မြန်မာနိုင်ငံရဲ့ အထင်ကရ တန်ခိုးကြီးစေတီတော်ဖြစ်တဲ့ ရွှေတိဂုံစေတီတော်အကြောင်းကို ပြောကြမယ် ဆိုရင် ဌာပနာတိုက်ထဲမှာ ကျောက်ရုပ်ဖြစ်သွားတဲ့ မောင်ကံအကြောင်းကလည်း မပါမဖြစ်ပါပဲ။ မောင်ကံနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ သမိုင်းအထောက်အထားမရှိပေမဲ့ လူတိုင်းပါးစပ်ဖျားမှာ လူပြောများတဲ့ ဒဏ္ဍာရီဇာတ်လမ်း တစ်ပုဒ်လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ ပါးစပ်ရာဇဝင်ဖြစ်တာကြောင့် မောင်ကံရဲ့ ဘဝနဲ့ အကြောင်းအချင်းအရာအချို့က ကွဲလွဲမှုအနည်းငယ်တော့ ရှိနေနိုင်ပါတယ်။
မောင်ကံဆိုတာ ရွှေတိဂုံဘုရားခြေတော်ရင်းမှာ သမ္မာအာဇီဝကျကျနဲ့ ပန်းရောင်းရင်းအသက်မွေးနေတဲ့ လူငယ် လေးတစ်ယောက်ဖြစ်ပါတယ်။ အချို့ရာဇဝင်တွေမှာတော့ မောင်ကံဟာ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ လယ်သမား တစ်ယောက်လို့ ဖော်ပြကြပါတယ်။ မောင်ကံဟာ ပန်းရောင်းရင်း အမေအိုကြီးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေး တစ်ယောက်ဖြစ်သလို ဘုန်းကြီးရဟန်းတွေကို တွေ့ရင်လည်း ပန်းလှူလေ့ ရှိပါတယ်။
တစ်နေ့မှာတော့ ထွက်ရပ်ပေါက်လမ်းစဉ်ကို ကျင့်ကြံနေတဲ့ ရသေ့ကြီးတစ်ပါးက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ခွန်အားဗလနဲ့ ပြည့်စုံပြီး ရိုးသားပုံပေါ်တဲ့ မောင်ကံကို မြင်မြင်ချင်းပဲ ရသေ့ကြီးက သူ့ရဲ့ ထွက်ရပ်ပေါက်လမ်းစဉ်အတွက် အကူအညီပေးနိုင်မဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကာ ပန်းရောင်းနေတဲ့နေရာကို ချဉ်းကပ်သွားပါတယ်။ ဒီအခါ မောင်ကံက ရသေ့ကြီးကို ပန်းဝယ်မလို့လာတာဆိုရင် ဝယ်ဖို့မလိုပါဘူး၊ သူလှူလိုက်ပါ့မယ်လို့ ပြောပါတယ်။ ရသေ့ကြီးလည်း လူရွေးမှန်သွားပြီရယ်လို့ တစ်ချက်ပြုံးလိုက် ပြီးမှ သူ့ရဲ့ ထွက်ရပ်ပေါက် ကိစ္စအတွက် အကူအညီတောင်းပါတယ်။
ဒါ့အပြင် ရသေ့ကြီးက မောင်ကံကို သူ့ရဲ့လမ်းစဉ်အောင်မြင်ရင် ကျေးဇူးမမေ့ပါဘူး၊ လိုရာဆုတစ်ခု တောင်းနိုင် ပါတယ်လို့လည်း ကတိစကားထားလိုက်ပါတယ်။ မောင်ကံလည်း သဘောတူလိုက်ကာ ရသေ့ကြီးရဲ့ ထွက်ရပ်ပေါက်လမ်းစဉ် ကျင့်ကြံမဲ့ နေရာကို လိုက်သွားပါတယ်။ ရသေ့ကြီးက မောင်ကံကို ဆေးလုံးနှစ်လုံးနဲ့ အင်းပြားတစ်ချပ်ပေးပြီး စည်းဝိုင်းတစ်ခု တားလိုက်ပါတယ်။ အဲဒီနောက် စည်းဝိုင်းထဲကို ရသေ့ကြီးဝင်လိုက်တာနဲ့ တစ်ပြိုင်နက် မီးထတောက်မဲ့ အကြောင်းနဲ့ အမျိုးမျိုးသော အနှောင့်အယှက်တို့က ထွက်ရပ်ပေါက် လမ်းစဉ်ကို မလုပ်နိုင်အောင် တားမြစ်ကြမဲ့ အကြောင်းတွေကို ပြောပြပြီး ဒီအန္တရာယ်တွေကို မောင်ကံက ဆေးလုံးနဲ့ အင်းပြားကိုသုံးပြီး ရဲရဲဝံ့ဝံ့ ဖယ်ရှားပေးရမှာ ဖြစ်တယ်လို့ မှာကြားလိုက်ပါတယ်။ ဒါကို မောင်ကံလည်း လက်ခံလိုက် ပါတယ်။
များမကြာမီ ရသေ့ကြီး စည်းဝိုင်းထဲဝင်ပြီး ကျင့်ကြံနေစဉ်မှာပဲ ဘီလူး၊ တစ္ဆေ၊ နာနာဘာဝနဲ့ အမျိုးစုံတဲ့ အနှောင့်အယှက်တွေ ဝင်ရောက်လာပါတယ်။ ဒီအခါမောင်ကံက ရသေ့ကြီး မှာကြားထားတဲ့အတိုင်း ဆေးလုံးနဲ့ပေါက်တစ်လှည့်၊ အင်းပြားနဲ့ ပစ်တစ်လှည့်နဲ့ အန္တရာယ်အစုံကို ဖြိုခွင်းပေးလိုက်ရာ ထွက်ရပ်လမ်းစဉ်လည်း အောင်မြင်သွားပါတယ်။ ဒါကြောင့် ရသေ့ကြီးက သူ့ရဲ့ကတိအတိုင်း မောင်ကံကို လိုရာဆုတစ်ခုတောင်းဖို့ပြောပါတယ်။ ဒီအခါ မောင်ကံက တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ လှံပျံတစ်ချောင်း လိုချင်ပါတယ်လို့ တောင်းလိုက်ပါတယ်။ ရသေ့ကြီးက ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သွားတာကြောင့် အနာဂတ်မှာ မောင်ကံဟာ အဲဒီလှံပျံကြောင့်ပဲ ဒုက္ခရောက်ရလိမ့်မယ်လို့ ကြိုတင်မြင်ပါတယ်။ ဒါပေမဲ့လည်း ပေးထားတဲ့ ကတိစကားအတိုင်း ဖြည့်ဆည်းပေးဖို့ဖြစ်လာပါတယ်။ ဒါကြောင့် ရသေ့ကြီးက လှံပျံတစ်စင်းကို ဖန်ဆင်းပြီး မောင်ကံကို ပေးလိုက်ပါတယ်။
လှံပျံလက်ထဲရောက်ရောက်ချင်းမှာပဲ မောင်ကံဟာ မြေလျှိုးလိုက်၊ မိုးပျံလိုက်နဲ့ အမျိုးမျိုးအဖုံဖုံကို စမ်းသပ်နေပါတော့တယ်။ နောက်တော့ လှံပျံအစွမ်းနဲ့ မြေလျှိုးကာ တစ်နေရာအရောက်မှာတော့ မြေပြင်ကို ပြန်တက်လိုက်ပါတယ်။ အဲဒီနေရာကတော့ ဂန္ဓာလရာဇ်တိုင်းလို့ခေါ်တဲ့ တရုတ်ပြည်ဖြစ်နေပါတယ်။ အချို့ရာဇဝင်တွေထဲမှာတော့ မောင်ကံဟာ အိမ်မှာစောင့်နေတဲ့ အမေအိုကြီးထံ ပြန်ဖို့အချိန်နှောင်းနေတာကြောင့် မြန်မြန်အိမ်ပြန်ရောက်ချင်ဇောနဲ့ လှံပျံတောင်းပြီး မြေလျှိုးပြန်လိုက်ရာ အိမ်ရောက်ပြီအထင်နဲ့ မြေပြင်ပေါ်တက် ကြည့်လိုက်မှ တရုတ်ဘုရင် ဥတည်ဘွားရဲ့ သမီးတော်ကြင်စာရီ ရှိရာဥယျာဉ်တော်ထဲကို ရောက်ရှိသွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီလိုနဲ့ မောင်ကံဟာ တရုတ်ဘုရင်ရဲ့သမီးတော်ကြင်စာရီကို စုံမက်သွားပါတယ်။ ကြင်စာရီကလည်း လူစွမ်းကောင်း မောင်ကံကို သဘောကျသွားပါတယ်။ ဒီအကြောင်းတွေကို သိသွားတဲ့ ဘုရင်ကတော့ မောင်ကံကိုဆင့်ခေါ်ပြီး တန်ခိုးကြီးလှတဲ့ ရွှေတိဂုံဘုရားရဲ့ဆံတော်ကို ပင့်ဆောင်လာနိုင်ရင် သမီးတော်နဲ့ လက်ဆက်ပေးမယ် လို့ ဆိုပါတယ်။ မောင်ကံ လည်း ကြင်စာရီကို ချစ်တဲ့စိတ်၊ လှံပျံအပေါ်အားကိုးတဲ့ စိတ်နဲ့ သဘောတူ လက်ခံလိုက် ပါတယ်။အဲဒီနောက် ချစ်စိတ်မွှန်နေတဲ့ မောင်ကံတစ်ယောက် လှံပျံကိုစီးပြီး မိမိရဲ့မွေးရပ်မြေကို ပြန်လည်ရောက်ရှိ လာပါတယ်။ ပန်းအရောင်းထွက်သွားတဲ့ သားဖြစ်သူ ပြန်အလာကို မျှော်ရင်း အမေအိုလည်း အသက်ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း မောင်ကံသိတဲ့ အခါမှာတော့ ပူဆွေးသောက ကြီးစွာရောက်ပြီး ချစ်တဲ့သူကို ထပ်ပြီး မဆုံးရှုံးချင်တဲ့ အတ္တကြောင့် ရွှေတိဂုံဘုရား ဌာပနာတိုက်ထဲက ရတနာပစ္စည်းတွေနဲ့ ဆံတော်ကို ယူဖို့သွားပါတယ်။
ဌာပနာတိုက်ထဲရောက်တဲ့အခါ သိကြားမင်းဖန်ဆင်းထားတဲ့ ဓားစက်၊လှံစက်တွေကို လှံပျံအစွမ်းနဲ့ လွယ်လင့်တကူ ကျော်လွှားနိုင်ပြီးနောက် ဌာပနာတော်တွေကို ယူဖို့အထိ ဖြစ်လာပါတယ်။ မောင်ကံဟာ ဌာပနာကို ယူလိုဇောနဲ့ ခြေလှမ်းလိုက်ရာ ခြေထောက်တွေက ရှေ့တိုးမရတော့ပါဘူး။ ပကတိ ကျောက်သားအဖြစ် အသွင်ပြောင်းနေတဲ့ ခြေအစုံကို ကြည့်ပြီး မောင်ကံတစ်ယောက် မှားမှန်းလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း အချိန်နှောင်းသွားခဲ့ပါပြီ။ လှံပျံပေးခဲ့တဲ့ ရသေ့ကြီးလည်း ဒီအဖြစ်ကို သိမြင်တဲ့အတွက် ရောက်ရှိလာရာ တပည့်ဖြစ်သူကို မကယ်ဆယ်နိုင်ပေမဲ့ မောင်ကံရဲ့ နောက်ဆုံးဆန္ဒအရ ကြင်စာရီကို မောင်ကံထံ ခေါ်ဆောင်ပေးပါတယ်။ ကြင်စာရီရောက်လာချိန်မှာတော့ မောင်ကံရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ ပကတိ ကျောက်သားဖြစ်နေပါပြီ။ မကြာမီမှာပဲ မောင်ကံဟာ နှောင်းနောင်တတွေအပြည့်နဲ့ ကျောက်ရုပ်ဘဝကို ရောက်ရှိသွားပါတော့တယ်။
ဒါ့အပြင် မောင်ကံနဲ့ ပတ်သက်ပြီး ဒဂုံလို့သိကြတဲ့ ရန်ကုန်မှာ မြို့အတော်များများပေါ်ပေါက်လာတယ်လို့လည်း ဆိုကြပါသေးတယ်။ မောင်ကံ ပန်းရောင်းရင်းစွန့်လိုက်တဲ့ ပန်းတွေကြောင့် ပန်းစွန့်တောင်ဆိုပြီး ခေါ်ကြရာကနေ ပုဇွန်တောင်ဖြစ်ပေါ်လာပါတယ်။ မောင်ကံရဲ့အစွမ်းသတ္တိကို စူးစမ်းချင်တာကြောင့် ရသေ့ကြီးက ကန်ရဲ့ တစ်ဖက်ကမ်းကို ခုန်ကျော်ခိုင်းရာမှာ ပဲ့သွားတာကြောင့် ကန်ပဲ့လို့ ခေါ်ရာကနေ ယခု ကန်ဘဲ့အရပ်ဖြစ်ပေါ်လာ ပါတယ်။ အချို့ကတော့ မောင်ကံဟာ မိခင်ဖြစ်သူသေဆုံးတဲ့ သတင်းကို ကြားပြီးနောက် စိတ်ညစ်ညစ်နဲ့ ရေကန်တစ်ကန်ကို လှံထောက်ခုန်ရာကနေ ကန်ဘဲ့ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီနောက် လှံပျံစီးရင်း မောပြီဆိုကာ တစ်ထောက်နားတဲ့ နေရာကို မှော်ဘီ၊ စမ်းချောင်းလေးရှိရာ မောင်ကံ ရေဆင်းသောက်တာကို အစွဲပြုပြီး စမ်းချောင်း၊ ရွှေတိဂုံဘုရားကို ကြည့်ရုံနဲ့ မြင်နိုင်လောက်တဲ့ နေရာမှာ တစ်ထောက်နားတာကို အကြောင်းပြုပြီး ကြည့်မြင်တိုင်၊ မောင်ကံရဲ့ ဌာပနာဖောက်မဲ့ အစီအစဉ်ကို မဖြစ်မြောက်အောင် နတ်ကောင်းနတ်မြတ်တွေက မြွေအသွင်ဖန်ဆင်းပြီး တားထားတာကြောင့် တားမြွေကနေ တာမွေ၊ ဌာပနာယူဖို့နဲ့ မယူဖို့ စိတ်မှာလွန်ဆွဲရင်းကနေ ရွှေတိဂုံတိုင်အောင် အရောက်သွားမယ်လို့ ဆုံးဖြတ်ချက်ချရာနေရာကို ရွှေဂုံတိုင် စတဲ့ မြို့တွေပေါ်ပေါက်လာတယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒီနေ့အချိန်အထိ မောင်ကံဟာ ဘုရားဌာပနာတိုက် ထဲမှာ ကျောက်ရုပ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ လူအများက ယုံကြည်ထားကြပါတယ်။
မောင်ကံရဲ့ နှစ်လက်မအရွယ် ပုံစံတူရုပ်ပုံငယ်ကို ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်က ရွှေတောင်ငွေတောင် တန်ဆောင်းထဲမှာ ထည့်သွင်းထားပါတယ်။ အရင်က စနေသန့်ရှင်းရေးအသင်း တည်ရှိရာ တန်ဆောင်း ဖြစ်ပြီး စနေထောင့်အနီးက နေလဘုရားနဲ့ ကပ်လျက်မှာတည်ရှိပါတယ်။ မူလက တရုတ်ဘုံကျောင်း သဏ္ဍာန် ပြဿဒ်ဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ့ဟန်ပန်အတိုင်း ပြန်လည်ပြုပြင်ထားပါတယ်။ တန်ဆောင်းရဲ့ မူလကုသိုလ်ရှင်တွေကတော့ ဦးတင်ယားနဲ့ ဒေါ်နုတို့ဖြစ်ပါတယ်။ ပြန်လည်ပြုပြင်မွမ်းမံထားသူတွေကတော့ ဦးကစ်နဲ့ ဒေါ်မမလေးတို့ဖြစ်ပါတယ်။ တန်ဆောင်းမျက်နှာစာမှာတော့ ခြင်္သေ့ရုပ်နှစ်ရုပ်ရှိပြီး တန်ဆောင်းအတွင်းမှာ ရွှေတောင်နဲ့ ငွေတောင်ဆိုပြီး ကျောက်တောင်နှစ်ခုရှိတဲ့အနက် ငွေတောင်ထဲမှာ မောင်ကံ ပုံစံတူအရုပ်လေးကို တွေ့နိုင်ပါတယ်။
ကျောက်ရုပ်ဖြစ်သွားတဲ့ မောင်ကံရဲ့ အကြောင်းဟာ နှောင်းလူတို့ အနေနဲ့ သတိချပ်ဆင်ခြင်နိုင်ကြစေဖို့ ရှေးလူကြီးတို့ဖန်တီးသွားတဲ့ ဒဏ္ဍာရီပုံပြင်ပဲလား၊ အထောက်အထား အစုံအလင်မရှိပေမဲ့ အမှန်တကယ်ပဲ ရှိခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ တပ်အပ်မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ရွှေတိဂုံဘုရားသမိုင်းကြောင်းကို မေးတဲ့ ကလေးသူငယ်တွေကို လူကြီးသူမတွေပြောပြလေ့ရှိတဲ့ နားထောင်ကောင်းတဲ့ ပုံပြင်ကောင်းတစ်ပုဒ်ဆိုတာကတော့ မမှားနိုင်ပါဘူး။ ။