လှပတဲ့တောင်တန်းတွေကြားမှာ လျှိုမြောင်၊ စိမ့်စမ်းတွေစီးဆင်းနေတဲ့ သာယာရှုမောဖွယ် သဘာဝအလှတရား တွေနဲ့ပြည့်စုံတဲ့ ရှမ်းပြည်နယ်က မြန်မာနိုင်ငံအတွင်းမှာ အကြီးဆုံးနဲ့ နယ်မြေအကျယ်ဝန်းဆုံး ပြည်နယ်တစ်ခုလို့ဆိုရမှာပါ။ ရှမ်းလူမျိုးစု များစွာရှိပြီး လူမျိုးစုကွဲပြားမှုအလိုက် ယဥ်ကျေးမှု၊ ဘာသာစကားတို့လည်း အနည်းငယ်စီကွဲပြားတာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်ကို အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဆိုပြီး အပိုင်းသုံးပိုင်းခွဲကာ သတ်မှတ်ခဲ့ကြတဲ့အနက် မြောက်ပိုင်းဒေသအတွင်းက နမ္မတူမြို့နဲ့ ဘော်တွင်းဒေသတို့အပြင် တောင်ပိုင်းဒေသဖြစ်တဲ့ ဘော်ဆိုင်းရွာမှာ လည်း သတ္တုတွင်းတွေရှိပြီး ဘော်၊ ခဲ၊ ရွှေနဲ့ ငွေသတ္တုတွေကို တူးဖော်ရရှိပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် အနှံ့အပြားမှာ ငွေထည်ပစ္စည်းတွေကို ရိုးရာအဆင်တန်ဆာတစ်ခုအနေနဲ့ ပြုလုပ်ဝတ်ဆင်ကြတာတွေ့ရပါတယ်။ ငွေထည်လုပ်ငန်းကို မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ အနုပညာလက်ရာတစ်ခုအဖြစ်နဲ့ သတ်မှတ်ခဲ့ကြသလို မြန်မာ့ငွေထည်လက်ရာတွေက နိုင်ငံတကာဈေးကွက်မှာ ထိပ်တန်းနေရာက ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းလူမျိုးတို့ပြုလုပ်တဲ့ ငွေထည်အဆင်တန်ဆာတွေရဲ့လက်ရာကလည်း တစ်မူကွဲပြားပြီး ထူးခြားလှပတာကြောင့် နှစ်သက်စရာကောင်းလှပါတယ်။ ငွေထည်ပစ္စည်းတွေ ပြုလုပ်တဲ့အခါမှာ အကောင်းဆုံးအရည်အသွေးရှိတဲ့ ဘော်သတ္တုထဲမှာ ကြေးနီအကောင်းစားကို အနည်းငယ်ရောထည့်ပြီး လိုသလိုပုံဖော်ကြရတာဖြစ်ပါတယ်။ ဘော်ချည်းသက်သက် ပြုလုပ်မယ်ဆိုရင် ငွေထည်ပစ္စည်းတွေအနေနဲ့ အလွန်ပျော့ပျောင်းနေမှာဖြစ်ပြီး သုံးစွဲရာမှာလည်း အကြမ်းခံနိုင်မှာမဟုတ်တဲ့အတွက် ရေရှည်အသုံးပြုနိုင်ပြီး လှပခိုင်ခံ့တဲ့ ငွေထည်အသုံးအဆောင် တွေ ရရှိစေဖို့ ကြေးနီကိုထည့်သွင်းပြုလုပ်ရခြင်းဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသား လူမျိုးစု များစွာရှိတဲ့အထဲမှာ ငွေထည်အသုံးအဆောင်တွေကို အဆင်တန်ဆာတစ်ခုအနေနဲ့ တန်ဖိုးထားကာ အမြတ်တနိုးဝတ်ဆင်ကြလေ့ရှိတာကတော့ အာခါတိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ လက်မှု အတတ်ပညာတစ်ရပ်ဖြစ်တဲ့ ပန်းပဲလုပ်ငန်းကို အာခါလူမျိုးတို့က ချယ်ရီပန်းတွေပွင့်တဲ့လရာသီ နှစ်ဆန်းပိုင်းမှာ ငွေထည်ရတနာ အဆင်တန်ဆာပစ္စည်းအမျိုးမျိုးကို ရိုးရာမပျက် ပြုလုပ်လေ့ရှိပါတယ်။ အာခါတိုင်းရင်းသား တို့နေထိုင်ရာ ရွာတိုင်းမှာ ပန်းပဲဆရာတစ်ဦးရှိစမြဲဖြစ်ပါတယ်။ ပန်းပဲဆရာက ရွာတစ်ရွာရဲ့အဓိကကျတဲ့ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး ငွေထည်အဆင်တန်ဆာတွေအပြင် ရွာသစ်တည်ရာမှာလိုအပ်တဲ့ ဓား၊ ပုဆိန်၊ လှံ၊ ပေါက်ပြား နဲ့ နတ်ဆရာလက်သုံးဓားတွေကိုလည်း ပြုလုပ်ပေးရတာဖြစ်ပါတယ်။ အာခါတိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စုံကို လေ့လာကြည့်မယ်ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေက ငွေထည်အဆင်တန်ဆာကို ပိုပြီးဝတ်ဆင်ကြတာတွေ့ရပါတယ်။ အာခါအမျိုးသမီးတွေဝတ်ဆင်လေ့ရှိတဲ့ ခေါင်းဆောင်းတွေမှာ ငွေထည်ပစ္စည်းဖြစ်တဲ့ ငွေပြားအမျိုးမျိုးကို ထည့်သွင်းကာ အမြတ်တနိုးဆင်မြန်းကြပြီး လေးလံတယ်လို့ သတ်မှတ်ခဲ့ကြပုံမရပါဘူး။ အာခါအမျိုးသမီးတွေရဲ့ အပေါ်အင်္ကျီအောက်ကနေ ဝတ်ဆင်တဲ့ အတွင်းရင်ခံထဲမှာလည်း ငွေခွက်တွေကို တွဲလျက်သီချုပ်ထားတတ်ကြပါတယ်။ ခါးပတ်မှာလည်း ပုတီးစေ့၊ ခရုလုံးတို့အပြင် ငွေကြေးချမ်းသာတဲ့ အချို့လူတွေက ငွေထည်နဲ့ပြုလုပ်တဲ့ ငွေခါးပတ်ကို ပတ်ကြပါတယ်။ အာခါ ယောကျ်ားလေး၊ မိန်းကလေးတွေက ငယ်ရွယ်စဥ်အချိန်မှာ ငွေသီးငွေခွက်ကလေးတွေနဲ့ ပန်းပုံစံ ဖော်ထားတဲ့ ဦးထုပ်အဝိုင်းလေးတွေကို ဆောင်းကြပါတယ်။ အာခါအမျိုးသမီးတွေရဲ့ ခေါင်းဆောင်းမှာ တပ်ဆင်တဲ့ ငွေခွက်တွေကို ပန်းထိမ်လုပ်ငန်းအတော်များများမှာ ပြုလုပ်ကြပါတယ်။ ငွေခွက်ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး ငွေခဲအပိုင်းအစလေးတွေကို ပြုလုပ်မဲ့ အရွယ်အစားပေါ်မူတည်ကာ ချိန်တွယ်ပြီး သံခွက်တစ်ခု ထဲမှာ မီးနဲ့ကျိုပေးရပါတယ်။ ငွေခဲတွေ အရည်ပျော်လာပြီးတဲ့နောက်မှာတော့ မြောင်းပါတဲ့သံချောင်းအတွင်းကို ငွေချောင်းရရှိစေဖို့ လောင်းထည့်ပေးလိုက်ရပါတယ်။ ငွေချောင်းအဆင့်ကို ရောက်ရှိလာပြီဆိုရင် တူကိုအသုံးပြု ကာ ပြားနေအောင်ထုပြီး အပြားဆွဲတဲ့ကိရိယာနဲ့ ပိုမိုပြားကပ်သွားအောင် ဖိပေးရပါတယ်။ ရရှိလာတဲ့ငွေပြားကို အသင့်ပြုလုပ်ထားပြီးဖြစ်တဲ့ မိုခွက်(ပုံစံခွက်)ထဲမှာ လက်နဲ့ရိုက်ပြီး ဖြတ်ထုတ်ပေးရပါတယ်။ ပြီးတဲ့နောက်မှာ တော့ မိုခွက်အတွင်းမှာပဲ ငွေခွက်ကလေးတွေကို တူနဲ့ရိုက်ကာ ပြုလုပ်ပေးရပါတယ်။ ငွေခွက်တွေရဲ့ အရောင် အသွေးလှပစေဖို့အတွက် မီးစားခြင်း၊ ဆေးကြောခြင်း အစရှိတဲ့ အဆင့်တွေကို ပြုလုပ်ပြီးမြောက်ပါက ခေါင်းဆောင်းမှာတပ်ဆင်နိုင်တဲ့ ငွေခွက်တွေကို ရရှိပြီဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာလက်မှုလုပ်ငန်းဖြစ်တဲ့ ပန်းထိမ်တွေမှာ ခေါင်းဆောင်းငွေခွက်ကို အဓိကပြုလုပ် ကြပြီး ကျန်တဲ့ ငွေထည်အဆင်တန်ဆာတွေကိုလည်း အလျဥ်းသင့်သလို ဖန်တီးကြတာဖြစ်ပါတယ်။ ငွေထည် တွေကို ရိုးရာယဥ်ကျေးမှုတစ်ခုအနေနဲ့ ဝတ်ဆင်ကြတဲ့သူတွေထဲမှာ တောင်ရိုးလူမျိုးစုတွေလည်း ပါဝင်ပါတယ်။ တောင်ရိုးလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအရ မိန်းကလေးအပျိုတွေကို ငွေလက်ကောက်၊ ငွေနားသန်သီး၊ ငွေပုတီးနဲ့ ငွေခြေချင်းတွေကို ဆင်မြန်းပေးလေ့ရှိကြပြီး အိမ်ထောင်ကျသွားပြီးနောက် အအိုဖြစ်သွားပါက ကြေးခွေတွေကို ခြေသလုံးမှာ ရစ်ပတ်ကာ ဆင်ယင်လေ့ရှိပါတယ်။ ရှေးမြန်မာမင်းများလက်ထက်က ငွေထည်ပစ္စည်းတွေကို လူတိုင်းအသုံးပြုခွင့်မရရှိခဲ့ကြပေ။ ဘုရင့်ဆွေတော် မျိုးတော်တွေနဲ့ အသုံးပြုခွင့်ရထားတဲ့ နန်းတွင်းအမှုထမ်းတွေကသာ ပွဲလမ်းသဘင်၊ အလှူ၊ မင်္ဂလာအခမ်းအနား တွေမှာ ငွေထည်အဆင်တန်ဆာတွေကို ဝတ်ဆင်ကြရတာဖြစ်ပါတယ်။ မြန်မာ့ငွေထည်ပစ္စည်းတွေကို ရန်ကုန်မြို့ နဲ့ သရက်မြို့မှာ အဓိကပြုလုပ်ကြပြီး ရန်ကုန်လက်ရာက ရိုးရိုးရှင်းရှင်းနဲ့ အနုစိတ်ကျကျ စေ့စပ်သေချာလှပသလို သရက်လက်ရာကတော့ ပုံစံစိတ်ကူးဆန်းကြယ်တာကို တွေ့ရပါတယ်။ အဲဒါအပြင် ငွေထည်ပစ္စည်းပြုလုပ်ရာမှာ မန္တလေးမြို့ကလည်း အထူးထင်ရှားတယ်လို့ ဖော်ပြရမှာဖြစ်ပါတယ်။ နန်းဆန်ပြီးလှပတဲ့ မြန်မာ့ငွေထည်လက်ရာ တွေနဲ့အပြိုင် တရုတ်နဲ့ ထိုင်း ဟန်နွယ်တဲ့ ဆန်းဆန်းပြားပြား ရှမ်းရိုးရာငွေထည်လက်ရာတွေကလည်း စော်ဘွားတွေရဲ့ ဟော်နန်းမှတစ်ဆင့် ဈေးကွက်ထဲအထိ ခြေဆန့်ဝင်ရောက်လာနိုင်ခဲ့ပြီး မျက်နှာပန်းလှခဲ့ပါတယ်။ လူမျိုးတစ်မျိုးရဲ့ ယဥ်ကျေးမှုအဆင့်အတန်းကို လေ့လာမယ်ဆိုရင် သူတို့ဝတ်ဆင်တဲ့ အဆင်တန်ဆာတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အင်းလေးကန်မှာ နေထိုင်ကြတဲ့ ရှမ်း တိုင်းရင်းသားလူမျိုးတွေရဲ့ လက်မှုပညာက ဒေသရဲ့ယဥ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အချိန်ထိ အင်းသူအင်းသားတွေ ဝတ်ဆင်တဲ့ ငွေထည်အဆင်တန်ဆာတွေကို အင်းရိုးရာပန်းထိမ်လုပ်ငန်းက မျိုးရိုးစဥ်ဆက် လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ အင်းလေးကန် ရေပြင်ထက်က ဟဲယားရွာမမှာရှိတဲ့ ပန်းထိမ်မှာ ရှေးလက်ရာမပျက် ငွေထည်အဆင်တန်ဆာတွေအပြင် ခေတ်မီပုံစံဒီဇိုင်းအမျိုးမျိုးကိုလည်း ဆန်းသစ်တီထွင်ကာ ပြုလုပ်ရောင်းချပေးလျက်ရှိပြီး ဖောင်တော်ဦးဘုရားပွဲတော်ကာလနီးတဲ့အခါ ပိုပြီးအရောင်းသွက်တယ်လို့ သိရပါတယ်။ အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေကလည်း ငွေထည်ပစ္စည်းတွေကို အမှတ်တရဝယ်ယူလေ့ရှိတဲ့အပြင် ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာလက်မှုပညာကိုလည်း စိတ်ဝင်တစားနဲ့လေ့လာကြပါတယ်။ လက်ရာမြောက်တဲ့ ရှမ်းရိုးရာငွေထည်လက်ရာတွေက ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တွေအထိ ပျံ့နှံ့ရောက်ရှိပြီး တန်ဖိုးထားဆင်မြန်းခဲ့ကြပါတယ်။ မြန်မာတို့ရဲ့ လောကီမင်္ဂလာ(၁၂)ပါးထဲက ဒေါဠာကရဏ မင်္ဂလာဖြစ်တဲ့ ပုခက်တင်မင်္ဂလာပြုလုပ်ရာမှာ ငွေပုခက်ကို အသုံးပြုခြင်း၊ ဘတ္တာဟာရ မင်္ဂလာလို့ ခေါ်ဆိုတဲ့ ကလေး(၆)လသားအရွယ်မှာ ပထမဆုံးထမင်းခွံ့တဲ့မင်္ဂလာကို ငွေဇွန်းနဲ့ ပြုလုပ်ခြင်း၊ ကဏ္ဏဝိဇ္ဈန မင်္ဂလာမှာ ငွေအပ်နဲ့ နားသပေးခြင်း အစရှိတဲ့ ငွေထည်ကို တန်ဖိုးမြှင့်ကာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ့ငွေထည်လက်ရာတွေကို နိုင်ငံခြားသားတွေက တန်ဖိုးထားဝယ်ယူ စုဆောင်းလေ့ရှိကြသလို ပထမကမ္ဘာစစ်မတိုင်မီ ကာလတွေကတည်းက အိန္ဒိယမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲတွေမှာ မြန်မာ့ငွေပန်းထိမ်လက်ရာတွေက ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ မြန်မာ့ငွေထည် လက်ရာတွေက လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။
===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤: https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #ငွေထည်
#ရှမ်းတိုင်းရင်းသား #မြန်မာ့တွင်းထွက်