ရာဇာဓိရာဇ်ဘုရင်၏ သစ္စာတော်ခံ မွန်သူရဲကောင်း “လဂွန်းအိန်”
==========================
မြန်မာနိုင်ငံသမိုင်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင် သတ္တိ ဗျတ္တိ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ မင်းတရားတွေနဲ့ စစ်သေနာပတိသူရဲကောင်းတွေ များစွာပေါ်ထွန်းခဲ့ပါတယ်။ အဲဒီအထဲမှာ မွန်ဘုရင် ရာဇာဓိရာဇ်ရဲ့ သစ္စာတော်ကိုစောင့်သိတဲ့ မွန်သူရဲကောင်း လဂွန်းအိန်လည်း ပါဝင်ပါတယ်။
မွန်သူရဲကောင်း လဂွန်းအိန်ဟာ မွန်ဘုရင် “ရာဇာဓိရာဇ်” ရဲ့ အလွန်အားကိုးအားထားပြုရတဲ့ သူရဲကောင်း တစ်ဦးဖြစ်တဲ့အလျှောက် သူ့ရှင်ဘုရင်ရဲ့ လက်ဝဲတော်လို့လည်း ဆိုနိုင်ပါတယ်။
“လဂွန်းအိန်” ဆိုပြီး မကျော်စောခင်အချိန်က လဂွန်းအိန်ဟာ အမတ်ကြီး သမိန်သံဗြက်ထံပါးမှာ အမှုတော်ခစား ထမ်းဆောင်နေရတဲ့ သာမန် ကျွန်တော်စစ်သည်လေးတစ်ဦးသာဖြစ်ပါတယ်။ အမည်ရင်းက “မသံလုံ” ဖြစ်ပြီး “လဂွန်းအိန်” ဆိုတာ ဘွဲ့နာမတစ်ခုသာဖြစ်ပါတယ်။
မွန်ပြည့်ရှင် “ရာဇာဓိရာဇ်” နန်းတက်ခါစက အရှေ့ဘက်တစ်လွှားမှာရှိတဲ့ နယ်တွေကို စစ်ရေးစည်းရုံးမှုတွေ ပြုကြရပါတယ်။ မိမိဘက်ကို ထောက်ခံသူတွေကိုတော့ လွယ်ကူစွာစည်းရုံးနိုင်သော်လည်း မိမိတို့ကိုမထောက်ခံသူတို့ကိုတော့ နည်းပရိယာယ်သုံးကာ စည်းရုံးရပါတယ်။ မည်သို့မျှ ပရိယာယ်နဲ့ စည်းရုံးလို့မရတဲ့အခါမှာ လက်နက်ကိုင် တိုက်ခိုက်ကြပါတယ်။ ဒီလို တိုက်ခိုက်ကြတော့ နှစ်ဖက်စစ်မျက်နှာဖွင့်ပြီး တိုက်ရခြင်းရှိသလို ခေါင်းဆောင်နှစ်ဦးရင်ဆိုင်ဖြေရှင်းရခြင်းလည်း ရှိပါတယ်။
“ရာဇာဓိရာဇ်” နန်းတက်စအချိန်မှာပဲ “မြောင်းမြလောက်စား” နဲ့ ဆွေတော်မျိုးတော် တို့က ဆန့်ကျင်ပုန်ကန်တိုက်ခိုက်တဲ့အတွက် ရှင်ဘုရင်ကိုယ်တိုင် လိုက်လံသုတ်သင်ခဲ့ရပါတယ်။ အဲဒီလိုတိုက်ခိုက်ရှင်းလင်းနေရင်းက ရန်သူ့လက်ထဲရှိနေတဲ့ မြို့ရွာတွေကို တစ်စချင်း သိမ်းပိုက်ရရှိခဲ့ပါတယ်။ သိမ်းပိုက်ရရှိပြီးတဲ့ မြို့ရွာတွေကို အုပ်ချုပ်မှုပြုနိုင်ဖို့ ယုံကြည်ကိုးစားရသူတွေကို မြို့စားရာထူးခန့်အပ်ထားခဲ့ရပါတယ်။ သိမ်းပိုက်ရရှိပြီးတဲ့ တရည်းမြို့ကို ဆင်၊ မြင်း၊ ဗိုလ်ပါ ငါးထောင်နဲ့အတူ အမတ်ကြီး သမိန်သံဗြက်ကို အပ်နှင်းထားခဲ့ပါတယ်။
ဘုရင် “ရာဇာဓိရာဇ်” က တခြားမြို့တွေကို ဆက်လက်တိုက်ခိုက်နေခိုက် မုတ္တမမြို့စားနဲ့ မော်လမြိုင်မြို့စားတို့က တရည်းမြို့ကို မကြာခဏလာရောက်တိုက်ခိုက်ကြပါတယ်။ ရန်သူလာရောက်တိုက်ခိုက်ချိန်တိုင်းမှာလည်း “သမိန်သံဗြက်” ရဲ့ ကျွန်တော် “မသံလုံ” က ရွပ်ရွပ်ချွံချွံနဲ့ တွန်းလှန်နိုင်ခဲ့တာကြောင့် “ရာဇာဓိရာဇ်” က ကျွန် တော်ရဲ့ အကြောင်းကို ကြားသိပြီး အောင်ပွဲတွေအတွက် လက်ဆောင်ပစ္စည်းတွေ အမြဲပို့လေ့ရှိပါတယ်။
လဂွန်းဗျည်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးညမှာပဲ သံမောင်းမြို့စား “မဂြိုင်း” ဟာ ပုန်ကန်ထကြွပြီး လဂွန်းဗျည်းမြို့ကို လာရောက်တိုက်ခိုက်ပါတော့တယ်။ ဒီလို သစ္စာမရှိတဲ့လုပ်ရပ်အတွက် သူ့ရှင်ဘုရင်ဟာ လွန်စွာ ခံပြင်းဒေါသထွက်တော်မူလို့ သံမောင်းမြို့စားကို သုတ်သင်ရှင်းလင်းလိုတာကြောင့် “အလွန်ယုတ်ညံ့လှတဲ့ ဒီ သစ္စာဖောက်ကောင်ရဲ့ ခေါင်းကို ငါကိုယ်တော် ဖြတ်ယူလိုတယ်။ အမတ်သံဗြက်ရဲ့ လူတွေထဲမှာ ဘယ်သူက ဖြတ်ပေးနိုင်သနည်း” လို့ မိန့်တော်မူရာ “မသံလုံ”က မဆိုင်းမတွဘဲ “အကျွန်ုပ်ဖြတ်ယူပေးနိုင်ပါတယ်”လို့ သူ့ရဲ့ ဓားကိုထက်နေအောင်သွေးနေရင်းနဲ့ လျှောက်တင်ပါတယ်။ “မသံလုံ” ဟာ ဓားထက်တာနဲ့ ထမင်းအိုးဟောင်းတစ်လုံးကို ခြင်းတောင်းထဲထည့်ကာ သံမောင်းမြို့စား “မဂြိုင်း”ရဲ့ တပ်ထဲကို သူ့တပ်သား အယောင်ဆောင်ကာ ဝင်သွားခဲ့ပါတယ်။
တပ်ထဲရောက်ချိန်ဟာ ညနက်ပိုင်းဖြစ်တဲ့အတွက် မီးတိုင်ထွန်းထားပြီး ဆွေးနွေးနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ကိုယ့်လူသူ့လူ မကွဲပြားဘဲရှိနေပါတယ်။ ဒီအချက်ကိုအခွင့်ကောင်းယူကာ “မသံလုံ” က “မဂြိုင်း” ရဲ့ ရှေ့တော်မှောက်ထိ သွားလိုက်ပါတယ်။ ဓားတစ်ချောင်းနဲ့ ခြင်းတောင်းကြီးကိုင်ထားတာကိုမြင်တော့ “ဘာလုပ်တာလဲ၊ ဘာကိစ္စရှိသလဲ။” ဆိုပြီး “မဂြိုင်း” နဲ့ သူ့လူတွေကမေးမြန်းရာ “မသံလုံ” က “ရန်သူ့ခေါင်းကိုဆက်သဖို့ လာခဲ့ခြင်းဖြစ်တယ်” လို့ ဖြေပါတယ်။သူအဲဒီလိုဖြေတာကို ယုံကြတာကြောင့် ထမင်းအိုးထည့်လာတဲ့ခြင်းတောင်းကို ထုတ်ပြလိုက်ပါတယ်။
“မသံလုံ” ပြတဲ့ ထမင်းအိုးကို လူတွေ စိတ်ဝင်တစား အာရုံစိုက်နေတဲ့အချိန်မှာပဲ “မသံလုံ”က ရုတ်တရက်ထခုန်ပြီး “မဂြိုင်း”ရဲ့ ခေါင်းကို လျင်လျင်မြန်မြန်နဲ့ ချက်ချင်း ခုတ်ဖြတ်ပစ်လိုက်ပါတယ်။ ပြတ်သွားတဲ့ ခေါင်းကို ပါလာတဲ့ ခြင်းတောင်းထဲအမြန်ထည့်ပြီး ဓားကိုဝင့်ကာ ထွက်ခွာသွားပါတယ်။ အဖြစ်အပျက်က လျှပ်စီးတမျှ မြန်ဆန်လွန်းတာက တစ်ကြောင်း၊ မလိုက်ရဲတာက တစ်ကြောင်းမို့ “မဂြိုင်း” ရဲ့ လူတွေက အုတ်အုတ်ကျက်ကျက် နဲ့ ကျန်ရစ်နေခဲ့ရပါတော့တယ်။ အဲဒီနောက် ညတွင်းချင်းမှာပဲ “မသံလုံ” က ဘုရင် “ရာဇာဓိရာဇ်” ရှေ့တော်မှောက်ထံအရောက်ပြန်လာခဲ့ပါတယ်။
ဘုရင် “ရာဇာဓိရာဇ်” က တစ်ပါးသူတွေနဲ့ စကားပြောနေခိုက် “မသံလုံ” ဟာ ဖြတ်ယူလာတဲ့ “မဂြိုင်း” ရဲ့ ခေါင်းပြတ်ကြီးအား ရှင်ဘုရင်ရဲ့ ရှေ့ကို လှိမ့်သွင်းလိုက်ပါတယ်။ ဘုရင်က ရုတ်တရက်ဆိုတော့ လန့်ဖျပ်သွားတာကြောင့် တရည်းမြို့စား “သမိန်သံဗြက်” က သူ့လူအကြောင်းသိနေတာဖြစ်လို့ သုတ်သီးသုတ်ပျာနဲ့ “အရှင်ဘုရား – ဤ ကျွန်တော် “မဂြိုင်း” ရဲ့ ခေါင်းပြတ်လာဆက်ကြောင်းပါ ဘုရား” လို့ လျှောက်တင်လိုက်ရပါတယ်။
မှောင်ကြီးမည်းမည်းထဲ အားလုံးထကြပြီး မီးတွေထိုးကြည့်တော့မှ မြို့စား “သံဗြက်” ပြောတာအမှန်ဖြစ်နေတာကြောင့် “ရာဇာဓိရာဇ်”က ဝမ်းသာပါကြောင်းနဲ့ ယောက်ျားကောင်းပီသပါပေတယ်လို့သာ နှုတ်တော်ဆုလာဘ်ပဲ ချီးမြှင့်ခဲ့ပါတယ်။ “မသံလုံ” ကတော့ ဒီလောက်ကြီးလေးတဲ့အမှုတော်ကိုထမ်းရွက်ခဲ့တာကြောင့် ဆုတော်လာဘ်တော်တွေ ခံစားရတော့မယ်ဆိုပြီး မျှော်လင့်ချက်လေးရှိခဲ့ပါတယ်။ဒါပေမဲ့ အခုလို နှုတ်တော်ဆုသာ ချလေတော့ စိတ်ထဲမချိတင်ကဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ငါ့ – ရှင်ဘုရင် ဆိုတဲ့စိတ်နဲ့ပဲ ကျေနပ်နေခဲ့ရပါတယ်။
“ရာဇာဓိရာဇ်” က ဒုန်းဝမ်း၊ လဂွန်းဗျည်း၊ တရည်း၊ သံမောင် စတဲ့မြို့တွေကို သိမ်းပိုက်ရရှိပြီးချိန်မှာ မုတ္တမနဲ့ မော်လမြိုင်ကိုပဲ တိုက်ခိုက်သိမ်းယူဖို့ ကျန်တော့တယ်ဆိုတဲ့စကားကိုဆိုတော့ တရည်းမြို့စား”သမိန်သံဗြက်” က “အဲဒီနှစ်မြို့ကို သူတို့စစ်သူကြီးတွေကပဲ တိုက်ခိုက်သိမ်းယူပေးပါမယ်။ အရှင်မင်းကြီးက လဂွန်းဗျည်းမှာပဲ စစ်ရေးပြပြီး နေခဲ့ပါ”လို့ ပြောပါတယ်။ ဒီလိုနဲ့ မော်လမြိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ကြချိန်မှာ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ရဲ့စစ်တပ် ၂ တပ် ပါဝင်တိုက်ခိုက်ပါတယ်။ စုစုပေါင်း တပ်မကြီး ၇ တပ်နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ မုတ္တမနဲ့မော်လမြိုင်ကို သိမ်းပိုက်အောင်နိုင်ကြပြီးတော့ အမတ်ဒိန် နဲ့ သမိန်သံဗြက်တို့ကို ဘုရင်က ဆုတော်လာဘ်တော်တွေပေးအပ်ခဲ့ပါတယ်။
ဘုရင် “ရာဇာဓိရာဇ်” ဟာ သိမ်းပိုက်ရရှိပြီးတဲ့ မြို့တွေမှာ သူယုံကြည်ကိုးစားရတဲ့ အမှုထမ်းတွေကို မြို့စားအဖြစ် ခန့်အပ်စေပြီး တိုက်ကုလားမြို့ကို သွားခဲ့ပါတယ်။ တိုက်ကုလားမြို့ကိုရောက်လျင်ရောက်ချင်းမှာပဲ နန်းဆောင်တမျှခမ်းနားတဲ့ အိမ်ကြီးတစ်လုံးကို ချက်ချင်း အလျင်အမြန်ဆောက်စေခဲ့ပါတယ်။ အိမ်အတွင်းအပြင် နဲ့ တံစက်မြိတ်အားလုံးကို ကျယ်ဝန်းစွာ တည်ဆောက်စေခဲ့ပါတယ်။
ဧကရာဇ်ကိုယ်တိုင် ယာယီနန်းစံမယ် လို့လည်း သတင်းလွှင့်ထားခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်လုပ်ပြီးတော့ အိမ်အပြင်အဆင်ကို မင်းတရားအဆောင်အယောင်တွေနဲ့ တန်ဆာဆင်စေပြီး ဘုရင်ရဲ့ ကိုယ်လုပ်တော်တစ်ဦးဖြစ်တဲ့ “မေနှင်းကေသရာ” ကိုပါ အဲဒီအိမ်ကြီးမှာ တက်ပြီးနေခိုင်းစေပါတယ်။ အားလုံး ပြင်ဆင်ပြီး အဆင်သင့်ဖြစ်ချိန်မှာတော့ “ရာဇာဓိရာဇ်” က “သမိန်ဗြဇ္ဇ” ကို အခေါ်တော်ပါးကာ “(“မသံလုံ” ကို အမတ်ကြီးအိမ်သို့ခေါ်စေပြီး သောက်စားပျော်ပါးပါစေ၊ အရက်ကို မူးမေ့အောင်တိုက်ကျွေးပြီး လူမှန်းသူမှန်းမသိ မူးသွားတော့မှ ဆောက်ထားတဲ့အိမ်ရဲ့ သလွန်ပေါ်မှာ အိပ်နေပါစေ။
ပြီးနောက် “လဂွန်းအိန်” လို့ ဘွဲ့အမည် ရေးထိုးထားတဲ့ ရွှေသားအတိ နဖူးစည်းကိုစည်းထားပေးလိုက်ပါ၊ ကိုယ်လုပ်တော် “မေနှင်းကေသရာ” ကိုလည်း သူ့အား နှိပ်နယ်ကာ ခစားနေပါစေ၊ ဒါ့ပြင် တိုက်ဆင်ပေါက် ၅ စင်းနဲ့ တိုက်ကုလားမြို့ကိုပါ ပေးသနားတော်မူမယ်။ “မသံလုံ” မနိုးခင်မှာ ဆီမီး ဖယောင်းတိုင် ထိန်ထိန်ညီးနေအောင် ထွန်းထားပါစေ၊ အတီးအမှုတ်နဲ့လည်း ဖျော်ဖြေနေပါစေ)” ဟူ၍ “ရာဇာဓိရာဇ်” ကြိုတင်စဉ်းစားထားတဲ့အစီအစဉ်တွေကို တောက်လျှောက်မိန့်ကြားတော်မူပါတော့တယ်။
ညဘက်ရောက်တော့ အမတ်ကြီးက ဘုရင်အမိန့်အတိုင်း တစ်သဝေမတိမ်း အကုန်စီမံဆောင်ရွက်ထားစေပါတယ်။ “မသံလုံ” ကို အိမ်သစ်ကြီးရဲ့သလွန်ပေါ်မှာထားပြီး အမတ်ကြီးက ပြန်သွားခဲ့ပါတယ်။ “မသံလုံ” အရက်မူးပြေပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာ ဆီမီးတွေက ပတ်ပတ်လည်၊ တေးသံသာတွေ တီးမှုတ်၊ ဘေးနားမှာ ဘုရင့်ကိုယ်လုပ်တော် “မေနှင်းကေသရာ” နဲ့ နောက်လိုက် မိန်းကလေးတစ်ယောက်က နှိပ်နယ်ခစားနေ၊ ခစားနေတာက ဘုရင်မင်းမြတ် စံမြန်းတော်မူမယ့် သလွန်နေရာ ဖြစ်လေတော့ လန့်ဖျပ်ပြီး ထထွက်ပြေးဖို့ ပြင်ပါတော့တယ်။ ဘာလို့လဲဆိုတော့ “မသံလုံ” ဟာ ညကမူးရူးပြီး နေရာမှားရောက်နေတယ်လို့ အထင်မှားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ ထွက်ပြေးဖို့ပြင်နေတဲ့ “မသံလုံ” ကို “မေနှင်းကေသရာ” တို့က အတင်းဖမ်းထားပြီးအကြောက်ကြီးနေတဲ့ “မသံလုံ” ကို နဖူးမှာ စည်းထားတဲ့ ဘွဲ့ရ ရွှေပြားကို ဖြုတ်ကြည့်ခိုင်းပါတော့တယ်။ အဲဒီအခါမှာ ဒီဘွဲ့၊ ဒီအိမ်၊ “မေနှင်းကေသရာ” နဲ့ နောက်မိန်းကလေးတစ်ယောက်၊ တိုက်ကုလားမြို့နဲ့ ဆင်ပေါက် ၅ စင်းတို့ဟာ သူ့အတွက် ဆုလာဘ်အနေနဲ့ “ရာဇာဓိရာဇ်” က ပေးသနားတော်မူမှန်းသိသွားပါတော့တယ်။ ဒီတော့မှ “မသံလုံ” လည်း “မဂြိုင်း” ရဲ့ ခေါင်းကို ဖြတ်ခဲ့တုန်းက ဘုရင်ကို အလန့်တကြားပြုလုပ်ခဲ့တာကြောင့် ဘုရင်က ချစ်စနိုးနဲ့ လက်တုံ့ပြန်တဲ့အကြောင်းကို ရိပ်စားမိကာ ဘုရင်အားလွန်စွာ ကြည်ညိုချစ်မြတ်နိုးမိပြီး ဘုရင်ရှိရာ အရပ်သို့မျက်နှာမူကာ ရှိခိုးကန်တော့လိုက် ပါတယ်။ အဲဒီအချိန်ကစလို့ “မသံလုံ” ဘဝကနေ “လဂွန်းအိန်” အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ သူရဲကောင်းတို့ အပေါ်ထားတဲ့ “ရာဇာဓိရာဇ်” ရဲ့စိတ်ဟာလည်း အလွန်ချီးကျူးဖွယ် ကောင်းလှပါတယ်။
“လဂွန်းအိန်” ဟာ “ရာဇာဓိရာဇ်” ရဲ့အမှုတော်ကို အကြိမ်ကြိမ် ထူးထူးချွန်ချွန်နဲ့ ထမ်းဆောင်ခဲ့ပါတယ်။ “ရာဇာဓိရာဇ်” ကလည်း အရေးကြီးတဲ့တိုက်ပွဲတွေမှာ “လဂွန်းအိန်” ကိုပဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆောင်ရွက်စေပါတယ်။ သက္ကရာဇ် ၇၅၀ ခုနှစ်အရောက်မှာ မြောင်းမြမြို့စား “လောက်ဖျား” နဲ့ ဒလမြို့စား “မညီကံကောင်း” (“ရာဇာဓိရာဇ်” ရဲ့ အမေတူ၊အဖေကွဲ နောင်တော်) တို့ ပူးပေါင်းပြီး “ရာဇာဓိရာဇ်” ကို ပုန်ကန်ဖို့ ကြံစည်ကြပါတယ်။ ဒလမြို့စား “မညီကံကောင်း” ကို “ရာဇာဓိရာဇ်”က ချေမှုန်းနိုင်ခဲ့ပေမဲ့ မြောင်းမြစား “လောက်ဖျား” က အင်အားကောင်းကောင်းနဲ့ အန်တုနေနိုင်ခဲ့ပါတယ်။
“လောက်ဖျား” ကို စစ်ကူပေးနေတဲ့ ပုသိမ်ကို ချီတက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက အလွန်ပြင်းထန်တာကြောင့် သုရှင်ရဲ့အမတ် “ရာဇမနု(မင်းကံစီ)” ဟာ ဆင်ထက်မှာပဲ သေနတ်မှန်ပြီး ကျသွားပါတယ်။။ ပုသိမ်ကို စောင့်သူတွေက မြောင်းမြစား “လောက်ဖျား” ရဲ့ သားတော်နှစ်ဦးဖြစ်တဲ့ “လောက်သိန်” နဲ့ “လောက်ရိုန်” တို့ဖြစ်ပါတယ်။ ဘုရင် “ရာဇာဓိရာဇ်” ရဲ့ ဦးရီးတော် တော်စပ်သူ မြောင်းမြမြို့စား “လောက်ဖျား” ဟာ “ရာဇာဓိရာဇ်” ကို လုံးဝဆန့်ကျင်သူဖြစ်ပါတယ်။ ပထဝီအနေအထားအရ မြောင်းမြအရပ်ဟာ သိပ်ကို တိုက်ခိုက်ရေးခက်ခဲတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဘုရင် “ရာဇာဓိရာဇ်” အတွက် မဖြစ်မနေ အလေးထားပြီး တိုက်ခိုက်ရမယ့်မြို့လည်းဖြစ်နေတာကြောင့် စစ်မြေပြင်မှာ ရေကြောင်းတိုက်ပွဲနဲ့ တာဝန်ယူပြီးတိုက်ခိုက်ဖို့ ညီလာခံမှာ “လဂွန်းအိန်” အား အမိန့်ချမှတ်ပါတယ်။
တိုက်ပွဲက အလွန်ပြင်းထန်ကြမ်းတမ်းမှာဖြစ်လို့ “လဂွန်းအိန်” စိတ်အားတက်ကြွစေဖို့ အတွက် အရှင်”ရာဇာဓိရာဇ်” က သူ့ရဲ့ မိဖုရားခေါင်ကြီး “ဒလသုဒ္ဓမာယာ” (ရှင်စောပုရဲ့မယ်တော်) ကို “လဂွန်းအိန်” ထံ ကွမ်းဆက်စေခဲ့ပါတယ်။ ကျွန်တစ်ယောက်အဖို့ ဘုရင်သုံးတဲ့ကွမ်းအစ်ကို မိဖုရားကြီးနဲ့တကွ ကွမ်းဆက်စေခြင်းဟာ အလွန့်အလွန် ကြီးမြတ်တဲ့ချီးမြှင့်မှုပဲဖြစ်ပါတယ်။
မွန်သူရဲကောင်းကြီး “လဂွန်းအိန်” ကတော့ မိဖုရားဆက်တဲ့ ကွမ်းတော်ကို သုံးဆောင်ပြီးနောက် တပ်စခန်းကို ပြန်သွားခဲ့ပါတယ်။ တပ်စခန်းရောက်လို့ အနားယူပြီး စဉ်းစားနေခိုက် “ငါ့အားချီးမြှင့်လိုက်သည်မှာ အလွန်ကြီးမြတ်လှပေတယ်၊ ပြီးတော့ မြောင်းမြဆိုသည်မှာ အလွန်ပင်တိုက်ရခက်ခဲသည့်နေရာ၊ အတော်သေဘေးနှင့်နီးသည့် အခြေအနေ၊ ငါ့ကို စစ်ထွက်ခိုင်းတယ်ဆိုတော့၊ ဒီလို အခြေအနေမှာ အသက်စွန့်ဖို့ရန် ငါ့အားအမှန်တကယ် ချစ်မြတ်နိုးသည့် အရှင်ဘုရင်ထံ၌သာ အမှုထမ်းလိုသည်။ ထိုကြောင့် ငါ့အရှင်ဘုရင်က ငါ့အား မည်မျှ ချစ်ခင်နှစ်သက်သံယောဇဉ်ရှိကြောင်း သိလိုသည်၊” သိလိုသည့်အတွက် “လဂွန်းအိန်” ဟာ အစီအစဉ်တစ်ခုကို ချလိုက်ပါတော့တယ်။ မြောင်းမြကို တိုက်ဖို့ စစ်ထွက်ရမယ့်နေ့မှာ “လဂွန်းအိန်” က စစ်မထွက်ဘဲ တပ်စခန်းမှာပဲနေနေပါတယ်။
“လဂွန်းအိန်” စစ်မထွက်ဘဲရှိလို့ “အမတ်ဒိန်” နဲ့ “သမိန်ဗြဇ္ဇ” တို့ကလိုက်လာပြီး မေးမြန်းတဲ့အခါ “လဂွန်းအိန်” က “ကျွန်တော်မျိုး စစ်မထွက်တာဟာ နေထိုင်မကောင်းရှိတာမို့ စစ်မထွက်တာပါ အမတ်မင်းကြီးများ” လို့ လျှောက်တင်ပါတယ်။ အဲဒီအခါ အမတ်မင်းတို့က “ဟေ – ဘယ်လိုနေထိုင်မကောင်းတာတုန်း” လို့ မေးတော့ “မှန်လှပါ၊ ကျွန်တော်မျိုးဟာ မယ်မင်း “ဒလသုဒ္ဓမာယာ” ကွမ်းဆက်တဲ့အချိန်တုန်းက မယ်မင်းရင်ဝတ်တော်လျှောသွားတာမို့ မယ်မင်းရဲ့ သားမြတ်အစုံကို မြင်မိတာကြောင့် ကျွန်တော်မျိုး ရေမသောက်၊ အစာမစားဘဲရှိခဲ့ပြီး မယ်မိဖုရားကိုပါစွဲလန်းမိသွားကြောင်းပါ အမတ်မင်းကြီးများ၊ မိဖုရားကိုမှ မရရင် ကျွန်တော်မျိုး လွမ်းနာကျပြီး သေသွားရတော့မှာပါ အမတ်မင်းကြီးများ၊ ထိုမှမဟုတ် ဘုရင့် အမျက်တော်ရှပြီး သတ်လျှင်လည်း သေရမှာပါ၊ သေမထူး/နေမထူးဘဝမို့ ဒီလိုနေနေရကြောင်းပါ” ဟု အန္တရာယ် အလွန်များတဲ့စကားကို ဆိုပါတယ်။
အမတ်မင်းကြီးနှစ်ဦးက တစ်ကောင့်သား ကျားမြှီးပြေးဆွဲသလို၊ ပျားအုံတုတ်နဲ့ထိုးသလို စကားကိုပြောနေတော့ စိုးရိမ်ကြီးစွာနဲ့ မလုပ်ဖို့ရန် အမျိုးမျိုး ဆုံးမသြဝါဒချွေ၊ ဆူပူလိုက်၊ အကျိုးအကြောင်းရှင်းပြလိုက်နဲ့ ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နဲ့ ဆုံးမပါတယ်။ “စစ်ကာလမို့ သုရှင်က မင်းကို မိဖုရားပေးတယ်ပဲ ထားဦးတော့ စစ်ပြီးတဲ့အခါ သုရှင်က တနုံ့နုံ့ရှိမယ်။ ရှိလေတိုင်း မင်းအကုသိုလ်တက်မယ် ၊ ကျေးဇူးရှင်ကို ကျေးစွပ်တဲ့ ယုတ်မာတဲ့အကြံ မင်းမို့လို့ကြံရက်တယ်” စသည်ဖြင့် အမတ်ကြီးတို့က ထပ်မံဆုံးမပါတယ်။
ဒါပေမဲ့ မရပါဘူး။ ဘုရင်ကို အချစ်စမ်းချင်တဲ့ “လဂွန်းအိန်” ရဲ့စိတ်က တစ်ယူသန်စိုးမိုးနေပြီး လုံးဝလက်မလျှော့ဘဲ “လဂွန်းအိန်” ပြန်လည်လျှောက်ထားတာက “ဒါကျွန်တော်မျိုးကြောင့် မဟုတ်ဘူး၊ သုရှင်မင်းတရား ၏ အစီအမံကြောင့်သာ ဒီလိုဖြစ်ရတာ၊ တောဆင်မထံ အာရုံငြိပြီး မုန်ယစ်နေတဲ့ ဆင်ပြောင်ကို ဆင်ကဲက မထိန်းနိုင်တော့သလို ဦးရီးတော်တို့ ကလည်း ကျွန်တော်မျိုးကို ထိန်းနိုင်မှာ မဟုတ်ဘူး။ ထက်နေပြီးသားဓားကို သံချေးတက်၊ ပျက်တုံးစေပြီးမှ ဒီပျက်တုံးဓားနဲ့ စစ်တိုက်မတဲ့လား။ ဘယ်တော့မှ စစ်အောင်မှာ မဟုတ်ဘူး၊ ရန်သူ့ကို အောင်မြင်လိုလျှင် ဓားရှင်က သူ့ဓားကို ပြန်ထက်အောင်သွေး၊ သံချေးတွေတိုက်၊ ဒီလိုလုပ်မှ ဖြစ်မယ်။ အခုတော့မရတော့ပြီ။ ကျွန်တော်မျိုး လုံးဝစစ်မထွက်တော့ဘူး” ဟု ဘူးခံနေပါတယ်။
အမတ်ကြီးနှစ်ဦးကလည်း “မင်းကိုငါတို့ ဆုံးမတယ် မင်းကမနာယူဘူး။ ခုလိုအထွန့်တက် ချေပနေတာတွေကို သုရှင်ထံ သံတော်ဦးတင်လိုက်ရမလား” ဟုမေးတဲ့အခါ “လဂွန်းအိန်” က “ဦးရီးတော်တို့ သဘောအတိုင်း လုပ်ဆောင်ပါလေ” ဟု ဆိုပါတယ်။ နောက်ဆုံးမှာတော့ အမတ်ကြီးနှစ်ဦးကပဲ လက်လျှော့လိုက်ရပြီး သူတို့နှစ်ယောက်ကိုယ်တိုင် ကြောက်လန့်အားကြီးစွာနဲ့ ဘုရင့်ရှေ့တော်မှောက်ခစားဝင်ကာ မပြောရဲ ပြောရဲနဲ့ “လဂွန်းအိန်” စစ်မထွက်ရတဲ့အကြောင်းကို လျှောက်တင်ကြပါတော့တယ်။ ရှင်ဘုရင်က အလွန်ဒေါသထွက်ပြီး “လဂွန်းအိန်” ကို ရာဇပြစ်ဒဏ်သင့်ပြီလို့ အမတ်ကြီးတို့ယူဆကြပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ပါတယ်။ လျှောက်တင်ချက်ကို “ရာဇာဓိရာဇ်” ကကြားတော့ ပြုံးတော်မူပြီး “မိဖုရားကိုငါ မနှမြော၊ သင်းကိုသာ နှမြော” တယ်လို့ မိန့်ဆိုပြီး မိဖုရားကို အပါးတော်ကိုဆင့်ခေါ်လိုက်ပါတယ်။ အဲဒီနောက် ဆက်လက်မိန့်ဆိုတာက “ငါတို့ဘုရင်တွေဆိုတာ မိဖုရားကိုလည်း ချစ်ရတာပဲ၊ တိုင်းပြည်နဲ့ ရှင်ဘုရင် အတွက်အသက်စွန့်ဝံ့တဲ့သူကိုလည်း ချစ်တာပဲ၊ ဤနှစ်ခုအနက် မိဖုရားဆိုတာက လူ့ဘုံမှာ ငါတို့ အာရုံဖျော်ဖြေဖို့ အဖော်အဖက်၊ သူရဲကောင်းဆိုတာက ရန်သူတွေကို တွန်းလှန်ဖို့၊ ထီးဖြူကိုစောင့်ထိန်းဖို့၊ နိဗ္ဗာန်သာသနာကို ရွက်ဆောင်နိုင်ဖို့၊ ကျက်သရေမင်္ဂလာတန်ခိုး အာနုဘော် ဖြစ်စေတဲ့အဖော်၊ မိဖုရားကိုပဲ ချစ်ပြီး နှမြောနေ၍မရ၊ သူရဲကောင်းတွေကို ပိုချစ်ရမည်၊ ငါ့အနေဖြင့် “ဒလသုဒ္ဓမာယာ” ကဲ့သို့ ချောမောလှပတဲ့ မိဖုရားမျိုး ရှာရင် တစ်နေ့မဟုတ် တစ်နေ့ရမှာ မုချမလွဲ၊ အခုလို စစ်ပွဲအချိန်အခါမှာ “လဂွန်းအိန်” လို သူရဲကောင်းမျိုး ရဖို့ခက်တယ်” လို့ မိန့်ကြားကာ “ငါ့မိဖုရားကို ကောင်းစွာ ပြင်ဆင်စေလျက် ရွှေလောင်းတော်ဖြင့် “လဂွန်းအိန်” ထံ အမြန်ပို့ဆောင်စေ” လို့ အမိန့်တော်ချမှတ်ခဲ့ပါတယ်။
မိဖုရားကလည်း သူ့အား “လဂွန်းအိန်” ထံပေးသနားလိုက်တာကြောင့် ဘုရင် “ရာဇာဓိရာဇ်” ရဲ့ ခြေထောက်တော်ကို ဖက်ကာ ငိုယိုဟစ်ကြွေးတောင်းပန်ရှာပါတယ်။ အမတ်ကြီးနှစ်ဦးကလည်း မိဖုရားကို ပို့ဆောင်ရေးတာဝန် တစ်ဖန်ယူရပြန်တယ်။ ရှင်ဘုရင်က “လဂွန်းအိန်” ဆန္ဒပြည့်၀စေဖို့ မိဖုရားကို ငါပို့ပေးလိုက်ပါပြီ၊ ဆန္ဒပြည့်ဝရင် စစ်ချီရာမှာအောင်မြင်စေဖို့ ငါကိုယ်တော်မြတ် ဆုတောင်းပေးလိုက်ပါတယ်” ဟူ၍ မှာလိုက်ပါတယ်။ “လဂွန်းအိန်” ဟာ မိဖုရားလာတာကို အဝေးကမြင်သော်၊ ခရီးဦးကြိုပြုပြီး လက်ဆောင်ပဏ္ဏာတွေနဲ့တကွ မိဖုရား နဲ့ အမတ်မင်းတို့ကို အရိုအသေပြုကာ ဦးချရှိခိုးတောင်းပန်ကန်တော့လျက် “အကျွန်ုပ် သခင်၏ စိတ်တော်ကို စမ်းခြင်းမျှသာ ဖြစ်ပါသည်။ အကျွန်ုပ် ကို တကယ်ချစ်မြတ်နိုးကြောင်း သိလိုက်ရပါပြီ။ ယခုသော် အသက်ကိုနှင်းအပ်လျက် အမှုတော်ကို ထမ်းရွက်ပါတော့မည်၊ ကျွန်တော်မျိုး စစ်တိုက်ထွက်ပါပြီ” ဟုလျှောက်ပါတယ်။အဲဒီနောက် အရှင်သခင်တွေကို ဦးခိုက်ပြီး တပ်တွေနဲ့ထွက်ကာတိုက်တော့ ပုသိမ်လှေတပ်ကို အောင်နိုင်ခဲ့ပါတယ်။
အောက်ပြည်စစ်ပွဲတွေပြီးလို့ နောင် အင်းဝနဲ့ စစ်ခင်းကြချိန်မှာ တိုက်ပွဲတိုင်းမှာရှေ့ဆုံးက ချီတပ်မှူးအဖြစ် လိုက်ပါရစမြဲဖြစ်ပါတယ်။ တပ်မှူးချုပ်ဖြစ်တဲ့ “သမိန်ဗြဇ္ဇ” ရဲ့ အမိန့်ကို မနာခံတာကြောင့် တစ်ကြိမ် သတိပေးခံလိုက်ရပါတယ်။ တစ်ခါ အင်းဝဘက်ကစစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာသဖြင့် ပန်းကျော်ချောင်း သဲသောင်ပြင်မှာ မွန် – မြန်မာ အမတ်တွေတစ်ယောက်တစ်ဖက်စီ သစ္စာဆိုဖို့ချိန်းဆိုပြီး တစ်ဖက်ဘုရင်ကို တစ်ဖက်က ကန်တော့ကြ၊ လက်ဆောင်လဲလှယ်ဖို့ စီစဉ်ပါတော့တယ်။ ဒီနေရာမှာ ဘုရင် “ရာဇာဓိရာဇ်” ရဲ့ အကြံအစည်တစ်ခု ရှိနေပါတယ်။ ပန်းကျော်ချောင်း သဲသောင်ပြင်မှာ လက်နက်တွေကို မြုပ်ကာ အင်းဝသားတို့ကို လုပ်ကြံဖို့ပဲဖြစ်ပါတယ်။ ဒီအကြံအစည် အောင်မြင်ခဲ့ရင် အင်းဝဘက်အထိနာပြီး အတော်ဆုံး၊ အထက်မြက်ဆုံး သူတွေမှန်သမျှ အကုန်ဖြစ်သွားပြီး အင်းဝကိုပါ သိမ်းပိုက်နိုင်မှာကြောင့် ဖြစ်ပါတယ်။ အဲဒီနောက် သစ္စာဆိုပွဲနေ့ရောက်လာတဲ့အခါ ရာထူးအဆင့်တူညီသူတွေဟာ ဆင်ချင်းယှဉ်စီးကြရပါတယ်။ ဆင်အတွဲပေါင်း ၃၀ စီးရမှာဖြစ်ပြီး ပထမဆုံးဆင်တွဲကို အင်းဝဘက်မှ ဝန်ဇင်းမင်းရာဇာနဲ့ မွန်တို့ဘက်မှာတော့ “သမိန်ဗြဇ္ဇ” ဖြစ်ပါတယ်၊ နောက်ဆုံးဆင်တွဲမှာတော့ “လဂွန်းအိန်” နဲ့ “မိုးညှင်းသတိုး” တို့ဖြစ်ပါတယ်။
“လဂွန်းအိမ်” နဲ့ “မိုးညှင်းသတိုး” တို့ ဆင်ယှဉ်စီးကာ လက်ဆောင်ပဏ္ဏာ လဲနေတဲ့အချိန်မှာ “မိုးညှင်းသတိုး” က “ဟဲ့ သွေးသောက်၊ ယနေ့ပြုမည့်သစ္စာမှန်မည်လော” ဟုမေးလေရာ “လဂွန်းအိန်” က “ဟဲ့ သတိုး— အရူး၊ စစ်အတွင်းပြုတဲ့သစ္စာကမှန်မည်လော၊ နင့်ကိုငါရ သတ်မည်သာ၊ ငါ့ကိုနင်ရလည်း သတ်မည်သာ”ဟု ဖြေသဖြင့် အင်းဝတပ်တို့ ထပြန်ကာ သစ္စာဆိုပွဲ ပျက်ရပါတော့တယ်။ သစ္စာဆိုပွဲပျက်ရတာကြောင့် “ရာဇာဓိရာဇ်” အကြံအစည်ပါပျက်ခဲ့ရပြီး ဒေါသကြီးရက်စက်တတ်တဲ့ ဘုရင် “ရာဇာဓိရာဇ်” ဟာ လွန်စွာ အမျက်ဒေါသထွက်ကာ “လဂွန်းအိန်” ကို သတ်ဖို့ “အဲမွန်ဒယာ”ကို အမိန့်ချမှတ်လိုက်ပါတယ်။
ဒါပေမဲ့အမတ်ကြီးနှစ်ဦးဖြစ်တဲ့ အမတ်ဒိန်နဲ့ သမိန်ဗြဇ္ဇတို့က “လဂွန်းအိန်ဟာ စစ်ပွဲတိုင်းမှာ အရှင့်အမှုတော်ကို အကြိမ်ကြိမ်ထမ်းရွက်ကာ စွမ်းဆောင်ခဲ့သူဖြစ်ကြောင်းပါ၊ အရှင့်ကျက်သရေဆောင်သူဖြစ်တဲ့ လဂွန်းအိန်ဟာ အမှန်တကယ် အစားထိုးစရာမရှိတဲ့ ကျွန်ရင်းတစ်ယောက်ပါ၊ လဂွန်းအိန်အား မကွပ်မျက်သင့်ကြောင်းပါ ရှင်ဘုရား၊ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းတော့ လဂွန်းအိန်မှာရှိမှာပါ၊ မေးစမ်းကြည့်ပါရစေ အရှင်ဘုရား၊ ခွင့်လွှတ်ပေးတော်မူပါ အရှင်ဘုရား” ဟု ရှင်ဘုရင်အားအတင်းနားချလိုက်တော့မှ ဒေါသပြေကာ မာန်လျှော့သွားတာကြောင့် “လဂွန်းအိန်” ကို သေရွာမရောက်ခင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကံကောင်းတာက “အဲမွန်ဒယာ” ဟာ “လဂွန်းအိန်” ကို ချက်ချင်းကွပ်မျက်လို့ရပေမဲ့ “လဂွန်းအိန်” ဘုရားရှိခိုးနေသည်ကို အချိန်ပေးစောင့်နေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အဲဒီခေတ်အခါက ဘာသာရေးကို မည်မျှအလေးထားခဲ့ကြောင်း အတိုင်းသားတွေ့မြင်နိုင်ပါတယ်။
အဲဒီနောက် အမတ်ကြီးတို့က“လဂွန်းအိန်” ကို ဘုရင့်အရှေ့တော်မှောက်ကိုခေါ်လာစေပြီးမေးမြန်းတော့ “လဂွန်းအိန်” က တစ်ခွန်းမှမပြော၊ ဘုရင့်ရှေ့မှာမေးလို့မရ ကွယ်ရာမေးမှရတော့မည်ကို သဘောပေါက်ပြီး ကွယ်ရာသို့ ခေါ်ဆောင် မေးမြန်းခဲ့ပါတယ်။ အဲဒီတော့မှ “လဂွန်းအိန်” က “ထိပ်တိုက်ရင်ဆိုင် အနိုင်ယူလို့ရတဲ့ ကိစ္စကို မတရားသဖြင့် ဥပါယ်တံမျဉ်နဲ့ တိုက်ခိုက်အနိုင်ယူတာကို ကျွန်တော်မျိုး သဘောမတူညီပါဘူး၊ ဒါကြောင့် “မိုးညှင်းသတိုး”မေးတာကို အမှန်တိုင်းဖြေလိုက်တာပါ ဉီးရီးတော်များ” ဟု ဖြေဆိုပါတယ်။ “လဂွန်းအိန်” ဟာ လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံပြီး ရိုးသားဖြောင့်မတ် အမှန်တရားဘက်က ရပ်တည်သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အင်းဝဘုရင် “မင်းခေါင်” ကို လုပ်ကြံနိုင်လျှင် သေဒဏ်မှအပြီးတိုင်လွှတ်မည်ဟု ဘုရင်”ရာဇာဓိရာဇ်” က မိန့်ကြားလိုက်ပါတယ်။ အဲဒီအမိန့်ကြောင့် “လဂွန်းအိန်” က အဖိုးဒနီရဲချောင်းမှာ ညအချိန်လုပ်ကြံဖို့ ကြံစည်ထားပေမဲ့ ဘုရင် “မင်းခေါင်” ရဲ့ ညီဖြစ်သူ “မင်းသိဒ္ဓတ်” က ဖျက်တာကြောင့် အကြံအစည် မအောင်မြင်ခဲ့ပါဘူး။ နောက်တစ်ကြိမ် အင်းဝတို့တပ်စခန်းချထားတဲ့နေရာကို တိတ်တဆိတ်သွားကာ အင်းဝဘုရင် “မင်းခေါင်” အိပ်နေတာကိုအခွင့်ကောင်းယူ လုပ်ကြံဖို့ ကြံစည်ပေမဲ့လည်း လုပ်ကြံဖို့ သင့် မသင့် စဉ်းစားနေခိုက်မှာပဲ နန်းတဲထဲက မောင်းမတစ်ဉီးရဲ့ အော်ဟစ်သတိပေးချက်ကြောင့် အကြံထပ်ပျက်ခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ “လဂွန်းအိန်” လက်ထဲမှာ ရှင်ဘုရင်ရဲ့ ကျောက်စီဓားနဲ့ ရွှေကွမ်းအစ် ကို အရယူနိုင်ခဲ့ပြီး နောက်နေ့မှာ အမတ် “သမိန်ဥဒိန်” ကို အင်းဝဘုရင် “မင်းခေါင်” ထံ သံအဖြစ်စေလွှတ်ပြီး အင်းဝဘုရင်ရဲ့ လက်သုံးတော်တွေကို ပြန်လည်ဆက်သစေခဲ့ပါတယ်။ အရှင် “ရာဇာဓိရာဇ်” ဟာ သူ့ရဲ့ ကျွန်ရင်း အတွက် လွန်စွာစိတ်ကျေနပ်မှုရကာ သေဒဏ်ကိုလျှော့ပြီး ဘွဲ့ကို “မဟာစောလဂွန်းအိန်” လို့ တိုးပြီးချီးမြှင့်တော်မူခဲ့ပါတယ်။
တစ်နေ့တော့ “မင်းရဲကျော်စွာ” ရဲ့ အင်းဝတပ်တွေက “ရာဇာဓိရာဇ်” ရဲ့ သားဖြစ်သူ “ဗညားပုသိမ်” တပ်တို့ကို ဝန်းရံပိတ်ဆို့ထားတာကြောင့် “ဗညားပုသိမ်” တို့ကို ကယ်တင်ဖို့ သုရှင် “ရာဇာဓိရာဇ်” တို့ ချီတက်တိုက်ခိုက်ရပြန်ပါတယ်။ ဒီ တစ်ကြိမ် စစ်ထွက်ရချိန်ဟာ “လဂွန်းအိန်” အတွက် နောက်ဆုံးစစ်ထွက်ရခြင်းပဲ ဖြစ်ပါတယ်။ စစ်မထွက်ခင်မှာပဲ “လဂွန်းအိန်” ရဲ့ သခင်အမတ်ကြီး “သမိန်ဗြဇ္ဇ” က ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ စစ်ဆိုင်နေစဉ်အတွင်းမှာပဲ “မင်းရဲကျော်စွာ” က မွန်-မြန်မာ နှစ်ဖက် သူရဲကောင်းတွေ ရေပြင်မှာ စီးချင်းထိုးမှာကို ရှုစားဖို့ သံစေပြီး စီးချင်းအတွက် စိန်ခေါ်တာကို “လဂွန်းအိန်” က တိုက်မယ်လို့ လျှောက်တင်ပါတယ်။
တိုက်တဲ့အခါမှာ လှေတစ်စင်းချင်းထိုးတာမဟုတ်ဘဲ “မင်းရဲကျော်စွာ” က ပရိယာယ်ပြုပြီး လှေလေးစင်းနဲ့ ဖိတိုက်တာကြောင့် “လဂွန်းအိန်” ရဲ့ လှေအတွင်းကို စီးနင်းမိကြပြီး အခွင့်ကောင်းမှာ လှံနဲ့ထိုးတာကြောင့် “လဂွန်းအိန်” ပေါင်မှာ လှံချက်ထိမှန်ပါတယ်။ ဘေးကကြည့်နေတဲ့ “မင်းရဲကျော်စွာ” က “မသေစေနှင့်၊ မသေစေနှင့်” ဟု ဟစ်၍မိန့်သောကြောင့် “လဂွန်းအိန်” ကို အရှင်လက်ရ ဖမ်းမိသွားပါတယ်။
အဲဒီအကြောင်းကို အင်းဝဘုရင် “မင်းခေါင်” ကြားသိရတော့ “စစ်လိုလားသည့် မင်းဧက္ကရာဇ်၏သားတော်ဟာ သူရဲကောင်းကို အသေသတ်ရသလော၊ ရှင်အော်ကုဘိ” ဟု မိန့်ကြားတော်မူပါတယ်။ ဒါကတော့ အဲဒီခေတ်အခါက မွန်တပ်သာမက မြန်မာတပ်တွေပါ သူရဲကောင်းအပေါ် ထားတဲ့ စိတ်နေစိတ်ထားကို မြင်တွေ့နိုင်ပါတယ်။
အဲဒီနောက် “မင်းရဲကျော်စွာ” က “လဂွန်းအိန်” ချုပ်နှောင်ရာကိုလာရောက်ကာ
“အားမငယ်ပါနှင့်၊ မကြောက်ပါနှင့်၊ ကောင်းစွာပြုစုစောင့်ရှောက်ပါမည်” ဟု မိန့်တာကို
“အားမငယ်ပါ၊ မကြောက်ပါ၊ သေရမည်ကိုလည်း မကြောက်ပါ၊ အလိမ်ခံလိုက်ရသည်ကိုသာ ရှက်မိပါသည်” ဟု ပြန်လည်ဖြေဆိုခဲ့ပါတယ်။
“မင်းရဲကျော်စွာ” က “ထမင်းစားမည်လော” ဟုမေးတော့ “လဂွန်းအိန်” က “ကျွန်တော်မျိုး သေခါနီးမှ အရှင်နှစ်ပါးထမင်း ဝမ်းသို့မသွင်း”လို့ဆိုပါတယ်။ “မင်းရဲကျော်စွာ” က “ကွမ်းစားမည်လော”လို့မေးပြန်ရာ “လဂွန်းအိန်” က “ကွမ်းစားပါမည်၊ ရေသောက်ပါမည်”လို့ဆိုပါတယ်။
ထိုအခါ “မင်းရဲကျော်စွာ” ကိုယ်တိုင်စားတဲ့ကွမ်းအစ်ထဲမှ စားတော်ကွမ်းနဲ့ ကိုယ်တိုင်သောက်တဲ့ သောက်တော်ရေ တို့ကို တိုက်ကျွေးစေပါတယ်။ဒီတော့ “လဂွန်းအိန်” က “ရွှေနန်းရှင် သားတော်၏ ကွမ်းနှင့်ရေကို စားသောက်ရပေသည်။ တစ်ပွဲတစ်လမ်းမျှ ကျေးဇူးတော်ကို မဆပ်ခဲ့ရပါ။ အရေးတော်ကိုကား လျှောက်ခဲ့ပါမည်၊ ယူတော်မူပါ။ ရွှေနန်းရှင် သားတော်ပင် မယူသော်လည်း မှူးတော်၊ မတ်တော်တို့ မှတ်သားကြပါ။ အရှင့် ဘကြီးတော် လှေစီးချင်း ဆင်စီးချင်း မြင်းစီးချင်း မတွေ့ပါလေနှင့်။ အလွန်ရဲရင့် ကျွမ်းကျင်၏။ အရံသားတို့မှာလည်း ဆွေသားမျိုးသားချည်း ဖြစ်သည်။ ကျွန်တော်၏ စကားကို မယုံသော် နောင်တွေ့သောအခါ သိတော်မူပါလိမ့်မည်” ဟု ပြောဆိုပါတယ်။ ဒီစကားဟာ “လဂွန်းအိန်” အတွက် နောက်ဆုံးစကားဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် “မင်းရဲကျော်စွာ” က “ဤ မွန် သည် သေသည့်အချိန်ထိ အဆိပ်မပြယ်သော မြွေကဲ့သို့ပင်ဖြစ်သည်” ဟူ၍ ပြုံးတော်မူပါတယ်။
အဲဒီညမှာပဲ “လဂွန်းအိန်” ကို ကွပ်မျက်ခဲ့ပါတယ်။ နောက်နေ့မှာ “ဘုရင်မင်းခေါင်” က “သင်းအလောင်းကို သင်းသခင်ဆီသို့ မျှောလိုက်ဘိ” ဟု အမိန့်တော်ရှိတာကြောင့် အလောင်းကို အင်းဝတပ်ရှိရာ မြစ်ညှာကနေ အောက်ဘက်ဟံသာဝတီတပ်ရှိရာသို့ ငှက်ပျောဖောင်ပေါ်တင်၊ အဝတ်ဖြူပတ်ပြီး မျှောချလိုက်ပါတယ်။
“လဂွန်းအိန်” ရဲ့ အလောင်းကို ဘုရင် “ရာဇာဓိရာဇ်” ရသော် ယူကြုံးမရ ဖြစ်ကာ ဝမ်းနည်းပက်လက် ငိုချင်းချပါတယ်။ နောက်ဆုံးမှာ “လဂွန်းအိန်” ရဲ့ အလောင်းကို ရှေးသူရဲကောင်း၊ အမတ်၊ မြို့စားတို့ ထုံးစံအတိုင်း ကောင်းမွန်စွာ မီးသင်္ဂြိုဟ်စေကာ အရိုးကို ရွှေကျုတ်နဲ့ထည့်စေပြီးတဲ့နောက် ပဲခူးရွှေမောဓောဘုရားခြေတော်ရင်းဟာ မွန်သူရဲကောင်း “လဂွန်းအိန်” အတွက် ထာဝရလဲလျောင်းရာနေရာ ဖြစ်သွားပါတော့တယ်။