဘိုးလှိုင်တို့မျိုးရိုးဟာ ပညာရှိမှူးမတ်မျိုးရိုး လို့ဆိုနိုင်ပါတယ်။ ဦးဘိုးလှိုင်ကို ဘကြီးတော်မင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ သောကြာနေ့ မှာ မြင်းခြံအထက်၊ တလုပ်မြို့အဝင်၊ မြောင်မြို့နယ်၊ ရွာပုလဲရွာမှာ ရေနံချောင်းမြို့စား ယင်းတောဝန်ကြီး သတိုးမင်းလှကျော်ထင်ဘွဲ့ခံ ဦးရွှေတုတ်နဲ့ ဝန်ကတော် မယ်ငြိမ်းတို့မှ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က မောင်လှိုင်လို့ခေါ်ခဲ့ကြပါတယ်။
ကျောင်းနေအရွယ်ရောက်တဲ့အခါ မောင်ဘိုးလှိုင်ကို ဇာတိဖြစ်တဲ့ တလုပ်မြို့နယ်၊ကျဘိုးရွာ ဆရာတော်ဆီမှာ အပ်နှံပြီး ပညာသင်ကြားစေပါတယ်။ အဲဒီနောက် ဗုဒ္ဓဂုဏ်တော်တွေ ရွတ်ဖတ်ပွားများတတ်လာတဲ့အခါ ရှင်သာမဏေအဖြစ် သာသနာ့ဘောင်ကို ဝင်စေပါတယ်။ သဒ္ဒါကျမ်းတွေကိုတော့ ပြည်ဆရာတော်ထံမှာ ဆည်းပူးစေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ပညာထက်မြက်သူဖြစ်တာကြောင့် စာတစ်ပိုဒ်၊ ဝါကျတစ်ကြောင်းကို ထပ်ခါတလဲလဲ သင်ကြားပြသရတယ်လို့ မရှိဘဲ တစ်ကြိမ်တစ်ခါလောက်နဲ့တင်ကို အာဂုံဆောင်နိုင်သူဖြစ်တယ်လို့လည်း ပြောကြပါတယ်။ သာမဏေဘဝမှာကတည်းက လောကီလောကုတ္တရာနဲ့ သက်ဆိုင်တဲ့ အခြေခံသဘောတရားတွေကို နားလည်တတ်ကျွမ်းသူလည်းဖြစ်ပါတယ်။
မောင်ဘိုးလှိုင်အသက် ၁၅ နှစ်အရွယ်ကိုရောက်တဲ့အခါ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုက သူ့ရဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ အကြောင်းကတော့ ဖခင် ယင်းတောဝန်ကြီးဟာ သာယာဝတီမင်းထံပါးမှာ အမှုထမ်းနေစဉ် မင်းကြီးက စိတ်ကျန်းမာရေးမကောင်းဖြစ်ကာ လက်သုံးတော် ကျောက်စီလှံနဲ့ ညီလာခံမှာပဲ ထိုးသတ်လိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီအကြောင်းကိုကြားတဲ့ အခါ ဝန်ကတော်မှာ သားဖြစ်သူကိုလည်း မင်းပြစ်မင်းဒဏ်သင့်မှာစိုးတာကြောင့် မင်းတုန်းမင်းသားထံကို အကူအညီတောင်းခဲ့ပါတယ်။ မင်းသားက စကြာဒေဝီမင်းသမီးထံကို မောင်ဘိုးလှိုင်အား ပို့လိုက်ပါတယ်။ မင်းသမီးက မောင်ဘိုးလှိုင်လေးကို သားအရင်းပမာချစ်မြတ်နိုးတာကြောင့် မွေးစားသားအနေနဲ့ လက်ခံထားလိုက်ပြီး သာမဏေဘဝနဲ့ပဲ ပညာဆက်လက်သင်ကြားစေပါတယ်။ ပင်းဆရာတော် ဦးကဝိန္နနဲ့ သာသနာပိုင်ဗားကရာဆရာတော် ဦးပညာဇောတတို့ထံမှာ သင်ကြားခဲ့ရပါတယ်။
သာယာဝတီမင်းနတ်ရွာစံပြီးနောက် ထီးနန်းကို ဆက်ခံတဲ့ သားတော် ပုဂံမင်းကို တိုင်းသူပြည်သားတွေက မနှစ်မြို့ပဲ မင်းတုန်းမင်းသားကိုသာ အလိုရှိနေကြပါတယ်။ ပုဂံမင်းကလည်း မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့အပေါ်မှာ စိတ်ကွက်လာပါတယ်။ ဒါကြောင့် မင်းသားညီနောင်တို့ကလည်း တော်လှန်ဖို့အတွက် ရွှေဘိုအရပ်ကို လူသူစုဆောင်းဖို့ ထွက်တဲ့အခါ စကြာဒေဝီမင်းသမီးက သားတော် မောင်ဘိုးလှိုင်ကို အမှုတော်ထမ်းဖို့ အတွက် လူဝတ်လဲပြီး လိုက်ပါစေပါတယ်။ မောင်ဘိုးလှိုင်လည်း မင်းမှုထမ်းဘဝကို အသက် ၂၃ နှစ်အရွယ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။
ထီးနန်းကို သိမ်းပိုက်နိုင်ပြီး မင်းတုန်းမင်းနန်းတက်ချိန်မှာတော့ မောင်ဘိုးလှိုင်ကို ‘မင်းလှစည်သူ’ ဘွဲ့နဲ့ ယောမြို့ကိုအပိုင်စားစေကာ ယောမြို့စားမင်းသားလို့ ခေါ်ကြပါတယ်။ အဲဒီနောက် မင်းနေပြည်တော်ကို ရောက်ပြီး မကြာမီမှာပဲ မင်းတုန်းမင်းကြီးက မကွေးမြို့စား ဝန်ကြီးရဲ့ သမီးငယ် မခင်ဖြူနဲ့ လက်ဆက် ပေးခဲ့ပါတယ်။ လက်ဆက်ချိန်မှာတော့ မောင်ဘိုးလှိုင်ဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး မခင်ဖြူကတော့ အသက် ၂၀ ပဲဖြစ်ပါတယ်။ အသက် ၂၈ နှစ်ကို ရောက်တဲ့အခါမှာတော့ ‘မင်းလှမဟာစည်သူ’ ဆိုတဲ့ ဘွဲ့အမည်နဲ့ အတွင်းဝန်ယောမြို့စားအဖြစ်ခန့်အပ်ခံရပြီး ငွေခွန် ၁၂ ရပ်၊ အကောက်၊ ရေနံ၊ ဈေး၊ ပွဲ၊ ကင်းကူးတိုကို့ စားရပါတယ်။ ဒါ့အပြင် တိပိဋကတ်ကျောက်စာတွေကို ပုဒ်၊ ပိုဒ်၊ အက္ခရာမချွတ်ယွင်းစေပဲ ကျောက်ထက်အက္ခရာ ရေးထိုးခြင်းအလုပ် အမှုဆောင်မှာလည်း ကြီးမှူးကြပ်မတ်ဆောင်ရွက်ခဲ့ရပါသေးတယ်။ အသက်ငယ်ပေမဲ့လည်း ပညာတတ်မြောက်တာနဲ့ ရာထူးဌာနန္တရ ကြီးမားတာတို့ကြောင့် ယောအတွင်းဝန်ဦးဘိုးလှိုင်ဆိုပြီး အားလုံးက တလေးတစားခေါ်ဝေါ်ကြပါတယ်။
ဦးဘိုးလှိုင်ဟာ တတ်မြောက်ထားတဲ့ပညာတွေနဲ့ ရာထူးတွေအပေါ်မှာ မာန်မာနနဲ့တပ်မက်ခြင်းအလျဉ်းမရှိပဲ အနိစ္စတရားကို လက်ကိုင်ထားကာ ကျေးဇူးရှင် မွေးစားမိဘတွေဖြစ်တဲ့ မင်းတုန်းမင်းကြီးနဲ့ စကြာဒေဝီ မိဖုရားကြီးတို့ရဲ့ ကျေးဇူးကို အမြဲနှလုံးသွင်းနေသူလည်းဖြစ်ပါတယ်။ မိမိတတ်မြောက်ထားတဲ့ ပညာတွေနဲ့ အများပြည်သူအကျိုးကို သယ်ပိုးနိုင်ပါမှ လောကီလောကုတ္တရာနှစ်ဖြာအကျိုးရှိမယ်လို့ ယူဆထားတာကြောင့် သူဟာ ဟုတ်တိုင်းမှန်ရာကိုသာဆိုပြီး စည်းစိမ်ဥစ္စာတို့အပေါ် မက်မောခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း မင်းတုန်းမင်းကြီးလက်ထက်မှာတင် ရာထူးနှုတ်သိမ်းခြင်းနဲ့ အကျယ်ချုပ်ကျခြင်းတွေကို မကြာခဏခံရတတ်ပါတယ်။ တစ်ခါမှာတော့ ဦးဘိုးလှိုင်က “ဗျစ်ရည်သည် ဆေးခါးကြီးနှင့် တူသည်” လို့ဆိုခဲ့တာကို မလိုသူတွေက ကုန်းတိုက်တာကြောင့် သူဟာ လူအများသေရည်သေရက် သောက်စားဖို့ကို နှိုးဆော်တယ်လို့ ယူဆကာ ရာထူးမှ ချပြီး အကျယ်ချုပ်နဲ့ ထားလိုက်ပါတယ်။
ဒါ့အပြင် မင်းတုန်းမင်းကြီးနဲ့ ဦးဘိုးလှိုင်တို့ အချေအတင်ဖြစ်ကြတဲ့ ဖြစ်ရပ်တွေထဲက ထင်ရှားတဲ့ဖြစ်ရပ် တစ်ခုရှိပါတယ်။ မင်းကြီးရဲ့ အပါးမှာ သမီး၊နှမ တို့ကိုပေးဆက်ပြီး အခွင့်အရေးယူနေတဲ့ အမှုထမ်းတစ်ဦးရှိပြီး အရေးပေးတာကိုလည်း ခံနေရပါတယ်။ ဒါကို ဦးဘိုးလှိုင်က ညီလာခံမှာ “ အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊ သတိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း” လို့ လျှောက်တင်လိုက်ပါတယ်။ မင်းကြီးလည်း အမျက်ထွက်ပြီး လှံကိုကောက်ကိုင်လိုက်ကာ ဖခင်ဖြစ်သူယင်းတောဝန်ကြီးကို သာယာဝတီမင်းကြီးစီရင်ခဲ့သလို စီရင်ခံချင်သလားလို့ မေးလိုက်တဲ့အခါ “ထိုးတော်မူပါ ဘုရား” လို့ ရဲရဲဝံ့ဝံ့နဲ့ ရင်ကော့ပေးတာကြောင့် မင်းကြီးလည်း စိတ်မာန်ချပြီး အတွင်းတော်ကို ဝင်သွားပါတယ်။ အဲဒီအခါ အခြားမှူးမတ်တွေက ဘာကြောင့်အခုလောက်ထိ ရဲတင်းစွာလျှောက်တင်ရပါသလဲလို့ မေးလာတာတဲ့အခါ ဦးဘိုးလှိုင်က ဟုတ်တိုင်းမှန်ရာကို လျှောက်တင်တာကြောင့် လှံနဲ့ထိုးခံရ၍ သေခြင်းက မင်းအလိုလိုက်အကြိုက်ဆောင် တာကြောင့် တိုင်းပြည်ပျက်ရခြင်းထက် ပိုမြတ်ပါတယ်၊ တိုင်းပြည်ရဲ့ အကြီးအမှူးတွေဖြစ်တာကြောင့် မှန်ရာကိုပြောပြီး လမ်းမှန်ကိုတည့်မတ်ပေးပါမှ မှူးမတ်ပီသမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။နောက်နေ့မှာတော့ ရာထူးကချကာ အကျယ်ချုပ်ခြင်းကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ မကြာမီပေါ်ပေါက်လာတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာတော့ ဦးဘိုးလှိုင်ကိုပဲ အားကိုးခဲ့ရပါတယ်။ ကင်းဝန်မင်းကြီး ဦးကောင်းတို့သံအဖွဲ့ဟာ ဘုရင်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ မိုးကုတ်ပတ္တမြားတွင်း အရောင်းအဝယ် ကိစ္စကို ပြင်သစ်တို့နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာကြောင့် မင်းကြီးအနေနဲ့ အကျပ်ရိုက်နေခဲ့ရပါတယ်။ ဒီအခါ ဦးဘိုးလှိုင်ဟာ နန်းစဉ်ပတ္တမြားကို ခေတ္တ တောင်းယူပြီး ပြင်သစ်သံအဖွဲ့ကို ဈေးဖြတ်ခိုင်းတဲ့အခါ မဖြတ်နိုင်တာကြောင့် အဲဒီပတ္တမြားကတောင် တန်ဖိုးမသတ်မှတ်နိုင်အောင်ထိုက်တန်တယ်ဆိုရင် ပတ္တမြားတွင်းတစ်တွင်းလုံးက ဘယ်လောက်ထိ အဖိုးတန်နိုင်ကြောင်း နှိုင်းပြကာ အရောင်းအဝယ် မဖြစ်လို့ဆိုပြီး စာချုပ်ကိုဆုတ်ဖြဲပစ်လိုက်ပါတယ်။
ဦးဘိုးလှိုင်ဟာ အရည်အချင်းပြည့်ဝတဲ့ မင်းမှုထမ်းဖြစ်ရုံသာမက မြန်မာစာပေလောကမှာလည်း ထင်ရှားတဲ့ ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ ကျမ်းတွေကို ပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အိမ်ရှေ့စံကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်တို့ဟာ နိုင်ငံခေတ်မီတိုးတက်ရေးအတွက် ကြိုးပမ်းတဲ့အခါမှာ အတော်လေးလိုက်ဖက်ညီ ပါတယ်။ ကနောင်မင်းသားကြီးရဲ့ အစီအစဉ်အရ လူငယ်လူရွယ်တို့ကို နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်ပြီး သူတို့ရဲ့ အကူအညီနဲ့ အနောက်တိုင်း ဝိဇ္ဇာသိပ္ပံဘာသာရပ်တွေကို လေ့လာခွင့်ရခဲ့ကာ တစ်ဖန် လူထုလက်ထဲကို ရောက်အောင်ဘာသာပြန်ဆိုတာတွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ဦးဘိုးလှိုင်ရေးသားပြုစုခဲ့တဲ့ ကျမ်းပေါင်း ၁၄ ကျမ်းရှိပါတယ်။ လိလာဝတီဂဏန်းကျမ်း၊ လောကဓာတ်ဆေးကျမ်း၊ လိပိဒိပိကာကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ အဿဗေဒကျမ်း၊ ဝိမုတ္တိရသကျမ်း၊ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ကာယာနုပဿနာကျမ်း၊ ဝိပဿနာဉာဏ်ဆယ်ပါး၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ နဝသိဒ္ဓန္တ လက်ရိုးကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်း၊ အလင်္ကာနိဿယကျမ်းနဲ့ မဟာသုဇာတကကျမ်းတို့ပဲဖြစ်ပါတယ်။
လောကဓာတ်ဆေးကျမ်းက ပြင်သစ်ဘာသာကို မြန်မာပြန်ဆိုရေးသားထားတဲ့ ကျမ်းတစ်ရပ်ဖြစ်ပြီး လိပိဒိပိကာကျမ်းကတော့ မောစ့်ဥပဒေကို အခြေခံထားတဲ့ မြန်မာဘာသာနဲ့ ကြေးနန်းရိုက်နည်းကို စတင်တီထွင်ခဲ့တဲ့ ကျမ်းဖြစ်ပါတယ်။ ကာယာနုပဿနာကျမ်းကတော့ အီတာလျံဘာသာနဲ့ ရေးထားတဲ့ Anatomy ကို မြန်မာဘာသာပြန်ဆိုရေးသားထားတာဖြစ်ပါတယ်။ မဟာသုဇာတကကျမ်းဟာ ဗေဒင်ပညာရပ်ကို နက္ခတ္တဗေဒပညာနဲ့ နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဥတုဘောဇနကျမ်းကတော့ ဦးဘိုးလှိုင်ရေးသားခဲ့တဲ့ ကျမ်းတွေထဲမှာ အထင်ရှားဆုံးကျမ်းတစ်စောင်ဖြစ်ပါတယ်။ ဆေးကျမ်းဖြစ်တာကြောင့် ပြည်သူ့ကျန်းမာရေး လမ်းညွှန်အဖြစ်လည်း သတ်မှတ်နိုင်သလို အရေးအသားမှာလည်း အပိုအလိုမရှိအောင်ကောင်းမွန်တဲ့အတွက် သိပ္ပံပညာကို မြန်မာစကားပြေနဲ့ ရေးသားပြန်ဆိုရာမှာ စံပြုထိုက်တဲ့ ကျမ်းတစ်စောင်လည်းဖြစ်ပါတယ်။
သီပေါမင်းနန်းတက်လာတဲ့အခါမှာလည်း ဦးဘိုးလှိုင်ဟာ မသင့်တော်တဲ့ အရာကို လက်ပိုက်ကြည့်မနေပဲ မှန်ရာကိုပြောတာကြောင့် ရာထူးကျခဲ့ရပြန်ပါတယ်။ သီပေါမင်းဟာ အသုံးအဖြုန်းကြီးတဲ့ မင်းဖြစ်တာကြောင့် ‘ဘဏ္ဍာတော်ဆိုတာ ဆင်းရဲသားတွေရဲ့ ချွေးနဲစာကနေ ညှစ်ထုတ်ယူထားတာဖြစ်လို့ ကျောက်ခဲသလဲလို တန်ဖိုးမထားသင့်ကြောင်း’ ဆိုပြီး ဘုရင့် ဘဏ္ဍာရေးကို ကန့်သတ်ဖို့ကြိုးစားခဲ့ပါတယ်။ မိဖုရားစုဖုရားလတ်က ‘ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမတဲ့လား၊ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်တော့ပါဘူး’ လို့ဆိုတာကို သီပေါမင်းကလည်း နားယောင်ကာ ဦးဘိုးလှိုင်ကို ရာထူးက ချခဲ့ပါတယ်။ အဲဒီတစ်ကြိမ် ရာထူးကျခြင်းဟာ သူ့အတွက်တော့ နောက်ဆုံးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဦးဘိုးလှိုင်ဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တော်လှန်ပြီး ပြည်သူ့အာဏာနဲ့ အုပ်ချုပ်မှုကို ကြိုဆိုတဲ့ ‘ ရာဇဓမ္မသင်္ဂဟကျမ်း’ ကိုရေးသားခဲ့တာကြောင့်လည်း ဘုရင်က မနှစ်သက်ခဲ့ပါဘူး။
ဦးဘိုးလှိုင်ဟာ စိတ်ဓာတ်အရာမှာလည်း လေးစားအတုယူဖွယ်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မြင်းထိန်းငတာဆိုသူက ယောအတွင်းဝန်ရေးသားတဲ့ ကျမ်းတွေကို တစ်စောင်မှ မဖတ်ကြည့်ဖူးတဲ့ အပြင် မြင်တောင်မမြင်ဖူးဘဲနဲ့ ဘယ်လိုကောင်းကြောင်း၊ ဖတ်သင့်ကြောင်း ချီးကျူးပြောဆိုနေတာကို ကြားတဲ့အခါ ခေါ်ယူပြီး ငွေပေးကာ နောက်နောင် အဲဒီလိုမပြောဖို့ မချီးကျူးဖို့တားမြစ်ခဲ့ပါတယ်။ ပညာမဲ့သူတစ်ယောက်ရဲ့ အကြောင်းမရှိ ချီးကျူးဂုဏ်တင်တာကို မလိုချင်တဲ့ စိတ်ကို တွေ့ရပါတယ်။ ဒါ့အပြင် သူ့အပေါ် ကုန်းချောခဲ့ဖူး သူတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် သေသွားတာကို ကြားတဲ့အခါ အမှုထမ်းတစ်ဦးက ‘ကာလဝိပါက် နောက်ပိုးတက်’ ဆိုပြီး ဝမ်းသာအားရပြောလာတာကို ‘ သူ့ကံနဲ့သူ ငါ့ကံနဲ့ငါ၊ သူသေတာ ငါနဲ့မဆိုင်ပါဘူး’ လို့ ပြောဆိုခဲ့ပါတယ်။ အငြိုးအတေးမထားဘဲ ခွင့်လွှတ်တတ်တဲ့ စိတ်ထားကိုလည်း မြင်တွေ့ရပါတယ်။
ယောအတွင်းဝန်မင်းကြီးရာထူးအပြင် သီပေါမင်းလက်ထက်မှာ ရွှေပြည်ဝန်ကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့ ပါတယ်။ ဒါ့အပြင် ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊ ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင်သီဟသူ စတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ကွယ်လွန်ခါနီးအချိန် ရာထူးကနေ ရုတ်သိမ်းခံရဆဲအခိုက်အတန့်မှာတော့ သူဟာ တရားသဘောကို နှလုံးသွင်းပြီး သားမယားခင်တွယ်မှု သံယောဇဉ်တွေကို ဖြတ်တောက်ကာ ငယ်သူငယ်ချင်းဖြစ်သူ ဦးတူနဲ့သာ အတူနေထိုင်ခဲ့ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောဆိုကာ ဗုဒ္ဓတရားတော်တွေကို ရွတ်ဖတ်ပူဇော်ကြပြီး သေခြင်းတရားကိုလည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် ဦးဘိုးလှိုင်ဟာ မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်(ခရစ်နှစ် ၁၈၈၃ ခုနှစ်)မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ဦးဘိုးလှိုင်ကွယ်လွန်ခဲ့ပေမဲ့ ဒီကနေ့အထိ သူ့ရဲ့စိတ်နေစိတ်ထား၊ တည်ကြည်ဖြောင့်မတ်ပုံနဲ့ ပညာဉာဏ်ပြည့်ဝပုံတို့ဟာ နောင်လာနောက်သားတို့အတွက် စံနမူနာတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ။
=================================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ပြည့်စုံဖို့ရာ ဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ 💯 အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann