တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာရှိတဲ့ ဖုန့်ဟွမ်ရှေးဟောင်းမြို့ (Fenghuang Ancient Town) ဟာ တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အလှပဆုံးမြို့တွေထဲက တစ်မြို့အဖြစ် ကျော်ကြားပါတယ်။ ဒီမြို့ရဲ့ အမည်ဟာ “ဖီးနစ်ငှက်” (Phoenix) လို့ အဓိပ္ပာယ်ရပြီး ရှေးခေတ်တရုတ် ဒဏ္ဍာရီလာ ဖီးနစ်ငှက်နှစ်ကောင်က မြို့အနီးမှာ ပျံသန်းနေတာကို တွေ့ရှိခဲ့ရာကနေ မြို့နာမည်ကို ပေးခဲ့တာလို့ အဆိုရှိပါတယ်။
ဖုန့်ဟွမ် ရှေးဟောင်းမြို့ဟာ ဟူနန်ပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိနေတဲ့အလျှောက် အရှေ့ဘက်မှာ Luxi ခရိုင်၊ တောင်ပိုင်းမှာ Mayang ခရိုင်၊ အနောက်ဘက်မှာ ကွေ့ကျိုး (Guizhou) ပြည်နယ်ရဲ့ Songtao ခရိုင်၊ မြောက်ဘက်မှာ Jishou မြို့တော်၊ ဟွာယွမ် (Huayuan) ခရိုင်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဟူနန်နဲ့ ကွေ့ကျိုး ပြည်နယ်တို့အတွက် မဟာဗျူဟာမြောက် တံခါးပေါက်အဖြစ်လည်း ဒီမြို့က တည်ရှိပေးနေပါတယ်။ ဖုန့်ဟွမ်ခရိုင်ဟာ စုစုပေါင်းဧရိယာ ၁,၇၄၅ စတုရန်းကီလိုမီတာရှိပြီး ၂၀၂၃ ခုနှစ်အကုန်မှာ အမြဲတမ်းလူဦးရေက ၃၄၁,၀၀၀ ဖြစ်ပါတယ်။ ဒီခရိုင်က ယူနန် – ကွေ့ကျိုး ကုန်းပြင်မြင့်ရဲ့ အရှေ့ဘက် မိုးရွာသွန်းမှုနည်းပါးတဲ့ဒေသမှာ တည်ရှိပါတယ်။ နှစ်စဉ်ပျမ်းမျှမိုးရေချိန် မီလီမီတာ တစ်ထောင်ကျော်ပဲရှိပြီး စီရင်စုအတွင်း အနိမ့်ဆုံးနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ မိုးရွာသွန်းမှု အနိမ့်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။
ဖုန့်ဟွမ်ရှေးဟောင်းမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၃၀၀ ကျော်ကတည်းက တည်ရှိခဲ့တာဖြစ်သလို မင်းဆက်ပေါင်းများစွာရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။ အထူးသဖြင့် မင်မင်းဆက် (Ming Dynasty) နဲ့ ချင်းမင်းဆက် (Qing Dynasty) တို့ရဲ့ ဗိသုကာလက်ရာတွေကို ဒီမြို့မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ တောင်တန်းတွေက မြို့ကို ပတ်လည်ဝိုင်းရံထားတဲ့အပြင် ထော်ကျန်းမြစ်ပါ (Tuojiang River) ရှိနေတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ဟာ ရှေးဟောင်းအဆောက်အအုံတွေနဲ့အတူ အတော့်ကို ပနံသင့်နေပါတယ်။
ဒီမြို့မှာတော့ တိုင်းရင်းသားလူမျိုးတို့ဖြစ်တဲ့ မြောင်လူမျိုး (Miao) နဲ့ ထူကျားလူမျိုး (Tujia) တို့ အများစု နေထိုင်ကြပါတယ်။ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ လက်မှုပညာတွေဟာ မြို့ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဖုန့်ဟွမ် ရှေးဟောင်းမြို့မှာရှိတဲ့ မင်နဲ့ ချင်းမင်းဆက် အဆောက်အအုံတွေကို ကောင်းစွာ ထိန်းသိမ်းထားသလို အမျိုးသားအဆင့်နဲ့ ပြည်နယ်အဆင့် ၈ ခု အပါအဝင် ခရိုင်အဆင့် ဒါမှမဟုတ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ၈၅ ခု ရှိပါတယ်။ ခရိုင်အတွင်း ရှေးဟောင်းနေရာ စုစုပေါင်း ၁၁၆ ခု၊ ရိုးရာအိမ် ၁၂၀ ကျော်၊ အဖိုးတန် ယဉ်ကျေးမှု အမွေအနှစ် ၁၀,၀၀၀ ကျော်နဲ့ ရှားပါး ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးမျိုး ရှိပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အများဆုံးရှိတဲ့ ခရိုင်နဲ့ မြို့တွေထဲမှာ ဖုန့်ဟွမ် ရှေးဟောင်းမြို့က တစ်ခုအပါအဝင် ဖြစ်နေတာ ဖြစ်ပါတယ်။
သမိုင်းကြောင်းတွေအရ ၁၈၅၄ ခုနှစ် မြောင်ပုန်ကန်မှုရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပြီး မြောင်လူမျိုးအများအပြားက အရှေ့တောင်အာရှဒေသဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ မြောင်တို့ရဲ့ တိုက်ခိုက်မှုကနေ ဟန်တရုတ်လူမျိုးတွေကို ကာကွယ်ပေးဖို့ မင် မင်းဆက်က ခံတပ်ဆောက်လုပ်ပေးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တောင်တန်းနဲ့ မြို့ရိုး (Southern Great Wall) ဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်းရဲ့ မဟာတံတိုင်းဟာ ဒီမြို့ရဲ့ ထင်ရှားတဲ့နေရာတွေထဲမှာ အပါအဝင်ဖြစ်နေတာပါ။ အလားတူ ရှီကျား တံတား (Xijia Bridge) ကလည်း ဒီမြို့မှာရှိနေပြီး ထော်ကျန်းမြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထားတဲ့ ရှေးဟောင်းတံတားတစ်ခုပါ။ ညဘက်မှာ မီးရောင်စုံတွေနဲ့ လှပနေတတ်ပါတယ်။ ထော်ကျန်းမြစ် (Tuojiang River) တစ်လျှောက်မှာဆိုရင်တော့ လှေစီးပြီး ဖုန့်ဟွမ် ရှေးဟောင်းမြို့ရဲ့ အလှအပကို ရှုစားနိုင်ပါတယ်။ မြစ်ကမ်းဘေးက ရှေးဟောင်းအိမ်တွေဟာ ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။ ဒါ့အပြင် ဖုန့်ဟွမ် ရှေးဟောင်းမြို့ဂိတ် (Fenghuang Ancient City Gate) က မြို့ထဲကို ဝင်ရောက်တဲ့ အဓိကဂိတ်ပေါက်ဖြစ်ပြီး သမိုင်းဝင် ခံတပ်ကြီးတစ်ခုလို ခံစားရစေမှာပါ။
ဖုန့်ဟွမ်ကို အလည်လာမယ်ဆိုရင် အကောင်းဆုံးအချိန်ကတော့ နွေဦးနဲ့ ဆောင်းဦးကာလ (မတ်လ၊ ဧပြီလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ) တွေပဲ ဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ရာသီဥတု သာယာပြီး ခရီးသွားလာရေးအတွက် သင့်တော်ပါတယ်။ မြို့ထဲမှာ လမ်းလျှောက်တာ၊ လှေစီးတာ၊ ညဈေးတန်းကို လည်ပတ်တာတွေက အကောင်းဆုံး အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ဖုန့်ဟွမ်ရှေးဟောင်းမြို့ဟာ သမိုင်း၊ ယဉ်ကျေးမှုနဲ့ သဘာဝအလှအပတွေကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့နေရာတစ်ခု ဖြစ်တာကြောင့် တရုတ်နိုင်ငံကို ခရီးသွားမယ်ဆိုရင် မဖြစ်မနေ သွားရောက်သင့်တဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မတ်လ ၂၈ ရက်မှာတော့ ယူနက်စကိုက ဖုန့်ဟွမ်ရှေးဟောင်းမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်ပါတော့တယ်။
#Zlann_Podcast #ဇာတ်လမ်း #Fenghuang #ဖုန့်ဟွမ် #ရှေးဟောင်းမြို့တော် #ဟူနန်ပြည်နယ် #ကမ္ဘာ့အမွေအနှစ် #ဗိသုကာလက်ရာ #မြောင်လူမျိုး #ထူကျားလူမျိုး #TuojiangRiver #SouthernGreatWall #ရှေးခေတ်တရုတ်သမိုင်း #ခရီးသွား